← Chapters

အမှုရဲ့ ထင်မှတ်မထားတဲ့ ရှာဖွေတွေ့ရှိမှုများ

Vol. 138 Ch. 2066

အမှုရဲ့ ထင်မှတ်မထားတဲ့ ရှာဖွေတွေ့ရှိမှုများ

Vol. 138 Ch. 2066

“ အန်တီ ဘယ်လိုလုပ်ချင်လဲ …” ရန်စီသည် သူမ၏ အမြင်ကို ပြောရမည့်အစား ထန်လိဘက်သို့ လှည့်ပြီး အကြံဉာဏ်တောင်းလိုက်သည်။

ယခုလို ကိစ္စများ ဖြစ်ပျက်ပြီးနောက်တွင် ဆက်နေမည်လော ၊ သို့မဟုတ် ထွက်သွားမည်လော ဆိုသည်က ထန်လိတစ်ဦးတည်း၏ လက်ထဲတွင်သာ ရှိသည်။

“ နောက်နေ့မှ ဆက်ပြောကြတာပေါ့ …” ထန်လိ အားနည်းစွာ ဆိုလိုက်သည်။

“ အားလုံး ဖယ်ကြ ဖယ်ကြ .. လူတိုက်မိရင် တာဝန်မယူဘူးနော်….”

လင်းရီ လီဗာပေါ်သို့ ခြေထောက်တင်လိုက်ရင်း အော်ပြောလိုက်ပြီး ချန်မိသားစုဝင်များ၏ အကြည့်အောက်မှာပဲ ချန်ရုံကျွင်းကို မျက်နှာသာ တစ်ချက်မပေးဘဲနှင့် ထွက်ခွာသွားခဲ့သည်။

ချန်ရုံကျွင်း စိတ်မဆိုးသွားခဲ့ချေ။ သို့သော် ဖူကျင်းလန်ဘက်သို့ ကြည့်၍ အေးစက်စက်လေသံဖြင့် “ ဒီ အရှုပ်ထုပ်ကို မင်း ဖန်တီးတာပဲ … မင်းဘာမင်း ပြင်ရင်ပြင် … မဟုတ်လို့ကတော့ မင်း ပြဿနာ အကြီးကြီး တက်ပြီ …”

ဖူကျင်းလန်၏ မျက်နှာသည် ကြောက်လန့်မှုကြောင့် ဖြူလျော်သွားခဲ့ပြီး ကြမ်းပြင်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

ထိုအချိန်တွင် လင်းရီနှင့် အခြားသူများကတော့ ဘာဘီကျူးဆိုင် တစ်ဆိုင်သို့ မောင်းထွက်လာခဲ့ကာ ညစာ ဆက်လက်စားသောက်ရန် ဟန်ပြင်လိုက်ကြ၏။

စားသောက်နေစဉ်အတွင်း ထန်လိနှင့် ကျိုးရှင်းယွီတို့၏ အမူအရာမှာ လင်းရီနှင့် စကားပြောဆိုရာ၌ အနည်းငယ် သက်တောင့်သက်သာ မဖြစ်သည်ကို မြင်တွေ့နေရသည်။

ချန်မိသားစု လေးစားသမှု ပြုလာသည်မှာ သူ့ကြောင့်ဆိုသည်ကို သူမတို့အားလုံး သတိပြုမိကြသည်။

သို့ပေမယ့် ... လင်းရီရဲ့ နောက်ခံက ဘာဖြစ်နေလို့ ချန်မိသားစု ဒီလောက်တောင် ကြောက်လန့်တကြီး ဖြစ်နေရတာလဲတဲ့ ….

