← Chapters

အရေပြားနှင့် ကြွက်သား၊ ရောက်လာမည့် နောက်စစ်ဆေးမှု

Vol. 7 Ch. 86

အရေပြားနှင့် ကြွက်သား၊ ရောက်လာမည့် နောက်စစ်ဆေးမှု

Vol. 7 Ch. 86

အခန်း(၈၆)  :  အရေပြားနှင့် ကြွက်သား၊ ရောက်လာမည့် နောက်စစ်ဆေးမှု

ဝမ်ဝေ့လက်ထဲမှ ပစ္စည်းကို နက်ရှိုင်းကြေးနီဟု ခေါ်ပြီး မှော်လက်နက်များ ထုဆစ်ဖန်တီးရာ၌ အသုံးပြုသည့် အလွန်တရာ ရှားပါးလှသော အထွတ်အထိပ်အဆင့် ပစ္စည်း ဖြစ်ပေသည်။ သူက ထိုပစ္စည်းရှိထားခြင်းမှာ သူ့အရေပြားနှင့် ပေါင်းစပ်ရန် ဖြစ်၏။

ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း ကျင့်ကြံရာ၌ အခက်ခဲဆုံးအပိုင်းမှာ အသက်ရှုနည်းလမ်း မဟုတ်သလို လေဓားသွားများမှတဆင့် အရေပြားကို လေ့ကျင့်ပေးခြင်းလည်း မဟုတ်ပေ။ သီးသန့်အသက်ရှုနည်းလမ်းက သင်ယူဖို့ ခက်ခဲကာ လေဓားသွားများဖြင့် အရေပြားကို အားကောင်းအောင် ပြုလုပ်ခြင်းက နာကျင်ရသော်လည်း ထိုအဆင့် နှစ်ဆင့် ပြီးမြောက်ဖို့ ပါရမီကောင်းသူများစွာ ရှိနေသေးသည်။

သို့သော်လည်း အခက်ခဲဆုံးမှာ သတ္တုကို ခန္ဓာကိုယ်ထဲ မည်သို့စုပ်ယူမလဲဟူ၍ ဖြစ်၏။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှုလိုက်ပြီး တရားထိုင်လိုက်သည်။ သူက စိတ်နှင့်ဝိညာဉ်ကို  နက်ရှိုင်းကြေးနီဆီ အာရုံစူးစိုက်ထားလိုက်သည်။

ဝမ်ဝေ့က အချိန်ဘယ်လောက်ကြာသွားမှန်း မသိသော်လည်း နက်ရှိုင်းကြေးနီဆီမှ ထူးထူးဆန်းဆန်း အပြောင်းအလဲကို ခံစားမိလိုက်သည်။ သူက နောက်ဆုံးတွင် နက်ရှိုင်းကြေးနီ၏ တာအိုအသက်ငွေ့ကို ရှာတွေ့သွားပြီ ဖြစ်၍ ပျော်သွားမိသည်။

သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် မိနစ်အနည်းငယ် အချိန်ယူလိုက်ပြီးနောက် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းထဲမှ နည်းလမ်းကို သုံးကာ သူ့ခန္ဓာကိုယ်အား နက်ရှိုင်းကြေးနီနှင့် တူညီသည့် အသက်ငွေ့ရအောင် လုပ်ယူလိုက်သည်။ ထို့နောက် ဝမ်ဝေ့က ကြေးနီသည် ပျောက်ကွယ်သွားကာ သူ့အရေပြားထဲ တိုးဝင်သွားကြောင်း တွေ့လိုက်ရ၏။

ဝမ်ဝေ့က အံ့ကြိတ်ထားလိုက်သည်။ ထိုဖြစ်စဉ်က သူ မှန်းထားသည့်ထက် ပိုနာကျင်ရ၏။ ထိုအရာနှင့် ယှဉ်လိုက်လျှင် ငရဲခြောက်ထပ်၌ သူ့အရေပြား တစ်လက်မစီတိုင်း လောင်ကျွမ်းခံရသည့် နာကျင်မှုက မပြောလောက်ပေ။

