← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

လီမင်နန်က မဒမ်လီရဲ့စကားကိုကြားတော့ ကြောင်အသွားခဲ့ပြီးမှ ပြန်ပြောလာတယ်။

“ကျွန်တော့်ရဲ့မိသားစုကို လွှတ်မထားနိုင်ဘူးလေ၊ ကျွန်တော့်ရဲ့ကလေးနှစ်ယောက်ကိုလည်း ကြည့်ရဦးမယ်၊ ကျွန်တော်သာ ကျောင်းသွားတက်မယ်ဆိုရင် ရှောင်ရှီက တစ်ယောက်တည်းနှင့် ဒီမျောက်လောင်းလေးနှစ်ကောင်ကို မထိန်းနိုင်လောက်ဘူး”

မဒမ်လီက အနည်းငယ် စိတ်ရှုပ်နေသေးတဲ့ မုန်ရှောင်ရှီကို လှမ်းကြည့်လိုက်တယ်။

“ရှောင်ရှီက စာမေးပွဲ ဖြေမှာ မဟုတ်ဘူးလား”

“ဘာစာမေးပွဲလဲ”

မုန်ရှောင်ရှီက လီမင်နန်ကို ကြည့်လိုက်တယ်။

“မင်နန်က ဒါကို မပြောဖူးဘူး”

မဒမ်လီက လီမင်နန်ကို ဒေါသတကြီးကြည့်လိုက်ပြီး မြေပြင်ပေါ်သို့ ကန်ချလိုက်တယ်။ ထိို့နောက် မုန်ရှောင်ရှီကို သူမရဲ့ အနားမှာ ထိုင်ခိုင်းလိုက်လေတယ်။

“တရုတ်နှစ်သစ်ကူးတုန်းက မင်းတို့ရဲ့ အကြီးဆုံးဦးလေးက ဒီနှစ်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်စမယ်လို့ ခန့်မှန်းထားတယ်၊ ဒါကြောင့် ငါ မင်းတို့ကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့အအတွက် ပြန်လည်လေ့ကျင့်ခန်း စာတွေ လုပ်ခိုင်းချင်နေတာ၊ မင်းတို့လို လူငယ်တွေရဲ့အနာဂတ်ကို ငါတို့ လူအိုကြီးတွေအတွက်ကြောင့် မနှောင့်နှေးစေချင်ဘူး၊ ဒါကြောင့် မင်းတို့ကို တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေဖို့အတွက် လာပြောတာ”

မုန်ရှောင်ရှီက ခေါင်းငုံ့ပြီး တွေးတောကြည့်လိုက်ကာ သူမရဲ့မျက်နှာက တုံ့ဆိုင်းမှုတွေပြည့်နေခဲ့တယ်။

“ကျွန်မက အလယ်တန်းကျောင်းပြီးတဲ့အချိန်ကတည်းက ကျန်းမာရေးကျောင်းကိုတက်ခဲ့တာဆိုတော့ ဝင်ခွင့်စာမေးပွဲကို မဖြေနိုင်လောက်တော့ဘူးထင်တယ်၊ မင်နန်တစ်ယောက်တည်း စာမေးပွဲဖြေရင်လည်း အဆင်ပြေတာပဲ၊ ကျွန်မ အိမ်မှာ တစ်ယောက်တည်း အဆင်ပြေအောင်နေလို့ရပါတယ်၊ အစ်ကိုကြီး ကောလိပ်တက်တုန်းကလည်း အကြီးဆုံးယောက်မက အိမ်မှာရှိနေခဲ့တာပဲမဟုတ်ဘူးလား”

ဇနီးမောင်နှံနှစ်ယောက်လုံး စိတ်ပူနေသေးတာကိုမြင်တော့ မဒမ်လီက သူတို့ရဲ့ရှေ့ကိုသူမ ယူလာတဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို ချပေးလိုက်တယ်။

“ဒါက ကျန်းကျန်း မင်းတို့အတွက်စီစဉ်ပေးထားတဲ့ သင်ခန်းစာ စာအုပ်တွေပဲ၊ ဖတ်မလား မဖတ်ဘူးလားက မင်းတို့ကိုယ်တိုင်ပဲ စဥ်းစား ဆုံးဖြတ်ရမှာ၊ မင်းတို့ရဲ့ မိဘတွေအတွက် စိတ်ပူနေစရာ မလိုဘူး၊

