တိုက်ခိုက်ဖို့ အရည်အချင်း မမီ
Vol. 138 Ch. 2068
“ အစည်းအဝေး တက်ရမယ် … ရုတ်တရက်ကြီးပါလား …” လင်းရီ မေးမြန်းလိုက်သည်။ “ ပြီးတော့ ကျုပ်က ဒီတိုင်း ပြောတာကို နာခံတတ်တဲ့ လူတစ်ယောက်ပဲလေ… အစည်းအဝေးတွေ ဆိုတာ ကျုပ်အတွက်က အပိုပဲ …”
“ မင်းကပဲ ပြောရတယ် ရှိသေး … ဒါပေမယ့် ဒီနေ့ အစည်းအဝေးကတော့ မင်း မတက်လို့ မရဘူး …” လီရှန်းဟွေ့ ရွှင်ပြုံးသည့် အပြုံးလေးဖြင့် ရယ်ရင်း ပြောလိုက်သည်။
“ ကျုပ်က ရုတ်တရက်ကြီး ရှိုးပွဲရဲ့ ကြယ်ပွင့် ဖြစ်လာမှာလား …”
“ အဲ့လိုပြောလို့ရတယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ငါတို့ အစောပိုင်း ပိုင်ရုံရှိုကို ဖမ်းတုန်းက အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ မင်းက ဝင်ပါပြီး ဆောင်ရွက်ခဲ့တယ်လေ… အခု မြို့ရဲ့ ဗျူရိုက သူ့ရဲ့ ပံ့ပိုးပေးနေတဲ့ ဝေကျန်းလုံကို ဖမ်းတော့မှာဆိုတော့ မင်းက ရှေ့တန်းထွက်ရမှာ .. ဒီနေ့ အစည်းအဝေးကို မင်းမတက်လို့ မဖြစ်ဘူး …”
“ အာ ….”
“ တော်ပြီ … ဘာမှ ထပ်မပြောနဲ့တော့ … မင်းတို့နှစ်ယောက်လုံး ပစ္စည်းတွေသိမ်းပြီး ငါနဲ့လိုက်ခဲ့ …”
သူ ငြင်းလို့ မရသည်ကို မြင်တော့ လင်းရီလည်း ဆက်ပြီး ငြင်းခုန်မနေတော့ချေ။ သူ့ ပစ္စည်းများကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး လီရှန်းဟွေ့နှင့်အတူ တံခါးပေါက်ဝမှ ထွက်ခွာလာခဲ့ကာ ပြည်သူ့လုံခြုံရေးဗျူရိုသို့ ဦးတည်မောင်းနှင်လာခဲ့သည်။
တစ်ချိန်တည်းတွင် စုန့်ကျန်းရဲစခန်း အသင်းမှ ဟန်ကျုံးယွီကလည်း ဗျူရိုရုံးသို့ ကြိုတင်ရောက်နှင့်နေသည်။
“ ရှောင်လင်း … ဝေကျန်းလုံကို ဖမ်းဖို့ မင်း ပြင်ဆင်ထားပြီးပြီမလား …”
လင်းဟန် ယုံကြည်မှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ စိတ်ချလက်ချနေပါ ခေါင်းဆောင် … ကျွန်မ အစီအစဉ်နဲ့ ပြင်ဆင်တာတွေကို လုပ်ထားပြီးပြီ … ပြီးတော့ ရန်ကျင်းက တချို့လူတွေနဲ့ ဆက်သွယ်ထားပြီးတော့လည်း သတင်းအချက်အလက်တွေ တောင်းထားတယ်… ဝေကျန်းလုံကို ဖမ်းဖို့ ပြဿနာ မရှိဘူး …”
