အခန်း (၁၆၆)
Vol. 17 Ch. 166
နောက်နေ့မနက်စောစောမှာတော့ ကျန်းကျန်းက မဒမ်လီပေးတဲ့ ပိုက်ဆံနဲ့ လက်မှတ်တွေကို ယူသွားပြီး ရိတုန်ဆီကို သွားခဲ့ပြီး အချိန်စောသေးတာကြောင့် တောင်ပေါ်ကိုတက်သွားဖို့လုပ်ခဲ့တယ်။
သူမရဲ့ ချွေးတွေနစ်နေပြီး အလျှင်လိုနေတဲ့ပုံကို မြင်လိုက်ရတော့ လီမင်ရှီက သူမကို အလျင်အမြန်ဆွဲခေါ်ကာ ရေဗူးကို လှမ်းပေးခဲ့တယ်။
“မင်း ဒီလောက် အလျှင်လိုနေတာ ဘယ်နေရာတွေကိုသွားမလို့လဲ”
“ တောင်ပေါ်တက်ပြီး တောရိုင်းတိရိစ္ဆာန်လေးနည်းနည်းလောက် ဖမ်းမလို့”
ကျန်းကျန်းက အိမ်ထဲသို့ဝင်သွားပြီး လောက်လေးခွတစ်ချောင်းကို ထုတ်ယူလိုက်တယ်။ ဒါကို ခိုင်ခံ့တဲ့ မဟော်ဂနီသစ်သားနှင့် ပြုလုပ်ထားတာပဲ။
“အမဲလိုက်ဖို့အတွက် တောင်ပေါ်ကိုတက်မှာလား”
ရှဲယန်နန်က ကျန်းကျန်းဆီကို စိတ်ဝင်တစား ကြည့်လာတယ်။
“ ငါ့ရဲ့ဇာတိက လွင်ပြင်ဒေသမှာ ရှိတာဆိုတော့ ငါတောင်ပေါ်ကိုတစ်ခါမှ မတက်ဖူးသေးဘူး ၊ မင်း ငါ့ကို လိုက်ကြည့်ဖို့အတွက် ခေါ်သွားလို့ရမလား ၊ ငါ မင်ရှီဆီကနေ သူအရင်တုန်းက တောဝက်တစ်ကောင်ကို သေအောင်ရိုက်သတ်ဖူးတယ်လို့ ကြားထားတယ်”
ကျန်းကျန်း ရယ်မောလိုက်မိကာ လီမင်ရှီရဲ့ ရှက်ရွံ့တဲ့အမူအရာကိုကြည့်ရင်း ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်တယ်။
“အမှန်ပဲ၊ တောဝက်က ညီမရဲ့ဒုတိယအစ်ကိုဆီကို ပြေးဝင်လာတာလေ၊ အဲဒါကို ညီမရဲ့အစ်ကိုက တောဝက်ရဲ့ခေါင်းကို ကွဲကြေသွားအောင် ရိုက်လိုက်တော့တာပဲ!
အဲဒီအချိန်တုန်းက ညီမတို့အားလုံး အံ့ဩသင့်သွားပြီး လူတွေက သူ့ကို နေ့တိုင်း ချီးမွမ်းနေကြတာလေ၊ ဒါပေမယ့် ညီမရဲ့အစ်ကိုက နှိမ့်ချတဲ့လူဆိုတော့ တခြားလူတွေ သူ့ကို ချီးမွမ်းတာကို မလိုချင်တာနှင့် အခန်းထဲကတောင် မထွက်ဘဲ နေခဲ့တာ!”
လီမင်ရှီကတော့ သူ့ရဲ့ မျက်နှာပေါ်မှာ အနက်ရောင်မျဉ်းတစ်ကြောင်းရှိနေလောက်ပြီလို့ တွေးနေခဲ့တယ်။
အဲဒီအချိန်တုန်းက အဖြစ်အပျက်ကို ပြန်တွေးလိုက်တိုင်း သူ့ရဲ့ခြေထောက်တွေ အားနည်းသွားရတယ်။
ဒီအကြောင်းတွေကို ကြားလိုက်တာက သူ့ကို ပြန်သတိရဖို့ တွန်းအားပေးနေသလိုမျိုးပဲ။
သူ့ရဲ့ သတ္တိရှိကြောင်းတွေကို သူ့ရဲ့ရည်းစားရှေ့မှာ ကြွားဝါပြသဖို့အတွက်သာ မဟုတ်ဘူးဆိုရင် ဒီအဖြစ်အပျက်ကို လုံးဝပြောမှာ မဟုတ်ဘူး။
သူ့ရဲ့ဘောင်းဘီကို ဆီးသွားမိလိုက်တာက သူရဲကောင်းဆန်တဲ့ လုပ်ရပ်မဟုတာဘူးလေ!