ရဲအရာရှိ တစ်ယောက်ရဲ့ လွှမ်းမိုးမှုက အဲ့လောက်ကြီးမားနေတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးမလား …

“ ရန်ရန် … ရီလေးက တကယ်ပဲ ဘာလုပ်တာလဲဟင် .. ချန်မိသားစုက ဘာလို့ ဒီလောက်တောင် သူ့ကို ကြောက်နေကြတာလဲတဲ့ …”

“ သူက ရဲအရာရှိပါလို့ သမီးပြောပြီးပြီ‌လေ အန်တီရယ် …”

“ ဒီတိုင်း ရဲအရာရှိပဲဆိုရင် ချန်မိသားစုက ဒီလိုမျိုး ဖြစ်မနေလောက်ဘူးနော်.. သူ့မှာ တခြား အထောက်အထား တစ်ခုခု ရှိနေတာများလား …”

“ အွန်း … သူက ယွမ် ဘီလီယမ် ရာချီတန်တဲ့ ကုမ္ပဏီတစ်ခုလည်း ပိုင်တယ်လေ … “ ရန်စီ ကင်ထားသည့် အသားအပိုင်းအစ တစ်ခုကို သာမန်လျှံကာ ကောက်ရင်း ထူးမခြားနားသည့် လေသံဖြင့် ပြောဆိုလိုက်သည်။ “ ပြီးတော့ မြို့က အထက်ကြီးပိုင်းတွေနဲ့လည် ဆက်ဆံရေးကောင်းတွေ ရှိတော့ ချန်ထန်ရဲ့ အဖေက သူ့ကို မှတ်မိနေတာ နေမှာ …. “

“ ယွမ်ဘီလီယမ် ရာချီတဲ့ ကုမ္ပဏီတစ်ခု ပိုင်တယ်လား …”

ထန်လိနှင့် ကျိုးရှင်းယွီတို့မှာ ပါးစပ် အဟောင်းသား ဖြစ်သည်အထိ ရှော့ခ်ရသွားခဲ့ကြသည်။

ဒီအနေအထားလောက်ဆို ဟွာရှရဲ့ အချမ်းသာဆုံး လူဆယ်ယောက် စာရင်းထဲကို ဝင်နေပြီ မဟုတ်လား …

သို့သော် ပြန်တွေးကြည့်သည်တွင် အကယ်၍ သူသာ ထိုမျှ ကြွယ်ဝမနေပါက ကျိုကျုံးဗီလာကဲ့သို့ အိမ်မျိုးတွင် နေထိုင်နိုင်မှာ မဟုတ်ချေ။

“ မိသားစုတွေ ထမင်းစားနေချိန် ငွေအကြောင်းပြောတာက မကောင်းပါဘူး … “ လင်းရီ ပြောလိုက်ပြီး “ ဒီက ဘာဘီကျူးက တကယ်ကို ကောင်းတာ … အန်တီတို့ သေချာလေး မြည်းကြည့်ကြ …”

“ ဟုတ်တယ် ဟုတ်တယ် … ကောင်းကောင်း စားကြစို့ …”

လေးဦးလုံးမှာ လိုက်လျောညီထွေရှိသည့် ဘာဘီကျူးညစာ ထမင်းဝိုင်းကို စားသောက်ခဲ့ကြသည်။ စားသောက်နေစဉ်အတွင်းမှာပဲ ချန်ထန်သည် ကျိုးရှင်းယွီထံသို့ ဖုန်းခေါ်လာ၍ အစောပိုင်းက အဖြစ်အပျက်အတွက် တောင်းပန်စကား ဆိုလာသည်။

ကျိုးရှင်းယွီဘက်ကတော့ သူမဘက်က လက်ထပ်မည့် ကိစ္စအား သေချာလေးလေးနက်နက် ပြန်စဉ်းစားဖို့ လိုသည်ဟုသာ ပြောကြားလိုက်၏။

မည်သို့ပင်ဆိုစေ အိမ်ထောင်ပြုသည်က လူနှစ်ယောက်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ မိသားစုနှစ်ခုနှင့် သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်၏။

လင်းရီက အရက်အနည်းငယ်သောက်ထားသဖြင့် ကားမောင်းရန် မသင့်လျော်သည့်အတွက် ရန်စီကပဲ သူ့ကို သူမနေရာသို့ ခေါ်ဆောင်လာခဲ့လိုက်သည်။

ထိုညခင်းပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကတော့ သက်ဆိုင်သူနှစ်ဦးသာလျှင် သိရှိကြပေသည်။

.........