ပို၍ ဆိုးရွားသည်က အချိန်တစ်ခုမျှသာ ကြာမြင့်ခြင်း မဟုတ်ပေ။ ထာဝရကြာရှည်နေတော့မည်ဟု ခံစားနေရသည်။ ဖြစ်စဉ် ပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က သူ့အနေနှင့် နက်ရှိုင်းကြေးနီ၏ အသက်ငွေ့ကို တွေ့ပြီး သူ့အရေပြားထဲ ပေါင်းစပ်နိုင်ဖို့ သုံးနှစ်ကြာ အချိန်ယူခဲ့ရကြောင်း သိသွားသည်။

ဝမ်ဝေ့က အခန်းပတ်လည်ကို ကြည့်လိုက်သည်။ ကြမ်းပေါ်တွင် ကွာကျထားသည့် အရေခွံများစွာ ရှိနေသည်။ သူတို့၏ ပုံပန်းသဏ္ဍာန်အရ သူ့အပိုင်ဖြစ်ကြောင်း တန်းသိနိုင်၏။ သူက သူ့အရေပြားကို ကြည့်လိုက်သည်။

ဝမ်ဝေ့က ကြေးနီရောင် ပြောင်းလဲသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ပြောင်းပြန် ဖြစ်နေသည်။ သူ့အရေပြားက ပိုမိုဖြူဆွတ်လာကာ နဂိုထက် ချောမွတ်လာသည်။ အမျိုးသမီးများစွာက သူ့အသားအရေကို အားကျကာ ဒီလိုမျိုး လိုချင်နေကြလောက်လိမ့်မည်ဟု ခန့်မှန်းမိလိုက်၏။

ထို့နောက် ဝမ်ဝေ့က ထိပ်သီး နက်နဲအဆင့် ဓားကို ယူလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိ ဘယ်ဘက်လက်ပေါ် ခုတ်ချလိုက်သည်။

ချွမ်

သတ္တုအချင်းချင်း ထိတွေ့သံ ထွက်လာပြီး နက်နဲအဆင့် ဓားက ဝမ်ဝေ့ အရေပြားမှ ပြန်ကန်ထွက်သွားသည်။ အခြစ်ရာပင် မကျန်ခဲ့ပေ။ ဆိုလိုသည်မှာ အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူများက သူ့အားကောင်းလှသည့် ခုခံကာကွယ်စွမ်းဖြင့် ထိခိုက်စေနိုင်မည် မဟုတ်ချေ။

ပထမစစ်ဆေးမှုအပြီးတွင် ဝမ်ဝေ့က အဆင့်နိမ့် မြေကမ္ဘာ လက်နက်ကို ထုတ်လိုက်သည်။ သူ့ဘယ်ဘက်လက်ကို ခုတ်ချလိုက်ပြီးနောက် ထက်ရှသည့် ပစ္စည်းဖြင့် သားရေချပ်ဝတ်ကို ဖြတ်လိုက်သည့်အလား ခြစ်ရာတစ်ခု ချန်ထားခဲ့လေသည်။ သို့သော် စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် ခြစ်ရာက ပြန်ကောင်းပြီး ပျောက်ကွယ်သွားလေ၏။

ထို့နောက် ဝမ်ဝေ့က သူ့လက်မောင်းပေါ် ဓားသွားတင်ပြီး အားဖြင့် ဖိချလိုက်သည်။ တစ်မိနစ်ကြာ ခုခံပြီးနောက် သူ့အရေပြားက စတင် သွေးထွက်လာသည်။ သို့သော်လည်း မိနစ်အနည်းငယ်ကြာပြီးနောက် ဒဏ်ရာက ချက်ချင်းဆိုသလို ပြန်ကောင်းသွားပြီး နဂိုအသားအရေလိုမျိုး ပြန်လည်ချောမွတ်သွားသည်။

“ အရေပြား မွမ်းမံလိုက်တာက သဘာဝလွန်နယ်ပယ်အဆင့်နဲ့ ယှဉ်နိုင်တဲ့ ခုခံစွမ်းရည်ကို ပေးထားတာပဲ ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ပထမအောင်မြင်မှု အပြီးတွင်  ရပ်တန့်မနေပေ။

သူက အနားမယူဘဲ ကြွက်သားများကို ဆက်လက် မွမ်းမံဖို့ စတင်လိုက်သည်။

ကျင့်ကြံရေးအခန်းထဲတွင် ဝမ်ဝေ့က ခေါင်းပေါ်တွင် ဧရာမ ဆေးပေါင်းအိုးကြီး မ ထားပြီး မြင်းအနေအထားအတိုင်း ဆောင့်ကြောင့်ထိုင်နေသည်။