ကျန်းကျန်းက ဒါကိုအတည်ပြုတာကိုမြင်တော့ ရှဲယန်နန်က လီမင်ရှီဆီကို သဘောကျလေးစားတဲ့တဲ့အကြည့်နဲ့ ကြည့်လာခဲ့တယ်။
“ဒါဆို ရှင် ဒီနေ့ တောဝက်တစ်ကောင်သယ်ပြီး ပြန်လာသင့်တယ်၊ ကျွန်မ တောဝက်သား မစားရသေးဘူး”
လီမင်ရှီရဲ့ ခြေထောက်တွေက ပျော့ခွေသွားခဲ့ပေမဲ့လည်း ကံကောင်းထောက်မစွာနှင့် ပြုတ်ကျခြင်းကို ရှောင်ရှားရန် အချိန်မီ ထိန်းထားနိုင်ခဲ့တယ်။
စစ်သားအဖြစ် နှစ်အတော်ကြာကြာအောင် တာဝန်ထမ်းဆောင်ခဲ့တာကိုမကြည့်နှင့်။
သူ့ရှေ့မှာ အစွယ်ကြီးတွေ တဝင့်ဝင့်နှင့် ပြေးလွှားနေတဲ့ တောဝက်တွေကို ပြန်တွေးကြည့်ရင်ကို တကယ် ကြောက်စရာကောင်းလွန်းတယ်။
ကျန်းကျန်း ပြုံးလိုက်ပြီး လီမင်ရှီရဲ့လက်မောင်းကို ပွေ့ဖက်လိုက်တယ်။
“ဒုတိယ အစ်ကို၊ ဒီတစ်ခါ မင်း အမဲလိုက်သေနတ် ယူလာခဲ့လေ၊ ညီမလေးမှာ လောက်လေးခွတစ်ချောင်းရှိတယ်၊ ပြီးရင် တောရိုင်းတိရိစ္ဆာန်တွေအများကြီးဖမ်းပြီး ပြန်လာရအောင်၊ မနက်ဖြန် အသားဟင်းများများစားကြတာပေါ့”
သူတို့ သုံးယောက် တောင်ပေါ်ကို သွားမယ်ဆိုတဲ့ စကားကိုကြားတော့ လီမင်နန်နှင့် လူငယ်နေရပ်ကနေပြန်လာတဲ့ လီမင်ပေတို့ကလည်း လိုက်ချင်ခဲ့ကြတယ်။
ကျန်းကျန်းက ရှဲယန်နန်တစ်ယောက် သူမရဲ့ လက်ထဲက လောက်လေးခွကို အလွန်စိတ်ဝင်စားနေတာကို တွေ့လိုက်ရတာကြောင့် သူမက အိမ်မှ ပုဆိန်တစ်ချောင်းကိုပါ ယူလာခဲ့တယ်။
“ တောင်ပေါ်ကိုရောက်ရင် အစ်မအတွက် လုပ်ပေးမယ် “
လူတစ်စုက အင်အားအပြည့်နှင့် ထွက်ခွာလာခဲ့ကြတယ်။ ကျန်းကျန်းကမထွက်ခွာခင်မှာ ဝမ်စုဖန်းကို ဘန်းကိတ်တစ်ထုပ်ကို တောင်းပြီး ခြင်းတောင်းထဲသို့ ထည့်ခိုင်းလိုက်တယ်။
“အမေ၊ ဒီနေ့ သမီးတို့အတွက်နေ့လည်စာ ပြင်စရာ မလိုဘူးနော်၊ သမီးတို တောင်ပေါ်မှာ ယုန်တွေ ကင်စားကြမလို့”
ရှဲယန်နန်က ကျန်းကျန်းရဲ့ယုံကြည်ချက်ရှိတဲ့ အသွင်အပြင်ကိုကြည့်ပြီး ခေါင်းကိုလှည့်ကာ လီမင်ရှီကို မေးလိုက်တယ်။
“ဒီတောင်က အမဲလိုက်လို့ကောင်းလား”
“သိပ်မကောင်းဘူး”
လီမင်ရှီက အထက်တန်းကျောင်းပြီးကတည်းက မြို့ပြင်ကိုထွက်ခဲ့ခဲ့တဲ့သူဖြစ်ပြီး အလယ်တန်းကျောင်းတက်တုန်းက အမဲလိုက်ခြင်းကိုသာ မှတ်မိနေခဲ့တယ်။
