အခန်း (၁၇၂)
Vol. 18 Ch. 172
လီမူဝမ်းက မဒမ်လီပြောခဲ့တဲ့ ကိစ္စကို အလွန်အာရုံစိုက်ခဲ့ပြီး တော်ဝင်မြို့တော်သို့ ပြန်ရောက်တာနှင့် ထိုကိစ္စကို လက်အောက်ငယ်သားဆီကို လွှဲပြောင်းပေးခဲ့တယ်။ ဒါကြောင့် ရက်အနည်းငယ်အကြာမှာ ထိုလက်အောက်ငယ်သားက နေရာတချို့ကိုကြည့်ရှုပြီး ပြန်ရောက်လာခဲ့တယ်။
ထိုသူက မကြာခင်မှာ လာ့မားဘုရားကျောင်းအနီးမှာ မြေနေရာတွေ အနည်းငယ်ရှိပြီး ထိုနေရာတွေကို ကြီးမားတဲ့ ခြံဝင်းတွေအဖြစ်ပြောင်းလဲခဲ့ကြောင်းကို ပြောခဲ့တယ်။
အခုချိန်မှာ ပြန်လည်သိမ်းယူလိုက်ပြီဖြစ်ပေမဲ့ အနည်းငယ် ပျက်စီးနေပြီး နေထိုင်ဖို့အတွက်တော့ ပြန်လည်ပြင်ဆင်ဖို့လိုအပ်ပြီး အချိန်အနည်းငယ်လောက် ကြာမြင့်လိမ့်မယ်။
လီမူဝမ်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိတယ်။
သူ့အနေနဲ့ သူ့ရဲ့တူမက ခြံဝင်းအကျယ်နှင့် အိမ်ကို ဝယ်ယူလိုတယ်ဆိုတာက နေထိုင်ရန်သက်သက်မဟုတ်ဘူး ခံစားမိတယ်။ ဒါပေမယ့် မဒမ်လီကလည်း အကောင်းဆုံးနေရာကို ဝယ်သင့်တယ် အလေးပေးပြောခဲ့ပြန်တယ်။
လီမူဝမ်း: “ဘယ်နေရာရှိသေးလဲ?”
“ ဟုန်ယန်ရဲ့ အနောက်ဘက်မှာလည်း ကောင်းကောင်းထိန်းသိမ်းထားတဲ့ အိမ်တွေ အများကြီးရှိတယ်၊ နေရာတော်တော်များများကို စစ်သေနာပတိလီ၊ ဗိုလ်ချုပ်ကြီးကျန်း နဲ့ ဗိုလ်ချုပ်လီတို့လည်း ဝယ်ထားသေးတယ်၊
အခု အိမ်ခုနှစ်လုံး၊ ရှစ်လုံးပဲ ကျန်တော့တယ်၊ အရှေ့ဘက်အကျယ်အဝန်းနဲ့ နောက်ဘက်မှာလည်း ခြံအကျယ်ရှိတယ်၊ စတုရန်းမီတာ 3,000 ကျော်ရှိတဲ့ အိမ်ကတော့ အကောင်းဆုံးဘဲ၊
ဒါပေမယ့် ပိုက်ဆံကလည်း အများကြီး တောင်းနိုင်တယ်၊ ဒါကြောင့်လည်း ဘယ်သူကမှ ဂရုမစိုက်တာနှင့် ကျန်နေတာပါ”
လီမူဝမ်းရဲ့ မျက်လုံးတွေက သူရဲ့လက်အောက်ငယ်သား သယ်ဆောင်ထားတဲ့ ပိုက်ဆံအပြည့်ထည့်ထားသော လွယ်အိတ်ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။
“ပိုက်ဆံက လုံလောက်ပါ့မလား”
လက်အောက်ငယ်သားက ချက်ချင်းပြန်ဖြေတယ်။
“လုံလောက်ပါတယ်၊ ဒါပေမယ့် ပြန်စဉ်းစားကြည့်ဦးမလား စစ်ဦးစီးချုပ်၊ ဒါက အရမ်းဈေးကြီးတယ်”
လီမူဝမ်း အသက်ပြင်းပြင်းရှူပြီး ကုလားထိုင်ပေါ်ကနေ ထရပ်လိုက်တယ်။
