← Chapters

အရေပြားနှင့် ကြွက်သား

Vol. 7 Ch. 85

အရေပြားနှင့် ကြွက်သား

Vol. 7 Ch. 85

အခန်း (၈၅)  : အရေပြားနှင့် ကြွက်သား

အသင်္ချေအင်ပါယာကမ္ဘာ၊ အလယ်ပိုင်း ချီလင်ကုန်းမြေ၊ ကောင်းကင်သက်တမ်းနယ်မြေရှိ တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ဝမ်မျိုးနွယ် တောင်ပေါ်၌ …

ဝမ်ဝေ့က တုတ်ကိုင်ထားသည့် သူ့အဖေ ပြုံးဖြီးဖြီး လုပ်နေသည်ကို ကြည့်လိုက်သည်။ သူက နောက်ဖြစ်လာမည့် အရာအတွက် တွေးကာ ရှုံ့မဲ့သွားမိသည်။

ဝမ်ဝေ့က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၏ အသက်ရှုပုံကို တစ်လကျော်ကြာ သင်ယူခဲ့ရသည်။ ထို့နောက် သူက သူ့အရေပြားကို သန်မာလာစေဖို့ ဝိညာဉ်ချီ ထည့်သွင်းဖို့ လုပ်လိုက်သည်။

သို့သော်လည်း သုံးလကျော်ကြာပြီးနောက် သူ့အမြန်နှုန်းက အတော်လေး ဆိုးရွားနေသည်။ ထို့ကြောင့် သူက သူ့အဖေအား ကျမ်းကို မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ပြီး ပိုကောင်းမည့် နည်းလမ်းရှိလားဟု မေးခဲ့သည်။ ထိုစဉ် သူက အဖြေကောင်း ရခဲ့၍ ယခု ဒီနေရာသို့ ရောက်နေကြခြင်း ဖြစ်သည်။

ဝမ်ထျန်းက အတော်လေး စိတ်အခြေအနေကောင်းနေသည်။ အဖေတစ်ယောက်အနေနှင့် သူ့အကြီးမားဆုံး နောင်တမှာ သူ့သားကို ရိုက်နှက်ဖို့ အခွင့်အရေး မရခဲ့ခြင်း ဖြစ်၏။

သူက ဘယ်သူ့ကိုများ အပြစ်တင်နိုင်မှာလဲ …

သူ့သားက ပြီးပြည့်စုံလွန်းနေတာကိုး …

ကလေးဘဝတုန်းက အကြောင်းအရင်းမရှိဘဲ မငိုခဲ့ဖူးပေ။ သူက ဗိုက်ဆာသည့်အခါမျိုး သို့မဟုတ် ကျင်ကြီးကျင်ငယ် သွားထားသည့်အခါမျိုး၌သာ သတိပေးသည့်အနေနှင့် ငိုလေ့ရှိသည်။

သူ သုံးလသားအရွယ် ရောက်လာသည့်အခါ လူကြီးတစ်ယောက်လိုမျိုး စကားကောင်းကောင်း ပြောနိုင်နေလေပြီ။ ကလေးပါရမီရှင်တစ်ယောက်အနေနှင့် သူ့သားက တစ်ခါမှ မဆိုးသွမ်းဖူးသောကြောင့် ဝမ်ထျန်းအား သူ့သားကို ရိုက်နှက်စေမည့် အခွင့်အရေးမျိုး သို့မဟုတ် အကြောင်းအရင်းမျိုး ပေးမလာခဲ့ပေ။

ဝမ်ထျန်းက သက်ပြင်းချလိုက်မိသည်။ သူ့ကလေးဘဝတုန်းက သူ့အဖေက သူ့ကို ဓားရေးလေ့ကျင့်ခိုင်းဖို့ နေ့တိုင်း ဆော်ပလော်တီးလေ့ရှိသည်။ နှစ်ထောင်ချီကြာသည့်အခါထိ ထိုရိုက်ချက်များကြောင့် တင်ပါးရှိ နာကျင်မှုကို အမှတ်ရနေဆဲ ဖြစ်သည်။

ဝမ်ထျန်းက ထိုရိုက်ချက်များ ခံယူပြီးသည့်နောက် သူ့အဖေကို တစ်နည်းနည်းနှင့် ပြန်လည်လက်စားချေမည်ဟုသာ တေးထားလိုက်သည်။ သို့သော် သူ့အဖေအတွက် ပြိုင်ဖက်ကောင်း ဖြစ်လာဖို့ အချိန်အကြာကြီး လိုအပ်ကြောင်း သတိပြုမိသွားသည့်အခါ သူ့သားကိုလည်း သူ့လိုမျိုး တင်ပါးနာကျင်မှုကို မြည်းစမ်းပေးမည်ဟု တေးမှတ်ထားလိုက်သည်။