“ကိုယ့်ရဲ့ အဖေလို အတွေ့အကြုံရှိတဲ့ မုဆိုးတစ်ယောက်အတွက်တော့ ယုန်နဲ့ ရစ်ငှက်ကို အမဲလိုက်တာက ပြဿနာမဟုတ်ဘူး၊ သူက တောဝက်တွေကိုလည်း တခြားလူတွေနှင့် အတူတူ စုပေါင်းပြီး တိုက်နိုင်တယ်လေ၊ လူအများစုကတော့ ဘာမှမတတ်နိုင်ကြဘူး၊ ရစ်ငှက်မွေးလေးကိုတောင် မကိုင်နိုင်ခဲ့ကြဘူး”
လီမင်ပေက သူ့လက်ထဲက အမဲလိုက်ဓားကို ရမ်းကြည့်နေရင်းကနေ အပြုံးနှင့် လှမ်းပြောလာတယ်။
“ဒုတိယအစ်ကို၊ အစ်ကိုမသိဘူးပဲ၊ ကျွန်တော်တို့မိသားစုမှာ အတော်ဆုံးမုဆိုးက ကျွန်တော်တို့အဖေမဟုတ်ဘူး”
“ဒါဆိုဘယ်သူလဲ၊ မင်းလား!”
လီမင်ရှီက လီမင်ပေကိုကြည့်ပြီး ထိုကောင်လေးက သူ့ကိုယ်သူ ကြွားလုံးထုတ်တော့မယ်လို့ ထင်လိုက်မိပေမယ့် လီမင်ပေက ပြုံးပြီးပြောလာတယ်။
“ကျွန်တော် အဲဒီခေါင်းစဥ်ကို မခံယူရဲဘူး၊ ကျွန်တော်တို့ညီမကမှ ကျွန်တော်တို့မိသားစုထဲမှာ သြဇာအရှိဆုံးလူပဲ၊ သူက တောင်ပေါ်ကိုတက်သွားတဲ့အချိန်တိုင်း လက်ဗလာနဲ့ တစ်ခါမှ ပြန်မလာခဲ့ဘူး၊
အရင်တုန်းကတော့ ကျွန်တော်က ကိုယ့်ကိုယ်ကို မုဆိုးကောင်းတစ်ယောက်လို့ တကယ်ထင်ခဲ့သေးတာ၊ ဒါပေမယ့် ပညာတတ်လူငယ်နေရပ်မှာတုန်းက ဒီလောက်ကြာတာတောင် ယုန်တစ်ကောင်ကိုပဲ ဖမ်းမိခဲ့တယ် ဒါတောင် လူတွေအများကြီးဝိုင်းကြီး ဖမ်းခဲ့ကြရတာ”
လီမင်ရှီက သူမရဲ့ရင်ဘတ်ကော့ပြီး ဂုဏ်ယူဝံ့ကြွားနေခဲ့တဲ့ ကျန်းကျန်းကို ကြည့်ပြီး မယုံနိုင်ဖြစ်နေခဲ့တယ်။
“မင်းရဲ့ စတုတ္ထအစ်ကိုက မင်းအတွက် ကြွားလုံးထုတ်ပေးနေတာပဲ၊ မင်း သူ့ရှေ့မှာ ဘယ်တစ်ခုကို ဖမ်းနိုင်ခဲ့တာလဲ၊ တိုက်ဆိုင်သွားတာ မဟုတာဘူးလား”
ကျန်းကျန်းက သူ့ကို မျက်လုံးလှန်ပြလိုက်ပြီး သူမသယ်လာတဲ့ ကျောင်းလွယ်အိတ်ထဲက ကျောက်ခဲလေးတစ်ခဲကို ဖြည်းညှင်းစွာ ထုတ်ယူကာ လောက်လေးခွမှာ တပ်ဆင်ပြီးသာမန်ကာလျှံကာအနေအထားနှင့် ဆွဲလွှတ်လိုက်တယ်။
လီမင်ရှီက ရယ်မောလိုက်လိုက်ပြီး:
“မင်းရဲ့ကိုယ်နေဟန်ထားကတော့ ဟုတ်မလိုပဲ၊ ဒါပေမယ့် မင်းမှာ ပစ်မှတ်ရှိရမယ်လေ၊ မဟုတ်ရင် မရနိုင်....”