“ခြံက ဘယ်လိုပုံစံလဲဆိုတာ အရင်သွားကြည့်မယ်”
လက်အောက်ငယ်သားက ချက်ချင်း သက်ပြင်းချလိုက်မိတယ်။ သူ့အနေနဲ့ ဒီတာဝန်ကို အမှန်တကယ်မယူရဲဘူး။ အဆုံးမှာ သုံးဆယ်နှစ်တီးလေးတဲ့ ရွှေချောင်းနှင့် လဲလှယ်ထားတဲ့ ပိုက်ဆံက အနည်းငယ်လောက် ပမာဏမဟုတ်ဘူး။ အကြီးအကဲက မကြည့်ဘဲ သူ မဆုံးဖြတ်ရဲဘူးလေ။
သူတို့နှစ်ယောက် ဟုန်ယန်သို့ ကားအသေးတစ်စီးနှင့် မောင်းနှင်လာခဲ့ကြပြီး ဝင်းအိမ်တစ်ခုရဲ့အဝင်ဝမှာ ကားကို ရပ်လိုက်ကြတယ်။
ဒီနေရာက တစ်ချိန်က ချင်မင်းဆက်ရှိ ခရိုင်ဘုရင်တစ်ဦးရဲ့ နေအိမ်ဖြစ်ခဲ့တယ်။ ခြံဝင်းအတွင်းမှာ စုစုပေါင်း ဝင်ပေါက် လေးခုရှိတယ်။
အစောင့်နှစ်ယောက်က အရှေ့ကို လျှောက်လာပြီး တံခါးကို တွန်းဖွင့်ကာ အရိပ်နံရံကို ကျော်ဖြတ်ပြီးနောက် အပေါ်မိုးထားတဲ့ ပန်းတံခါးကို ဖြတ်လျှောက်သွားရပြန်တယ်။
လီမူဝမ်း ခရိုင်နန်းတော်ရဲ့ အဓိကအခန်းဖြစ်တဲ့ ဒုတိယဝင်းထဲသို့ လျှောက်သွားခဲ့တယ်။ သူက အနည်းငယ်မှိန်ဖျော့နေပြီဖြစ်တဲ့ တံခါးကို တွန်းဖွင့်ပြီးနောက် အထဲသို့ဝင်ကာ လှည့်ပတ်ကြည့်လိုက်လေတယ်။
ပေါ်ဂူသစ်သားဘောင်နှင့် ထွင်းထုထားတဲ့ခုတင်က အထဲမှာရှိနေပြီးနေရာက ဖုန်မှုန့်တွေအများကြီးနှင့် ဖုံးလွှမ်းနေခဲ့ကာ ဒီနေရာမှာ လူမနေတာကြာပြီဖြစ်ကြောင်း ဖော်ပြနေခဲ့တယ်။
။
သူ အိမ်ကို အကြမ်းဖြင့်လှည့်ပတ်ကြည့်လိုက်တော့ နှစ်တွေကြာလာလို့ အဆောက်အအုံမှာ ဆေးတွေကွာနေတာကလွဲရင် အိမ်တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ဆိုနိုင်တယ်။
လီမူဝမ်း ဒီခြံဝမ်းကသာ အကြိုက်နှင့် မကိုက်ညီရင် ဒီထက်ပိုကောင်းတဲ့ ခြံဝင်းကို သူတကယ် ရှာမတွေ့နိုင်တော့ဘူးလို့တွေးမိတယ်။
သူ သူ့ရဲ့လက်အိတ်ပေါ်မှ ဖုန်မှုန့်တွေကို ခါထုတ်ပြီး အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်တယ်။
“မင်းဒီနေရာကို လုပ်ထုံးလုပ်နည်းအတိုင်း သွားလုပ်လိုက်တော့၊ ပိုင်ရှင်ကို ဒီနာမည်အတိုင်း လုပ်လာခဲ့”
လက်အောက်ငယ်သားက စာရွက်ကိုယူပြီး အပေါ်မှ စာလုံးကြီးသုံးလုံးကို တွေ့တော့ ဖတ်လိုက်မိတယ်။
“လီမင်ကျန်း!”
