အခန်း (၁၆၇)
Vol. 17 Ch. 167
မောင်နှမတစ်စုက စမ်းချောင်းဘေးနားကိုရောက်ပြီးနောက် လီမင်ရှီ၊ လီမင်နန်နှင့် လီမင်တုန်တို့က ရရှိခဲ့တဲ့ သားကောင်တွေကို ဆေးကြောသန့်ရှင်းဖို့ ပြုလုပ်ခဲ့ကြပြီး ကျန်းကျန်းက အနီးဝန်းကျင်ကို လှည့်ပတ်နေရင်း ခဏအကြာမှာ ပျောက်ကွယ်သွားခဲ့လေတယ်။
လီမင်ရှီက ဘေးနားမှာ ထင်းလိုက်ကောက်ပြီး ပြန်လှည့်ကြည့်လိုက်ချိန်မှာ ကျန်းကျန်း မရှိတော့တာကို တွေ့လိုက်ရတဲ့အတွက် စိတ်ပူသွားခဲ့ရပြီး သူမကို အမြန်လိုက်ရှာဖို့ လုပ်ခဲ့တယ်။
လီမင်နန်က အကင်ချောင်းကိုလှန်လိုက်ပြီး အစ်ကိုဖြစ်သူကို လှမ်းပြောလိုက်တယ်။
“ဒုတိယအစ်ကို၊ ကျန်းကျန်းက ဆောင်းရာသီရော နွေရာသီရော တောင်ပေါ်မှာပဲ နေတာ၊ သူမကို စိတ်ပူစရာမလိုဘူး၊ ယုန်ကင်ပြီးသွားတဲ့အချိန်လောက်ကျရင် ပြန်လာလိမ့်မယ်”
လီမင်ပေကလည်း သဘောတူစွာနှင့်ခေါင်းညိတ်ပြီး ကိုရီးယားထင်းရှူးကိုင်းတစ်ခုနှင့် ရစ်ငှက်ကို ထိုးလိုက်ကာ မီးဖိုပေါ်မှာတင်လိုက်တယ်။
“ဒုတိယအစ်ကို၊ ဒီထင်းရှူးတောရဲ့ တောဘုရင်က ဘယ်သူလဲဆိုတာ သိလား”
လီမင်ရှီက မဖြေနိုင်သေးခင်မှာ လီမင်ပေ ဆက်ပြောလိုက်တယ်။
“အဲဒါက ကျန်းကျန်း ၊ ကျားတွေကတောင် သူမလောက် အစွမ်းမထက်ဘူး”
လီမင်ရှီ ရယ်မောပြီး ကြိမ်းမောင်းလိုက်တယ်။
“မင်းရဲ့ညီမအကြောင်းကို ဘယ်လို ပြောနိုင်တာလဲ၊ ကျားက သူမလောက်တောင် အစွမ်းမထက်ဘူးဆိုရင် ကျားက ကျားဖြစ်နိုင်ပါဦးမလား”
သူ၏စကားသံအဆုံးသတ်သွားသည်နဲ့ ကျားဟိန်းဟောက်တဲ့အသံကိုကြားလိုက်ရပြီး လီမင်ရှီတစ်ယောက် ချက်ချင်းပဲ ဖျော့တော့သွားရကာ ရှဲယန်နန်ကို အလျှင်အမြန် ကာကွယ်ပိတ်ဆို့လိုက်တယ်။
“သေစမ်း! ဒီတောင်ပေါ်မှာ တကယ်ကြီး ကျားတွေ ရှိနေပြီလား၊ မင်ပေ သေနတ်ကို အမြန်ကောက်ယူလိုက်၊ အတူတူ နောက်ပြန်ဆုတ်မယ်၊ ကျန်းကျန်းကိုလည်း အမြန်ရှာကြစို့”
လူအနည်းငယ်က နောက်ဘက်ကို ပြန်ဆုတ်သွားချိန်မှာ၊ အရောင်အသွေးစုံကာ လှပသည့် ကျားကြီးတစ်ကောင်က အမြင့်ကနေ ရုတ်တရက်ခုန်ဆင်းလာခဲ့ပြီး လူတိုင်းက မလှုပ်ရဲတော့ဘူး။