“ဘန်း!”
ငှက်တစ်ကောင်က မီတာနှစ်ဆယ်အကွာအဝေးမှာရှိနေတဲ့ သစ်ပင်တစ်ပင်မှ ပြုတ်ကျလာခဲ့ကာ နောက်ထပ်ငှက်လေးတွေကလည်း အထိတ်တလန့်နှင့် ပျံသန်းသွားခဲ့ကြတယ်။
လီမင်ရှီက ခြေလှမ်းအနည်းငယ် နှင့်ပြေးသွားလိုက်ပြီး မြေပြင်မှ ငှက်လေးကို ကောက်ယူလိုက်တယ်။ ငှက်ရဲ့ဦးခေါင်းကို အပေါက်တစ်ခုဖြင့် ထိုးဖောက်ခံထားရတာကို သူမြင်ခဲ့ရပြီး သက်သေအဖြစ် ကျောက်တုံးစလေးတွေလည်း ဘေးနားမှာရှိနေခဲ့လေတယ်။
သူ ကျန်းကျန်းကိုကြည့်လာတဲ့ မျက်နှာမှာ အလွန်အမင်း အံ့သြသင့်နေတဲ့ဟန်ပန်မျိုးရှိပြီး သဘောကျလေ့စားမှုအပြည့်ရှိနှင့် ပြောလာတယ်။
“အကြီးဆုံးညီမလေး၊ မင်းရဲ့ လက်တွေက တကယ်ကြီး ဖြောင့်တန်းလွန်းတာပဲ၊ မင်းသာ စစ်တပ်ထဲကိုဝင်မယ်ဆိုရင် သေချာပေါက်လက်ဖြောင့်သေနတ်သမားဖြစ်လာလိမ့်မယ်”
ကျန်းကျန်းက လက်နှစ်ဖက်ကို နောက်ဘက်မှာ ယှက်ထားရင်းနှင့် မေးစေ့ကိုပင့်မြှောက်ပြီး လီမင်ရှီကို ဂုဏ်မောက်စွာပြောလိုက်တယ်။
“ အခု အံသြနေပြီလား၊ အစ်ကို ညီမကို အနာဂတ်မှာ လျှော့တွက်ရဲသေးလား”
“ငါ မင်းကို လျှော့မတွက်ရဲတော့ဘူး”
လီမင်ရှီက ပြုံးလိုက်ပြီး လီမင်ပေ သယ်လာတဲ့ တောင်းထဲကို ငှက်ကို လှမ်းထည့်လိုက်တယ်။
“မင်းရဲ့ ဒုတိယအစ်ကိုက အိမ်မှာမနေတာ နှစ်အတော်ကြာနေပြီမို့လို့ပဲ မဟုတ်ဘူးလား၊ ငါတို့မိသားစုရဲ့ ကျန်းကျန်းက အရမ်းစွမ်းအားကြီးလာမှန်းကို အစ်ကိုမသိလိုက်ဘူး၊ ဒုတိယအစ်ကိုက မင်းကို တောင်းပန်တဲ့အနေနဲ့ နေ့လယ်ကျရင် ငှက်နဲ့ ယုန်ကိုကင်ပေးမယ်”
ဒီအချိန်ကျမှ ကျန်းကျန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။
“ဒုတိယအစ်ကို ဒီလိုပြောမှတော့ လက်ခံလိုက်မယ်၊ ဒါပေမယ့် ကင်တဲ့အချိန် အရသာမကောင်းရင် ပျော်မှာမဟုတ်ဘူးနော်”
လီမင်ရှီက ရယ်မောရင်းနှင့် ကျန်းကျန်းရဲ ခေါင်းကို ပွတ်ပေးလိုက်တယ်။
“အကြီးဆုံးညီမလေး၊ မင်းက ပိုပိုပြီး ဆိုးသွမ်းလာတာပဲ”
လူအနည်းငယ်က ယုန်တွေနှင့် ရစ်ငှက်တွေ အထူထပ်ဆုံးနေရာသို့ နာရီဝက်ကြာအောင် လမ်းလျှောက်ခဲ့ကြတယ်။
