← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

မဒမ်လီရဲ့လက်က မသိစိတ်အရ ဆေးတံဆီကို လှမ်းထိလိုက်တော့ လီမင်ပေက ချက်ချင်းပဲ ခေါင်းငုံ့လိုက်ပေမဲ့လည်း သူအချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက်မှာတောင် မဒမ်လီက ဆေးတံနှင့် မရိုက်လာသေးတာကြောင့် သူ ဂရုတစိုက်နှင့်ခေါင်းမော့ကာ မဒမ်လီကို တိတ်တဆိတ် ကြည့်လိုက်မိတယ်။

မဒမ်လီရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ မရှိနေခဲ့ဘူး။ သူမက လီမင်ပေကို ဆေးတံနှင့်မရိုက်ခဲ့ပေမဲ့လည်း ဆေးရွက်ကြီးနည်းနည်းလောက်ထည့်ပြီး ရှိုက်သောက်လိုက်တယ်။

“မင်ပေ၊ မင်းလည်း အသက်ကြီးလာပြီ၊ ကိစ္စတွေက လုပ်သင့် မလုပ်သင့်သိနေလောက်ပြီ၊ ဒီတစ်ခါတော့ မင်းဘယ်လောက်တောင်ဖြုန်းတီးခဲ့တယ်ဆိုတာကိုတော့ ငါ မပြောတော့ဘူး၊ အဲဒီဘောပင်ကိုဝယ်တဲ့ပိုက်ဆံက မင်းရဲ့ ကိုယ်ပိုင်ပိုက်ဆံပဲဆိုတော့ အဆင်ပြေပါတယ်၊

မဟုတ်ရင် မင်းရဲ့အစ်ကိုကြီးဒီတစ်ခေါက်ပြန်လာချိန်မှာ မင်းရေးနေတဲ့ဘောပင်က အရင်သူပေးထားတဲ့ဘောပင်မဟုတ်ဘူးလားလို့ မေးလိုက်ရင် မင်းဘယ်လိုပြောမလဲ”

လီမင်ပေ အနည်းငယ် ရှက်သွားရပြီး သူ့ရဲ့နှုတ်ခမ်းတွေက အနည်းငယ်လှုပ်သွားရတယ်။ ထို့နောက် မဒမ်လီဆီကို တောင်းဆိုလိုတဲ့အကြည့်နှင့် ကြည့်လိုက်တယ်။

“အဖွား ၊ ကျွန်တော် အခု ဘောပင် ဝယ်ပြီးသွားပြီ၊ ဒါကြောင့် ဒီအကြောင်းတွေကို ကျွန်တော့် အစ်ကိုကြီးကို မပြောလို့ရမလား၊ အစ်ကိုကြီးကို စိတ်မကောင်း မဖြစ်စေချင်ဘူး”

မဒမ်လီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်တယ်။

“ ကောင်းပြီ၊ နောက်ဆုံးတော့ မင်းလည်း နားလည်သဘောပေါက်သွားခဲ့ပြီပဲ၊ စကားမစပ်၊ ငါ ရှောင်ရှီဆီက ကြားတာ မင်းရဲ့အလုပ်က လကုန်မှ မင်းရဲ့ အလုပ်မှတ်တွေကို ရှင်းပေးတာဆို၊ မင်းမှာ စားဖို့အတွက် ပိုက်ဆံအလုံအလောက်ရှိသေးလား”

လီမင်ပေက ခေါင်းကို ခါရမ်းလိုက်တယ်။

“ကျွန်တော် လူငယ်နေရပ်ကို အကြွေးတင်ထားသေးတယ်၊ အလုပ်မှတ်ကို ရှင်းပေးမှ ပြန်ဆပ်ရမယ်”

မဒမ်လီ သူ့ကို လှောင်ပြောင်လိုစွာကြည့်လိုက်တယ်။

“ဒါဆို မင်း နောက်လမှာ ထပ်ချေးဦးမှာလား”