*
ဒီခြံဝင်းအိမ်တွေကို အစကတည်းက အဆင့်အတန်းမြင့်မားတဲ့ အတွင်းလူတွေဆီကိုပဲ ရောင်းချတာဖြစ်လို့ လီမူဝမ်းက ဝယ်ယူဖို့အတွက် အမြန်လျှောက်ထားနိုင်ခဲ့တယ်။
သူက ကျန်းကျန်းအတွက် ဝယ်ယူဖို့ ကူညီနိုင်ခဲ့ပေမဲ့လည်း အဓိကဇာတ်ဆောင်ကလေးမလေးကတော့ သူ့မွေးရပ်မြေမှ မလာသေးဘူး။ သူမအနေနဲ့ ဒီခြံဝင်းကိုဘယ်လိုမျိုး ရှင်းလင်းချင်မလဲဆိုတာကို မသိတဲ့အတွက်ကြောင့် သူကိုယ်တိုင် ဆုံးဖြတ်ချက်မချသေးဘဲ အထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေကိုပဲ သန့်ရှင်းရေးလုပ်ဖို့အတွက် ခိုင်းစေခဲ့တယ်။
ကျန်းကျန်းကတော့ လီမူဝမ်းမှ သူမအတွက်အိမ်ဝယ်ပေးထားတဲ့ကိစ္စကို သိလိုက်ရတာကြောင့် စိတ်သက်သာရာရသွားခဲ့ပြီး စာတွေကိုပဲ အာရုံစိုက်ခဲ့တယ်။
သူမရဲ့အရင်ဘဝမှာတုန်းက “ဒါက 1977ခုနှစ်တုန်းက ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းစာရွက်ပဲ၊ မင်းတို့တွေ ရမှတ်ဘယ်နှစ်မှတ်လောက် ရနိုင်မလဲဆိုတာကို ကြိုးစားကြည့်လိုက်ပါဦး” ဆိုတဲ့ခေါင်းစဉ်နှင့် ပို့စ်တစ်ခုကို အင်တာနက်ပေါ်မှာ တွေ့ရှိခဲ့ရတယ်။
ထိုအချိန်တုန်းက သူမလည်း တက္ကသိုလ်တက်နေတုန်းပဲဖြစ်တာကြောင့် သူမလည်း ထို trendနောက်ကိုလိုက်ပြီး လိုက်ပါဖြေဆိုခဲ့တယ်။
သူမအနေနဲ့ ထိုအချိန်တုန်းက မေးထားသမျှမေးခွန်းတွေကို အခုချိန်မှာ မမှတ်မိနိုင်တော့ပေမယ့် ဘယ်လိုမေးခွန်းမျိုးတွေရှိနေတာလဲဆိုတာကိုတော့ သူမဆီမှာ ထင်မြင်ချက်တွေရှိနေတုန်းပဲ။
ဇွန်လကိုရောက်တော့ ကျန်းကျန်းတစ်ယောက် အိမ်ထဲက အိမ်ပြင်ကို မထွက်တော့လုနီးပါး နေ့စဥ်နေ့တိုင်း မနက်မှ ညအထိ စာအုပ်တွေကိုသာ ဖတ်နေခဲ့တယ်။
