← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

လီမင်နန်နှင့် မုန်ရှောင်ရှီတို့တွေက စာဖတ်ပြီး လေ့လာသုံးသပ်နေကြပေမဲ့လည်း စာမေးပွဲကို ဖြေရမလား၊ မဖြေရဘူးလားဆိုတာကို မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ရေဒီယိုမှအသံလွှင့်သံကို ကြားလိုက်ရတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးဆုံးဖြတ်ချက်ချခဲ့ကြတယ်။ အလုပ်ဖြစ်ဖြစ်မ၊ဖြစ်ဖြစ် သူတို့တွေ ကြိုးစားကြည့်ရမယ်။

သူတို့တွေက ဘဝရဲ့ သုံးပုံတစ်ပုံကိုကျော်လာခဲ့ပြီ။ ဒီလိုအချိန်မျိုးမှာတောင် သတ္တိမရှိဘူးဆိုရင် သူတို့ရဲ့ညီလေးနှင့် ညီမလေးတွေရဲ့နောက်မှာ ကျန်ရစ်နေခဲ့ရလိမ့်မယ်။

ဒါကြောင့် လီမင်နန်တို့ဇနီးမောင်နှံ၊ လီမင်ပေတို့ဇနီးမောင်နှံနှင့် ကျန်းကျန်းတို့အားလုံး လျှောက်လွှာတင်ခဲ့ကြပြီး ဝင်ခွင့်စာမေးပွဲလက်မှတ်ကို လက်ခံခဲ့ကြတယ်။

စာမေးပွဲအချိန်က နီးကပ်လာခဲ့ပြီး နောက်ဆုံးလကို ရောက်ရှိလာခဲ့ချိန်မှာ မဒမ်လီက မင်နန်တို့ရဲ့ ပေါင်မုန့်နှင့် ဖက်ထုပ်၊ လီမင်ပေရဲ့ ကြက်စွပ်ပြုတ်ကို သူမနှင့်အတူ ခေါ်ထားခဲ့ပြီး အရှေ့ဘက်အိမ်ကို ခေါ်ဆောင်ထားခဲ့တယ်။

လီမင်နန်၊ မုန်ရှောင်ရှီနှင့် လီမင်ပေတို့အားလုံး ခွင့်ရက်ယူခဲ့ကြပြီး နေ့ခင်းဘက်အချိန်တွေမှာ လူတိုင်းက လီမင်ပေရဲ့အိမ်မှာ စုစည်းခဲ့ကြတယ်။ ကျန်းကျန်းက သူတို့ကို မေးခွန်းတွေ အတူတူ ဖြေခိုင်းခဲ့ပြီး သူတို့ မှတ်မိနေတဲ့အထိ တက္ကသိုလ်ဝင်ခွင့် မေးခွန်းတွေကို ထပ်ခါထပ်ခါ လေ့ကျင့်ခိုင်းခဲ့တယ်။

နောက်ဆုံးတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတဲ့နေ့ကိုရောက်ရှိလာခဲ့ပြီ။ ဝမ်စုဖန်းက မနက်အစောကြီး အိပ်ရာထပြီး ကြက်စွပ်ပြုတ်လုပ်ခဲ့တယ်။ လီမင်ပေနှင့် တခြားတွေ အိပ်ယာကနိုးလာပြီး မျက်နှာသစ်တဲ့အချိန်မှာ ကြက်စွပ်ပြုတ်တစ်အိုးကို အလျှင်အမြန်ချက်ပြီခဲ့ပြီဖြစ်ကာ ကြက်သားတွေကိုလည်းအတုံးအတုံးထည့်ထားခဲ့ပြီး ကြက်ဥငါးလုံးကို ထည့်ပြုတ်ထားခဲ့တယ်။

လီမင်နန်ဦးဆောင်တဲ့ လူတစ်စုက ကြက်စွပ်ပြုတ် ပန်းကန်လုံးကြီးတစ်လုံးကို အားရအောင်သောက်ခဲ့ကြတယ်။

ကျန်းကျန်းက လူတိုင်းကို ဝင်ခွင့်ကတ်ပြားနဲ့ စာရေးကိရိယာဘူးကို စစ်ဆေးခိုင်းခဲ့ပြီး ပစ္စည်းတွေကို ထုပ်ပိုးပြီးနောက် စာမေးပွဲဖြေဖို့အတွက် ကျောင်းကို စက်ဘီးနဲ့ အတူစီးနင်းထွက်ခွာခဲ့ကြတယ်။