သူ့ခန္ဓာကိုယ်မှ ချွေးတဒီးဒီး ကျနေသည်။ ထိုမှော်ဆေးပေါင်းအိုးကြီးက သူ သယ်နိုင်သည့် အမြင့်ဆုံး အလေးချိန်ကို ဆုံးဖြတ်ပေးနိုင်ပုံပေါ်ပြီး ဝမ်ဝေ့က သူ့ကန့်သတ်ချက် ရောက်ဖို့ရာ အလေးချိန်ကို နည်းနည်းစီ တိုးလိုက်သည်။

ထို့အပြင် သူ့ကန့်သတ်ချက် မရောက်ခင် ဝမ်ဝေ့က သူ့အတွက် ထိုဆေးပေါင်းအိုးကြီးကို ပြန်ချဖို့ မဖြစ်နိုင်ကြောင်း သိလိုက်ရ၏။

ဝမ်ဝေ့က နောက်ထပ် အသက်ရှုနည်းလမ်းကို အသုံးပြုကာ သူ့ကြွက်သားများကို မွမ်းမံလိုက်ရင်း ဆေးပေါင်းအိုးကြီး အလေးချိန်ကိုလည်း တောင့်ခံထားသည်။ ကံကောင်းစွာဖြင့် ဤတစ်ကြိမ် သူက အကူအညီ မလိုလိုက်ပေ။ အကြောင်းမှာ ဂိုဏ်းက ကြွက်သားများကို မွမ်းမံဖို့အတွက် မူလချီကို အသုံးပြုမည့် နည်းလမ်းကို ဖန်တီးထား၍ ဖြစ်သည်။

နေ့စဉ်ရက်ဆက် ဝမ်ဝေ့က သူ့ကန့်သတ်ချက်ကို မချိုးဖောက်နိုင်မချင်း ထိုအလေးချိန်ကို နာရီ ၂၀ ကြာ ပင့်မ ထားသည်။ ထို့နာက် သူက ဆေးရည်ဖြင့် တစ်နာရီကြာ စိမ်လေ့ရှိသည်။ ကျန်သုံးနာရီကိုတော့ အိပ်စက်ဖို့အတွက် အသုံးပြု၏။

နေ့တစ်နေ့အဆုံးတွင် ဝမ်ဝေ့က ပင်ပန်းလွန်းသည့် ခွေးတစ်ကောင်လိုမျိုး ဟောဟဲစိုက်ကာ အင်မတန် နွမ်းလျနေသည်။

ထိုနည်းလမ်းဖြင့် နှစ်နှစ်တာ ကြာမြင့်ခဲ့သည်။ ဝမ်ဝေ့အတွက် ကံကောင်းသည်က ကျင့်ကြံသူတစ်ယောက်အနေနှင့် သူ လုပ်ဖို့လိုသည်ကား စွမ်းအားအပြည့် ဖြစ်လာဖို့ နှစ်နာရီ၊ သုံးနာရီမျှ အနားယူရန်သာ လိုအပ်လေသည်။

သူ့ခန္ဓာကိုယ်ကတော့ ထိုသို့ မဟုတ်ပေ။ သူက မနက်ခင်းတိုင်း ကြွက်သားများ နာကျင်စွာဖြင့် နိုးထလာရသည်။ နေ့စဉ်နေ့တိုင်း သူ့ကန့်သတ်ချက်ကို ချိုးဖောက်ခြင်းက ခန္ဓာကိုယ်အတွက် ဆိုးရွားနေသည်။ ဆေးရည်စိမ်ခြင်းကြောင့်သာ မဟုတ်လျှင် မသန်မစွမ်း ဖြစ်သွားလောက်လေပြီ။

မည်သို့ပင်ဆိုစေကာမူ ထိုကြိုးပမ်းမှုများ လုပ်ထားသော်လည်း ဝမ်ဝေ့က ဆုံးဖြတ်ချက် ခိုင်မာနေဆဲ ဖြစ်သည်။ ယခု သူက နောက်ဖြစ်စဉ်ကို စတင်ဖို့ စံနှုန်းကို ပြည့်မှီသွားလေပြီ။