လီမင်နန်က တင်းမာတောင့်တင်းစွာနှင့် ပြောလာတယ်။
“ငါတို့တွေ တောထဲကိုတောင် သိပ်မနက်သေးဘူးလေ၊ ဘယ်လိုလုပ်ပြီး ကျားနှင့် လာတွေ့နိုင်ရတာလဲ၊ မင်ပေ မင်းရဲ့ဒုတိယအစ်ကိုကို သေနတ်အမြန်ပေးလိုက်၊ သူ ချိန်ရွယ်ပြီးပစ်ပါစေ”
“ခဏစောင့်ဦး၊ သူ့ကို မထိနဲ့”
လီမင်ပေ တံတွေးကို မြိုချလိုက်ပြီး မတွေ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ ၊ သူ့ရဲ့အိပ်မက်ဆိုးတွေထဲက တစ်ခုဖြစ်တဲ့ ကျားကြီးကိုကြည့်ပြီး အတင်း ဖြစ်ညှစ်ပြီး ပြုံးလိုက်တယ်။
“တာ့... တာ့ဟွမ် မင်း ငါ့ကို မှတ်မိသေးလား? ... ငါက ကျန်းကျန်းရဲ့ အစ်ကိုလေ... ငါ ကျန်းကျန်းနှင့်အတူ မင်းကိုတောင်စီးပြီး ပတ်သွားခဲ့သေးတယ်လေ၊ မှတ်မိသေးလား”
လီမင်ရှီနှင့် လီမင်နန်တို့က တစ်ချိန်တည်းမှာ လီမင်ပေဆီကို အရူးတစ်ယောက်လို ပြန်ကြည့်လာကြပြီး သူတို့ရဲ့ အမူအရာတွေထဲမှာ ဒီစကားလုံးကို ချရေးထားလုနီးပါးပဲ။
‘မင်း ရူးသွားပြီလား’
ဒီအချိန်မှာ လီမင်ပေကတော့ လီမင်ရှီနှင့် လီမင်နန်တို့နှင့် စကားရည်လုနေဖို့အတွက် အချိန်မရှိဘူး။ တာ့ဟွမ်ရဲ့ သမ်းဝေနေတဲ့ အမူအရာကို မြင်ရတော့ သူ တစ်နည်းနည်းအားဖြင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့တယ်။
သူ့ရဲ့ပုံစံက သူတို့ကို သားကောင်အဖြစ် သတ်မှတ်ထားဟန်မရှိဘူး။
“တာ့ဟွမ်၊ မင်း ကျန်းကျန်းကို ရှာနေတာလား
လီမင်ရှီရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ကျားကိုသတိတကြီးစိုက်ကြည့်ရင်းနှင့် လီမင်ပေရဲ့ လက်ထဲမှ သေနတ်ကိုဆွဲယူလိုက်တယ်။
“မင်းရူးနေပြီလား၊ မင်းက ကျားကိုတားဖို့ ကျန်းကျန်းကိုလွှတ်ချင်နေတာလား?”
လီမင်ပေက လီမင်ရှီရဲ့သေနတ်နှင့် ပစ်ခတ်မှုကြောင့် ကျားကို နှိုးဆွမိသွားမှာကို စိုးရိမ်တဲ့အတွက် သေနတ်ကို အမြန်ပြန်ယူလိုက်တယ်။
“အစ်ကို၊ မပစ်နဲ့ဦး၊ ဒီကျားကို ကျန်းကျန်းက မွေးမြူထားတာ”
လီမင်ရှီ ရုတ်တရက် ဒေါသဖြစ်သွားရတယ်။
“အဓိပ္ပါယ်မရှိတာ... ဘယ်သူက ကျားကို .... မွေးမြူမှာလဲ...”