တက္ကသိုလ်ဝင်ခွင့် စတင်ပြန်လည်တဲ့ ပထမနှစ်မှာ ဘာသာရပ် လေးခုကိုပဲ ဖြေဆိုရလိမ့်မယ်။ ထိုဘာသာရပ်တွေကတော့ သင်္ချာ၊ တရုတ်နှင့် နိုင်ငံရေး အပြင် ဝိဇ္ဇာတွဲအတွက် သမိုင်းနှင့် ပထဝီဝင်(နှစ်ခုပေါင်း မေးခွန်းလွှာတစ်ခု)ကို ဖြေရမှာဖြစ်ပြီး သိပ္ပံတွဲအတွက် ရူပဗေဒနှင့် ဓာတုဗေဒ စာမေးပွဲတို့ကို ဖြေရလိမ့်မယ်။ ဘာသာရပ်တွေ အသီးသီးရဲ့ ရမှတ် အပြည့်က တစ်ရာဖြစ်ပြီး စုစုပေါင်းရမှတ်က(၄၀၀) ပဲ။

ဒါက နှစ်ပေါင်းများစွာကြာပြီးမှ စာမေးပွဲဖြေဆိုတဲ့ခုံမှာ ပထမဆုံးထိုင်ဖူးတာပဲ။ ဒီတော့ လီမင်နန်နှင့် လီမင်ပေတို့ရဲ့လက်တွေက တုန်တုန်ယင်ယင်ဖြစ်ရုံတင်မကဘဲ ကျန်းကျန်းတောင်မှ အနည်းငယ်စိတ်လှုပ်ရှားပြီး ကတုန်ကယင်ဖြစ်နေခဲ့တယ်။

သို့ပေမဲ့ အချိန်တစ်လကျော်လောက်ပဲ လေ့လာဖတ်ရှုခဲ့ရတဲ့ တခြားဖြေဆိုသူတွေနှင့် ယှဥ်ရင် လီမိသားစုမှ ကလေးတွေက မနှစ်က တရုတ်နှစ်သစ်ကူးကာလကတည်းက စတင်ပြီး ပြန်လည်လေ့လာဖတ်ရှုနေခဲ့ကြတယ်လေ။

ဖတ်စာအုပ်တွေ အားလုံးက စုတ်ပြဲ ညစ်ထေးသွားတာကိုမပြောနှင့်ဦး။ ကျန်းကျန်းက သူတို့အတွက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ မေးခွန်း ဆယ်စုံလုပ်ပေးခဲ့တယ်။

သူတို့တွေ မေးခွန်းစာရွက်တွေကိုရလိုက်တာနှင့် ကျန်းကျန်းပြောတဲ့စကားကို အမြန်ပြန်တွေးလိုက်မိကြတယ်။ မေးခွန်းတွေကို စတင်မဖြေဆိုခင် သူတို့ရဲ့နာမည်တွေနှင့် စာမေးပွဲနံပါတ်တွေကို ချရေးခဲ့ကြတယ်။

ပြီးနောက်မှာ မေးခွန်းတွေကို အကြမ်းဖျင်းဖတ်ရှုခဲ့ကြပြီး လီမင်နန်အပါအဝင် ရှိသမျှလူတိုင်း သက်ပြင်းချလိုက်မိကြတယ်။

ဒီမေးခွန်းတွေအားလုံးက ကျန်းကျန်း လေ့လာခိုင်းထားတဲ့အထဲမှာ ပါရှိတယ်။ ဒါကြောင့် ပြဿနာမရှိလောက်ဘူး။

ထိုအချိန်မှာ ကျန်းကျန်းကတော့ အဖြေတွေကို လေးလေးနက်နက် ချရေးနေခဲ့ပြီ။ တခြားလူတွေရဲ့အမြင်မှာ သင်္ချာပုစ္ဆာတချို့က ကောင်းကင်ဘုံရှိ သင်္ချာပုစ္ဆာတွေလောက် ခက်ခဲနေပေမဲ့ ကျန်းကျန်းရဲ့ မျက်လုံးတွေထဲမှာတော့ ဒါက အပေါင်း၊အနှုတ်၊ အမြှောက်၊အစား အဆင့်ထက် များစွာကွာခြားခြင်းမရှိဘူး။

လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ လူအများအပြားက သူတို့ရဲ့စွမ်းအင်တွေအားလုံးကို စိုက်ပျိုးရေးယာခင်းတွေမှာ ဒါမှမဟုတ် စက်ရုံတွေဆီမှာ အာရုံစိုက်ခဲ့ကြတယ်။

အခုချိန်မှာကျမှ ဖြေဆိုဖို့အတွက် ထွက်လာခဲ့တာကြောင့် သူတို့တွေ ပါဝင်ဖြေဆိုချင်တဲ့အချိန်မှာ အလွန်နောက်ကျသွားခဲ့ပြီ။