ဟန်ကျုံးယွီ ခေါင်းညိတ်လိုက်သည်။ “ မင်းမှာ ယုံကြည်ချက် ရှိတာ ကောင်းတယ်… ခဏနေကျရင် ဒီကိစ္စ ဆွေးနွေးဖို့ ငါမင်းကို အတွင်းရေးမှူးလျန်နဲ့ ဒါရိုက်တာချိန်တို့ကို တွေ့ဖို့ ခေါ်သွားပေးမယ်… မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ပျက်လာမယ်ဆိုရင်တော့ ဒီ စစ်ဆင်ရေးကို မင်းပဲ ဦးဆောင်ရမှာ …”
“ အတွင်းရေးမှူးလျန်နဲ့ ဒါရိုက်တာချိန်လည်း ဒီကိစ္စထဲ ပါဝင်နေတာလား …” လင်းဟန် အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလာသည်။
“ သူတို့နှစ်ယောက် ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်နဲ့ လက်ထောက်ခေါင်းဆောင်တွေပဲ … ဒါပေမယ့် ရာထူးအရပါ … တကယ့် လက်တွေ့ ရန်ကျင်းမှာ အမိန့်ပေးဖို့က လူတစ်ယောက် လိုသေးတယ်… ဒီတော့ အခွင့်အရေးကို ရအောင် ဖမ်းဆုပ် … ငါတို့ တစ်ခါ အရှက်ကွဲခဲ့ပြီးပြီ … တကယ်လို့ ဝေကျန်းလုံသာ ရှင်းရှန်းကကောင်တွေလက်ထဲ အဖမ်းခံလိုက်ရမယ်ဆိုရင် ငါတော့ လူလှောင်ရယ်ခံရတော့မှာပဲ …”
“ ခေါင်းဆောင်ပြောချင်တာကို ကျွန်မ သဘောပေါက်ပါတယ်… စိတ်သာချထားလိုက်ပါ …”
“ အင်း … ငါ စိတ်ချထားမယ်…” ဟန်ကျုံးယွီ ကျေနပ်အားရစွာ ပြောလိုက်၏။ “ အတွင်းရေးမှူးလျန်နဲ့ ဒါရိုက်တာချိန်တို့ကို တွေ့တဲ့အချိန်ကျရင် မင်းရဲ့ အစီအစဉ်ကို သေချာလေး အသေးစိတ်ပြောပြ … ခေါင်းဆောင်နေရာကို ရမယ်ဆိုရင် ဒီစစ်ဆင်ရေးတစ်ခုလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေမှာ …”
“ နားလည်ပြီ .. ကျွန်မ အကောင်းဆုံး ကြိုးစားသွားမယ်… ဘာ ပြဿနာမှ ရှိမယ်လို့တော့ မထင်ဘူး …”
“ ငါတွေးနေတာလည်း အဲ့လိုပဲ … ရှင်းရှန်း ရဲစခန်းက လင်းရီဆိုတဲ့ ကောင်က အစွမ်းအစ ရှိတယ်ဆိုပေမယ့် သူက လူသစ်လေးပဲ ရှိသေးတာ … သူ့မှာ အတွေ့အကြုံဆိုတာ မရှိသေးဘူး … မင်းက အဲ့တစ်ချက်တော့ သူ့ထက်သာတယ်…”
“ ကျွန်မ သေချာပေါက် ရမှာပါ ….” လင်းဟန် လေးနက်တည်ကြည်စွာ ပြောဆိုလိုက်သည်။