“တာ့ဟွမ်၊ ငါ နင့်ကို တောင်ပေါ်ကဆင်းလာဖို့ ပြောခဲ့လို့လား”
လီမင်ရှီရဲ့ စကားမဆုံးခင်မှာဘဲ ရင်းနှီးတဲ့အသံတစ်ခုကို ကြားရပြီး ကျန်းကျန်းက ပျားလပို့တစ်ကိုကိုင်ပြီးထွက်လာခဲ့ကာ ထို ပျားလပို့ကို လီမင်ပေဆီသို့ ပစ်ပေးလိုက်တာကို တွေ့လိုက်ရတယ် ။
“ရစ်ငှက်တွေကို ပြန်ကြည့်လိုက်ဦး၊ ညီမကို မီးတူးနေတဲ့ဟာတွေတော့ လာမကျွေးနှင့်နော်၊ ပျားအုံတစ်ခုတွေ့လို့ ယူလာခဲ့တယ်၊ ရစ်ငှက်တွေ၊ ယုန်တွေပေါ်မှာ ပျားရည်နည်းနည်းသုတ်လိုက်ရင် စားလို့ပိုကောင်းတယ်”
လီမင်ရှီတစ်ယောက် ကျန်းကျန်းက သူ့ရဲ့အနားကို ဖြတ်သွားခဲ့တာကို တွေ့မြင်လိုက်ပြီး သူ့ရဲ့ညီမဖြစ်သူက ကျားရဲ့ နောက်ကျောပေါ်သို့ ပေါ့ပေါ့ပါးပါးတက်ထိုင်လိုက်ကာ ကျားခေါင်းကို ပွတ်သပ်နေတာကို ကြည့်နေခဲ့ရလေတယ်။
“ လူများနေတဲ့နေရာကို လာခွင့်မရှိဘူးလို့ ငါ နင့်ကိုပြောထားတယ်မဟုတ်ဘူးလား၊ နင် ဘာလို့ တောင်ပေါ်ကနေ ဆင်းလာရတာလဲ”
တာ့ဟွမ်က မှားယွင်းခံနေရသလိုမျိုး ဝမ်းနည်းစွာအော်လာခဲ့ကာ သူ့အနေနဲ့ သူမကိုမတွေ့တာကြာလှပြီဖြစ်ကြောင်း ညည်းညူနေပုံရတယ်။
ကျန်းကျန်းဆီမှာ သူမရဲ့ သဘာဝလွန်စွမ်းအားတွေကြောင့် တိရိစ္ဆာန်များကို သက်တောင့်သက်သာဖြစ်စေတဲ့ အရှိန်အဝါမျိုးရှိနေပြီး တာ့ဟွမ်က သူ့ရဲ့ အမွှေးတွေ ချောမွေ့စေရန်အတွက် ကျန်းကျန်းကို သူ့ရဲ့ နောက်ကျောပေါ်မှာထိုင်ခိုင်းလေ့ရှိတယ်။
ဒါပေမယ့် ဒီအတောအတွင်းမှာ ကျန်းကျန်းတစ်ယောက် အလွန် အလုပ်များလွန်းနေခဲ့တယ်။ သူမက တောင်ပေါ်ကိုတက်ရင်တောင် တောစပ်နားမှာ ရစ်ငှက်လေးတွေကို ဖမ်းပြီးတာနှင့် ပြန်ထွက်သွားတတ်ကာ တောင်ပေါ်မှာ ဆယ်မိနစ်လောက်တောင် မနေတော့ဘူး။
ဒါကြောင့် တာ့ဟွမ် ကျန်းကျန်းကို မတွေ့ရတာ တစ်နှစ်နီးပါးရှိနေခဲ့ပြီ။ ဒီနေ့မှာတော့ ကျန်းကျန်းဆီကနေ ထွက်ပေါ်လာတဲ့ သက်တောင့်သက်သာရှိတဲ့ အရိပ်အယောင်တွေက သူ့အနားကို နီးကပ်လာနေပြီဆိုတာကို တာ့ဟွမ် သိရှုခံစားနိုင်ခဲ့တာကြောင့် ကျန်းကျန်းက သူ့ကို အရင်ခေါ်လာမှာကို ဂရုမစိုက်တော့ဘဲ သူမကိုရှာဖို့အတွက် တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်။
လူတစ်ယောက်နှင့် ကျားတစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်လွန်းတဲ့ အသွင်သဏ္ဌာန်ကိုမြင်တော့ လီမင်ရှီက သူ့ခေါင်းကိုလှည့်ကာ လီမင်ပေကို စိုက်ကြည့်လိုက်တယ်။
“ မင်း ဘယ်လိုလုပ်ပြီး ကျန်းကျန်းကို တောင်ပေါ်မှာ ကျားမွေးဖို့အတွက် ဦးဆောင်ရဲခဲ့တာလဲ!”
