ခြိမ်းခြောက်ခြင်း
Vol. 138 Ch. 2065
“ နင့်စကားက ဘာကြီးလဲ … နင်က ငါတို့ ချန်မိသားစုကို အထင်သေးနေတာလား …”
ဤတစ်ကြိမ်တွင်တော့ ဖူကျင်းလန်၏ ခံစားချက်တို့က ပေါက်ကွဲထွက်လုမတတ် ဖြစ်လာခဲ့သည်။ သူမတို့ ချန်မိသားစုက ထင်ပေါ်ကျော်ကြားပြီး ကြွယ်ဝသည့် မိသားစုတစ်ခုဖြစ်သည်ဟူသော စိတ်ဓာတ်က အရိုးစွဲနေသည်။ ယခု … ရန်စီ၏ စကားက မျက်နှာဖြတ်ရိုက်သလို ဖြစ်ပြီး သူတို့၏ အားနည်းချက်ကို ဖော်ထုတ်နေသကဲ့သို့ ဖြစ်သွားခဲ့သည်။
ဖူကျင်းလန် ဒေါသမထွက်ဘဲ မည်သို့ နေလိမ့်မည်နည်း။
“ အန်တီ… ရှင့်ဘက်က ကျွန်မစကားကို အရမ်း အတည်ယူပြီး ခံစားနေလိုပဲနော်…” ရန်စီ ညင်သာသည့် အပြုံးလေးဖြင့် ပြောလိုက်ပြိး “ ဘာပဲဆိုဆို ကျွန်မက 985 တက္ကသိုလ်က ကျောင်းပြီးထားတဲ့ PhD. ကျောင်းသားပဲလေ… ဒီတော့ အနည်းဆုံး အခြေခံ ပညာရေး အဆင့်လောက်တော့ ရှိပါတယ်… ရှင်လည်း ဒီခု တွေ့ဆုံပွဲကို လေးလေးနက်နက် ရှိဖို့ မျှော်လင့်ပါတယ်…”
“ ငါက အခုရော လေးလေးနက်နက် ရှိမနေလို့လား … ငါက ဒီတိုင်း ကိုယ့်အတွေးကိုယ် ဖော်ထုတ်ပြနေရုံပဲ … မရဘူးဆိုလည်း ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးလို့ ထင်တယ်…”
“ အမေ … ဘာလို့ ……..” ချန်ထန် ကြားထဲကနေပြီး ရင်ကြားစေ့ပေးရန် ကြိုးစားလိုက်၏။
“ ဒါဆိုလည်း ဒီမှာတင် အဆုံးသတ်ကြတာပေါ့ …”
နောက်ဆုံးတွင်တော့ … တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် ထန်လိ စကားစလာသည်။
မူလက သူမ တွေးထင်ထားခဲ့သည်မှာ ယနေ့ ညစာ ထမင်းဝိုင်းက နှစ်ဖက်မိသားစု အချင်းချင်း သိကျွမ်းပြီး တစ်ဖက်အကြောင်း တစ်ဖက် ပိုပြီး နားလည်သိရှိသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ မင်္ဂလာပွဲ ကိစ္စကတော့ လူငယ်များတွင် သူတို့ စိတ်ကူးနှင့် သူတို့ ရှိလေသည်။
သို့သော်လည်းပဲ သူမ လုံးဝ ထင်မှတ်မထားခဲ့သည်မှာတော့ ချန်ထန်၏ မိခင်တွင် ထိုသို့သော အမြင်သဘောထား ရှိနေလိမ့်မည်ဟူ၍ပင်။ အကယ်၍ သူမ သမီးလေးသာ ထိုကဲ့သို့ မိသားစုထဲ လက်ထပ်ရမည်ဆိုပါက ဒုက္ခတွေ့မည်မှာ ကျိန်းသေပေါက်ပင်။
“ အန်တီ ကျွန်တော် …….”
