အမှန်တရား
Vol. 138 Ch. 2067
“ ရက်စွဲကို အတုပြုထားတာလား …”
“ ငါတို့ ဆေးရုံက ကင်မရာတွေကို ကြည့်တုန်းက မှတ်မိလား … အဲ့ဒီမှာ စွေ့ရှင်းက လီဝန်ကွမ်းကို ဖောင်တစ်ခုမှာ လက်မှတ်ထိုးခိုင်းခဲ့တယ်လေ…”
“ အွန်း … ကျွန်မ မှတ်မိတယ်…”
“ ဆေးရုံတွေမှာ အဲ့ဒီလို အစားပြန်ပြီး လက်မှတ်ထိုးရတဲ့ စာရွက်တွေရဲ့ ရက်စွဲက မမှန်ကန်ဘူး …” လင်းရီ ပြောလိုက်ပြီး “ စကားပြောင်းပြီး ပြောရရင် တကယ်လို့ လီဝန်ကွမ်းက လက်မှတ်ကို အောက်တိုဘာ ၁၀ မှာ လက်မှတ်ထိုးလိုက်ပေမယ့် သူ လက်မှတ်ထိုးလိုက်တဲ့ စာရွက်ရဲ့ ရက်စွဲက တခြား ရက်စွဲ တစ်ခုခု ဖြစ်နေမှာ … ငါ ပြောချင်တာကို နားလည်တယ်မလား …”
“ နားလည်တယ်… ဒီတော့ အစ်ကိုရီ ဆိုလိုချင်တဲ့သဘောက အမွေလွှဲပြောင်းမှု စာချုပ်မှာ ရှိနေတဲ့ ရက်စွဲကို အတည်ယူလို့ မရဘူး … မတူညီတဲ့ နေ့စွဲမှာ လက်မှတ်ထိုးထားတာ ဖြစ်နိုင်တယ် …” ကျန်းဇီရှင်း ပြောလိုက်သည်။ “ ဒါပေမယ့် ရက်စွဲက မမှန်ကန်ဘူးဆိုရင်တောင် လီဝန်ကွမ်းက ဘာလို့ လက်မှတ်ထိုးလဲဆိုတာ ရှင်းပြလို့ မရဘူးလေ… ဆန်းကြယ်နေတာက ဒီနေမှာပဲ …”
“ အမှန်ပဲ … သူက ဘာလို့ လက်မှတ်ထိုးခဲ့………”
လင်းရီ ရေရွတ်နေစဉ်မှာပဲ အတွေးတစ်ခုက သူ့အား အလင်းပွင့်လာစေသည်။ ကျန်းဇီရှင်း၏ ဖုန်းကို ကောက်ကိုင်၍ အမွေလွှဲပြောင်းမှု စာချုပ်ကို တစ်ဖန်ပြန်ပြီး ကြည့်လိုက်သည်။
“ ဘယ်လိုဖြစ်ပြီး လက်မှတ်ထိုးဖြစ်သွားလဲဆိုတာ ငါနားလည်ပြီ ထင်တယ် …”
သူ့စကားက ရုံးခန်းထဲရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ကျန်းဖန့် သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလာခဲ့၏။
“ ညီကိုရီ … မင်း ဘာကို စဉ်းစားမိလို့လဲ …”
“ လီဝန်ကွမ်း ဘာကြောင့် လက်မှတ်ထိုးလိုက်လဲဆိုတာ ငါ သိပြီလို့ ထင်တယ်…”
“ ဘာလို့လဲ …”
သူတို့ သုံးယောက်လုံး၏ အကြည့်က လင်းရီထံတွင် စုပြုံနေခဲ့ကြပြီး လင်းရီ တွေ့ရှိထားသည့် အရာအား သိချင်စိတ် ပြင်းပြနေခဲ့ကြလေသည်။
“ ခဏနေဦး … ငါ အရင်ဆုံး တစ်ခုကို အတည်ပြုဖို့ လိုသေးတယ်…”
ပြောနေရင်းဖြင့် လင်းရီ ဖုန်းထုတ်ကာ လီကျစ်ရုံထံ ဖုန်းခေါ်လိုက်သည်။
“ ဒေါက်တာလီ … ခင်များ အခု ဆေးရုံမှာလား ….”