လီမင်ပေတစ်ယောက် အလွန်နစ်နာစွာ ခံစားလိုက်ရပြီး သူ့ရဲ့ဒုတိယအစ်ကိုကို ဒူးထောက်လုနီးပါးဖြစ်သွားရတယ်။
“ဒုတိယအစ်ကို သေသေချာချာကြည့်ပါဦး၊ တာ့ဟွမ်က ကျွန်တော်နှင့် ပိုပြီး ရင်းနီးသလိုမျိုး မြင်နေရလို့လား၊ တာ့ဟွမ်ကို ကျန်းကျန်း ငယ်ငယ်တုန်းက ကယ်တင်ပေးထားခဲ့တာ၊ ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး၊ ကျွန်တော်က သူ့ကိုမြင်တာတောင် ကြောက်လွန်းလို့ ဆီးသွားလုမတတ်ဖြစ်နေပြီ”
လီမင်ရှီရဲ့ မည်းမှောင်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ လီမင်ပေလည်း အသားကင်နေတဲ့နေရာဆီသို့ တိတ်တဆိတ် ဆုတ်သွားခဲ့လေတယ်။
“အာ၊ ကျွန်တော် ရစ်ငှက်ကို သေသေချာချာကင်ရဦးမယ်၊ တော်ကြာ တူးသွားရင် ကျန်းကျန်းက မပျော်မရွှင်ဖြစ်နေတော့မှာ”
လီမင်ရှီက လီမင်ပေကို လျစ်လျူရှုပြီး ကျန်းကျန်းရှိနေတဲ့နေရာဆီသို့ ခြေလှမ်းနှစ်လှမ်းလောက်လှမ်းရန် ကြိုးစားခဲ့တယ်။
တာ့ဟွမ်က ချက်ချင်း ခေါင်းလှည့်လာခဲ့ပြီး လီမင်ရှီကို ကြည့်ကာ ခြိမ်းခြောက်လိုတဲ့ အော်သံကို ထုတ်လွှင့်လာခဲ့တယ်။
“ဖြောင်း!”
ကျန်းကျန်းက လက်ကို မြှောက်လိုက်ပြီး တာ့ဟွမ်ရဲ့ ခေါင်းကို ရိုက်ချလိုက်တယ်။
“ဒါက ဘာလုပ်ချင်တာလဲ? လီမင်ကျုံးက နင်နဲ့အတူကစားဖို့အတွက် တောင်ပေါ်ကို မတက်ချင်တော့တာ အံ့သြစရာမဟုတ်တော့ဘူး၊ နင်က ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်နေတာကို၊
နောက်ဆုံးတစ်ခေါက်တုန်းကလည်း နင်နှင့် တွေ့လိုက်ရလို့ ငါ့အစ်ကိုက သေလောက်အောင်ကြောက်သွားပြီး အိမ်ပြန်ရောက်ပြီး နှစ်ရက်လောက် တုန်နေခဲ့တာ”
တာ့ဟွမ်က နစ်နာသလိုခံစားရစွာနှင့် မြေပြင်ပေါ်မှာ လှဲအိပ်လိုက်ပြီး ခေါင်းကို ခြေဖဝါးကြီးတွေနှင့် အုပ်ထားလေတယ်။
ကျန်းကျန်းက သူ့ရဲ့ ခေါင်းကို အားပြင်းပြင်းနှင့်ပွတ်သပ်လိုက်ပြီး ကျားရဲ့နောက်ကျောကနေ ထရပ်လိုက်တယ်။
“ကြည့်ထားလိုက်၊ သူတို့အားလုံးက ငါ့ရဲ့မိသားစုဝင်တွေပဲ၊ အနာဂတ်မှာ သူတို့ကို ကြောက်လန့်အောင် မခြောက်လှန်နဲ့”
တာ့ဟွမ်က ချက်ချင်းပဲ ခေါင်းကိုလှည့်ကာ ကျန်းကျန်းရဲ့လက်ကို ပွတ်သပ်လာခဲ့ပြီး တုံ့ဆိုင်းနေတဲ့အကြည့်နှင့် ကြည့်လာလေတယ်။ ကျန်းကျန်းက မရယ်နိုင်ဘဲ မနေနိုင်တော့ဘူး။
“နင်က ကျားကြီးတစ်ကောင်နော်၊ အကျင့်ပျက်နေတဲ့ ကလေးလိုမျိုး ဘာလို့လုပ်နေရတာလဲ၊ မြန်မြန်ပြန်သွားလိုက်တော့၊ ငါတို့ ဒီမှာ ခဏလောက်နေဦးမယ်၊ ငါတို့ တောကောင်တွေလည်း နည်းနည်းလောက် ထပ်ရှာဦးမှာ”
တာ့ဟွမ်က ကျန်းကျန်းဆီကို နှစ်ကြိမ်လောက် ပွတ်တိုက်ပြီး တောနက်တဲ့တောင်တန်းတွေဆီကို ပြေးဝင်သွားခဲ့တယ်။