ကံဆိုးစွာဖြင့် သူက ယနေ့မတိုင်ခင်အထိ အခွင့်အရေး မရခဲ့ရှာပေ။ သူက သူ့သား၏ အရေပြားမွမ်းမံနှုန်း တိုးမြင့်လာဖို့အတွက် ရိုက်ပေးရတော့မည်။ သို့သော်လည်း ဝမ်ထျန်းက ဒါကို အောင်မြင်မှုအဖြစ် မှတ်ယူကာ အခိုက်အတန့်တိုင်းကို သေချာခံစားနေသည်။

တစ်ဖက်တွင် ဝမ်ဝေ့က သူ့အဖေ အတွေးများကို မှန်းဆမိလေသည်။ သူက သူ့အဖေ သူ့ကို ကောင်းကောင်းရိုက်ဖို့ အခွင့်အရေးပေးခဲ့သင့်ကြောင်း ခဏတိုင်း ငြီးတွားသည်ကို ကြားဖူးသည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် သူ့အဖေကို စဖို့ အချက်ပြလိုက်သည်။ ဝမ်ထျန်းက လက်ထဲတွင် သီးသန့်တုတ်တစ်ချောင်း ကိုင်ထားရင်း သူ့သားခန္ဓာကိုယ်၏ အစိတ်အပိုင်းအနှံ့ လိုက်ရိုက်ပေးသည်။ တုတ်ချက်က အရေပြားကို ကျရောက်လာသည့်အခါ မိုးမြေမှ ဝိညာဉ်ချီကို အရည်ပြားထဲ စိမ့်ဝင်စီးဆင်းသွားစေပြီး ပိုအားကောင်းလာစေသည်။

နှစ်များစွာကြာမြင့်လာပြီးနောက် တာအိုအခွင့်အလမ်းဂိုဏ်းသည် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို လေ့လာကာ ဆင့်ကဲပြောင်းလဲခဲ့သည်။ စွမ်းဆောင်ရည်ရှိသည့် ဘိုးဘေးများက ဒီကျမ်းကို ကျင့်ကြံနှုန်း မြင့်မားစေဖို့ နည်းလမ်းကို ဖန်တီးခဲ့ကြပြီး အောင်မြင်နိုင်ခြေ မြင့်မားဖို့လည်း အာမခံပေးထားသည်။

“အဖေက ဘာလို့ ဒီရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို မလေ့ကျင့်တာလဲ” ဝမ်ဝေ့က အရိုက်ခံနေစဉ် မေးလိုက်သည်။ ဒီလောက်နာကျင်မှုက သူ့အတွက် ဘာမှမဟုတ်ပေ။

“ အဖေက ဓားအပေါ်မှာပဲ တစ်ဘဝလုံးမြှပ်နှံထားတာမလို့ပေါ့။ အဖေခန္ဓာနဲ့ ဝိညာဉ်က ဓားပဲ … သန်မာတဲ့ ခန္ဓာကိုယ် မလိုဘူး။ ဓားသမားတစ်ယောက်အနေနဲ့ တစ်ဖက်စွန်း တိုက်ခိုက်မှုကိုပဲ လိုက်နာကျင့်သုံးတယ်။ တကယ်လို့ တစ်ရက် အဖေရဲ့ ဓားနဲ့ မပိုင်းဖြတ်နိုင်တဲ့ ရန်သူ တွေ့ခဲ့ရင် အားကောင်းတဲ့ ခုခံကာကွယ်စွမ်းကလည်း အဓိပ္ပါယ်မရှိတော့ဘူး ”

ထိုအရာကို ကြားပြီး ဝမ်ဝေ့က သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ သူက ဓားသမားများကို လေးစားမိသော်လည်း ဒီနည်းလမ်းကို သဘောမတူပေ။ သူက အကုန်ကျွမ်းကျင်နေခြင်းကသာ ထိပ်တန်းအင်အားကြီး ဖြစ်လာမည့် နည်းလမ်းအစစ်အမှန်ဟု ယုံကြည်ထားသည်။ ထို့အပြင် သူက အတိတ်ဘဝတုန်းက ဝတ္ထုများစွာ ဖတ်ခဲ့သောကြောင့် အားကောင်းသန်မာသည့် ခန္ဓာကိုယ်က ကျင့်ကြံရေး‌နောက်ပိုင်းအဆင့်များ၌ သေရေးရှင်ရေးတမျှ အရေးပါကြောင်း သိထားလေသည်။