“ အဲ့နေတုန်းက စွေ့ရှင်း … လီဝန်ကွမ်းကို လက်မှတ်ထိုးခိုင်းတဲ့ ဖောင်ကို တစ်ချက် စစ်ကြည့်ချင်လို့ … ကျုပ်တို့ ဝီချက် အပ်လို့ ရတယ်မလား … အဲ့ကနေပြီး ဓာတ်ပုံ လှမ်းပို့ပေးစမ်းပါ …”
“ ကျေးဇူးပါပဲ … ဒုက္ခပေးမိပြီ …”
ဖုန်းချပြီးနောက် လင်းရီသည် လီကျစ်ရုံအား ဝီချက်အပ်လိုက်သည်။ ထို့နောက် တစ်ဖက်သူ ဓာတ်ပုံပို့လာမှာကို တိတ်တဆိတ် စောင့်ဆိုင်းနေရင်း ကျန်းဇီရှင်း ဖုန်းထဲရှိ အမွေလွှဲပြောင်းမှု စာချုပ်တွင် ထိုးထားသည့် လက်မှတ်အား ဂရုတစိုက်နှင့် လေ့လာအကဲခတ်နေလျက် ရှိသည်။
လင်းရီ အရေးကြီးသည့် တစ်စုံတစ်ရာကို ပြုလုပ်နေမှန်း အာရုံခံမိတော့ အခြားသူများလည်း တိတ်တဆိတ် ငြိမ်သက်ပေးနေခဲ့ကြ၏။
ဒူ ဒူ ဒူ …
မိနစ် အနည်းငယ်ကြာပြီးသည့်နောက် လင်းရီ၏ ဖုန်း တုန်ခါလာပြီး လီကျစ်ရုံက ဝီချက် မက်ဆေ့ချ် ပို့လာခဲ့ခြင်းပင်။
စုစုပေါင်း ဓာတ်ပုံ သုံးပုံ ပို့ပေးလာခဲ့ပြီး လီဝန်ကွမ်း လက်မှတ်ထိုးခဲ့သည့် စာရွက်များအားလုံးကို ပေးပို့လာသည်။ လင်းရီသည် အဆိုပါ လက်မှတ်အား ကျန်းဇီရှင်း ဖုန်းထဲတွင် ရေးထိုးထားသည့် လက်မှတ်နှင့် ဂရုတစိုက် တိုက်ကြည့်ပြီးနောက် စိတ်သက်သာရသည့် သက်ပြင်းတစ်ခုအား မှုတ်ထုတ်လိုက်သည်။
“ အဲ့လိုပဲ ဖြစ်မယ်…”
“ အစ်ကိုရီ … ရှင် ဘာတွေ ပြောနေတာလဲ … ကျွန်မတို့ကို သိချင်အောင် ဆွမနေနဲ့တော့ …” ကျန်းဇီရှင်း လောဆော်လိုက်တော့သည်။
“ အမွေလွှဲပြောင်းတဲ့ စာချုပ်က လီဝန်ကွမ်း မသိဘဲ လက်မှတ်ထိုးမိခဲ့တာပဲ …"
“ ဘာကို ပြောချင်တာ …” ကူရိရန် မေးမြန်းလာခဲ့သည်။ “ လက်မှတ်က ငါ့အတွက်တော့ ပုံမှန်ပါပဲ … တကယ်လို့ အတင်းအကြပ် စေခိုင်းခံရတယ် ဒါမှမဟုတ် ဖိအားပေးခံရတယ်ဆိုရင် လက်မှတ်က ဒီလောက်ထိ သေသပ်နေမှာ မဟုတ်ဘူး …”
“ ငါ ပြောတာ မှားသွားတာ …” လင်းရီ ဝန်ခံလိုက်သည်။ “ ငါ ဆိုလိုချင်တဲ့ သဘောက လီဝန်ကွမ်း သူ ကိုယ်တိုင်တောင် စာချုပ်က ဘာလဲဆိုတာ မသိဘဲ လက်မှတ်ထိုးလိုက်မိတာပဲ …”
သုံးယောက်သားလုံး ရှုပ်ထွေးစွာဖြင့် အကြည့်ချင်း ဖလှယ်မိလိုက်ကြရင်း လင်းရီ ပြောချင်နေသည့် အဓိက အချုပ်ကို ဖမ်းဆုပ်ဖို့ ကြိုးစားနေခဲ့ကြ၏။