လီမင်ပေ ခေါင်းငုံ့လိုက်မိတယ်။

“တကယ်တော့ ကျွန်တော် အများကြီးအကြွေးမကျန်ပါဘူး၊ နောက်ဆုံးတစ်ခေါက်အိမ်ဆောက်ဖို့အတွက်လုပ်ခဲ့တုန်းက ဘောပင်ဝယ်တဲ့ပိုက်ဆံအပြင် သုံးယွမ်ကျန်ခဲ့တယ်၊

လူတော်တော်များများက ဒီတစ်လမှာ ထမင်းဝယ်စားဖို့အတွက် အကြွေးတင်နေခဲ့ကြတာ၊ ကျွန်တော်က အားလပ်ရက်တွေမှာ အိမ်ကိုပြန်လာတာ နည်းတော့ ပိုက်ဆံ ပိုစုနိုင်ခဲ့တယ်”

ထိုအချိန်ကျမှ မဒမ်လီက လီမင်ပေ နောက်ဆုံးတစ်ကြိမ်တုန်းက အိမ်ကိုမပြန်ခဲ့တာက ပိုက်ဆံရှာဖို့အတွက် သစ်တွေသယ်နေခဲ့တာဖြစ်ကြောင်းကို မဒမ်လီသိသွားခဲ့တယ်။

“ဒီလို အကြံရလိုက်တာ ကောင်းပါတယ်၊ နှစ်သစ်ကူးပြီးသွားရင် ငါ မင်းအမေကို အသီးအရွက်ချဥ်တွေများများ ထည့်ပေးခိုင်းလိုက်မယ်၊ ပိုက်ဆံစုဆောင်းနိုင်ပြီးရင် အိမ်ကိုပြန်မလာဘဲ မနေနဲ့”

မဒမ်လီက သူ့ကိာ ဆေးတံနှင့် မရိုက်ဘဲ အသီးအရွက်ချဉ်တွေ ပိုပေးမယ်လို့ ပြောတာကို ကြားတော့ လီမင်ပေတစ်ယောက် ချက်ချင်းပဲ ဝမ်းသာပျော်ရွှင်သွားခဲ့ပြီး ခေါင်းညိတ်ပြလာကာ ဝမ်စုဖန်းဆီကို ထိုအကြောင်းကို ပြောပြဖို့ ထွက်သွားတော့တယ်။

မဒမ်လီ ကူကယ်ရာမဲ့စွာနှင့် ခေါင်းခါလိုက်မိတယ်။

“ဒီကလေးရဲ့ နှလုံးသားက လောဘတွေနည်းလွန်းတယ်၊ နည်းနည်းလောက်နှင့် ချော့မော့လိုက်နိုင်တာပဲ”

မုန်ရှောင်ရှီက လီမိသားစုအိမ်မှာ နေ့လည် နှစ် နာရီအထိနေခဲ့ပြီး အိမ်ကိုပြန်ဖို့လုပ်ခဲ့တယ်။

ထိုအချိန်မှာ မဒမ်လီက သူမနှင့် ကွေ့ဟွားကို အခန်းထဲသို့ခေါ်ကာ သေတ္တာကိုဖွင့်ပြီး အထဲမှ တူညီသော သိုးမွှေးအဝတ်စနှစ်ခုကို ထုတ်ယူခဲ့တယ်။

“ဒါက တခြားနေရာကနေ ဝယ်လာနိုင်ခဲ့တာလေ၊ ဝယ်ထားတဲ့ပစ္စည်းတွေထဲက မင်းတို့တွေ နှစ်သစ်မှာဝတ်ဖို့အတွက် ဒီအထည်စနှစ်ပိုင်းကို မင်းတို့ကိုပေးလိုက်မယ်”

မုန်ရှောင်ရှီက ဒီလိုမျိုး အဖိုးတန်တဲ့ပစ္စည်းကို တွေ့တော့ သူမရဲ့ လက်ကို အမြန်ဝှေ့ရမ်းလိုက်ပြီး ပြောပြောခဲ့တယ်။