လဝက်တာ အကြောလျော့ပြီးနာက် ဝမ်ဝေ့က ခန္ဓာကိုယ်သန့်စင်ခြင်း လျို့ဝှက်နယ်မြေထဲ ဝင်သွားလိုက်သည်။ ဤတစ်ကြိမ် သူက လျှပ်စီးနှင့် မိုးကြိုးအထပ်ဖြစ်သည့် ဒုတိယအထပ်ဆီ သွားလိုက်သည်။

ထိုအထပ်၌ မိုးကြိုး အမျိုးအစား စုံလင်စွာ ရှိလေသည်။ အတွင်းပိုင်းထဲ ရောက်လေလေ မိုးကြိုးက ပိုမိုအားကောင်းလာလေလေ ဖြစ်၏။ ဤတစ်ကြိမ် ဝမ်ဝေ့က မရပ်တန့်ဘဲ အတွင်းပိုင်းထဲ တန်းဝင်သွားလိုက်သည်။

သူ ဒီလိုလုပ်လိုက်သည့် အကြောင်းအရင်းမှာ ကြွက်သားများ မွမ်းမံနှုန်းကို မြင့်တင်ရန် ဖြစ်၏။ သူ့အရေပြားအတွက် ငါးနှစ်ကြာ အချိန်ယူခဲ့ရသည်။ ထို့အပြင် သူ့ကြွက်သားကို ပြင်ဆင်ဖို့ နှစ်နှစ်တာ အချိန်ထပ်ယူခဲ့ရသည်။ ဖြစ်စဉ်က တိုတောင်းသည်မှာ သူ့မူလချီ၏ သန့်စင်မှုနှင့် အင်အားတို့ကြောင့် ဖြစ်သည်။

သူက ဒုတိယဖြစ်စဉ်ကို လိုသည်ထက် မကြာမြင့်စေလိုပေ။

ဒုတိယအထပ် အတွင်းပိုင်း၌ ဝမ်ဝေ့က မိုးကြိုးလျှပ်စီးများ တလက်လက် ထနေသည့် ခရမ်းရောင်မြစ်ကို မြင်လိုက်ရသည်။ ထိုမြစ်တစ်ခုလုံးက မိုးကြိုးနှင့် လျှပ်စီး အရည်ဖြင့် ပြုလုပ်ထားကြောင်း သိလိုက်၏။

သူက ထိုခရမ်းရောင်မိုးကြိုးကို ခရမ်းကောင်းချီး မိုးကြိုးအဖြစ် ကျော်ကြားမှန်း သိလေသည်။ နာမည်အတိုင်း တစ်ယောက်ယောက်သာ ထိုမိုးကြိုးများထဲ အသက်ရှင်နိုင်သရွေ့ ကောင်းချီးရရှိမည် ဖြစ်၏။ ဤသည်က ကောင်းကင်မိုးကြိုးစမ်းသပ်ချက်နှင့် အတော်လေး ဆင်တူသည်။

မြစ်၏ တခြားနေရာများတွင် ရေစိမ်နေကြသည့် တခြားတပည့်များကို လျစ်လျူရှုထားလိုက်ပြီး ဝမ်ဝေ့က အဝတ်အစားကို ချွတ်ကာ မြစ်ထဲ ခုန်ချလိုက်သည်။ သိပ်မကြာခင် သူ နောင်တရလာမည့် ဆုံးဖြတ်ချက် ဖြစ်၏။

“တောက်  ” ဝမ်ဝေ့က မြစ်ထဲ ရောက်ရောက်ချင်း ငြီးတွားလိုက်သည်။ နာကျင်မှုက ပြင်းထန်လွန်း၍ ကျယ်လောင်စွာ ကျိန်ဆဲမိလိုက်သည်။ တကယ်တော့ သူ့အနေအထားနှင့် ကောင်းကောင်း သင်ကြားပြသခံရခြင်းကြောင့်သာ မဟုတ်လျှင် ပိုမိုပြင်းထန်သည့် စကားလုံးများ ကျိန်ဆဲမိလိမ့်မည်။

ဝမ်ဝေ့က သူ့ကြွက်သား ၆၀၀ လုံး စုတ်ပြဲကုန်ပြီး တဖန်ပြန်ကောင်းလာသည့် နာကျင်မှုကို ထပ်ကာထပ်ကာ ခံစားနေရသည်။ ပို၍ ဆိုးရွားသည်က နာကျင်မှုသည် ဆက်တိုက်ဖြစ်နေပြီး နည်းနည်းလေးမှ မရပ်တန့်သွားပေ။

