← Chapters

အခန်း (၁၇၉)

Vol. 18 Ch. 179

အခန်း (၁၇၉)

Vol. 18 Ch. 179

လီမင်ပေ ကျန်းကျန်းရဲ့စကားကြောင့် ရှက်ရွံ့စွာ ပြုံးလိုက်တယ်။

“တကယ်တော့ ငါက စာကျက်ရတာကို မကြိုက်တာ မဟုတ်ပါဘူး ၊ အဓိက,က အိမ်ကနေ ကျောင်းတက်ရတဲ့အချိန်မှာ အလုပ်တစ်ဖက်နှင့် တက်ခဲ့ရတာလေ၊ အလယ်တန်းကနေ ဘွဲ့ရပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် အထက်တန်း ကျောင်းပြီးခဲ့တဲ့အချိန်ပဲဖြစ်ဖြစ် အလုပ်တွေ လုပ်နေခဲ့ရတယ်လေ၊

ဒါကြောင့် အလုပ်ပင်ပန်းပြီး ငါ့ဆီမှာ အားအင်တွေအများကြီး မကျန်တော့လို့ စာမကျက်နိုင်တော့တာ၊ အခု ငါတို့က တော်ဝင်မြို့တော်ကိုရောက်နေပြီ၊ အလုပ်လည်း လုပ်စရာမလိုဘူး၊ ဒါကို အရင်တုန်းကလို ဘယ်လိုလုပ်ပြီး ပျင်းရိနေမှာလဲ၊

ငါက အမျိုးသားတက္ကသိုလ်ဆီကို အမှန်တကယ် ဘာမှမလုပ်ဘဲ အလိုလို ဝင်ခွင့်ရလာခဲ့တာမဟုတ်ဘူးလေ၊ ကျန်းကျန်း စိတ်မပူပါနှင့်၊ ငါ စာကို ပြိုးကြိုးစားစား သင်ယူပါ့မယ်၊ နောက်ပြီး ငါ့ရဲ့အတန်းဖော်တွေနှင့်လည်း စကားများရန်ဖြစ်နေမှာမဟုတ်ဘူး၊ ငါ မင်းရဲ့ ယောက်မရဲ့အနောက်မှာကျန်ရစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်မလုပ်ပါဘူး”

ဝမ်ရှင်းဝမ့်တစ်ယောက် ခင်ပွန်းသည်ရဲ့စကားကိုကြားတော့ ချိုမြိန်စွာပြုံးလာခဲ့ပြီး သူမရဲ့ပန်းကန်ပြားထဲမှ အသားတွေ လီမင်ပေရဲ့ ပန်းကန်ထဲသို့ ထည့်ပေးလိုက်တယ်။

“အနာဂတ်မှာ ကျွန်မတို့တွေ အတန်းထဲမှာဆုံဖို့ မဖြစ်နိုင်တော့ဘူး၊ တနင်္ဂနွေ ပိတ်ရက်တွေကျမှ အိမ်ကိုပြန်နိုင်ပြီး အဲဒီအချိန်ကျမှ တွေ့နိုင်လောက်မယ်ထင်တယ်၊ ဒီတော့ ရှင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပြီး အသားများများစားရမယ်”

လီမင်ပေက ဝမ်ရှင်းဝမ်ဆီကို တုံ့ဆိုင်းနေတဲ့ အကြည့်တွေနှင့် ကြည့်လာခဲ့ပြီး ထိုအကြည့်တွေက ကျန်းကျန်းကိုတောင် သူတို့ကို ကြည့်ဖို့ ရှက်ရွံ့သွားစေခဲ့သည်။

ကျန်းကျန်း တိတ်တဆိတ် ခေါင်းငုံ့လိုက်ပြီး ပန်းကန်ပြားပေါ်ရှိ ဟင်းလျာတွေကို ကြည့်လိုက်တယ်_ ဝက်သားနှင့်အာလူးစတူး၊ ဝက်ဗိုက်သားနှင့် ပဲစတူး။

ကျန်းကျန်း လီမင်ပေကို လှမ်းကြည့်လိုက်တယ်။

“အသားတွေအများကြီးစားထားရတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ စတုတ္ထအစ်ကိုက အသားဟင်း နှစ်မျိုးတောင် ဝယ်လာခဲ့ပြီလား”