အဘယ်ကြောင့်ဆိုသော် တချို့ ကိစ္စများအား သူမတစ်ဦးတည်းသာလျှင် သိနားလည်ထားသောကြောင့်ပင်။ ကျုံးဝေ့တပ်ဖွဲ့က နိုင်ငံတစ်ဝန်း လူရွေးပွဲ ကျင်းပနေသည်မှာ တစ်ပတ်ရှိနေပြီ ဖြစ်၏။ သူမကလည်း အဆိုပါ လူရွေးပွဲတွင် ဝင်ပြိုင်မည် ဖြစ်သည့်အတွက် ဤသည်က စုန့်ကျန်း ရဲစခန်းရှိ သူမ၏ နောက်ဆုံး စစ်ဆင်ရေး ဖြစ်သည်။
ထို့ကြောင့် မည်သို့ပင် ဖြစ်လာစေကာမူ ကောင်းမွန်စွာ စွမ်းဆောင်ပြပြီး သူမ၏ ရဲအရာရှိ အလုပ်အကိုင်သက်တမ်းတွင် ပြီးပြည့်စုံသည့် အဆုံးသတ်တစ်ခုကို ချန်ထားရစ်ခဲ့ပေမည်။
မကြာမီ နှစ်ဦးသား တတိယထပ်ရှိ စင်္ကြံလျှောက်လမ်းသို့ ရောက်လာခဲ့ပြီး ဟန်ကျုံးယွီ တံခါးခေါက်လိုက်သည်။
“ ဝင်ခဲ့ …”
သူတို့ တံခါး တွန်းဖွင့်၍ အထဲသို့ ဝင်လာခဲ့ကြသည်။ အခန်းထဲတွင်တော့ လူသုံးဦး ထိုင်နေပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦး ဖြစ်၏။
အမျိုးသမီးက လျန်ရူရွှယ် ဖြစ်ပြီး ချိန်ပင်းချန်နှင့် လျိုချွင်ကျန်းတို့က သူမ နံဘေးတွင် ရှိနေကြသည်။ သုံးဦးလုံးက ရယ်ရယ်မောမော စကားပြောဆိုနေကြရင်း လိုက်လျောညီထွေ ရှိသည့် လေထုကို ဖြစ်ပေါ်နေစေသည်။
လျန်ရူရွှယ်၏ ပြေပြစ်လှသည့် ကိုယ်လုံးကိုယ်ပေါက်၊ ကျော့ရှင်းသည့် ကိုယ်ဟန် အနေအထားနှင့် ရင့်ကျက်မှု ရှိသည့် အလှတရားကို မြင်တော့ လင်းဟန် မနေနိုင်ပါဘဲ သူမတို့နှစ်ဦးကြား ကွာခြားမှု တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။
အမျိုးသမီး တစ်ဦးအနေဖြင့် သူမတို့နှစ်ဦးကြား၌ သိသာထင်ရှားသည့် ကွာဟမှုတို့ ရှိနေသည်ကို သတိပြုမိ၏။
“ အတွင်းရေးမှူးလျန် ၊ ဒါရိုက်တာချိန် ၊ ဒါရိုက်တာလျို ….”
အခန်းထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ဟန်ကျုံးယွီ သူတို့ သုံးယောက်အား အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
လျန်ရူရွှယ်တို့ သုံးဦးလည်း အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ လာကွာ … လောင်ဟန် … ထိုင်ဦး …” ချိန်ပင်းချန်သည် မော်ကြွားခြင်း မရှိပါဘဲ ပျူငှာစွာဖြင့် ဆိုဖာပေါ်တွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။