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီနှင့် ရန်စီတို့ အိပ်ရာထသည့် အချိန်၌ ထန်လိက မနက်စာ အသင့်ပြင်ထားပေးပြီးဖြစ်သည်။

“ အန်တီ သူတို့ နှစ်ယောက် ကိစ္စကို ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲဟင် …”

“ ငါတော့ နောက်ထပ်တွေ့ဖို့ မလိုတော့ဘူး ထင်တာပဲ … သူတို့နှစ်ယောက်ပဲ စကားပြောပါစေ … ငါတော့ ဝင်မပါတော့ဘူး.. သမီးလေး ပျော်ရွှင်ဖို့က အရေးကြီးဆုံးပဲလေ…”

“ အဲ့လိုလည်း အဆင်ပြေတယ်… လင်းရီလည်း ရှိနေတော့ ထန်ချန်ရဲ့ အမေနဲ့ အစ်မလည်း သိပ်ပြီး ပြဿနာ ရှာရဲမှာ မဟုတ်လောက်ဘူး …”

“ ရီလေးကို ကျေးဇူးတင်ရမှာပဲ … ဒါပေမယ့် ရှင်းရှင်းနဲ့ သူတို့နှစ်ယောက်ကိစ္စကတော့ … အန်တီ ဝင်မပါဖို့ ဆုံးဖြတ်ထားပြီ….”

“ သမီးကတော့ အချိန်ယူပြီး စဉ်းစားချင်သေးတယ်… “ ကျိုးရှင်းယွီ စားနေရင်းဖြင့် တိုးတိတ်စွာ ပြောလာခဲ့၏။ သူ့ကောင်လေး မိခင်၏ လုပ်ရပ်က သူမကို ပြန်လည် အတွေးနက်သွားစေသည်မှာ သိသာပေသည်။

မနက်စာ စားသောက်ပြီးသည့်နောက် လင်းရီ နှုတ်ဆက်စကားဆို၍ စခန်းသို့ ထွက်လာခဲ့လိုက်သည်။

သူ ရဲစခန်းသို့ ရောက်သည့်အချိန်၌ ကျန်းဇီရှင်းက သန့်စင်ခန်းထဲမှ ထွက်လာခဲ့ပြီး လက်ရှိ ရေစက်များအား ခါသပ်နေသည်။

“ အစ်ကိုရီ … အမြန်လာ … ကျွန်မရှင့်ကို ရှာနေတာ ကြာပေါ့ …” ကျန်းဇီရှင်း လောဆော်လိုက်၏။

“ ဘာဖြစ်လို့လဲ …”

“ အမွေဆက်ခံတဲ့ အမှုမှာ ပြဿနာ ရှိနေလို့ …” လင်းရီအား ရုံးခန်းထဲသို့ ခေါ်ဆောင်သွားရင်း ကျန်းဇီရှင်း လေးလေးနက်နက် ပြောဆိုလိုက်သည်။

ကူရိရန်နှင့် ကျန်းဖန့်တို့နှစ်ဦးကတော့ ရုံးခန်းထဲတွင် လင်းရီ ရောက်အလာကို စောင့်ဆိုင်းနေခဲ့ကြသည်။ နှစ်ဦးလုံးမှာ ကိုယ်စီ အတွေးနက်နေခဲ့ကြပြီး ကြီးမားသည့် တစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ အသိသာကြီးပင်။

“ ဘာဖြစ်တာလဲ … ဘာလို့ မင်းတို့အကုန်လုံးက လေးနက်တဲ့ မျက်နှာကြီးတွေ ဖြစ်နေကြတာ …”

“ တရားရုံးက အမိန့်ချလာခဲ့ပြီ …” ကျန်းဇီရှင်း ရှင်းပြလိုက်၏။ “ သူတို့က မိသားစု နှစ်ခုလုံးကို ဆင့်ခေါ်ခဲ့တယ်… ဒါပေမယ့် သက်သေတွေကို ပြန်ကြည့်တဲ့ အချိန်ကျတော့ အရေးကြီးတဲ့ အဓိက ပြဿနာ တစ်ခုကို သွားတွေ့တယ်…”