“ ငါနေလို့ ထိုင်လို့ မကောင်းဘူး … အခုချိန် သွားတာ အကောင်းဆုံးပဲလို့ ထင်တယ်…”
ထန်လိ မတ်တပ်ရပ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ လင်းရီနှင့် ရန်စီတို့လည်း သူတို့၏ ခြေကို ကြွလိုက်ကြ၏။
ဤထမင်းဝိုင်းတွင် ဆက်ပြီး စားသောက်နေစရာ အကြောင်းမရှိတော့ချေ။
ဤသည်ကို မြင်တော့ ဖူကျင်းလန်နှင့် ချန်ယာတို့၏ မျက်နှာထက်တွင် ထီမထင်ဟန် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မှတ်ထားပြီး ဖြစ်သည်။
ချလပ် …
ထိုအချိန်မှာပဲ သီးသန့်ခန်းတံခါးက တွန်းပွင့်လာခဲ့ပြီး သန့်ပြန့်သည့် အနောက်တိုင်း ဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး အထဲသို့ ဝင်လာခဲ့သည်။ သူ၏ သွင်ပြင် ဥပဓိရုပ်က ချန်ယာနှင့် အနည်းငယ် ဆင်တူပြီး ပျိုရွယ်စဉ် အခါက ကျိန်းသေပေါက် ခန့်ညားချောမောခဲ့သူ တစ်ဦး ဖြစ်ရမည်။
အဆိုပါ သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ချန်ရုံကျွင်း ဖြစ်ပြီး အစိုးရ ဗျူရိုရုံးတွင် စီနီယာ အထက်တန်း အရာရှိ အဖြစ် အလုပ်လုပ်ကိုင်နေသည့် ထန်ချန်၏ ဖခင်ဖြစ်၏။ ချန်မိသားစု၏ အဓိက မဏ္ဍိုင် ကျောရိုးကြီး ဖြစ်သည်ဟု ပြောဆိုလျှင်လည်း မမှားပေ။
အလုပ်တွေ့ဆုံပွဲကြောင့် နောက်ကျနေခဲ့ပြီး ကိစ္စပြီးသည်နှင့် ဤနေရာသို့ ကမန်းကတမ်း ပြေးလာခဲ့ခြင်းပင်။ တစ်ဖက်မိန်းကလေး မိသားစုကို လေးစားမှု ပြသဖို့က အရေးကြီးလေသည်။
“ အဖေ ရောက်လာပြီလား …”
ချန်ရုံကျွင်း ကိုမြင်တော့ ချန်ထန် စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။
သူ့အဖေက မိသားစုထဲတွင် ကျိုးကြောင်း အဆီလျော်ဆုံး လူတစ်ယောက် ဖြစ်ပြီး လက်ရှိ ပြဿနာကို သူ့ဖခင် တစ်ယောက်တည်းသာလျှင် ဖြေရှင်းပေးနိုင်မည်။
အခန်းထဲသို့ ဝင်လာသည်နှင့် ချန်ရုံကျွင်း အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ သူ့စိတ်ထဲ တွေးထားခဲ့သည်က နှစ်ဖက်မိသားစုမှာ ရယ်ရယ်မောမောနှင့် စကားပြောဆိုရင်း ထမင်းစားသောက်နေကြလိမ့်မည်ဟူ၍ပင်။ သူလည်း နောက်ကျသည့်အတွက် တောင်းပန်စကားဆိုရင်း အလိုက်သင့်လေး ၀င်ရောလိုက်မည်။
သို့သော်လည်းပဲ သူ တစ်ချက်ကြည့်လိုက်သည်တွင် အခန်းတွင်းရှိ လေထုက အတော်လေး တင်းမာနေပြီး မိန်းကလေးရှင်ဘက်ကလည်း အပြင်သို့ ထွက်ခွာရန် ခြေလှမ်းပြင်နေခဲ့လေသည်။
ဘာတွေလဲ … ငါ စိတ်ကူးထားတာက ဒီလို မြင်ကွင်းမျိုး မဟုတ်ဘူးလေ…
ဘာတွေ ဖြစ်နေလဲဆိုတာကို သူ မေးမြန်းရမည်။
ထိုအချိန်မှာပဲ အလှမ်းသိပ်မဝေးသည့် နေရာတွင်ရှိ လင်းရီကို မြင်တွေ့သွားခဲ့သည်။ သူ့ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့၏။
သူ အမြင်မှားနေတာ မဟုတ်ဘူးမလား …
သေချာလေး အနီးကပ်ကြည့်ပြီးသည့်နောက်တွင်တော့ အမှန်တကယ် လင်းရီ ဖြစ်သည်ကို သူ သတိပြုမိလိုက်သည်။ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းသွားခဲ့၏။ ကျိုးဟိုင်၏ ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးအား ဤကဲ့သို့သော နေရာမျိုး၌ ဆုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။