“အဖွား ၊ ကျွန်မ ဒီဟာကို လက်ခံလို့မရဘူး၊ တကယ်လို့ ဒါကို လက်ခံပြီး အိမ်ပြန်ခဲ့ရင် အမေက ကျွန်မကို ပြောလိမ့်မယ်”

မဒမ်လီက ပြုံးပြီး သူမရဲ့လက်ကို ပွတ်သပ်ပေးလိက်တယ်။

“ မင်းက အနှေးနှင့်အမြန် ငါတို့မိသားစုရဲ့ချွေးမဖြစ်လာမှာပဲ၊အဖွားက မင်းကို အဝတ်အစားတစ်ထည်ပေးတာ ဘာတွေများ လက်မခံနိုင်စရာရှိလို့လဲ”

မုန်ရှောင်ရှီက ရှက်ရွံ့သွားပြီး ခေါင်းကိုငုံ့ကိုင်းကာ သူ့ရဲ့ ဖြူဖွေးတဲ့လည်ပင်းလေးကိုပဲ မြင်ရတော့တယ်။

မဒမ်လီက ချစ်ခြင်းမေတ္တာအပြည့်နှင့် မုန်ရှောင်ရှီနှင့် ကွေ့ဟွားတို့ကို ကြည့်ကာ ပြောလိုက်တယ်။

“ဒီနှစ်မှာ ငါတို့တွေအတူ စုပေါင်းပျော်ရွှင်မဲ့ နှစ်သစ်ကို မပိုင်ဆိုင်နိုင်ပေမယ့် နောက်နှစ် နှစ်သစ်ကိုရောက်ရင် မင်းက ငါတို့မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့မှာ၊ ဒီပစ္စည်းတွေကလည်း မင်းကို အနှေးနဲ့အမြန်ဆိုသလို ပေးရမှာပဲ၊ ဘာများကွဲပြားနေလို့လဲ၊ မင်းရဲ့ ယောက်မက ရနေချိန်မှာ မင်းက မရဘူးဆိုရင် တခြားလူတွေသိသွားရင် ရယ်မောလာလိမ့်မယ်”

ကွေ့ဟွားက အဝတ်စကိုယူပြီး မုန်ရှောင်ရှီရဲ့ခန္ဓာကိုယ်မှာ တိုင်းတာကြည့်လိုက်တယ်။

“ရွောင်ရီရဲ့ အသားအရေက ဖြူဖွေးလွန်းတော့ ဒီအထည်ကို ချုပ်ဝတ်တဲ့အချိန်ကျရင် ကြည့်ကောင်းနေမှာပဲ”

ထို့နောက် သူမက မုန်ရှောင်ရှီရဲ့ လက်ကိုဆုတ်ကိုင်ပြီး အပြုံးနှင့် ကြည့်လာပြန်တယ်။

“နောက်ကျရင် ငါတို့နှစ်ယောက် အတူတူဝတ်ရအောင်လေ၊ ညီအစ်မတွေလိုမျိုး ဆင်တူဝတ်ပြီး အပြင်ကိုသွားကြမယ်”

မုန်ရှောင်ရှီက ကွေ့ဟွားကိုကြည့်ပြီး ရှက်ရွံ့စွာ ခေါင်းညိတ်လာတယ်။

တရုတ် နှစ်သစ်ကူး မတိုင်ခင် အချိန် ဆယ်ရက်ကျော်လောက် ရှိသေးပြီး မိသားစုက အလုပ်တွေများနေခဲ့ကြပြန်တယ်။

ကွေ့ဟွားက ရာသီဥတုကောင်းတဲ့ နေ့တစ်နေ့ကို စောင့်ပြီး အိမ်ရှိ တဲ့စောင်များနှင့် မွေ့ယာအားလုံးကို ခွဲထုတ်ကာ လျှော်ဖွပ်ပေးခဲ့တယ်။

ဝမ်စုဖန်းက အဝတ်စုတ်တစ်ထည်ကိုယူပြီး နေရာတိုင်းကို လိုက်သုတ်နေခဲ့ပေမဲ့ ကံကောင်းစွာနှင့် အိမ်က နဂိုကတည်းက သန့်စင်နေခဲ့ပြီး ဖုန်မှုန့်လေးတောင် မရှိနေခဲ့ဘူး။ ဒါပေမယ့် အစက်အပျောက်အနည်းငယ်လေးရှိရင်တောင် လိုက်လံသုတ်ပစ်ခဲ့ကြတယ်။