ထို့ကြောင့် နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အနေနှင့် ဝမ်ဝေ့က နာကျင်မှုကြောင့် အော်မိသွားသည်။ သူ့အတွက် ကံကောင်းသည်က ရေအောက်ထဲ ဖြစ်နေသည့်အတွက် မည်သူကမှ သူ အော်ဟစ်နေမှန်း မသိကြပေ။

ဖြစ်စဉ်အတွင်း သူ့ကြွက်သားများက ပိုမို တောင့်တင်းလာကာ အဆန့်အကျုံ့ ပိုမိုလုပ်နိုင်လာသည်။ သူ့ခွန်အားက အလန့်တကြား ဖြစ်လောက်မည့် အမြန်နှုန်းဖြင့် ကြီးထွားနေကြောင်း ခံစားမိလေသည်။ သူ အလေးချိန်တက်ဖို့ အပြင်းအထန် လေ့ကျင့်စဉ်ထက် ပိုမိုမြန်ဆန်လှ၏။

နောက်ထပ် အကျိုးကျေးဇူးတစ်ခုမှာ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ရှိ ကြွက်သားအမျှင်တိုင်းကို ကောင်းကောင်း ထိန်းချုပ်လာနိုင်ခြင်း ဖြစ်သည်။

ဒီတစ်ခါ မွမ်းမံခြင်း ဖြစ်စဉ်က ရှစ်နှစ်တာ ကြာမြင့်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုနီးပါး ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ထိုအမြန်နှုန်းကို ကျေနပ်နေမိသည်။ သူက ခရမ်းရောင်မြစ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထို့အစား ဝမ်ဝေ့က သူ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို အသုံးပြု၍ ကြွက်သားများကို မွမ်းမံပစ်ချင်သည်။ သူ ရရှိမည့် အကျိုးကျေးဇူးက တိုင်းတာ၍ မရနိုင်ပေ။ သို့သော်လည်း သူက သတ်သေသလို ဖြစ်နေပေမည်။ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး နည်းနည်းကပင် သူ့အား သတ်သွားနိုင်၏။

သို့သော်လည်း ဝမ်ဝေ့က စိတ်ထဲ မထားပေ။ သူ ပိုအားကောင်းလာသည့်အခါ အခွင့်အရေး ရလာလိမ့်မည်။

လျို့ဝှက်နယ်မြေမှ ထွက်လာပြီးနောက် ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းဆီ ပြန်လာလိုက်သည်။ ဤတစ်ကြိမ် သူက ကြေးညိုပစ္စည်းကို ကိုင်လာသည်။

ထိုသတ္တုက နက်ရှိုင်းကြေးနီနှင့် အဆင့်တူ ဖြစ်ပြီး ပင်ကိုယ်ကြေးညိုဟု လူသိများသည်။ ဤသည်က မှော်လက်နက် သို့မဟုတ် ရုပ်သေးရုပ်များ ဖန်တီးရာ၌ အသုံးပြုသည့် ရှားပါးသတ္တုမျိုး ဖြစ်သည်။

ဝမ်ဝေ့က ငါးနှစ်တာ အချိန်ယူပြီးနောက် ပင်ကိုယ်ကြေးညို၏ တာအိုအသက်ငွေ့ကို ရှာနိုင်ခဲ့ပြီး သူ့ကြွက်သားထဲ စုပ်ယူနိုင်ခဲ့သည်။ ထိုဖြစ်စဉ်က အင်မတန် နာကျင်လွန်းလှ၏။

ခုခံကာကွယ်စွမ်း စစ်ဆေးမှုအတွက် ဝမ်ဝေ့က အလယ်အလတ် မြေကမ္ဘာအဆင့် ဓားဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုဓားက သူ့အရေပြားကို ထိုးဖောက်သွားပြီးနောက် ကြွက်သားများ၏ တားဆီးမှုကို ခံလိုက်ရသည်။ သူ ခွန်အား မည်မျှ ထုတ်သုံးနေစေကာမူ ကြွက်သားကို မထိုးဖောက်နိုင်ပေ။