“ လူကြီးမင်းလင်း … တိုက်ဆိုင်လိုက်တာ … မင်းလည်း ဒီရောက်နေတာလား …”
သားဖြစ်သူ ချန်ထန်ကို လျစ်လျူရှု၍ ချန်ရုံကျွင်းသည် လင်းရီ ရှိနေသည့် နေရာသို့ တန်းမတ်စွာ လျှောက်သွားခဲ့သည်။
ဤမြင်ကွင်းက ချန်မိသားစုဝင်တိုင်းကို ကြက်သေသေသွားစေခဲ့လေသည်။
ချန်ရုံကျွင်းက အဘယ်ကြောင့် ထိုခပ်ချောချော ကောင်လေးကို ယခုလိုမျိုး လေးစားသမှုဖြင့် ခေါ်ဝေါ်ပြောဆိုနေလဲဆိုတာကို နားမလည်နိုင်ကြချေ။
“ ကျုပ် ဘယ်သူလဲ သိတယ်ပေါ့ …” လင်းရီ အံ့အားသင့်သွားခဲ့သည်။
“ ငါက ကျိုးဟိုင် ဆေးဝါးကွပ်ကဲရေး ဌာနကလေ … ငါ့ရဲ့ အတွင်းရေးမှူးနဲ့ ဟွာရှန်းဆေးရုံမှာ သုံးလေးခေါက်လောက် မြင်ဖူးတယ်… ဒါပေမယ့် တစ်ခါမှ စကားပြောခွင့် မရခဲ့ဘူး … ဒါကြောင့်မို့ လူကြီးမင်းလင်း မမှတ်မိတာ သာမန်ပါပဲ …”
“ အာ … ကျုပ်သိပြီ …”
လင်းရီ အပြုံးလေးဖြင့် လက်ဆန့်တန်း၍ ချန်ရုံကျွင်းနှင့် လက်ဆွဲ နှုတ်ဆက်လိုက်သည်။
“ လူကြီးမင်းလင်းက မိန်းကလေးရှင်ဘက်က ဆွေမျိုးလား …” ချန်ရုံကျွင်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလာခဲ့သည်။
လင်းရီ ခေါင်းညိတ်၍ “ ကျုပ် ကောင်မလေးက သူ့ဝမ်းကွဲလေ … ကျုပ်လည်း အားနေတာနဲ့ ဒီလာပြီး အခြေအနေ ဘယ်လိုရှိလဲ လိုက်တာကြည့်လိုက်တာ ဒါပေမယ့် ကြည့်ရသလောက်တော့ … ကျုပ်တို့ ထွက်သွားသင့်ပြီလို့ ထင်တယ်…”
ဤသည်ကို ကြားတော့ ချန်ရုံကျွင်း ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့သည်။
နက်မှောင်သည့် အမူအရာက သူ့မျက်နှာထက်သို့ ချက်ချင်း ထွက်ပေါ်လာပြီး ဖူကျင်းလန်အား တင်းမာသည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ ဒါ ဘာတွေ ဖြစ်နေတာလဲ …”
ဖူကျင်းလန် နားဝေတိမ်တောင် ဖြစ်စွာဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘဲ ထိုင်ခုံနေရာမှ အလိုအလျောက် မတ်တပ်ရပ်လာသည်။
ချန်ယာနှင့် ချန်ထန်တို့လည်း အလားတူ ကြက်သေသေနေခဲ့ကြသည်။ ချန်ရုံကျွင်းက လင်းရီကို ‘ လူကြီးမင်းလင်း ‘ဟု ခေါ်ဝေါ်သုံးနှုန်းလိုက်စဉ်ကတည်းက သူတို့၏ စိတ်အခြေအနေမှာ ရှော့ခ်ရသွားခဲ့ကြသည်။
“ ဆွေးနွေးတာက အဆင်မပြေဘူး … နှစ်ဖက်ခြမ်းကလည်း လိုက်ဖက်မညီဘူး … ကြည့်ရတာ ကျုပ်တို့ဘက်က ပြန်ပြီး သုံးသပ်ဖို့ လိုနေပြီ ထင်တယ်…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့ အခုသွားတော့မယ် … နောင်ကျ ထပ်တွေ့ရင်လည်း တွေ့ကြတာပေါ့ …”
ချန်မိသားစုကို တုံ့ပြန်ရန် အခွင့်အရေး မပေးဘဲ လင်းရီသည် သီးသန့်ခန်းထဲက လှည့်ထွက်လာခဲ့သည်။
ယခု ကျယ်ဝန်းသည့် အခန်းကြီးထဲ၌ ချန်မိသားစုဝင် လေးဦးသာလျှင် ကျန်ရစ်တော့လေသည်။
ချန်ရုံကျွင်း၏ မျက်နှာအမူအရာမှာ မည်းမှောင်လျက်သာ ရှိနေရင်း ဖူကျင်းလန်အား စူးစိုက်ကြည့်လိုက်သည်။
“ ဘယ်လောက်တောင် ကြီးတဲ့ အမှားကို ကျူးလွန်လိုက်လဲ မင်းကိုယ်မင်း သိလား ….”