ကျန်းကျန်းက ဝမ်စုဖန်းရဲ့နောက်ကိုလိုက်ပြီး အဝတ်စုတ်ကို ဆေးကြောဖို့အတွက် ရေသယ်ပေးခဲ့တယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဝမ်စုဖန်းက သူမကို အနားယူဖို့အတွက် ပြန်ခိုင်းလေတယ်။

“ဒါကို ငါ ခဏလောက်နှင့် ပြီးအောင်လုပ်နိုင်ပါတယ် မင်းအိမ်ထဲမှာ ခဏသွားနေလိုက်”

ကျန်းကျန်း သူမကို ကူကယ်ရာမဲ့ ကြည့်ပြီး ပြန်ပြောလိုက်တယ်။

“အမေ၊ သမီးက ဒီလောက်တောင် အသက်ကြီးနေပြီ၊ အခုချိန်ထိ ဘာမှ မလုပ်ခိုင်းသေးဘူးလား”

ဝမ်စုဖန်းက သူမကို လှည့်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ သူမအတွက် အလုပ်တစ်ခုရှာတွေ့ခဲ့တယ်။

“ဒါဆို မင်းအေးခဲထားတဲ့ သစ်တော်သီးအိုးတွေကို အရည်ပျော်အောင်လုပ်လို့ရတယ်၊ အဲလိုလုပ်ပြီးရင် အရသာပိုရှိလာလိမ့်မယ်”

ကျန်းကျန်းလည်း အေးခဲထားတဲ့ သစ်တော်သီးတစ်ဒါဇင်လောက်ကို ကောက်ယူပြီး အိုးထဲသို့ထည့်ကာ ထိုအိုး ရေအပြည့်ထည့်လိုက်တယ်။

ဆယ်မိနစ်လောက်စောင့်လိုက်ပြီးတာနှင့် မူလတုန်းက ရေတွေနှင့်ခဲပြီး ထူထဲနေတဲ့ ရေခဲအလွာက ပျော်ကျသွားပြီး ပါးလွှာလာမှာဖြစ်ကာ သစ်တော်သီးတွေက ပျော့ပျောင်းလာလိမ့်မယ်။ ထိုအေးခဲထားတဲ့ သစ်တော်သီးတွေကို ထိလိုက်တဲ့အခါ အတွင်းနဲ့ အပြင်ပါ နူးညံ့ပြီး စားလို့ပိုကောင်းလာလိမ့်မယ်။

အေးခဲထားတဲ့ သစ်တော်သီးတွေကို စိမ်ပြီးနောက် ကျန်းကျန်းက နောက်တစ်ကြိမ် ပြန်ပြေးသွားလိုက်တယ်။

ဒါပေမယ့် ဝမ်စုဖန်းက အရှေ့ဘက်ခန်းကို ညွှန်ပြပြီး ပြောလာပြန်တယ်။

“အထဲကိုသွားပြီး မင်းအဖွားနဲ့ ရေဒီယိုကို သွားနားထောင်နေလိုက်လေ၊ ပြီးရင် အထဲမှာ ဘယ်လိုအစီအစဉ်တွေပါလဲဆိုတာ နောက်ကျရင် အမေ့ကို ပြန်ပြောပြပေး”

ဝမ်စုဖန်းက သူမကို တကယ်မကူညီစေချင်တော့တာကိုတွေ့တော့ ကျန်းကျန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ အရှေ့ခန်းကို ပြန်သွားပြီး ရေဒီယိုကိုသာ ဖွင့်လိုက်ရတယ်။