တချို့ကို ဖြတ်သွားနိုင်လျှင်ပင် ချက်ချင်း ပြန်ကောင်းလာလိမ့်မည် ဖြစ်၏။ ယခု ဝမ်ဝေ့က အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့် ကျင့်ကြံသူများဆီမှ ကာကွယ်နိုင်လေပြီ။

ထို့နောက် ဝမ်ဝေ့က လေ့ကျင့်ရေးခန်းဆီ ဦးတည်လိုက်သည်။

ထိုနေရာတွင် သူက တစ်ကိုယ်လုံးမှ ခွန်အားကို စုစည်းကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ သူက မူလချီကို အသုံးမပြုထားဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသပ်သပ်သ ဖြစ်၏။ ထိုလက်သီးချက်ဖြင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဝုန်း

ဝမ်ဝေ့ ခန္ဓာကိုယ်မှ အားကောင်းသည့် အင်အားတစ်ခု ထွက်သွားစဉ် လေဖိအားနှင့် ပွတ်တိုက်အားတို့ကို လျစ်လျူရှုထားပြီး လေ့ကျင့်ရေးခန်း နံရံဆီ ထိမှန်သွားသည်။ နံရံက တုန်ခါလာသည်။ အားပြင်းလွန်းမှုကြောင့် မြေကြီးပင် အက်ကြောင်းရာပင် ထင်ဟပ်လာသည်။

အကယ်၍ အချိန်မီ အသက်ဝင်လာသည့် အစီအရင်ကြောင့်သာ မဟုတ်လျှင် အခန်းတစ်ခုလုံး ပေါက်ကွဲသွားလောက်လေပြီ။

ဝမ်ဝေ့က ထိုလက်သီးချက်သည် သူ့နဂါးအာဏာလက်သီးထက် ပိုမိုအားကောင်းကြောင်း သိလိုက်၍ ပြုံးလိုက်မိသည်။ ထိုလက်သီးချက်တစ်ခုတည်းဖြင့် သူက ခွန်အားသပ်သပ် ကျင်း သိန်းတစ်ရာကို ထုတ်နိုင်လေသည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားသပ်သပ်ဖြင့် သူက အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့် ကျင့်ကြံသူအများစုကို အနိုင်ယူပစ်နိုင်သည်။ သူ့တွင် မူလချီ ရှိနေသေးသည့်အကြောင်း ထည့်မပြောရသေးပေ။

နှစ် ၂၀ အတွင်း ဝမ်ဝေ့က ကျင့်ကြံရေးကို မရပ်တန့်ခဲ့ပေ။ အံ့ဖွယ်ပလ္လင်အဆင့်၌ အံ့ဖွယ်သွေးကြော ၁၁၂ ခုကို ထွင်းထားပြီးလေပြီ။ ဆိုလိုသည်မှာ သူက ယခု အလယ်အလတ် အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သို့‌ ရောက်နေလေပြီ။

သူ့လေ့ကျင့်ရေးခန်းထဲမှ ထွက်လာသည့်အခါ အစေခံခေါင်းဆောင် ဝမ်ကျူကို မြင်လိုက်ရသည်။ သူက ပြုံးပြုံးရွင်ရွင်ဖြင့် သူမကို နှုတ်ဆက်လိုက်သည်။

“ဝမ်ကျူ … ကျင့်ကြံတာကနေ ထွက်လာပြီပဲ။ အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ရဲ့လား ”

ဝမ်ကျူက ပုံမှန်အတိုင်း ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီး  “ ဟုတ်ကဲ့ပါ သခင်လေး … ဂိုဏ်းရဲ့ အကူအညီနဲ့ အဆင့်တက်နိုင်ခဲ့ပါပြီ ”

ထိုအရာကို ကြားကာ ဝမ်ဝေ့က ပျော်ရွင်ရမည့်အစား မျက်မှောင်ကြုတ်လိုက်မိသည်။

“ ကျွန်တော် သိသလောက် ဝမ်ကျူရဲ့ ကျင့်ကြံဆင့်လိုမျိုး ကျင့်ကြံသူတွေက နှစ်ရာချီ အချိန်ယူရတယ်ဆို … ဆယ်စုနှစ်လောက်နဲ့ ထွက်လာတာဆိုတော့ အဆင်ပြေတာ သေချာရဲ့လား ”