“ လောင်ချန် … ရှင် ဘာဖြစ်နေတာလဲ … အဲ့လူက ဘယ်သူလဲ .. ရှင်ဘာလို့ သူ့ကို ဒီလောက်တောင် လေးစားသမှုနဲ့ ဆက်ဆံနေတာလဲ …” ဖူကျင်းလန် ခံစားချက်တို့ ရှုပ်ထွေးနေသည့် လေသံဖြင့် မေးလာခဲ့သည်။ “ ရှင့် အဆင့်အတန်းနဲ့ဆိုရင် ကျိုးဟိုင်မှာ လူဘယ်နှစ်ယောက်က အဲ့လို လေးစားသမှုနဲ့ ထိုက်တန်လို့လဲ…”
“ မင်းတို့ တကယ့်ကို တစ်ထွာလောက်ပဲ မြင်ကြတဲ့ကောင်တွေ … ဒါ ကျိုးဟိုင်ကွ …. အကောင်ကြီးကြီးတွေက နေရာတိုင်းမှာပဲ …” ချန်ရုံကျွင်း မာန်ပါပါနှင့် ပြောဆိုလိုက်ပြီး “ ငါ ပြောပြမယ်… မင်း သိချင်တဲ့ စောနကလူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌကြီး လင်းရီ … သူ့ ပိုင်ဆိုင်မှုတွေက ဘီလီယမ် ရာနဲ့ချီတယ်… ကျိုးဟိုင်က အစိုးရ ခေါင်းဆောင်ကြီးတွေနဲ့လည်း ထူးခြားတဲ့ ဆက်ဆံရေးတွေ ရှိတယ်.. သူ့ စကားတစ်ခွန်းတည်းနဲ့ မင်း ယောက်ျား မနက်ဖြန် အလုပ်ပြုတ်သွားနိုင်တယ်ဆိုတာ သိလား … မင်းတို့ အကုန်လုံး ရူးကုန်ကြတာလား …”
ဟစ် …
လင်းရီ မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရတော့ ချန်မိသားစုဝင် သုံးဦးလုံး အဆုတ်ထဲသို့ လေအေးကြီးများ ရှူရှိုက်မိသွားခဲ့ကြပြီး မျက်နှာသည်လည်း သွေးဆုတ်ဖြူလျော်လာသည်။
ဤသည်က သူတို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ထားခဲ့သည့်အရာပင်။ ဖူကျင်းလန်နှင့် ချန်ယာတို့၏ ခန္ဓာကိုယ်လည်း ထိန်းချုပ် မရနိုင်စွာ တုန်ယင်နေခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေတော့၏။
လင်းရီက မယုံကြည်နိုင်လောက်အောင် ကြွယ်ဝ ချမ်းသာနေရုံမျှမက အင်အားကြီးသည့် အဆက်အသွယ်တို့လည်း ရှိနေခဲ့သည်။ သူ့ တစ်ခွန်းတည်းသော စကားက ချန်မိသားစုကို ပျက်စီးစေဖို့အထိ လုံလောက်နေသည်တဲ့လော။
ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပျက်ပြီးနာက်တွင် မည်ကဲ့သို့သော အနာဂတ်မျိုးက သူတို့အား စောင့်ကြိုနေမလဲဆိုတာ မရေရာပေ။
“ သူ … သူက တကယ်ကြီး ဘီလီယမ်နာလား …” ချန်ယာ တုန်ယင်နေသည့် အသံဖြင့် မေးလိုက်မိသည်။