ရေဒီယိုထဲမှာ သတင်းတွေနှင့် သတင်းစာထဲမှ အကြောင်းအရာတွေအကြောင်း အကျဉ်းချုပ်တွေ လာနေတာကြောင့် ကျန်းကျန်း ခန်ပေါ်ကနေ ထရပ်လိုက်ပြီး ပုံပြင်ပြောတဲ့ ချန်နယ် ရှိ၊ မရှိ သိရန်အတွက် ချန်နယ်ပြောင်းဖို့ လုပ်တော့မယ့်အချိန်မှာ ရေဒီယိုမှ သတင်းတစ်ပုဒ်ကြေညာလာသံကို ကြားလိုက်ရတယ်။

“ကျွန်တော်တို့ နိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာနဲ့ ပန်းချီဆရာတစ်ယောက်တစ်တဲ့ မစ္စတာဝမ်မင်က ဒီနှစ်မှာပဲ နိုဘယ်လ်ဆုကို ရရှိသွားခဲ့ပါပြီ၊ စာပေအတွက် ရရှိတဲ့ နိုဘယ်ဆုဖြစ်ပြီး ဒီလိုနိုဗယ်ဆုဆိုတာက ကမ္ဘာပေါ်မှာ ...”

ကျန့်ကျန်းတစ်ယောက် စိတ်လှုပ်ရှားစွာနှင့် ခန်ပေါ်မှ ခုန်ထလိုက်ပြီး မဒမ်လီကို ပွေ့ဖက်ရင်း အော်ဟစ်လိုက်တော့တယ်။

မဒမ်လီက ကျန်းကျန်းကြောင့် လန့်သွားခဲ့ပြီး သူမရဲ့လက်ကို ဆွဲကိုင်ရင်း မေးလာတယ်။

“ဘာဖြစ်တာလဲ”

“မစ္စတာဝမ်မင်က စာပေနိုဘယ်ဆုကိုရသွားပြီ! ဒါက တရုတ်သမိုင်းမှာ ပထမဆုံး စာပေနိုဘယ်ဆုကို ရခဲ့တာပဲ! “

ကျန်းကျန်းတစ်ယောက် ပါးစပ်ကို မပိတ်နိုင်တော့ဘူး။ သူမက ရေဒီယိုကနေ ဝမ်မင်ရဲ့အကြောင်းကို ထပ်မံပြောလာတာကို နားထောင်ချင်နေခဲ့ပေမဲ့ ဝမ်မင်ရဲ့လက်ရာတွေကိုတောင် မိတ်ဆက်မပြပေးခဲ့တော့ဘဲ နောက်ထပ်သတင်းကို စတင်ထုတ်လွှင့်ခဲ့လေတယ်။

“ဒါဆို ဘာဆုလဲ၊ ဂုဏ်ပြုလက်မှတ် ပေးမှာလား”

ကျန်းကျန်း အလွန်စိတ်လှုပ်ရှားနေတာကိုမြင်တော့ မဒမ်လီတစ်ယောက် မသိချင်ဘဲ မနေနိာင်တော့ဘူး။

“ဒါက ဂုဏ်ပြုလက်မှတ်တစ်ခုထက်ပိုတယ်”

ကျန်းကျန်း ပြုံးလိုက်ပြီး မဒမ်လီရဲ့လည်ပင်းကို ပွေ့ဖက်လိုက်တယ်။

“ဒါက အရမ်းကို အရေးကြီးတဲ့ ဂုဏ်ပြုမှုတစ်ခုပဲ! မစ္စတာ ဝမ်မင်ရဲ့ စာပေလက်ရာတွေကို အသိအမှတ်ပြုတဲ့အရာလိုမျိုးပဲ၊ ရွှေတံဆိပ်နဲ့ ချက်လက်မှတ်တွေအပြင် ဂုဏ်ပြုလက်မှတ်တွေလည်း ရလိမ့်တယ်”

“ချက်လက်မှတ်က ဘာလဲ”

ဒါကို တွေးကြည့်တော့ မဒမ်လီက ဒီလိုအရာမျိုးကို တစ်ခါမှ မကြားဖူးကြောင်း သိလိုက်တယ်။

“အဲဒါနှင့် ဘာလုပ်လို့ရတာလဲ”