ငါတို့က နောက်နှစ်နှစ်လောက်နေရင် ကျန်းကျန်းနှင့်အတူ အင်ပါယာမြို့တော်ကို သွားဖြစ်လောက်တာလည်း ဖြစ်နိုင်တယ်၊ အဲဒီအချိန်ကျရင် မင်းတို့မိသားစုလေးယောက်ပဲ ဒီမှာ ကျန်နေခဲ့တော့မှာ၊ ဒီအချိန်ကျမှ ကျေးဇူးပြုပြီး ငါတို့ကို ပြန်လာဖို့အတွက် စာနှင့်လှမ်းမခေါ်မိစေနဲ့”

မဒမ်လီက စကားပြောပြီးတာနှင့်ခန်ပေါ်မှဆင်းပြီး ဖိနပ်စီးကာ အိမ်ကိုပြန်ဖို့လုပ်ခဲ့တယ်။

လီမင်နန်နှင့် မုန်ရှောင်ရှီတို့က အလျှင်အမြန်တားဆီးလာတယ်။

“အဖွား၊အမေ၊ ဒီမှာ စားသွားလိုက်ပါလား၊ အကုန်ချက်ပြီးနေပြီ”

“မလိုဘူး၊ ငါတို့လည်း အိမ်မှာ ချက်ပြီးလို့ အဆင်သင့်ဖြစ်နေပြီ၊ ငါက မင်းတို့ရဲ့အနာဂတ်ကို နှောင့်နှေးစေမှာကြောက်လို့ မင်းနဲ့စကားပြောဖို့ သက်သက် လာခဲ့တာ၊ မင်းတို့ ကိုယ်တိုင် စဉ်းစားကြည့်လိုက်ကြ”

စကားပြောပြီးတာနှင့် မဒမ်လီက ဝမ်စုဖန်းကို ခေါ်ပြီး အလင်းအလျင်နှင့်အတူ ထွက်ခွာသွားတော့တယ်။ သို့ပေမယ့် သူတို့က အိမ်ကို ပြန်မသွားသေးဘူး။

“မင်ပေတို့နှစ်ယောက်ဆီကို သွားကြည့်ကြစို့”

အချိန်က ညအိပ်ရာဝင်ချိန်မရောက်သေးတာကြောင့် တံခါးတွေဖွင့်ထားခဲ့တဲ့အတွက် မဒမ်လီက အခန်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့ပြီး အခန်းထဲမှာ အိမ်စာလုပ်နေကြတဲ့ လီမင်ပေနှင့် ဝမ်ရှင်းဝမ့်ကို တွေ့လိုက်ရတယ်။

လီမင်ပေဆိုတာက စာပေသင်ယူရခြင်းကို သိပ်ပြီးနှစ်သက်လှတဲ့သူ မဟုတ်ဘူး။ ထိုအချိန်တုန်းက သူက အလယ်တန်းကျောင်းအထိလောက်သာ တက်ချင်ခဲ့တဲ့သူပဲ။

သို့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့နှလုံးသားထဲသို့ ဝင်ရောက်လာတဲ့ လျှို့ဝှက်အချစ်တစ်ခုကြောင့် အထက်တန်းတက်ရန် ရေအားလျှပ်စစ်စက်ရုံသို့ဝင်ရောက်ရန် ကြိုးစားခဲ့တယ်။

အခုဆိုရင် နေ့ခင်းဘက်အချိန်မှာ အလုပ်က ပင်ပန်းလွန်းတာကြောင့် ညဘက်အချိန်မှာ ခန်ပေါ်မှာ လှဲလျောင်းရုံကလွဲပြီး မလှုပ်ချင်တော့ဘူး။ သို့ပေမဲ့ ဝမ်ရှင်းဝမ့်ဆီမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ထားရှိတယ်။

သူမက ကိုယ်ဝန်သည်ဖြစ်နေတာတောင် မေးခွန်းတွေကို နေ့တိုင်း ပြန်လည်သုံးသပ်လေ့လာလေ့ရှိတယ်။