“ ဇီရှင်း … ငါတို့ ကင်မရာမြင်ကွင်းကို ပြန်ကြည့်တုန်းက စွေ့ရှင်း လီဝန်ကွမ်းကို စစ်ဆေးတဲ့ ဖောင်တစ်ခု လက်မှတ်ထိုးခိုင်းခဲ့တာ မှတ်မိလား …”
“ အွန်း .. မှတ်မိတယ်လေ…”
“ ဒီ စာချုပ်ကိုလည်း အဲ့တုန်းက လက်မှတ်ထိုးခိုင်းလိုက်တာပဲ ဖြစ်ရမယ် …” လင်းရီ ပြောဆိုလိုက်သည်။ “ အဲ့ဒီ ဆေးစစ်တဲ့ ဖောင်တွေနဲ့ ဒီစာချုပ်ကိုပါ ရောပြီး လက်မှတ်ထိုးခိုင်းလိုက်တာပဲ …”
“ အမွေလွှဲပြောင်းတဲ့ စာချုပ်ကိုလား …” ကူရိရန် အံ့အားတကြီး မြည်တမ်းလိုက်မိသည်။
“ အတိအကျပဲ …” လင်းရီ အတည်ပြုပေးလိုက်သည်။
“ လီဝန်ကွမ်းရဲ့ လက်မှတ်ကို မင်းသေချာကြည့်ရင် အတိအကျကြီး သပ်ရပ်နေတာ မဟုတ်ဘူးဆိုပေမယ့် ပုံမကျဘဲ တုန်ရင်နေတာမျိုးလည်း မရှိဘူး … ဒီတော့ ဖြစ်နိုင်တာ စွေ့ရှင်းက အမွေလွှဲပြောင်းတဲ့ စာချုပ်ကို တခြား စာရွက်တွေနဲ့ ညှပ်ပြီး လီဝန်ကွမ်းကိုယ်တိုင်လည်း သူ ဘယ်ဟာကို လက်မှတ်ထိုးနေလဲဆိုတာ သတိမထားမိဘဲ လက်မှတ်ထိုးခဲ့မိတာပဲ …”
“ အဲ့တာဆို ယုတ္တိရှိသွားပြီ …” ကူရိရန် ထောက်ခံလိုက်သည်။ “ ငါ ဆေးရုံတက်တုန်းကလည်း သူတို့ ပေးလာတဲ့ စာရွက်တွေကို ဖတ်ခဲတယ်… လက်မှတ်ထိုးပေးဆို ထိုးပေးလိုက်တာပဲ …”
“ စွေ့ရှင်း လုပ်ခဲ့တာလည်း အဲ့လိုပဲလေ … ပြီးတော့ လီဝန်ကွမ်းက အသိစိတ် ရှိနေတယ်ဆိုပေမယ့် သူ့အခြေအနေက အကောင်းကြီးမှာ မဟုတ်ဘူး … သူ့အတွက် လုပ်ရ ပိုလွယ်သွားတာပေါ့ …”
ထို့နောက် လင်းရီသည် ဖုန်းနှစ်လုံးကို အခြားသူများထံသို့ လက်ဆင့်ကမ်း ပြပေးလိုက်သည်။
“ ဒီရဲ့ လက်မှတ်နှစ်ခုကို သေချာစစ်ကြည့်လိုက် … လုံးဝကို အတိအကျနီးပါး တူတယ်… ဒါက ငါ့သီအိုရီ မှန်ကန်ကြောင်း သက်သေပြနေတာပဲ …”
လင်းရီ ညွှန်ကြားသည့်အတိုင်း သုံးယောက်လုံး မတူညီသည့် စာရွက်များရှိ လက်မှတ်များကို သေချာ စစ်ဆေးကြည့်လိုက်ရာ အမှန်တကယ် အတိအကျနီးပါး တူညီနေသည်ကို သတိပြုမိသွားခဲ့ကြသည်။
ကြည့်ရသည်မှာ တူညီသည့် အချိန်နှင့် တူညီသည့် စိတ်အခြေအနေ၌ လက်မှတ်ထိုးခဲ့ဟန်တူသည်။
“ ဒါပေမယ့် စွေ့ရှင်းက ဘာလို့ အဲ့လို လုပ်ခဲ့တာလဲတဲ့ … သူ့မှာ တခြား ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်လည်း မရှိဘူးမလား …” ကျန်းဇီရှင်း မေးလိုက်၏။
“ တကယ်တော့ ရှိတယ်….”