ထို့ကြောင့် သူ့ကျင့်ကြံရေး ဖြစ်စေ၊ သူ့ဝိညာဉ် ဖြစ်စေ၊ သူ့ခန္ဓာဖြစ်စေ သူက အားလုံးကို တတ်နိုင်သမျှ အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ထားမည် ဖြစ်၏။ သူ့ပါရမီဖြင့် သူ လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

တစ်နေ့တာလုံး အရိုက်ခံပြီးနောက် ဝမ်ဝေ့က သီးသန့်ဆေးရေကန်ထဲ စိမ်လိုက်သည်။ ထိုရေကို ဆေးပင်အမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ ထို့နောက် အရိုက်ခံလိုက်၊ ဆေးရေစိမ်လိုက်ဖြင့် ထပ်ကာထပ်ကာ လုပ်နေလိုက်သည်။

ထိုလုပ်ငန်းစဉ်က ကိုးလကျော် ကြာမြင့်ခဲ့သည်။ ဂိုဏ်းချုပ်ဝမ်ထျန်းက အစောပိုင်း လအတွင်း ပျော်ရွင်ခဲ့ရသည်။ သူက အမြဲ တက်တက်ကြွကြွ ဖြစ်နေပြီး ပြီးဆုံးတော့မည်ကိုပင် အနည်းငယ် အင်တင်တင် ဖြစ်နေမိသည်။ သို့သော်လည်း သူ့ပျော်ရွင်နေသည့် စိတ်အခြေအနေက သိပ်ကြာကြာမခံလိုက်ပေ။ သိပ်မကြာခင် သူ့သားက သူ့ဇနီးနှင့် ပေါင်းကာ လက်စားပြန်ချေခဲ့လေသည်။

ကိုးလကျော်ကြာပြီးနောက် ဝမ်ဝေ့က နောက်တစ်ဆင့် တက်လှမ်းဖို့ အနိမ့်ဆုံး စံအနေအထားကို ရောက်ရှိသွားလေပြီ။ သူက ပျံသန်းရေးအဆောင်ဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း လျို့ဝှက်နယ်မြေဆီ ဦးတည်လိုက်၏။

မည်သည့်အမှတ်အသားပြားမှ ပြစရာမလိုလိုက်ဘဲ အဝင်ပေါက်ကို စောင့်ကြပ်နေသည့် အကြီးအကဲက ဂိုဏ်းချုပ်ငယ်လေးကို မှတ်မိကာ ပထမအထပ်ဆီ ဝင်ခွင့်ပေးခဲ့သည်။

ထိုအထပ်၌ ဝမ်ဝေ့က အခန်းတစ်ခန်းလုံး သွားလာနေသည့် လေဓားသွားမြောက်များစွာကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ အခန်းထဲ အားကောင်းသည့် ဓားသမား၏ ဓားပျံရိုက်ချက်များစွာ လွှင့်ကျဲနေသလို ဖြစ်နေသည်။ သူက သေချာကြည့်လိုက်ပြီးနောက် အခန်းထဲ ဆက်ဝင်လိုက်သည်။

ဝမ်ဝေ့က လျို့ဝှက်နယ်မြေ ပထမအထပ် အနက်ပိုင်းထဲ လျှောက်လာစဉ် ခန္ဓာကိုယ် လေ့ကျင့်နေကြသည့် တပည့်များစွာကို တွေ့လိုက်ရသည်။ တချို့က သူတို့မူလချီဖြင့် လေကို တားဆီးဖို့ ကြိုးစားနေကြပြီး တချို့မူ သူတို့ခန္ဓာကိုယ်ကို အသုံးပြုနေကြသည်။

ပထမအထပ်၏ အပြင်ဆုံးအပိုင်းက သူ့အပေါ် သက်ရောက်မှု သိပ်မရှိပေ။ အကယ်၍ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖြစ်ပါက သူလည်း မူလချီ အသုံးပြုကာ ကာကွယ်မိလောက်သည်။ ယခု သူ့အရေပြားက ယခင်နှင့် ယှဉ်လိုက်လျှင် အတော်လေး အားကောင်းနေပြီ ဖြစ်သည်။