စာမေးပွဲခန်းအတွင်း စာရွက်ထက်မှာ ချရေးနေတဲ့ ဘောပင်သံတွေကိုသာ ကြားနေခဲ့ရပြီး ဝမ်စုဖန်းကဲ့သို့ ဝင်ခွင့်ဖြေဆိုမှုလျှောက်ထားသူတွေရဲ့မိဘတွေကတော့ အိမ်မှာ မငြိမ်မသက်နှင့် စောင့်ဆိုင်းနေခဲ့ကြတယ်။

လီမင်နန်နှင့် ကျန်းကျန်းတို့ ပြန်လာတဲ့အချိန်မှာလည်း သူတို့က နောက်ထပ်မေးခွန်းတွေ မမေးရဲခဲ့ကြဘူး။ ဝက်သားနှပ်၊ ထမင်းနှင့် ပဲစေ့ဆီကြော်ဟင်းတွေကို အမြန်ပြင်ဆင်ပေးခဲ့ပြီး နောက်တစ်ကြိမ် စာမေးပွဲဖြေဆိုဖို့အတွက် ခွန်အားတွေရှိစေရန် လုံလုံလောက်လောက်စားနိုင်အောင် လုပ်ပေးထားခဲ့တယ်။

နောက်ဆုံး စာမေးပွဲအဖြေလွှာစာရွက်ကို ပေးပြီးတဲ့နောက်မှာတော့ ကျန်းကျန်း စာမေးပွဲခန်းမှ ထွက်လာကာ သူမရဲ့ အစ်ကိုနှင့် ယောက်မတွေကို လိုက်ရှာကြည့်လိုက်တော့ စာမေးပွဲခန်းထဲမှ ဝမ်းသာအားရနှင့် အပြေးအလွှား ပြေးထွက်လာတဲ့ လီမင်ပေနှင့် သူနှင့်လက်ချင်း ချိတ်ဆွဲထားခဲ့ပြီး ပျော်ရွှင်စွာခုန်ပေါက်နေခဲ့တဲ့ ယောက်မဖြစ်သူ ဝမ်ရှင်းဝမ့်ကို တွေ့လိုက်ရလေတယ်။

ကျန်းကျန်း မရပ်မနား ခုန်ပေါက်လာတဲ့ နားထင်ကြောတွေကို ဖိလိုက်မိပြီး သူတို့ရဲ့အနားကို အလျင်စလို လျှောက်သွားခဲ့ကာ အစ်ကိုဖြစ်သူကို လှမ်းဆွဲပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်တယ်။

“ နှစ်နည်းနည်းလောက်ကြာအောင် တည်ငြိမ်သွားပြီးတော့ အခု ပြန်ပြီး မတည်မငြိမ်ဖြစ်သွားပြန်ပြီလား၊ တခြားသူတွေက အစ်ကိုတို့ စာမေးပွဲအောင်နိုင်မယ်ဆိုတာကို မသိဘဲနေမှာကို ကြောက်နေကြတာလား”

လီမင်ပေ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်ရှိ လူတွေရဲ့ မျက်လုံးတွေကို ကြည့်လိုက်ကာ ဝမ်ရှင်းဝမ့်ရဲ့ လက်ကို အလျင်အမြန် လွှတ်ပေးရင်း အသံတိုးတိုးနှင့် ပြောလာခဲ့တယ်။

“ငါ တော်ဝင်မြို့တော်တက္ကသိုလ်ကို တက်နိုင်မယ်ထင်တယ်”

ဝမ်ရှင်းဝမ့်ရဲ့မျက်နှာကလည်း မပြုံးမိအောင် မထိန်းနိုင်တော့ဘဲ ဝင်ပြောလာခဲ့တယ်။

“ငါလည်း အဲလိုထင်တယ်၊ အရင်တုန်းက ငါ ကျောင်းတက်တဲ့အချိန် ပြဋ္ဌာန်းစာအုပ်တွေမှာလည်း အကြောင်းအရာက သိပ်ပြီးမပါရှိဘူးလေ၊ နောက်ပြီး ဆရာမတွေကလည်း စာတွေကို ဒီလောက်ထိ အလေးအနက်ထားပြီး မသင်ခဲ့ဘူး၊

ငါ ကျောင်းပြီးသွားတော့လည်း ပညာတတ်လူငယ် နေရာဆီကို သုံးနှစ်လောက်သွားခဲ့ရတယ်၊ ဒါကြောင့် ကျောင်းမှာ သင်ထားခဲ့ရတဲ့စာတွေအားလုံးကို မေ့သွားခဲ့တာ၊ ကျန်းကျန်း မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဒီနေ့ဖြေရတဲ့ သင်္ချာမေးခွန်းကို မအောင်နိုင်လောက်ဘူး”