“ ဒီလိုကိစ္စမျိုးကို ငါကရော ဟာသလုပ်ပြောမယ်လို့ နင်ထင်လား …” ချန်ရုံကျွင်း နှာကစ်သွားခဲ့ပြီး “ မင်းတို့ ပြောပြစရာ မလိုဘူး … ငါ မှန်းကြည့်လို့ရတယ် … မင်းတို့က မင်းတို့ကိုယ်မင်းတို့ အဆင့်အတန်း မြင့်တယ်ဆိုပြီး တစ်ဖက်လူကို လေးစားမှု မပြခဲ့ဘူး … မှန်တယ်မလား …”
ဖူကျင်းလန်၏ အကြည့်တို့ ဂနာ မငြိမ်ဖြစ်သွားခဲ့ပြီး ချန်ရုံကျွင်း၏ မေးခွန်းကို မည်သို့ ပြန်ဖြေရမှန်း မသိ ဖြစ်နေတော့သည်။
“ မင်းတို့လုပ်ပုံနဲ့ ငါတော့ တစ်နေ့ ဒေါသထွက်လွန်းလို့ သေမှာပဲ …”
ပြောပြီးသည်နှင့် ချန်ရုံကျွင်းသည် သားအမိ သုံးယောက်လုံးအား စူးရဲစွာ ကြည့်၍ “ ဒီမှာ ဘာရပ်လုပ်နေသေးတာ … သွားပြီး လိုက်တောင်းပန်လေ…”
သုံးဦးသားလုံး ကျောချမ်းသွားခဲ့ကြပြီး အခန်းထဲက အလျင်အမြန် ပြေးထွက်သွားခဲ့ကြသည်။
ထိုအချိန်တွင် လင်းရီနှင့် ကျန်သူများက ကားပါကင်သို့ ရောက်နှင့်နေပြီး ထွက်ခွာရန် ဟန်ပြင်နေကြပြီး ဖြစ်သည််။ သို့သော် သူတို့ မထွက်နိုင်သေးခင်မှာပဲ ချန်မိသားစုဝင်များက ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီး သူတို့ ထွက်ခွာမည့် ကားလမ်းကြောင်းကို ပိတ်ဆို့လာသည်။
“ ချွေးမလေးရေ … အန်တီ အစောတုန်းက မှားသွားပါတယ် … တောင်းပန်ပါတယ်နော်… ကျေးဇူးပြုပြီး အန်တီ့ကို အငြိုးတော့ မထားလိုက်ပါနဲ့ … အကုန်လုံး အထဲပြန်ဝင်ပြီး ထမင်းပြီးအောင် စားကြရအောင်လား …”
ဖူကျင်းလန်၏ သဘောထား အပြုအမူက ၁၈၀ ဒီဂရီလောက်ကို ပြောင်းလဲသွားသည်မြင်တော့ ထန်လိနှင့် ကျိုးရှင်းယွီတို့နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။ ထို မော်ကြွား မောက်မာလှသည့် မိန်းမကြီးက ယခုလို အောက်ကျို့သည့် လေသံဖြင့် ပြောဆိုလာမည်ဟု သူမတို့ စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။
ထို့ပြင် ဤအရာများအားလုံးက လင်းရီကြောင့် ဖြစ်၏။
ကျိုးရှင်းယွီ တိတ်တဆိတ် ရှော့ခ်ရသွားခဲ့မိသည်။
သူ့ ခဲအိုရဲ့ နောက်ခံက တကယ်ပဲ ဘာများလဲ …
ဟိုက ဘာမှတောင် မလုပ်ရသေးတာကို ချန်မိသားစုက ဖိန့်ဖိန့်တုန်အောင် ကြောက်နေရပြီ ….