ကျန်းကျန်းက ချက်ချင်း ရယ်မောလိုက်မိတယ်။

“ချက်လက်မှတ်ဆိုတာက ငွေထုတ်ယူလို့ရတဲ့ စာရင်းစာအုပ်နဲ့ ဆင်တူတယ်၊ ငွေထုတ်တဲ့ဘဏ်ကို ချက်လက်မှတ် ပေးလိုက်ရင် ငွေထုတ်ဘဏ်က အဲဒီချက်လက်မှတ်မှာပါတဲ့ ငွေပမာဏအတိုင်း ပေးလိမ့်မယ်”

ကျန်းကျန်းက ပိုက်ဆံအကြောင်းကို ပြောနေတာကို မြင်တော့ မဒမ်လီက မျက်လုံးတွေကွေးတဲ့အထိ ရယ်မောလာတယ်။ ထို့နောက် လျှင်မြန်သွာမေးလာပြန်တယ်။

“အဲဒီထဲမှာ ပိုက်ဆံတွေ ထုတ်လို့ရတာလား၊ ယွမ်တစ်ရာလောက်ရှိလား”

မဒမ်လီမှာ ဝှက်ထားတဲ့ ပိုက်ဆံက ယွမ် ၁၀၀ ကျော်ပေမယ့် သူမက အလွန်အမင်း များလွန်းတယ်လို့ ထင်နေတုန်းပဲ။

ဒီဘက်ခေတ်ကြီးမှာ ဂုဏ်ထူးဘွဲ့ထူးရတဲ့သူတွေကို အများအားဖြင့် အိုးတစ်လုံး၊ အပူပေးခွက် ဒါမှမဟုတ် ပိုက်ဆံနည်းနည်းလောက်သာ ပေးလေ့ရှိပြီး တကယ်နည်းလွန်းတယ်။

ကျန်းကျန်း မဒမ်လီရဲ့လည်ပင်းကို သိုင်းဖက်ကာ ပျော်ရွှင်စွာပြုံးပြီးပြောလိုက်တယ်။

“နောက်ဘက်မှာ သုညနည်းနည်းလောက် ထပ်ထည့်ရမယ်”

မဒမ်လီ နားမလည်တာကိုမြင်တော့ သူမ ပြတ်ပြတ်သားသားဆက်ပြောလိုက်တယ်။

“သိန်းချီပြီးရလိမ့်မယ်”

“ထောင်...တစ်သောင်း...”

မဒမ်လီက ဒီလောက်ထိ နားမလည်နိုင်ဘူး။

“တစ်ရာယွမ် ဘယ်နှစ်ခါလောက်ရမှာလဲ?”

ကျန်းကျန်းက ယခုနှစ် စာပေနိုဗယ်ဆုအတွက် ဆုကြေးငွေကို အကြမ်းဖျင်း ခန့်မှန်းခဲ့ပြီး တွက်ချက်ဖြေဆိုလိုက်တယ်။

“100 ယွမ် အကြိမ်ရေ သုံး၊လေးထောင်လောက်ရမယ်

မဒမ်လီတစ်ယောက် အလွန်ထိတ်လန့်သွားတာကြောင့် တံတွေးကို မျိုမချရဲတော့ဘူး။

ကျန်းကျန်း ပြုံးပြီး ခန်ပေါ်က ဆင်းကာ အင်္ကျီအထူ ဝတ်ပြီး ပြေးထွက်ဖို့ လုပ်ခဲ့တယ်။

မဒမ်လီက ဦးထုပ်နဲ့ လက်အိတ်ကို အမြန်လှမ်း ပေးရင်းမေးလိုက်တယ်။

“မင်း ဘယ်သွားမလို့လဲ”

ကျန်းကျန်းက ဦးထုပ်ကိုယူပြီး ခေါင်းပေါ်တင်လိုက်ကာ ပြေးထွက်ရင်းအော်ပြောခဲ့တယ်။

“သတင်းစာသွားဝယ်မလို့၊ သမီး ဆယ်အုပ်လောက်ဝယ်ချင်တယ်”

All Chapters