လီမင်ပေ ရုတ်တရက် သက်ပြင်းချလိုက်တယ်။

“ကျန်းကျန်း၊ ငါတို့ တော်ဝင် မြို့တော်ကို ရောက်ပြီးသွားတော့ အရင် ပေရှားမှာတုန်းကလိုမျိုး နေ့တိုင်း ရစ်ငှက်တွေ၊ ယုန်တွေ၊ သမင်တွေ၊ သိုးတွေ မဖမ်းနိုင်တော့ဘူးလို့ ထင်လား”

ကျန်းကျန်း မရယ်မိအောင်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းထားရင်း ခေါင်းညိတ်ပြလိုက်တယ်။

“အင်း၊ ဒီမှာက အနည်းဆုံး တောင်တွေဘက်ကို ရောက်ဖို့ ဆင်ခြေဖုံးနေရာကို အရင်သွားရမှာ၊ ဒါပေမယ့် အဲဒီနေရာက ယုန်ရိုင်းတွေ ဘာတွေကို ဖမ်းခွင့်မပြုဘူးတဲ့၊ ဒါကြောင့် အနာဂတ်မှာ တောရိုင်ကောင်လေးတွေဖမ်းမဲ့ ကစားနည်းက စိတ်ကူးယဉ်ရုံပဲ ဖြစ်တော့မှာသေချာတယ်”

လီမင်ပေ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး သူ့ရဲ့ပန်းကန်ထဲမှ အသားနှစ်တုံးကို ကြည့်ကာ ဝမ်ရှင်းဝမ့်ရဲ့ ပန်းကန်ထဲကို အမြန်ထည့်ပေးလိုက်တယ်။

“ဇနီးလေး၊ မင်းက ကလေးမွေးပြီး ကောင်းကောင်းနလံမထူရသေးခင် ကျောင်းတက်ဖို့ ရောက်လာရတယ်၊ အာဟာရကို ကေုင်းကောင်းလေး ပြည့်အောင်စားသင့်တယ်”

ဝမ်ရှင်းဝမ့်က လီမင်ပေကိုကြည့်ပြီး ချိုသာစွာ ပြုံးပြလိုက်ကာ နှစ်ယောက်အတူ ဟင်းတစ်ကိုက်စီ စားလိုက်ကြပြီး သူတို့ရဲ့ရှေ့က လူတစ်ယောက်ဖြစ်တဲ့ ကျန်းကျန်းကို လုံးဝ မေ့နေခဲ့ကြတယ်။

ကျန်းကျန်းအနေနဲ့ သူမရဲ့ အထီးကျန်လွန်းတဲ့ နှလုံးသားလေးကို အသာထိလိုက်သွားပြီး နောင်တရမှုတချို့ဖြင့် သက်ပြင်းချလိုက်တယ်။

သူမရဲ့ ဘဝနှစ်ခုလုံးမှာ သူတစ်ပါးရဲ့ ခွေးစာတွေကိုဘဲ စားရတဲ့ ခွေးတစ်ကောင်အဖြစ် ဆက်ရှိနေရတာကတော့ ဆိုးလွန်းတယ်။

စားသောက်ပြီးတဲ့နောက်မှာ ကျန်းကျန်းနှင့် ဝမ်ရှင်းဝမ့်တို့ လီမင်ပေရဲ့ အိပ်ဆောင်ဘက်ကို လှမ်းလျှောက်ရင်း လိုက်လာခဲ့ကြပြီး လီမင်ပေရဲ့ အိပ်ဆောင်ကို မှတ်သားထားခဲ့ကြတယ်။

တခြားလူတွေကလည်း လီမင်ပေရဲ့ အိပ်ဆောင်ကို ရောက်လာကြတာကိုတွေ့တော့ ကျန်းကျန်းနှင့် ဝမ်ရှင်းဝမ့်တို့လည်း အကြာကြီး မနေခဲ့ကြတော့ဘဲ လီမင်ပေကို တနင်္ဂနွေနေ့မှာ အတူစုပြီး အိမ်ပြန်ကြဖို့ သဘောတူပြီးနောက် သူတို့ရဲ့ကျောင်းကို ပြန်သွားခဲ့ကြတယ်။