“ ဘယ်လို ပြဿနာမျိုးလဲ …”

“ အစ်ကိုရီ … ရှင် စိတ်ကို ငြိမ်ငြိမ်ထားနော် … ကျွန်မ ရှင်းပြပေးမယ်…”ကျန်းဇီရှင်း ပြောလိုက်ပြီး “ တရားရုံးက ပြောတာ သူတို့ လက်ထဲ ရှိတဲ့ သက်သေအထောက်အထားတွေပေါ် အခြေခံပြီး အိမ်နဲ့ ငွေတွေကို ဖန့်လန်ကျွင်းဆီ ပေးဖို့ ဆုံးဖြတ်လိုက်တယ် ….”

“ ဘယ်လို … ဖန့်လန်ကျွင်းဆီ ရောက်သွားမယ် ဟုတ်လား ….”

ထိုသတင်းက လင်းရီ၏ ဦးခေါင်းကို တူဖြင့် ထုနှက်လိုက်သကဲ့သို့ပင်။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

တရားရုံးက ကျန်းကော်ဖျင်ဘက်သို့ မျက်နှာလိုက်လျှင်ပင် အမွေကို သူ့ မိန်းမထံသို့ လွှဲပြောင်းပေးသည်က မဖြစ်သင့်ပေ။ ဤသည်က လုံးဝ စောက်အဓိပ္ပာယ် မရှိသည့် အရာကြီး ဖြစ်၏။

“ ဒါ မမှားဘူးဆိုတာတော့ သေချာပါတယ်နော်.. တရားရုံးက ဖန့်လန်ကျွင်းကိုပဲ မျက်နှာလိုက်တာများလား … သူက ဒီတိုင်း ကျန်းလီရှားရဲ့ ယောင်းမလေ … အမွေကို မဆိုင်တဲ့ လူက ရသွားတယ်ဆိုတာ အဓိပ္ပာယ် ရှိလို့လား …”

“ ကျွန်မတို့ မသိခဲ့တဲ့ဟာ တစ်ခု ရှိတယ်…” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ကျန်းလီရှားရဲ့ အဖေက သေတမ်းစာရေးပြီးတော့ ဆုံးသွားတယ်… ဒါပေမယ့် ပြဿနာက ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ နေရာမှာပဲ … အိမ်က အစတုန်းကတည်းက ကျန်းလီရှားရဲ့ နာမည်အောက်မှာ ဆိုတော့ တကယ်လို့ သူသာ ရုတ်တရက်ကြီး ပိုင်ဆိုင်မှု အများကြီး ရလာမယ်ဆိုရင် အခွန်တွေ အများကြီး ဆောင်ရမယ်… ဒါကြောင့်မို့ အကုန်လုံးကို သူ့ ခင်ပွန်းရဲ့ နာမည်နဲ့ လွှဲလိုက်တယ်….”

“ ပြီးတော့ .. သူ့ခင်ပွန်းကလည်း အိမ်ထောင်ဦးစီးဆိုတော့ မိသားစုရဲ့ ဝင်ငွေထွက်ငွေတွေကို ကြီးကြပ်တဲ့လူလေ … ဒါကြောင့်မို့ ငွေကို သူ့အကောင့်ထဲပဲ လွှဲလိုက်တာ … တရားရုံးက အခုလို အမိန့်ချမှတ်လိုက်တယ်ဆိုတာလည်း လီဝန်ကွမ်းက ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးပြီး အားလုံးကို ဖန့်လန်ကျွင်းဆီ လွှဲပြောင်းပေးလိုက်တာကြောင့်ပဲ … ဒါတွေကြောင့်လည်း ဒီလိုတွေ ဖြစ်လာခဲ့တာ …”

“ နေဦး နေဦး ... လီဝန်ကွမ်းက ဘာမို့လို့ ဖန့်လန်ကျွင်းဆီ အကုန်လွှဲပေးလိုက်မှာ …” လင်းရီ လက်ပြ၍ မေးမြန်းလိုက်ပြီး “ ဧကန္တ … လီဝန်ကွမ်းက သူ့ခယ်မနဲ့ ပြန်ပြီး ဖောက်ပြန်နေတာများလား …”