“ ကျုပ် မထိုင်တော့ပါဘူး ဒါရိုက်တာချိန် …” ဟန်ကျုံးယွီ ပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါက ကျုပ်တို့ ရဲစခန်းက ရှောင်ဟန်လေ … ဒီ စစ်ဆင်ရေးရဲ့ အစီအစဉ် အသေးစိတ်ကို တင်ပြလို့ ရအောင် ခေါ်လာခဲ့တာ … တကယ်လို့ လိုအပ်တာ ရှိရင်လည်း ကျေးဇူးပြုပြီး ထောက်ပြပေးပါဦး …”
အစည်းအဝေးက ဝေလုံလျန်းကို ဖမ်းဆီးဖို့ အတွက်ဆိုသော်လည်း အစည်းအဝေး၏ အကြောင်းအရာထဲတွင် မည်သို့ ဖမ်းဆီးကြမည်ဆိုသည့် အသေးစိတ် ကိစ္စရပ်တို့ ပါဝင်မည်မဟုတ်ပေ။ ထိုအစား တာဝန်များအား ခွဲဝေပေးရန်အတွက် ကျင်းပခြင်း ဖြစ်၏။
ဖမ်းဆီးမည့် အသေးစိတ် အစီအစဉ်ကိုတော့ တာဝန်ခွဲဝေပေးပြီးသည်နှင့် သက်ဆိုင်ရာ လူတို့က စီစဉ်ဆောင်ရွက်ကြရလိမ့်မည်။
“ ဒီတော့ … လင်းဟန်ဆိုတာ သူလား …” ချိန်ပင်းချန် မေးမြန်းလိုက်သည်။
“ ဟုတ်ပါတယ်ရှင့် …” လင်းဟန် အလေးပြုပြီး ပြန်လည် တုံ့ပြန်လိုက်သည်။
“ အထင်ကြီးစရာပါပဲ … ငါ မင်းရဲ့ အောင်မြင်မှုတွေ အကြောင်း အများကြီး ကြားဖူးတယ်… စစ်ဆင်ရေးမှာ မင်းလည်း ပါမယ်ဆိုတော့ ဝေလုံကျန်းကို ဖမ်းမိဖို့ ပိုပြီး ယုံကြည်ချက် ရှိသွားပြီ …”
ချိန်ပင်းချန်၏ သဘောထားက ဟန်ကျုံးယွီ အပေါ်တွင် ကောင်းမွန်နေသည်။ ထိုကဲ့သို့သော အထက်အကြီးအကဲထံမှ မျက်နှာသာပေးမှုဖြင့် ဆိုပါက ဤစစ်ဆင်ရေး၏ အမိန့်ပေးသူ နေရာကို လင်းဟန် ရရှိဖို့က သေချာသလောက်ပင်။
“ ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင် … ကျွန်မ ဝေလုံကျန်းလို ရာဇဝတ်သားကို ကျိန်းသေပေါက် ဖမ်းဆီလာခဲ့မှာပါ … ခေါင်းဆောင် စိတ်မပျက်စေရပါဘူးရှင့် …” လင်းဟန် ယုံကြည်ချက် ရှိစွာဖြင့် တုံ့ပြန်လိုက်သည်။
“ မင်းမှာ အဲ့လို ယုံကြည်ချက်မျိုးရှိတာ ကောင်းတယ်…” ချိန်ပင်းချန် ပြောလိုက်ပြီး “ ငါတို့လည်း အခုလေးတင် အဲ့ကိစ္စ ဆွေးနွေးနေတာ … မင်းက ပြင်ဆင်လာခဲ့ပြီဆိုမှတော့ မင်းရဲ့ အတွေးတွေကို ပြောစမ်းပါဦး …”
“ ဟုတ်ကဲ့ရှင့် ..”