လီမင်ပေအနေနဲ့ သူ့ရဲ့ဇနီးသည်ဖြစ်သူက ကိုယ်ဝန်ရှိနေတုန်းမှာတောင် အလွန်အမင်း ကြိုးစားနေတာကို မြင်နေရချိန်မှာ ပျင်းရိနေဖို့အတွက် ရှက်ရွံ့နေခဲ့တယ်။

ဒါ့အပြင် အတူတူစာဖတ်တာက ကျောင်းအတူသွားရတာနဲ့ ခပ်ဆင်ဆင်တူညီနေခဲ့ပြီး သူတို့နှစ်ယောက်လုံးက ဒီလိုပျော်ရွှင်စရာအချိန်လေးတွေကို နှစ်သက်ခဲ့ကြတယ်။

သူတို့နှစ်ယောက် ကြိုးစားနေတာကိုမြင်တော့ မဒမ်လီက ဆက်ပြီး မထိုင်တော့ဘူး။ ဝမ်ရှင်းဝမ့်ကလည်း သူတို့ကြောင့် ခဏအတွင်းမှာ ဟိုလှည့်ဒီလှည့်လုပ်နေရတဲ့အတွက် ခါးနာလာမှာကို စိတ်ပူခဲ့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သြဂုတ်လကိုရောက်လာခဲ့ပြီ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်သတင်းက အခုချိန်ထိ မပြီးပြတ်နိုင်သေးဘူး။

လီမင်ပေရဲ့ စိတ်ကတော့ အနည်းငယ် ပြန့်ကျဲနေခဲ့တယ်။ ဝမ်ရှင်းဝမ့်က မွေးဖွားဖို့ရက် ဆယ်ရက်ခန့်သာ ဝေးတော့တာကို မြင်လိုက်ရချိန်မှာ သူ့အနေနဲ့ စာအုပ်ကိုတောင် ဆက်မကိုင်နိုင်တော့ဘူး။

ပေရှားရဲ့အကောင်းဆုံးဆေးရုံက ရေအားလျှပ်စစ် ဆေးရုံပဲ။ လီမင်ပေ နှင့် ဇနီးဖြစ်သူရဲ့ စိတ်မချနိုင်ဖြစ်နေတဲ့အကြည့်တွေကိုမြင်တော့ မဒမ်လီလည်း လက်ဆောင်ပစ္စည်းတွေယူပြီး ရေအားလျှပ်စစ်ဓာတ်ခွဲစက်ရုံသို့ သွားကာ လောင်ဝမ်တို့မိသားစုအိမ်ကို သွားကြည့်ခဲ့တယ်။ သူတို့သာ ဒီမှာနေနိုင်မယ်ဆိုရင် ဆေးရုံကို တိုက်ရိုက်သွားနိုင်တယ်လေ။

ဝမ်ရှင်းဝမ့်ရဲ့ မိဘတွေအတွက်လည်း မိန်းကလေးတစ်ဦးတည်းပဲရှိတဲ့အတွက် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတယ်။ သူတို့ရဲ့အိမ်က ကျဉ်းမြောင်းပေမဲ့ ဝမ်ရှင်းဝမ့်ရဲ့ မောင်လေးနှစ်ယောက်က မြောက်ဘက်မှအိမ်မှာနေထိုင်ကြတယ်။

ဝမ်ရှင်းဝမ့်က သူ့အမေရဲ့အိမ်မှာ တစ်ပတ်ကြာအောင်နေထိုင်ခဲ့ပြီးမှ နောက်တစ်ရက် နေ့တစ်ဝက်လောက်မှာပဲ ကိုယ်အလေးချိန် ခုနှစ်ပေါင်လောက်ရှိတဲ့ ဝဝကစ်ကစ်ကောင်လေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။

ဆေးရုံမှာ သုံးရက်လောက်နေပြီးနောက်မှာ လီမင်ပေက ဝမ်ရှင်းဝမ့်နှင့် ကလေးကို ဆေးရုံကနေ အိမ်ကိုတိုက်ရိုက်ခေါ်သွားဖို့ အိမ်နီးနားချင်းဆီကနေ လှည်းကြီးတစ်စီးကို ငှားခဲ့လေတယ်။

ဝမ်စုဖန်းကြက်စွပ်ပြုတ်လုပ်နေတာကို ကြည့်ရင်း မဒမာလီတစ်ယောက် မရေရွတ်ဘဲ မနေနိုင်တော့ဘူး။