“ အဲ့လို ကိစ္စမျိုးတွေက ဖြစ်လေ့ ရှိတယ်ဆိုပေမယ့် ကျွန်မတို့ စုံစမ်းရမိသလောက်ကတော့ လီဝန်ကွမ်းက အတော်လေး ဖြောင့်မတ် ရိုးသားတဲ့လူ … မကောင်းတဲ့ အကျင့်တွေ မရှိသလို လူမှုရေးကျင့်ဝတ် ဖောက်ပြန်တာမျိုးလည်း မရှိဘူး … အိမ်ထောင်သက်တမ်းတစ်ခုလုံးမှာတောင် တစ်ခါမှ အပြင်မှာ ညအိပ်တာမျိုး မရှိဘူး … ဒါကြောင့်မို့ ဖောက်ပြန်တဲ့ ကိစ္စက မဖြစ်နိုင်ဘူး …”

“ လွှဲပြောင်းမှု သဘောတူညီချက်ကို ဘယ်တုန်းက လက်မှတ်ထိုးလိုက်တာ … ငါ တစ်ချက်ကြည့်ရအောင် …”

ကျန်းဇီရှင်း ဖုန်းထုတ်၍ ရိုက်ထားသည့် ဓာတ်ပုံကို လင်းရီထံသို့ ကမ်းပေးလိုက်သည်။

“ အောက်တိုဘာ ၆ လား …”

လင်းရီ ရေရွတ်လိုက်ပြီး “ လီဝန်ကွမ်းက အောက်တိုဘာ ၁၀ မှာ သေသွားခဲ့တယ်… ဆိုတော့ …. အောက်တိုဘာ ၆ ရက်နေ့က သူ ဆေးရုံမှာပဲ ရှိဦးမှာ …”

“ ကျွန်မ ခွဲစိတ်ဌာနက ဒေါက်တာလျိုနဲ့ စကားပြောကြည့်ခဲ့ပြီးပြီ … သူ ပြောတာ အဲ့နေ့တုန်းက လီဝန်ကွမ်းရဲ့ အခြေအနေက ကောင်းကောင်းမွန်မွန်ရှိပြီး လှုပ်လှုပ်ရှားရှားလည်း လုပ်နိုင်တယ်တဲ့ … ဒါကြောင့်မို့ ဒီရဲ့ လွှဲပြောင်းမှုက တရားဝင်တယ်….”

ခေတ္တကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လင်းရီ ပြောလာခဲ့သည်။

“ ငါတို့မှာ ရှိတဲ့ သက်သေတွေ အတိုင်းဆိုရင် လီဝန်ကွမ်းက ဒီလိုမျိုး လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး … ဒီတော့ ဖြစ်နိုင်တာ တစ်ခုက လွှဲပြောင်းဖို့ အတင်းအကြပ် သဘောတူခဲ့ရတာပဲ …”

“ အတင်းအကြပ် စေခိုင်းခံရတယ်ဟုတ်လား…” ကျန်းဇီရှင်း အသံထွက်လာခဲ့ပြီး “ အစ်ကိုရီ … ရှင်ပြောချင်တာ တစ်စုံတစ်ယောက်က လီဝန်ကွမ်းကို အဲ့စာချုပ်မှာ လက်မှတ်ထိုးဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုလိုချင်တာလား ဟုတ်လား … ဒါပေမယ့် သူ့လက်ရေးမူက တွန်းအားပေးခံထားရတဲ့သူနဲ့လည်း မတူဘူး .. ပြီးတော့ အဲ့မှာ လက်ဗွေရာတောင် ပါသေးတယ်…”

“ အဲ့တာက ဒီတိုင်း ဖြစ်နိုင်ချေတစ်ခုပဲ … ရက်စွဲကလည်း အတုလုပ်ထားတာပဲ ဖြစ်မယ်…”

All Chapters