“ သူ့ကောင်လေး ဘယ်သူဆိုတာ မမေ့နဲ့လေ…”
သုံးယောက်လုံး စက္ကန့်အနည်းငယ်ကြာ အတွေးနက်သွားခဲ့ကြပြီး ကူရိရန် ပြောဆိုလာခဲ့၏။
“ နင် ပြောချင်တာ သူ့ကောင်လေးက သူ့ကို ဒီလိုလုပ်ဖို့ ဖြောင်းဖြခဲ့တာပေါ့ … ဖန့်လန်ကျွင်းဆီ အမွေတွေ လွှဲပြောင်းပေးဖို့ အတွက်လေ …”
“ အတိအကျပဲ …”
“ ဒါပေမယ့် မဟုတ်သေးပါဘူး …” ကျန်းဇီရှင်း ဝင်ပြောလာခဲ့ပြီး “ မနေ့တုန်းက ကျွန်မတို့ ရွှီဖျင်ဖျင်နဲ့ စကားပြောတုန်းက သူပြောတာ စွေ့ရှင်းရဲ့ ကောင်လေးက ကျန်းကော်ဖျင် ဘက်ခြမ်းမှာ ရှိနေခဲ့တာလေ … ဖန့်လန်ကျွင်းကို ဘာလို့ ကူညီရမှာလဲ …”
“ အဲ့တာ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ … သူတို့မှာ တခြား သွယ်ဝိုက်တဲ့ ပတ်သက်မှုတွေ ရှိနေလောက်တယ်…” လင်းရီ ရှင်းပြလိုက်ပြီး “ ငါ ပြောချင်တာကို မင်းတို့ နားလည်ပါတယ်ဟုတ် …”
“ အဲ့တာက အတည်ပြုဖို့ လွယ်ပါတယ်…” ကူရိရန် ပြောလိုက်ပြီး “ နင့် သီအိုရီကသာ မှန်ခဲ့မယ်ဆိုရင် ဖန့်လန်ကျွင်းနဲ့ စွေ့ရှင်းရဲ့ ကောင်လေး ဝမ်မင်ရန်က တိတ်တိတ်ပုန်း ဆက်ဆံရေးတစ်ခု ရှိရမယ်… ငါတို့ လုပ်ဖို့ လိုတာက ဟိုတယ်က မှတ်တမ်းတွေကို စစ်ဆေးကြည့်ရုံပဲ …”
“ အဲ့တာက လွယ်ပါတယ်… အခုချက်ချင်းကို စစ်ဆေးကြည့်လို့ရတယ်…”
ကျန်းဖန့် သူ့ကွန်ပျူတာအား ဖွင့်၍ ရဲစခန်း၏ အတွင်းပိုင်း စနစ်နှင့် ချိတ်ဆက်လိုက်ကာ ထိုမှတဆင့် ဟိုတယ်အသီးသီး၏ မှတ်တမ်းများကို ဖမ်းယူလိုက်သည်။ မကြာမီ အချိန်မှာပဲ သူတို့ နှစ်ယောက် အတူ သွားခဲ့သည့် ဟိုတယ်မှတ်တမ်းများ ထွက်ပေါ်လာသည်။
“ ရပြီ …” ကျန်းဖန့် အော်ပြောလိုက်၏။
“ လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်ကရင် သူတို့နှစ်ယောက်က ဟိုတယ်ကို ခဏခဏ လာဖြစ်ကြတာပဲ …”