“ငါတို့အိမ်မှာ ဘာလို့ အမွှေးတိုင်တွေက ဒီလောက်တောင်အနံ့ပြင်းနေရတာလဲ၊ ကွေ့ဟွားက သကြားဖက်ထုပ်ကိုမွေးလာတော့ ငါက ငါတို့အိမ်ရဲ့ ဖုန်းရွှယ်က ပြောင်းလဲသွားပြီလို့ ထင်ခဲ့တာ”

ဝမ်စုဖန်း ပြုံးလိုက်ပြီး မီးဖိုထဲကို ထင်းလက်တစ်ဆုပ်စာ ဖြည့်လိုက်တယ်။

“လူတိုင်းက သားလေးတွေ မွေးလာဖို့ မစောင့်နိုင်ဖြစ်နေတာကို အမေကတော့ သာမန်လူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာပဲ”

မဒမ်လီ ဆေးတံတစ်ဖွာသောက်လိုက်သည်။

“အဲဒါက သူတို့တွေ သမီးမွေးထားတာ ဘယ်လောက်ကောင်းလဲဆိုတာ မသိလို့လေ”

ကြက်စွပ်ပြုတ်ပြုတ်ပြီးသွားတဲ့နောက်မှာ ဝမ်စုဖန်းက ဘူးခွံတစ်ခုကို ထုတ်ယူလိုက်ကာ ကြက်စွပ်ပြုတ်ကို ဘူးထဲမှာဖြည့်ပြီး ဝမ်ရှင်းဝမ့်ဆီသို့ ယူသွားပေးလိုက်တယ်။

ဝမ်ရှင်းဝမ့်ရဲ့ သေးကွေးတဲ့ ခန္ဓာကိုယ်ကိုပဲ မကြည့်နှင့်။ သူမရဲ့ နို့နှင့် ရေတွေက အလွန်အထွက်ကောင်းပြီး ဝကစ်နေတဲ့ ကောင်လေးက ဗိုက်ပြည့်နေတဲ့အထိ သောက်နိုင်ပြီး ညဘက်ကို ကောင်းကောင်း အိပ်ပျော်နိုင်ခဲ့တယ်။

မဒမ်လီကတော့ သူမအနေနဲ့ ထိုကဲ့သို့ ကောင်းကောင်း ပြုစုပျိုးထောင်ပေးခံထားရတဲ့ ကလေးမျိုးကို တစ်ခါမှ မမြင်ဖူးကြောင်း၊ ဒီကလေးက ကျန်းကျန်းရဲ့ ကလေးဘဝကို အမီလိုက်နိုင်တော့မှာဖြစ်ကြောင်း ပြောခဲ့တယ်။

သားဖြစ်သူမှာ မိဘများကို ဒုက္ခမပေးတဲ့အတွက် ဝမ်ရှင်းဝမ့်လည်း အားလပ်ချိန်တွေ ရရှိနေခဲ့ပြီး လီမင်ပေကို မေးခွန်းတွေပြန်လုပ်ဖို့ ပြောခဲ့တယ်။

ဒါကြောင့် ဝမ်စုဖန်း သူတို့ရဲ့အိမ်ကို ရောက်သွားချိန်မှာ လီမင်ပေနှင့် ဝမ်ရှင်းဝမ့်တို့ရဲ့ စာရွက်ဖတ်သံတွေကို ကြားလိုက်ရတယ်။

သူမလည်း မီးဖိုချောင်သို့ အမြန်သွားကာ ဝမ်ရှင်းဝမ့်အတွက် ကြက်စွပ်ပြုတ်တစ်ပန်းကန် ပေးလိုက်တယ်။ စွပ်ပြုတ်က အလွန်မွှေးပြီး အထဲမှာ ကြက်ပေါင်ကြီးတွေလည်းပါရှိလေတယ်။

“ဝမ့်ဝမ့်၊ အရမ်းကြီး မကြိုးစားနဲ့၊ မီးနေခန်းထဲမှ် ရှိနေချိန်မှာ အရမ်းအပင်ပန်းခံနေလို့မရဘူး”