တစ်နေရာကိုရောက်တော့ ကျန်းကျန်းက သူမရဲ့ ဖိနပ်ကို ချွတ်လိုက်ပြီး သစ်ပင်ရဲ့ ပင်စည်ကို ပွေ့ဖက်ကာ သစ်ပင်ပေါ်သို့ တက်သွားခဲ့တယ်။
ထို့နောက် သင့်လျော်တဲ့ သစ်ကိုင်းတစ်ကိုင်းကို ရွေးချယ်ကာ သူမရဲ့ခါးမှာထိုးထားတဲ့ ပုဆိန်ကို ဆွဲထုတ်လိုက်ပြီး သစ်ပင်ရဲ့ အကိုင်းအခက်တွေကို ခုတ်ထစ်လိုက်တယ်။
လီမင်နန်ရဲ့ မျက်ခွံတွေက လှုပ်ခတ်သွားရပြီး ကျန်းကျန်း သစ်ပင်ပေါ်မှ ပြုတ်ကျမှာကိုစိုးရိမ်နေခဲ့တယ်။
“မင်းရဲ့ ဒုတိယ၊ တတိယနှင့် စတုတ္ထအစ်ကိုတွေ အားလုံးက ဒီမှာ ရှိနေတာကို ငါတို့ကို မလုပ်ခိုင်းဘဲ မင်းက ဘာလုပ်နေတာလဲ၊ သစ်ပင်ပေါ်ကိုတက်ပြီး အကိုင်းအခက်တွေကိုတောင် ခုတ်နေသေးတယ်”
ကျန်းကျန်းက ပုဆိန်ကိုကိုင်ပြီး ရှက်ရွံ့စွာ ရယ်မောလိုက်တယ်။
“ညီမလေး အကျင့်ပါသွားလို့”
လီမင်ပေက ရှေ့ကို တိုးလာပြီး ကျန်းကျန်းရဲ့ လက်ထဲမှ ပုဆိန်ကို ဆွဲယူလိုက်တယ်။
“မင်း ဒီသစ်ကိုင်းကို ဘာအတွက် လိုချင်တာလဲ”
ကျန်းကျန်းက သူမရဲ့အိတ်ထဲမှ လောက်လေးခွကို ထုတ်ပြလိုက်တယ်။
“ဒုတိယယောက်မအတွက် လောက်လေးခွလုပ်ပေးချင်လို့လေ”
လီမင်ပေက ပြုံးလိုက်ပြီး ပုဆိန်ကို လီမင်ရှီဆီသို့ လှမ်းပေးခဲ့တယ်။
“ဒါဆို အဲဒါကို ဒုတိယအစ်ကို ကိုယ်တိုင်လုပ်ရမှာပေါ့၊ ငါတို့က ဒီမျိုးကို မသိတတ်ဘဲ ဝင်ပါနေလို့ မရဘူးလေ”
လီမင်ရှီက ဒါတွေကို ငယ်ငယ်လေးကတည်းက မကြာခဏလုပ်ခဲ့တဲ့အတွက် လမ်းလျှောက်ရင်းနှင့်ပဲ အလွယ်တကူပြုလုပ်ခဲ့တယ်။
သူတို့တွေ တောင်ပေါ်တလျှောက် လမ်းလျှောက်လာကြရင်းနှင့် လမ်းတလျှောက်မှာ တွေ့ခဲ့ရတဲ့ ငှက်တွေနှင့် တောကောင်တွေကို ပစ်ခတ်ခဲ့ကြတယ်။
လီမင်ရှီက အမဲလိုက်သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ကျန်းကျန်းကတော့ လောက်လေးခွတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ပြိုင်ပွဲမှာ ဘယ်သူအများဆုံးရလဲဆိုတာမရှိဘဲ ရလဒ်က တူညီနေခဲ့လေတယ်။
သူတို့တွေက ယုန်ကင်စားချင်နေခဲ့ကြတာကြောင့် ကျန်းကျန်းက သူတို့ကို တောကောင်တွေကို သန့်ရှင်းရေးလုပ်ရန်အတွက် အတော်လေး အဆင်ပြေတဲ့ သန့်ရှင်းတဲ့ တောင်ကျချောင်း နေရာဆီသို့ ဦးဆောင်ခေါ်သွားပေးခဲ့တယ်။