ကျန်းကျန်းက ကျောင်းသို့အစောကြီးရောက်လာခဲ့တယ်။ ဒါကြောင့် ဒီအချိန်တွင် အိပ်ဆောင်သို့ ဘယ်သူမှ မရောက်သေးတဲ့အတွက် ကျန်းကျန်းလည်း တံခါးကိုပိတ်ကာ ပေရှားမှ တောင်ပေါ်သို့ လျှပ်တပြက် အရှိန်နှင့်ပြန်လာခဲ့ပြီး လီမင်ကျုံးကို အသိစိတ်နှင့် လှမ်းခေါ်လိုက်တယ်။

လီမင်ကျုံးက ခြံထဲမှာ လှဲလျောင်းရင်း နေရောင်အောက်မှာ နေဆာလှုံနေခဲ့ရာမှ ကျန်းကျန်းရဲ့ အသံက သူ့ရဲ့စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် အံ့အားသင့်စွာနှင့် မတ်တပ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်ကာ တစ်ချက်ဟောင်လိုက်တယ်။

ဒါပေမဲ့ ကျန်းကျန်းကို ရှာမတွေ့နိုင်ဖြစ်နေချိန်မှာ ကျန်းကျန်းက သူ့စိတ်ထဲမှာ ထပ်ပြောလိုက်လေတယ်။

“တောင်ပေါ်ကို လာခဲ့”

လီမင်ကျုံးက သူ့နောက်မှ ထျန်းဟူရဲ့ အော်သံများကို လျစ်လျူရှုလိုက်ပြီး ချက်ချင်းဆိုသလို အရူးအမူးပြေးသွားခဲ့ပြီး ကျန်းကျန်းရဲ့ အနားသို့ ရောက်ရန် ဆယ်မိနစ်သာကြာခဲ့တယ်။

ကျန်းကျန်းက လီမင်ကျုံးရဲ့ခေါင်းကို ပွတ်သပ်ကာ နေရာလွတ်ထဲမှ သူမ ပြင်ဆင်ထားတဲ့ ယုန်သားတစ်ပန်းကန်ကို ထုတ်ပြီး သူ့ရှေ့မှာ ချပေးလိုက်တယ်။

“ငါ ဒီအသားကို နင့်အတွက် အထူးတလည်ယူလာပေးခဲ့တာ၊ စားလိုက်ဦး”

လီမင်ကျုံးက ရွှင်မြူးစွာ အော်လိုက်ပြီး သူ့ခေါင်းကို ပန်းကန်ထဲမှာ နှစ်မြှုပ်ကာ အငမ်းမရစားသောက်တော့တယ်။

သူတို့မိသားစု ပေရှားမှ ထွက်ခွာသွားတဲ့အချိန်မှာ ကျန်းကျန်းက လီမင်ကျုံးအတွက် အစိုးရိမ်ဆုံးပဲ။

ဒီနှစ်တွေအတွင်းမှာ တောင်ပေါ်မှာရှိတဲ့ တာ့ဟွမ်ကလွဲရင် လီမင်ကျုံးနှင့် ကြက်သားနှပ်တို့က သူတို့နှင့်အတူ ကြီးပြင်းလာခဲ့တာဖြစ်ပြီး အသက်ကြီးလာတာကို ကြည့်ရှုခဲ့ရတယ်။

ကြက်စွပ်ပြုတ်က ဆယ်နှစ်အရွယ်အထိ အသက်ရှင်ခဲ့ပြီး ပေရှားမှာ အသက်အရှည်ဆုံးကြက်ဖြစ်လာခဲ့တယ်။ သူ သေသွားချိန်မှာ ဟုန်စုန့်တောင်ပေါ်မှာ မြှပ်နှံပေးခဲ့ကြတယ်။

လီမင်ကျုံးကလည်း အခုအချိန်မှာ အသက် ဆယ့်ငါးနှစ်ရှိနေပြီဖြစ်ကာ ခွေးတွေကြားမှာ သက်ကြီးရွယ်အိုအဆင့်သို့ ဝင်ရောက်လာပြီလို့ ယူဆရတယ်။