သူမက စွပ်ပြုတ်ကို ဝမ်ရှင်းဝမ့်ရဲ့ရှေ့မှာချပေးဖို့အတွက် လီမင်ပေကို စားပွဲလေး တင်ခိုင်းလိုက်တယ်။ ပြီးနောက် စွပ်ပြုတ်ကို စားပွဲပေါ်မှာ တင်လိုက်ပြီး သားဖြစ်သူဆီကို လှမ်းပြောလိုက်တယ်။

“မင်ပေ၊ မင်း အရှေ့ဘက်အိမ်မှာ မင်းရဲ့အဖွားနှင့်အတူ သွားစားလိုက်၊ မင်း မရှိတဲ့အချိန် ငါ ဝမ့်ဝမ့်နှင့် ကလေးကို ကြည့်ပေးထားလိုက်မယ်”

လီမင်ပေက ဝမ်ရှင်းဝမ့်အတွက် ရေတစ်ခွက်ကို လောင်းထည့်ပေးပြီး စားပွဲပေါ်မှာတင်လိုက်ကာ ခြေနှစ်လှမ်းပြီးမှ အနောက်ဘက်ကို ပြန်လှည့်ကာ အော်မေးလာတယ်။

“အမေ၊ ကျွန်တော့်သားလေးရဲ့ နာမည်ပြောင်က ဘာလဲ”

“မင်း ကြိုက်သလို ခေါ်လို့မရဘူးလား၊ မင်းကြိုက်တဲ့ နာမည်ကို ပေးလို့ရတယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းညီမရဲ့ နာမည်ပြောင်တွေ အကုန်လုံးက မင်းညီမ စားရတဲ့ကြိုက်တဲ့ အစားအသောက်တွေရဲ့ နာမည်တွေပဲ။ မင်းကြိုက်သလို ခေါ်လို့ရတယ်”

ဝမ်စုဖန်း မော့မကြည့်ဘဲ ပြန်ဖြေလိုက်တယ်။

လီမင်ပေ မျှော်တလင့်တကြီးနှင့် ဝမ်ရှင်းဝမ့်ကြည့်လိုက်သည်။

“ဇနီးလေး၊ မင်း ဘာစားချင်လဲ”

“ကြက်စွပ်ပြုတ်လို့ ခေါ်ရအောင်”

ဝမ်ရှင်းဝမ့် ကြက်စွပ်ပြုတ်တစ်လုပ်သောက်လိုက်တယ်။

“အမေရဲ့ ကြက်စွပ်ပြုတ်က တကယ်အရသာရှိတယ်”

ဝမ်စုဖန်းက ချက်ချင်းပဲ သူမရဲ့လက်မောင်းနှစ်ဖက်ကိုဖွင့်ပြီး ပြောလာတယ်။

“မင်းကြိုက်ရင် ပိုပြီးများများစား၊ အမေက မင်းအတွက် ကြက်စွပ်ပြုတ်အိုးကြီးတစ်အိုး ချက်ပေးထားတယ်၊ စွပ်ပြုတ်က အဆင်သင့်လုပ်ထားတာဆိုတော့ မလောက်မှာ စိတ်ပူစရာမလိုဘူး”

“ကြက်စွပ်ပြုတ်...”

လီမင်ပေ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ရေရွက်ပြီးနောက်မှာ လှည့်ပြီး ထွက်သွားခဲ့တယ်။

“ကြက်စွပ်ပြုတ်ဆိုတဲ့ နာမည်က အဆင်ပြေပါတယ်၊ ဒါပေမယ့် ငါတော့ အဲဒါကို မကြိုက်ဘူး၊ ငါ အကြိုက်ဆုံး အစားအစာက အသားကင်ပဲ”

ကြက်စွပ်ပြုတ် တစ်လပြည့်ပြီးတဲ့နောက်မှာပဲ စိတ်လှုပ်ရှားဖွယ်ရာသတင်းတွေက ရေဒီယိုကနေ ကြေညာလာခဲ့တယ်။

ဆယ်နှစ်ကြာအောင် ဆိုင်းငံ့ထားခဲ့တဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ပြီး နောက်တစ်လအကြာမှာ စာမေးပွဲကို ဖြေဆိုရလိမ့်မယ်။

ထိုသတင်းကိုကြားတော့ လီမိသားစုဟောင်းမှ တစ်မိသားစုလုံး ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ကြတော့တယ်။

All Chapters