ထိုအချိန်ကျမှသာ မဒမ်လီက လီမင်နန်တစ်ယောက် အိမ်ကိုရောက်လာတဲ့အချိန်တိုင်း စာတွေကိုပြန်သုံးသပ်ဖို့အကြောင်းတွေကို ပြောမနေဘူးဆိုတာကို သတိပြုမိလာခဲ့တယ်။
သူမ စိတ်ထဲမှာ အနည်းငယ် ညည်းတွားလိုက်မိပြီး အိမ်မှာဘယ်သူမှမရှိတဲ့နေ့မှာ ကျန်းကျန်းဆီကို သွားမေးခဲ့တယ်။
ကျန်းကျန်းတစ်ယောက် လီမင်နန်အနေနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို လက်လွှတ်လိုက်တာကို သတိရမိသွားတော့ စိတ်တွေဆင်းရဲသွားပြန်တယ်။
အဆုံးမှာတော့ နောက်ပိုင်းမျိုးဆက်တွေရဲ့ ရှုထောင့်ကနေကြည့်ရင် အလုပ်သမားတစ်ယောက်အဖြစ် တစ်ဘဝလုံးရှင်သန်သွားဖို့အတွက်က တကယ်ကို နည်းလမ်းကောင်းမဟုတ်ဘူး။
မင်းအနေနဲ့ ပြုပြင်ပြောင်းလဲမှုအစမှာ အလုပ်ကထွက်ပြီး စီးပွားရှာဖို့ ပွင့်လင်းတဲ့လမ်းတွေကို မလိုက်ဘူးဆိုရင် ကျန်ရှိနေတဲ့ ဘဝတစ်သက်လုံး အလုပ်သမားအဖြစ်ကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူး။ လစာကလည်း အငြိမ်းစားယူချိန်အထိ အိမ်ဝယ်ဖို့တောင် မတတ်နိုင်လောက်ဘူး။
ကျန်းကျန်း ဘောပင်ကိုချလိုက်ပြီး အဖွားဖြစ်သူဘက်ကို လှည့်ကြည့်လိုက်ရင်း သူမရဲ့မျက်ခုံးမွှေးတွေကို ပွတ်သပ်လိုက်တယ်။
“တတိယအစ်ကိုက သူ ကျောင်းဝင်ခွင့်ရပြီး ကျောင်းသွားတက်ပြီးရင် သူ့ရဲ့မိသားစုကို ပြုစုစောင့်ရှောက်ဖို့ ဘယ်သူမှမရှိနိုင်မှာကို စိတ်ပူနေတာ၊ နောက်ပြီး အဖွားကိုလည်း ဘယ်သူကမှ ဂရုမစိုက်နိုင်မှာကို ကြောက်နေခဲ့တာနှင့် သူ ကောလိပ်ဝင်ခွင့် စာမေးပွဲမဖြေဖို့ စဉ်းစားခဲ့တယ်”
“ဘာလဲ! သူ ဘာလို့ ဒီလောက်တောင်ကြီးကျယ်တဲ့ အကြံအစည်ကို ဆုပ်ကိုင်ထားရတာလဲ၊ မင်းတို့တွေ အိမ်မှာ မရှိရင် ငါက ကိုယ့်ဘာသာကိုယ် ဂရုမစိုက်နိုင်တော့ဘူးလား?! ဒါက အဓိကကိစ္စအတွက် နှောင့်နှေးစေတာပဲ!”