ကျန်းကျန်းအနေနဲ့ အစက သူ့ကို အချိန်မရွေး ခေါ်ဆိုကျွေးမွေးနိုင်ဖို့ နေရာလွတ်ထဲမှာ ထားဖို့ တွေးထားခဲ့ပေမဲ့ အတွင်းပိုင်းမှာ ဘာမှမရှိတာကို တွေ့လိုက်တဲ့အချိန်မှာ ရုတ်တရက် ဝန်လေးသွားခဲ့ရတယ်။

လီမင်ကျုံးဆိုတာက သူ့ဘဝတစ်လျှောက်လုံးကို တောင်တန်းတွေပေါ်မှာ ပျော်မြူးနေခဲ့ပြီး အသက်ကြီးလာတဲ့အချိန်ကျမှ အဖော်မပါဘဲ ပိတ်လှောင်ထားဖို့အတွက် သူမ တကယ်ကိုမလုပ်ရက်နိုင်ဘူး။

လီမူစန်းတို့ရဲ့ အိမ်မှာ ထျန်းဟူရှိနေခဲ့တာကြောင့် အနည်းဆုံးတော့ အဖော်ရှိနေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျန်းကျန်းက နေရာကူးပြောင်းနိုင်ပြီး အချိန်မရွေး ပြန်လာနိုင်တယ်လေ။

ကျန်းကျန်းတင်မကဘဲ မဒမ်လီနှင့် တခြားမိသားစုဝင်တွေကလည်း လီမင်ကျုံးနှင် လမ်းခွဲရန် တွန့်ဆုတ်နေကြတယ်။ ဒါပေမယ့် အခုချိန်က ရထားက နည်းပါးသလို လူတွေကလည်း စည်ကားလွန်းတယ်။

လီမင်ကျုံးကို တော်ဝင်မြို့တော်သို့ ခေါ်သွားဖို့အတွက် ရထားပေါ်မှာ တင်ဆောင်နိုင်ခွင့်ရဖို့က မဖြစ်နိုင်ဘူး။

ဒါကြောင့် မဒမ်လီက လီမင်ကျုံးကို လီမူစန်းဆီမှာ လေးလေးနက်နက်အပ်ခဲ့ပြီး သူ့ကို ဂရုစိုက်ရန် တောင်းဆိုခဲ့တယ်။ လီမင်ကျုံးကို အမဲလိုက်ဖို့ ဒါမှမဟုတ် ဘယ်လိုအရာမျိုးကိုမျှ အတင်းအကြပ် မခိုင်းစေဘဲ အိမ်မှာဘဲ နေဆာလှုံခိုင်းထားဖို့အတွက် မှာကြားခဲ့တယ်။

လီမူစန်းကလည်း လီမင်ကျုံးအပေါ်မှာထားတဲ့ ဒုတိယအစ်ကိုတို့ မိသားစုရဲ့ ခံစားချက်ကို သိနေခဲ့တာကြောင့် သူ ချက်ချင်း သဘောတူခဲ့ပြီး အေးခဲခြင်းမရှိစေရန်အတွက် လီမင်ကျုံးရဲ့ လှောင်အိမ်ကို မီးဖိုအနားသို့ ရွှေ့ပေးထားခဲ့တယ်။

တကယ်တော့ ခွေးနေထိုင်ဖို့နေရာက သူတို့အတွက် အရေးမကြီးဘူး။ အဓိကက သူတို့ရဲ့ အစားအစာထဲမှာ အသားရှိမရှိကိုပဲ စိုးရိမ်ရမှာ။

လီမူစန်းတို့ရဲ့ အိမ်က သာမန်အခြေအနေမှာပဲရှိတယ်။ လစဉ် လက်မှတ်နှင့်ဝယ်တဲ့ အသားတွေကကို အခြေခံအားဖြင့် (ဝက်)ဆီထုတ်ဖို့အတွက် အသုံးပြုကြပြီး ကျန်ရှိနေတဲ့ အဆီဖတ်တွေက လီမင်ကျုံကို မဆိုထားနှင့် လူတွေတောင်မှ လုံလောက်အောင် မစားနိုင်ဘူး။

ခုနှစ်ဆယ်ခုနှစ်ရဲ့ အစောပိုင်းနှစ်တွေမှာ သေနတ်တွေအားလုံးကို သိမ်းဆည်းခဲ့ပြီးဖြစ်လို့ အရင်ကလိုမျိုး အမဲလိုက်ဖို့ မဖြစ်နိုင်တော့ဘူး။