ကျန်းကျန်း တောင်ပေါ်စမ်းချောင်းဘေးနားမှာ ငုတ်တုတ်ထိုင်လိုက်ပြီး သူမရဲ့ လက်ကိုဆေးကြောလိုက်တယ်။
လက်ရှိမှာ မီးဖိုဘေးနားမှာထိုင်ပြီး ကြက်ကင်နှင့် ယုန်ကင်တွေကို ပျားရည်ကို တည်တည်ငြိမ်ငြိမ် သုတ်လိမ်းလျှက်ရှိတဲ့ လီမင်ပေကလွဲရင် ကျန်ရှိနေတဲ့လူတွေက အာရုံပြန်မလည်လာနိုင်သေးကြောင်းကို တွေ့ရှိလိုက်ရတယ်။
ရှဲယန်နန်က ကျားမရှိတော့တာကို မြင်တော့ လီမင်ရှီရဲ့ နောက်ကျောဘက်ကနေ ခေါင်းထုတ်လာခဲ့ပြီး ကျန်းကျန်းဆီကို လေးစားအားကျတဲ့အကြည့်တွေနှင့် ကြည့်လာခဲ့လေတယ်။
“ကျန်းကျန်း၊ မင်းက ကျားကိုတောင် ယဉ်ပါးသွားအောင် လုပ်နိုင်တယ်၊ အံ့သြစရာပဲ”
“ဘာကိုယဉ်ပါးအောင် လုပ်ရမှာလဲ”
ကျန်းကျန်းက ပြုံးပြီး သူမရဲ့ကျစ်ဆံမြီးကို ကိုင်ကာ အရှေ့ကို ပို့လိုက်တယ်။
“ သူက ညီမ ငယ်ငယ်လေးကတည်းက သိနေလို့ရင်းနီးနေတာပါ၊ ညီမရဲ့မျက်လုံးထဲမှာ တာ့ဟွမ်က လီမင်ကျုံးနှင့် မကွာဘူး”
လီမင်ရှီတစ်ယောက် မြေပြင်ပေါ်ရှိ ကျားကြီးရဲ့ခြေရာတွေကို ကြည့်လိုက်ပြီး၊ ညီမဖြစ်သူရဲ့ မျက်နှာပေါ်ရှိ တုံးအအနှင့် သတ္တိရှိလွန်းတဲ့ အပြုံးကို ကြည့်ပြီး ရုတ်တရက် ခေါင်းကို ခါရမ်းလိုက်မိတယ်။
“ဘယ်လောက်တောင် တုံးအပြီး သတ္တိကောင်းလွန်းနေတဲ့ အရူးမလေးလဲ”
လီမင်နန်ကတော့ သူ့ရဲ့ ညီမကျန်းကျန်းကို သဘောကျနေခဲ့ပြီး လက်မထောင်ပြလာတယ်။
“မင်ပေ ပြောတာမှန်တယ်၊ မင်းက တောဘုရင်ပဲ”
ဘာပဲဖြစ်ဖြစ် ကျားနဲ့တွေ့ပြီးတဲ့နောက်မှာ ကျားက သူတို့ညီမလေးရဲ့လက်အောက်မှာ ကြောင်လေးတစ်ကောင်လို ပြုမူတာကိုပဲ ကြည့်လေ။
နောက်ထပ်အမဲလိုက်မှုတွေမှာတော့ သားကောင်တစ်ကောင်မှ မလွတ်ခဲ့ဘူး။
လီမင်ရှီအတွက် စိတ်ပျက်စရာအကောင်းဆုံးကတော့ သူ့အနေနဲ့ သူ့ရဲ့ညီမဖြစ်သူကို အမဲလိုက်ခြင်းမှာ ရှုံးနိမ့်ရခြင်းမဟုတ်ဘဲ ကျန်းကျန်းက ကျားနှင့် သူငယ်ချင်းဖြစ်နေကြောင်း သိလိုက်ရချိန်မှာ သူ့ရဲ့ဇနီးလောင်းလေး ရှဲယန်နန်ရဲ့ ကျန်းကျန်းကို ကြည့်တဲ့အကြည့်တွေက အလွန်အမင်း တောက်ပလွန်းနေတာကို မြင်တွေ့နေရတာပဲ။
အပြန်လမ်းတလျှောက်မှာ ရှဲယန်နန်က ကျန်းကျန်းရဲ့လက်ကို ဆုပ်ကိုင်ထားခဲ့ပြီး ကျန်းကျန်းက ဘာတွေပဲပြောလာပါစေ ရှဲယန်နန်က သဘောကျစွာ ခေါင်းညိတ်လိမ့်မယ်။
“ကျန်းကျန်း မင်းက အရမ်းတော်တာပဲ”
“ကျန်းကျန်း၊ မင်းက တကယ်ကို အံ့သြစရာပဲ”
ကျန်းကျန်းသာ ယောက်ျားလေးတစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ မနက်ဖြန်မှာ သူမကို လက်ထပ်နိုင်တော့မှာ မဟုတ်ဘူးလို့တောင် လီမင်ရှီ ခံစားမိနေခဲ့တယ်။