နောက်ထပ် ဆယ်မိနစ်ကျော် ကြာသည်အထိ လင်းဟန်သည် ခေါင်းဆောင်သုံးဦးထံသို့ သူမ၏ အစီအစဉ်ကို တင်ပြနေခဲ့ပြီး ထိုအထဲတွင် ဝေလုံကျန်းအား ဖမ်းဆီးမည့် ဖြစ်စဉ် အသေးစိတ်နှင့် ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ် အခြေအနေတို့အား ထည့်သွင်း သုံးသပ်ထားသည်များ ပါဝင်နေသည်။ ရှုထောင့်ပေါင်းစုံကနေ သေချာ စဉ်းစားထားသဖြင့် ချိန်ပင်းချန်နှင့် လျိုချွင်ကျန်းတို့ပင် ဝေဖန်ထောက်ပြသည့် စကား မဆိုနိုင်ခဲ့ချေ။
“ တော်လိုက်တဲ့ ကောင်မလေး … မင်းရဲ့ ဖမ်းဆီးမယ့် အစီအစဉ်က နားလည်လွယ်တယ်… ငါတို့တောင် မတွေးမိတဲ့ ကိစ္စတချို့ကိုတောင် ထည့်သွင်းစဉ်းစားသွားခဲ့တာပဲ …” ချိန်ပင်းချန် အားရကျေနပ်သည့် အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ရှင့် … ဒီအပိုင်းက ကျွန်မရဲ့ တာဝန်ပါ … တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာပါရှင့် …”
“ ဒါဆိုလည်း ဟုတ်ပြီ … လောလောဆယ်တော့ တခြား ကိစ္စတွေ ဆွေးနွေးကြတာပေါ့ … အားလုံး ရောက်တာနဲ့ မီတင်စမယ်…”
“ ဟုတ်ကဲ့ပါရှင့် … ခေါင်းဆောင်တို့ကို မနှောင့်ယှက်တော့ပါဘူး … ကျွန်မတို့ သွားလိုက်ပါဦးမယ်….”
နှုတ်ဆက်ပြီးနောက် ဟန်ကျုံးယွီနှင့် လင်းဟန်တို့ နားနေခန်းထဲကနေ ထွက်လာခဲ့ကြသည်။
“ အခုလောက်ဆို အဆင်ပြေသင့်ပါပြီ …” ဟန်ကျုံးယွီ စိတ်သက်သာရစွာဖြင့် ပြောလိုက်သည်။
“ ခေါင်းဆောင်ကြီးတွေက မင်းအပေါ်မှာ အထင်မြင်ကောင်းတချို့ ရှိပုံပဲ .. ပြီးတော့ မင်းရဲ့ ဖမ်းဆီးမယ့် အစီအစဉ်ကလည်း ချို့ယွင်းချက် ကင်းတယ်…. ဒီ စစ်ဆင်ရေးရဲ့ တာဝန်ခံက မင်းပဲ ဖြစ်လောက်တယ်…”
“ ကျွန်မလည်း အဲ့လိုထင်တယ်…” လင်းဟန် ပြောလိုက်ပြီး “ အစီအစဉ်ဆွဲဖို့ကို နေ့မနား ညမနား ကြိုးစားထားရတာ သည့်ထက် ပိုကောင်းတဲ့ အစီအစဉ်တော့ ကျွန်မ စဉ်းစားလို့ မရတော့ဘူး … ရှိမယ်လို့လည်း မထင်ဘူး …”
“ အမှန်ပဲ … ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ဆင်ရေး ခေါင်းဆောင်ရာထူးကို ငါတို့ ရကိုရမှ ဖြစ်မှာ …” ဟန်ကျုံးယွီ ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုလိုက်သည်။
လင်းဟန်ကတော့ တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။ သူမအဖို့ ဤသည်က မလွဲမသွေ ဖြစ်လာမည့် ကိစ္စ တစ်ခုသာ ဖြစ်သည်။
လင်းရီက ပိုင်ရုံရှိုကို ဖမ်းဆီးသည့် စစ်ဆင်ရေးတွင် အာရုံစူးစိုက်မှု တချို့ ရရှိခဲ့သော်လည်းပဲ ထိုအရာက မပြောပလောက်သည့် အသေးမွှား ကိစ္စလေးသာလျှင် ဖြ်၏။
သူမ၏ ပြောင်မြောင်လှသည့် အရည်အချင်း၊ အတွေ့အကြုံတို့ဖြင့် ဤခု စစ်ဆင်ရေး၏ ခေါင်းဆောင်ရာထူးမှာ သူမလက်ထဲ ကျရောက်လာမည်က မလွဲမသွေပင်။
လင်းရီ … ဟက် ... ထိုကောင်က သူမနှင့် ယှဉ်ပြိုင်ဖို့ အတွက် အရည်အချင်း မမီသေးချေ။