ကျန်းကျန်းလည်း လီမူစန်းရဲ့အခြေအနေကို နားလည်တာကြောင့် သူမက လီမင်ကျုံးအတွက် မီးဖိုခန်းလေးတစ်ခု တိတ်တဆိတ် ဖွင့်ထားရုံသာတတ်နိုင်ခဲ့တယ်။

ပေရှားမှ မထွက်ခွာခင်တုန်းက ကျန်းကျန်း ယုန်တစ်ဒါဇင်ကျော်ကို ဖမ်းပြီး နေရာလွတ်အတွင်းမှာ အိုးတစ်လုံးထဲမှာထည့်ပြီး စတူးချက်ထားခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုနေရာလွတ်က သူမရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ပစ္စည်းအားလုံးက နဂိုအတိုင်း ရှိနေမှာဖြစ်ပြီးချက်ထားတဲ့ အသားတွေက ပျက်စီးသွားမှာကို စိုးရိမ်စရာမရှိဘူး။

သူမ လီမင်ကျုံးကို လာတွေ့တိုင်း အသား နှစ်ပန်းကန်လောက်ကျွေးပြီး သူ့ရဲ့ စားချင်စိတ်အာသီသကို ဖြည့်ဆည်းပေးနိုင်တယ်။

ကျန်းကျန်း အသားစားနေတဲ့ လီမင်ကျုံးကိုကြည့်ပြီး သူ့ရဲ့အမွှေးတွေကို ပွတ်သပ်လိုက်တယ်။

“နောက်နှစ်ရက်နေရင် ကျောင်းစဖွင့်တော့မှာ၊ ငါ နင့်ကို နေ့တိုင်း လာမတွေ့နိုင်တော့ဘူး၊ အနာဂတ်မှာ ငါးရက် ခြောက်ရက်လောက်နေမှ နင့်ကို တစ်ခေါက်လာတွေ့နိုင်လိမ့်မယ်၊ ငါ အဲဒီအချိန်တွေမှာ နင့်ကို အသားနည်းနည်းစီကျွေးပေးမယ် အဆင်ပြေလား”

လီမင်ကျုံးက ရွှင်မြူးစွာနှင့် သူ့ရဲ့ အမြီးလှုပ်ရမ်းလိုက်ကာ ပြန်ပြောလာတယ်။

“ဒါဆို မင်း အိုးကြီးတစ်လုံး ယူလာမှရမယ်၊ နည်းနည်းလောက်က စားဖို့ မလုံလောက်ဘူး”

ကျန်းကျန်း ပြုံးလိုက်ပြီး နေရာလွတ်ထဲက အသားပန်ကိတ်ကြီးကို ထုတ်ယူကာ အတုံးသေးသေးလေးတွေခွဲပြီး သူ့ရဲ့ အသားပန်းကန်ထဲမှာ ထည့်ပေးလိုက်တယ်။

လီမင်ကျုံးက စတူးဟင်းနှင့် ပန်ကိတ်ကို သန့်ရှင်းပြောင်စင်သွားအောင်စားပြီး ကျေနပ်စွာ မြေကြီးပေါ်လှဲအိပ်လိုက်လေယ်။

ကျန်းကျန်းက ပြန်သွားဖိုအတွက် အလျင်မလိုခဲ့ဘဲ အခု အားလပ်နေချိန်ကို အခွင့်ကောင်းယူပြီး ဂျင်ဆင်းနဲ့ လင်ဇီးမှိုလိုမျိုး ဆေးဖက်ဝင်ပစ္စည်းတွေကို နှုတ်ယူသွားဖို့ စီစဉ်လိုက်တယ်။ ဒါက လက်ဆောင်အဖြစ် ပေးကမ်းဖို့ ဒါမှမဟုတ် ငွေသားအဖြစ်လဲလှယ်တာက ပိုအဆင်ပြေလိမ့်မယ်။

ကျန်းကျန်း နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ဂျင်ဆင်း ၁၀ ပင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဂျင်ဆင်းတွေကို နေရာလွတ်အတွင်းမှာ ထည့်လိုက်ကာ တခြားဆေးဖက်ဝင်ပစ္စည်းတွေကိုလည်း ဆက်လက် စုဆောင်းခဲ့တယ်။

All Chapters