လီမင်ပေက ကျန်းကျန်းသင်ပေးခဲ့တဲ့ မေးခွန်းအမျိုးအစားတွေသာ ပါလာခဲ့တဲ့ သင်္ချာမေးခွန်းစာရွက်ပေါ်က မေးခွန်းတွေကို တွေးပြီး ကျန်းကျန်းရဲ့ပုခုံးကို ချက်ချင်းပုတ်လိုက်တယ်။ ထို့နောက် ကျန်းကျန်းဆီကို ဂုဏ်ယူစွာ ပြောလာခဲ့တယ်။

“တတိယအစ်ကိုက မင်းကို ကောင်းကောင်းပြုစုပေးမယ်၊ မင်း ဘာစားချင်လဲ၊ တတိယအစ်ကို မင်း အတွက် တောင်ပေါ်ကိုတက်ပြီး အမဲလိုက်ပေးမယ်”

ကျန်းကျန်း လီမင်ပေကိုကြည့်ပြီး ချိုသာစွာပြုံးလိုက်တယ်။

“ဒါဆို တောဝက်တစ်ကောင်လောက် ပြန်ဆွဲလာခဲ့လေ”

လီမင်ပေရဲ့ခြေထောက်တွေက ပျော့ခွေသွားခဲ့ပြီး ကျန်းကျန်းကို ဒူးထောက်လုနီးပါးပြောလာတယ်။

“အကြီးဆုံးညီမလေး၊ တကယ်တော့ လူတွေက တစ်ချိန်လုံး အသားစားနေတာက သိပ်ပြီးမကောင်းလှဘူးလို့ ထင်တယ်၊ အသားတွေက ကိုယ်အလေးချိန်တက်ဖို့ လွယ်တယ်လေ၊

တတိယအစ်ကို မင်းအတွက် အဝတ်အစားဝယ်ပေးတာ ပိုမကောင်းဘူးလား၊ မနက်ဖြန် ရေအားလျှပ်စစ်စက်ရုံရဲ့ စျေးကွက်နှင့် အထောက်အပံ့နေရာကို သွားကြမယ်လေ၊ မင်းလိုချင်တာကို ဝယ်ပေးမယ်”

ကျန်းကျန်း ပြုံးလိုက်ပြီး လီမင်ပေရဲ့ ရင်ဘတ်ကို အသာပုတ်လိုက်တယ်။

“အစ်ကိုတို့နှစ်ယောက် ပိုက်ဆံပိုရင် ညီမတူလေးအတွက် နို့မှုန့်ဝယ်ဖို့ သိမ်းထားလိုက်တော့”

မောင်နှမနှစ်ယောက် စကားပြောပြီး ရယ်မောနေကြတုန်းမှာ လီမင်နန်နှင့် မုန်ရှောင်ရှီတို့လည်း အပြင်သို့ ထွက်လာခဲ့ကြတယ်။

သူတို့တွေမှာ တစ်ယောက်က သစ်တောတက္ကသိုလ်အတွက် ဝင်ခွင့်စာရင်းသွင်းထားပြီး၊ တစ်ယောက်က ဆေးကျောင်းတက်ဖို့ လျှောက်ထားခဲ့တယ်။ နှစ်ယောက်လုံးရဲ့ကျောင်းတွေက ပင်းချန်မှာပဲ။

“စာမေးပွဲက ဘယ်လိုနေလဲ”

လီမင်ပေ လှမ်းမေးလိုက်တယ်။

လီမင်နန်က မုန်ရှောင်ရှီဘက်ကိုလှည့်ကြည့်ကာ ပြုံးပြလိုက်တယ်။

“ဝင်ခွင့်က ပြဿနာရှိလိမ့်မယ်လို့တော့ မထင်ဘူး”

မုန်ရှောင်ရှီကလည်း အနည်းငယ် ရှက်ရွံ့စွာ ပြောလာတယ်။

“ ငါ့မှာ မလုပ်နိုင်လိုက်တဲ့ သင်္ချာပုစ္ဆာ နှစ်ခု ရှိတယ် ၊ ကျန်းကျန်း အစတုန်းကပြောခဲ့ပေမဲ့ ငါ နည်းနည်း ရှုပ်ထွေးနေခဲ့တာ၊ အဲဒါကို မေ့သွားပြီး ကျန်တာအားလုံးကိုတော့ ပြီးအောင်ရေးနိုင်ခဲ့တယ်”