ပထမအထပ် အလယ်၌ အလွန်တရာ ကြီးမားသည့် လေမုန်တိုင်းကြီး ရှိနေသည်။ အခန်းထဲရှိ လေက နာရီလက်တံအတိုင်း လည်ပတ်နေသည်။ ထိုမုန်တိုင်းဗဟိုတွင် ထိုင်စရာ အခင်းများ ခင်းထားပေးသည်။ တပည့်အများစုက အတွင်းခံမှအပ ဘာမှမဝတ်ဘဲ ထိုနေရာတွင် ထိုင်နေကြပြီး လေ့ကျင့်နေကြသည်။ သို့သော်လည်း ထိုင်စရာအခင်းတချို့ကို မထိုးဖောက်နိုင်သည့် မြူများဖြင့် ဖုံးလွှမ်းထားလေ၏။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ထိုင်ချလိုက်သည်။ အားလုံးက သူတို့ဘာသာ အလုပ်ရှုပ်နေကြသောကြောင့် သူ့အား မည်သူကမှ အာရုံမစိုက်ကြပေ။

ဝမ်ဝေ့က သူ ထိုင်လိုက်သည်နှင့် တခြားတပည့်များနှင့် ကွဲထွက်သွားပြီး သီးသန့်နေရာတစ်ခုဆီ ရောက်နေကြောင်း မြင်လိုက်ရသည်။ သူက ဤအရာသည် တပည့်များ တစ်ဦးနှင့် တစ်ဦး အနှောင့်အယှက် မဖြစ်ကြစေရန် သုံးထားသည့် အစီအရင်မှန်း မှန်းဆမိလိုက်၏။ သူ ရောက်လာစဉ်က မည်သူမှ သူ့အား အာရုံမစိုက်သည်မှာ မဆန်းတော့ပေ။

သီးသန့်နေရာလေးထဲ ဝင်ရောက်ပြီးနောက် ဝမ်ဝေ့က ပိုင်းဖြတ်ပစ်ဖို့ ရည်ရွယ်ထားသည့် လေဓားသွားများအလယ်တွင် ကျုံ့ကျုံ့လေးရှိနေကြောင်း တွေ့လိုက်ရသည်။

သူ့အရေပြားက စက္ကန့်သုံးဆယ်လောက်ပင် မခံနိုင်ဘဲ စတင် သွေးထွက်လာသည်။ သွေးများက သူ့ဝတ်ရုံအထိ စီးကျလာကာ အနီရောင်လွှမ်းသွားစေသည်။ ဝမ်ဝေ့က တခြားတပည့်များသည် အဘယ်ကြောင့် အတွင်းခံသာ ဝတ်ထားမှန်း သဘောပေါက်သွားလေ၏။ သူလည်း ဝတ်ရုံကို ချွတ်ပစ်လိုက်သည်။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ကျမ်းမှ အသက်ရှုနည်းလမ်းကို အသုံးပြုလိုက်သည်။ ဝိညာဉ်ချီအမြောက်အများက သူ့အရေပြားထဲ ဝင်လာကာ လေဓားသွားများကြောင့် ထိခိုက်သွားသည့် ဒဏ်ရာများအား ပြန်လည်ကုစားပေးနေသည်။ ထိုဖြစ်စဉ်က လူအများစုအတွက် ဝေဒနာပြင်းထန်လောက်သည်။

ဆက်တိုက် အပိုင်းဖြတ်ခံလိုက်၊ ဆက်တိုက် ပြန်ကောင်းလာလိုက်ဖြင့် သူ့အရေပြားက ပိုမိုမာကြောကာ ခုခံနိုင်စွမ်းပိုကောင်းလာသည်။ သဘာဝအတိုင်း  စွမ်းရည် ဖြစ်လာသည်။

သုံးလကြာမြင့်ပြီးနောက် ဖြစ်စဉ်က ပြီးဆုံးသွားလေပြီ။ လေလည်ပတ်နှုန်းက ဝမ်ဝေ့ အရေပြားကို ထပ်မဖြတ်နိုင်တော့ပေ။ ထို့ကြောင့် သူက လျို့ဝှက်နယ်မြေ၏ အတွင်းပိုင်းဘက် သွားလိုက်သည်။

ထိုနေရာတွင် ဝမ်ဝေ့က လေဓားသွား အမျိုးမျိုးကို မြင်လိုက်ရသော်လည်း ယခင်တစ်ခါနှင့် ကွဲပြားချက်မှာ မည်းနက်နေသည့် အရောင် ဖြစ်၏။ ထိုအရာက မိုးမြေကြား တည်ရှိသည့် သီးသန့်လေပြင်း တစ်မျိုး ဖြစ်သော မဟူရာရွှေ လေပြင်း ဖြစ်ကြောင်း သိလိုက်သည်။

ထိုအရာက ဒြပ်ငါးမျိုးထဲမှ ဂုဏ်သတ္တိတ်မျိုး ဖြစ်သည့် ရွှေသတ္တု၏ ထက်ရှမှုနှင့် ပြည့်ဝနေသည့် လေပြင်း ဖြစ်သည်။