ဟူး …
ရုံးခန်းထဲရှိ လူတိုင်း စိတ်သက်သာ ရသွားခဲ့ကြသည်။
ယခုတော့ ဇာတ်လမ်းအပြည့်စုံကို သူတို့ နားလည်သွားခဲ့ကြပြီ ဖြစ်၏။ ကျန်ရှိတော့သည်က ဖန့်လန်ကျွင်းနှင့် စွေ့ရှင်း၏ ကောင်လေး ၊ ဝမ်မင်ရန်ကို စစ်ဆေး မေးမြန်းဖို့ပဲ ဖြစ်သည်။
“ ညီကိုရီ … သူတို့ နှစ်ယောက်ကို စစ်ဆေးဖို့ ငါ သွားဖမ်းခေါ်လာခဲ့မယ်…” ကျန်းဖန့် ပြောလိုက်သည်။ “ ကြည့်ရတာ လီဝန်ကွမ်းကို သတ်ဖို့ စွေ့ရှင်းကို အသုံးချပြီး သူတို့ဆီ ခြေရာခံနိုင်တဲ့ လမ်းစတွေကို ရှင်းဖို့ စွေ့ရှင်းကို နှုတ်ပိတ်ခဲ့ကြတာပဲ ဖြစ်ရမယ်….”
“ ကောင်းပြီ … မင်း စီစဉ်လိုက် …”
လင်းရီ ခေါင်းညိတ်၍ သူ၏ ထိုင်ခုံနောက်ကျောသို့ သက်တောင့်သက်သာ ဖြစ်စွာ မှီလိုက်သည်။
အမှုက ဖြေရှင်းပြီးလု နီးပါး ဖြစ်နေပြီး စနစ်ထံမှ အတည်ပြုစာ ရောက်လာဖို့ အချိန်အနည်းငယ်သာ လိုသည်။
ဆုလဒ်က မည်သည့် အရာဖြစ်မလဲဆိုတာကိုတော့ သူ အတော်လေး သိချင်နေမိသည်။
ထိုအချိန်မှာပဲ လီရှန်းဟွေ့သည် ရုံးခန်းတံခါးဝသို့ ရောက်လာခဲ့ပြီး မေးမြန်းလိုက်၏။
“ အမှု အခြေနေ ဘယ်လိုလဲ …”
“ ပြီးလုပြီးခင်ပါပဲ … လက်သည်တရားခံက ဖန့်လန်ကျွင်းနဲ့ သူတို့ရဲ့ ရှေ့နေ ၊ ဝမ်မင်ရန် ဖြစ်နေခဲ့တာ …”
“ ဝမ်မင်ရန်က သေသွားတဲ့ စွေ့ရှင်းရဲ့ ကောင်လေး မဟုတ်လား …” လီရှန်းဟွေ့ သာမန်လျှံကာ လေသံဖြင့် မေးမြန်းလာသည်။
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်… သူ့မှာ ရည်ရွယ်ချက်တွေ ရှိနေတော့ စွေ့ရှင်းကို သတ်ပြီး နှုတ်ပိတ်ခဲ့တာပဲ …”
“ အမှုက ပိတ်နိုင်တော့မှာ ဆိုတော့ မင်းတို့နှစ်ယောက် အလုပ်သိပ်မများတော့ဘူးမလား … မြို့တော်ရုံးခန်းကို အစည်းအဝေးတက်ဖို့ ငါနဲ့လိုက်ခဲ့ ….”