ကျန်းကျန်း ပြုံးပြီး သူမရဲ့ ကျောင်းလွယ်အိတ်ကိုအသာ ပုတ်ရင်းပြောလိုက်တယ်။

“ကောင်းပြီ၊ စာမေးပွဲပြီးသွားပြီဆိုတော့ ဒီအကြောင်းတွေကို မတွေးနှင့်တော့၊ ညီမတို့တွေ အိမ်ပြန်ပြီး ဘယ်လို ဂုဏ်ပြုပွဲလုပ်ရမလဲဆိုတာ ဆွေးနွေးရအောင်”

လီမင်ပေက ရုတ်တရက် ရယ်လိုက်တယ်။

“ဒါက သေချာပေါက်လိုအပ်တယ်”

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြန်လည်စတင်တဲ့ ပထမဆုံးနှစ်က နိုင်ငံရဲ့ အထက်မှအောက်အထိ အရေးကြီးကိစ္စအဖြစ် သတ်မှတ်ခဲ့ကြတယ်။

ကျန်းကျန်းအနေနဲ့ အစတုန်းက နှစ်သစ်ပြီးရင် အောင်စာရင်းရလဒ်တွေ ထွက်လောက်မယ်လို့ ထင်ထားခဲ့ပေမဲ့ သူမရဲ့မွေးနေ့ပြီးတဲ့အချိန်မှာပဲ တက္ကသိုလ်ဝင်ခွင့်စာတစ်စောင် ရရှိခဲ့လေတယ်။

ကျန်းကျန်းက ပြည်နယ်အတွင်းရှိ အမှတ်အများဆုံးနှင့် တော်ဝင်မြို့တော်တက္ကသိုလ်ရဲ့ စာပေဌာနမှာ ဂျာနယ်လစ်မေဂျာသို့ တက်ရောက်ခွင့်ရခဲ့ပြီး လီမင်ပေက မြို့ပြအင်ဂျင်နီယာဌာနမှာ ဝင်ခွင့်ရခဲ့တယ်။ ထို့အတူ ဝမ်ရှင်းဝမ့်ကလည်း တော်ဝင်မြို့တော်တက္ကသိုလ်ရဲ့ ဥပဒေဌာနသို့ ဝင်ခွင့်ရရှိခဲ့တယ်။

မင်နန်နှင့် မုန်ရှောင်ရှီတို့ကတော့ ပင်းချန်တက္ကသိုလ်ကိုရောက်ရှိခဲ့ပြီး တစ်ယောက်က သစ်တော တက္ကသိုလ်နှင့်တစ်ယောက်က ဆေးတက္ကသိုလ်သို့ ဝင်ခွင့် ရရှိခဲ့တယ်။

လီမိသားစုရဲ့ သားသမီးငါးဦးလုံးက တက္ကသိုလ်တွေထဲကို အသီးသီး ဝင်ခွင့်ရရှိခဲ့ပြီး သူတို့ထဲမှ သုံးယောက်က နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်မှာ ဝင်ခွင့်ရရှိခဲ့ကြတယ်။

ဒီသတင်းထွက်လာပြီးတဲ့နောက်မှာတော့ ပေရှားနယ်တစ်ခုလုံး အံ့သြတကြီးဖြစ်သွားခဲ့ကြတယ်။

ရေအားလျှပ်စစ်စစ်ရုံမှ လီမင်နန်၊လီမင်ပေ၊ မုန်ရှောင်ရှီနှင့် ဝမ်ရှင်းဝမ့်တို့အတွက် အထူးဂုဏ်ပြုပွဲကို ကျင်းပပေးခဲ့တယ်။

အိမ်နီးနားချင်းတွေနှင့် လုပ်ဖော်ကိုင်ဖက် အများအပြားကလည်း သူတို့ ကြည့်ရှုလေ့လာခဲ့တဲ့ စာအုပ်တွေကို ကြည့်ဖို့အတွက် လီမိသားစုအိမ်ကို ရောက်ရှိလာကြတယ်။ ဆိုလိုတာက ပြည်နယ်တစ်ခုလုံး ပထမရခဲ့တဲ့ ကျန်းကျန်း အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ကြည့်ရှုဖို့ တောင်းဆိုခဲ့တယ်။

သူတို့အားလုံးက ကျန်းကျန်းရဲ့ ပစ္စည်းတွေကို များများထိမိရင် ကောင်းချီးတွေရရှိပြီး သူတို့လည်း တက္ကသိုလ်တက်နိုင်လိမ့်မယ်လို့ တွေးခဲ့ကြလေတယ်။

**

All Chapters