ဝမ်ဝေ့က ဘေးပတ်လည်ကြည့်လိုက်ပြီးနောက် တပည့်လက်တစ်ဆုပ်လောက်သာ အတွင်းပိုင်း၌ ရှိနေကြောင်း သတိထားမိလိုက်သည်။ အထူးသဖြင့် မြူခိုးထူထူ နေရာများတွင် ဖြစ်၏။ သူက ဘာမှမပြောဘဲ နေရာဝင်ယူကာ အဝတ်အစားများကို ချွတ်ပြီး မွမ်းမံခြင်း လုပ်ငန်းစဉ် စတင်လိုက်သည်။

ဤတစ်ကြိမ် လုပ်ငန်းစဉ်က ပိုမိုခက်ခဲကာ ပိုမိုနာကျင်ရသည်။ အနက်ရောင် လေပြင်းများက ဝမ်ဝေ့၏ ဆဲလ်တစ်ခုချင်းစီအထိ ဝင်နိုင်စွမ်းရှိပြီး အထဲမှ ဖျက်ဆီးနိုင်စွမ်း ပိုင်ဆိုင်ထားသည်။

ဖြစ်စဉ်က လူသားအရေပြားရှိ ဆဲလ် သို့မဟုတ် တစ်ရှူးထဲ ပုရွက်ဆိတ်သန်းချီ တက်နေသလို ဖြစ်နေသည်။ တစ်ချိန်တည်းဆိုသလို ယားယံကာ နာကျင်ရသည်။

ဝမ်ဝေ့က အသက်ရှုနည်းလမ်းဖြင့် သွေးထွက်နေသည့် အရေပြားကို ကုသလိုက်သည်။ သို့သော်လည်း အနက်ရောင် လေပြင်းများက ပိုကြမ်းတမ်းလာဟန်ဖြင့် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ဖို့ ငြင်းဆန်နေသည်။

ဝမ်ဝေ့က နာကျင်လွန်း၍ ငြီးငြူလိုက်ရသည်။ အသက်ရှုနည်းလမ်းက ဝိညာဉ်ချီကို သူ့အရေပြားထဲ ထည့်ပေးရုံသာ သုံးခြင်းမဟုတ်ဘဲ အနက်ရောင် လေပြင်းကို ပြန်လည်သန့်စင်ဖို့အတွက်လည်း အသုံးပြုထားသည်။ ထို့ကြောင့် သူ့ကာကွယ်နိုင်စွမ်းက တိုးမြင့်လာရုံသာမက အလိုအလျောက် ပြန်ကောင်းလာနိုင်စွမ်းလည်း မြင့်လာသည်။

သူက အနက်ရောင် လေပြင်းများကို သန့်စင်လေလေ သူ့အရေပြားက ပိုမို သန်မာလာလေလေ ဖြစ်၏။ ထိုဖြစ်စဉ်က ဝမ်ဝေ့ကို နောက်ထပ် ကိုးလအချိန်ယူစေခဲ့သည်။

ထို့နောက် သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံဖို့ အရေးကြီးဆုံးနှင့် နောက်ဆုံးအအဆင့်အတွက် ပြင်ဆင်ပြီးလေပြီ။

ခန္ဓာကိုယ်သန့်စင်ခြင်း လျို့ဝှက်နယ်မြေမှ ထွက်လာပြီးနောက် ဝမ်ဝေ့က သူ့လက်ထဲတွင် ကြေးနီလိုမျိုး ပစ္စည်းတစ်ခုကို ကိုင်ရင်း သူ့ကျင့်ကြံရေးအခန်းဆီ ပြန်လာလိုက်သည်။ သူက ကြည့်ကာ သက်ပြင်းချလိုက်၏။

သူက အရေးကြီးအခိုက်အတန့် ထွက်ပေါ်လာတော့မည်မှန်း သိလိုက်သည်။

သူက ဒီကျမ်းကို ကျင့်ကြံဖို့ ပါရမီထိုက်တန်ရဲ့လား ဆုံးဖြတ်ပေးမည့် အခိုက်အတန့် ဖြစ်၏။

ဝမ်ဝေ့က အမြဲတမ်း သူ့ဘာသာ ယုံကြည်ချက်အပြည့်ရှိခဲ့သော်လည်း ကျင့်ကြံရေးလောက၌ ဘာမဆိုဖြစ်သွားနိုင်သည်။ သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနှင့် လိုက်လျောညီထွေ မဖြစ်တာမျိုးလည်း ဖြစ်နေနိုင်၏။

All Chapters