မဒမ်လီက ဒေါသတကြီးနှင့် သူမရဲ့ပေါင်ကို ရိုက်ချလိုက်တယ်။ ပြီးနောက် ကျန်းကျန်းဆီ ညှိုးငယ်တဲ့ မျက်နှာနှင့် ကြည့်ပြီး မေးလာတယ်။
“ကျန်းကျန်း၊ မင်းပြောကြည့်ပါဦး၊ မင်နန်က အခုချိန်ကျမှ စာလေ့လာမယ်ဆိုရင် မှီလောက်သေးလား”
1977 အတွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ ပြန်လည်စတင်ချိန်က ဆောင်းရာသီဖြစ်ပြီး ငါးလ၊ ခြောက်လလောက် ကျန်သေးတယ်။
ကျန်းကျန်း သူမရဲ့ ပြန်လည်သုံးသပ်ချက်တွေထဲမှာ အမျိုးအစားတူမေးခွန်းတွေကို စုစည်း ခွဲခြားထားပြီး၊ တရုတ်စာတွေမှာလည်း သူမရဲ့ အရင်ဘဝ မှတ်ဥာဏ်တွေထဲမှ အလွတ်ကျက်မှတ်ထားသင့်တဲ့ အဓိကအချက်များနှင့် ဆောင်းပါးတွေကို ကူးယူပေးထားခဲ့တယ်။
လီမင်နန်ရဲ့ အခြေခံလေ့လာနိုင်စွမ်းများအရ ထိုမျှလောက် လအနည်းငယ်ခန့် ပြန်လည်သုံးသပ်ဖတ်ရှုမယ်ဆိုရင် ကြီးမားတဲ့ပြဿနာမဟုတ်ဘူး။
ဒါကို စဉ်းစားရင်း ကျန်းကျန်း ခေါင်းညိတ်ပြလိုက်တယ်။
“သမီးရဲ့အစ်ကိုက အခြေခံကောင်းတွေရှိတယ်၊ လအနည်းငယ်လောက် ကြိုးကြိုးစားစား စာကျက်မယ်ဆိုရင် တက္ကသိုလ်တက်နိုင်မှာ သေချာတယ် “
“ဒါဆို လုံလောက်ပြီ”
မဒမ်လီက သူမရဲ့ပေါင်ကို ရိုက်ချလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။
“ညနေဘက် သူ ဖက်ထုပ်ကို လာကြိုတဲ့အချိန် ငါ ဒီအကြောင်းကို ပြောလိုက်မယ်၊ သူတို့ အဆင်မပြေသေးရင် ပေါင်မုန့်နှင့်ဖက်ထုပ်ကို ငါတို့အိမ်မှာ ညဘက် ထားခိုင်းလိုက်ပြီး မင်းအမေနဲ့ ငါတို့ ကြည့်ပေးလိုက်မယ်၊ ဒါဆို သူတို့ ဇနီးမောင်နှံနှစ်ယောက် အိမ်စာတွေ လုပ်လို့ရတာပေါ့”
ဒီလိုနှင့် ထိုနေ့ညနေမှာ လီမင်နန် အလုပ်ဆင်းချိန်ရောက်တာနှင့် သူတို့ ဖက်ထုပ်ကို လာခေါ်မှာကိုမစောင့်တော့ဘဲ မဒမ်လီနှင့် ဝမ်စုဖန်းတို့က ဖက်ထုပ်ကိုခေါ်ပြီး လီမင်နန်ရဲ့အိမ်သို့ ပို့ဆောင်ပေးခဲ့ကြတယ်။ သူတို့ရောက်ရှိချိန်မှာ မုန်ရှောင်ရှီက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေခဲ့လေတယ်။
မဒမ်လီနှင့် ဝမ်စုဖန်းတို့ ရောက်လာတာကို မြင်တော့ သူမက ချက်ချင်း ပြုံးပြီး ထရပ်ကာ နှုတ်ဆက်လာတယ်။
“အဖွား၊ အမေ၊ ဒီကိုရောက်လာကြတာလား၊ မင်နန်က ပေါင်မုန့်ကို အဝတ်အစားလဲပေးဖို့ ကူညီပေးနေတာ၊ ခဏနေရင် ဖက်ထုပ်ကို လာခေါ်ဖို့လုပ်နေတာလေ၊ အမေတို့ ဖက်ထုပ်ကို ခေါ်လာပေးခဲ့တာလား”
ဝမ်စုဖန်းက ဖက်ထုပ်ရဲ့လက်ကို လွှတ်လိုက်ပြီး သူ့အစ်ကိုနဲ့ ဆော့ကစားဖို့ လွှတ်ပေးလိုက်တယ်။
ထို့နောက် မီးဖိုချောင်ထဲကိုဝင်သွားတော့ မီးဖိုချောင်ထဲမှာ လုပ်စရာရှိတာတွေကို ဝင်ကူဖို့လုပ်ခဲ့တယ်။
“ဖက်ထုပ်ကို လာပို့ပေးရုံအတွက်ပဲ မဟုတ်ဘူး၊ မင်းရဲ့အဖွားက မင်းနှင့် မင်နန်ကို တစ်ခုခုပြောစရာရှိလို့တဲ့”
မုန်ရှောင်ရှီက ဘယ်ကိစ္စလဲဆိုတာကို မသိတာကြောင့် အစားအသောက်ကို အလျင်အမြန် ပြင်ဆင်ချက်ပြုတ်ပြီး စားပွဲပေါ်ကိုခူးခပ်တင်လိုက်ကာ ပေါင်မုန့်နဲ့ ဖက်ထုပ်တို့ကို အရင်စားခိုင်းလိုက်တယ်။
မဒမ်လီနှင့် ဝမ်စုဖန်းကလည်း အရှေ့ဘက်ခန်းရှိ ခန်ပေါ်မှာ ထိုင်ရင်း စောင့်ဆိုင်းနေခဲ့ကြတယ်။ ခဏအကြာမှာတော့ လီမင်နန်နှင့် မုန်ရှောင်ရှီတို့ အထဲကို ဝင်လာခဲ့ကြတယ်။
မဒမ်လီက ခန်ပေါ်မှာထိုင်နေရင်း လီမင်နန်ကို တည့်တိုးမေးခဲ့တယ်။
“မင်းညီမက ပြောတယ်၊ မင်းတို့တွေတက္ကသိုလ်မတက်ချင်ဘူးဆို၊ ဘာကိစ္စရှိလို့လဲ”
မုန်ရှောင်ရှီက ထိုသတင်းကိုကြားပြီးနောက် လီမင်နန်ဆီကို အံ့သြစွာ ပြန်ကြည့်လိုက်လေတယ်။ သူမက ဒီသတင်းကို ပထမဆုံးကြားဖူးတဲ့ပုံပဲ။
လီမင်နန်လည်း ကူကယ်ရာမဲ့တဲ့မျက်နှာနှင့် ခန်အစွန်းနားမှာထိုင်လိုက်တယ်။
“အစ်ကိုကြီးကလည်း အန်းပေမှာနေတာလေ၊ မင်ရှီတို့ဇနီးမောင်နှံကလည်း သိပ္ပံသုတေသနလုပ်ဖို့အတွက် တော်ဝင်မြို့တော်မှာ ရောက်နေပြီ၊ အခု မင်ပေနှင့် ကျန်းကျန်းကလည်း တက္ကသိုလ်တက်ချင်ကြတယ်၊ ကျွန်တော်တို့တွေ အားလုံးသွားနေလို့မရဘူးလေ၊ အဖွားတို့ လူကြီးတွေပဲ အိမ်မှာကျန်ခဲ့ရင် အရေးအကြောင်းဆို ဒုက္ခဖြစ်နေလိမ့်မယ်”
“မင်းဘာတွေပြောနေတာလဲ? ငါတို့က အသက်အရမ်းကြီးနေလို့ လား”
မဒမ်လီက ဆေးတံကို ဒေါသတကြီး ခေါက်လိုက်တယ်။
“ငါတို့ ဒီနှစ်တောင် လယ်လုပ်ဖို့ တောင်ပေါ်တက်ခဲ့သေးတယ်”
ဝမ်စုဖန်းက အဘွားအိုရဲ့စကားတွေကို ကြားဖြတ်မပြောရဲဘဲ တိတ်တဆိတ် ခေါင်းငုံ့နေခဲ့တယ်။ တကယ်တော့ သူတို့တွေ တောင်ပေါ်သို့ လှမ်းတက်ခဲ့ပြီးနောက် ခါးကိုတောင် ကိုင်းညွတ်စရာမလိုဘဲ ပြန်လာခဲ့ကြတာလေ။
နှစ်တွေကြာလာတာနဲ့အမျှ ကျန်းကျန်းက အိမ်မှစိုက်ပျိုးခင်းတွေကို သူမရဲ့ သဘာဝလွန် စွမ်းအားတွေနှင့် စိုက်ပျိုးခဲ့ပြီး သူတို့တွေက စိုက်ပျိုးရေးကိုဘယ်လိုလုပ်ရတာလဲဆိုတာကိုတောင် မေ့သွားလုနီးပါးဖြစ်နေခဲ့ကြပြီ။