“ သခင်လေး ကျွန်မကို စိတ်ပူဖို့ မလိုပါဘူး။ ဂိုဏ်းက ကျွန်မ မြန်မြန်ဆန်ဆန် ပြီးစီးပြီး သခင်လေးကို ကူညီနိုင်အောင် ကျွန်မရဲ့ လေ့ကျင့်နှုန်းကို မြင့်ပေးနိုင်တဲ့ သီးသန့်လျို့ဝှက်နယ်မြေထဲ ခေါ်သွားပေးပါတယ် ”

တကယ်တော့ ဝမ်ကျူက လိမ်ညာလိုက်ခြင်း ဖြစ်၏။ သူမက အဆင့်မြန်မြန်တက်နိုင်ဖို့ သက်တမ်းကို စတေးရမည့် လျို့ဝှက်ကျင့်စဉ်ကို ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမက စိတ်ထဲ မထားပေ။

သူမက ကိုယ့်ပါရမီအကြောင်း ကောင်းကောင်းသိလေသည်။ သူမက တစ်ရက်ကျ အထွတ်အထိပ်အဆင့် ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ယှဉ်ပြိုင်ဖို့ ကံကြမ္မာပါလာသည့် ကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်လိုက်သည့်အခါ သူမ၏ အမြန်နှုန်းက မယှဉ်နိုင်ပေ။

အကယ်၍ သူမသာ သခင်လေးနှင့် တန်းတူမလိုက်လျှင် ဂိုဏ်းက သူမအစား တခြားတစ်ယောက်ကို ပျော်ပျော်ကြီး အစားထိုးပစ်လိုက်ကြလိမ့်မည်။

သူမ၏ ကုန်ဆုံးသွားသည့် သက်တမ်းအတွက်မူ သခင်လေးသာ တာအိုကို သက်သေပြနိုင်သရွေ့ သူမ ရရှိမည့် အကျိုးကျေးဇူးများက သူမ စတေးထားသည့် အရာထက် သာလွန်နေလိမ့်မည်။

ဝမ်ကျူက အရာအားလုံး အဆင်ပြေကြောင်း ပြောသည့်အတွက် ဝမ်ဝေ့လည်း ခေါင်းစဉ်လွဲပြောလိုက်သည်။ ဂိုဏ်းက အလွန်အားကောင်းပြီး နက်ရှိုင်းသည့် အခြေခံအုတ်မြစ် ရှိလေသည်။ သူတို့အတွက် ဒီလိုမျိုး လျို့ဝှက်နယ်မြေ ရှိထားခြင်းက မကြားဖူးခြင်းတော့ မဟုတ်ပေ။

“ အဲဆို ဒီနေ့ ဘာကိစ္စများလဲ ”

“သခင်လေးကို စစ်ဆေးမှု နီးကပ်လာတဲ့အကြောင်း လာအကြောင်းကြားတာပါ ”

“ အဲလောက် အချိန်တောင် ဖြစ်နေပြီလား ”

“ ဟုတ်ပါတယ်။ သခင်လေး သိတဲ့အတိုင်း ကျင့်ကြံသူတွေက သဘာဝလွန်အဆင့်ကို တက်လှမ်းတဲ့အခါ ကြုံရာပင်ကိုယ်စွမ်းရည်တစ်ခုခုကို ရရှိကြတယ်။ ပါရမီလို့ ခေါ်တဲ့အရာက လူတစ်ယောက်ရဲ့ ချီကံကောင်းမှုပေါ် မူတည်နေတဲ့ စွမ်းအားပဲလေ။ အဲဒါကြောင့် သခင်လေး ကိုယ်ပိုင် ပင်ကိုယ်ပါရမီ ရမလာခင် သခင်လေးရဲ့ ချီကံကောင်းမှုက ခရမ်းရွှေရောင် ဖြစ်နေဖို့ လိုအပ်တယ် ”

“ စစ်ဆေးမှုက ဘာအကြောင်းလဲ ”

“ ဒီစစ်ဆေးမှုက သခင်လေး အလွှာနိမ့်ဆီ သွားပြီး ကံကြမ္မာတိုင်းပြည်(ကျင့်ကြံရေး တိုင်းပြည်) တည်ထောင်ဖို့ပါ။ အဲဒီနောက် သခင်လေးရဲ့ ချီကံကောင်းမှုကို တိုင်းပြည်တစ်ခုလုံးရဲ့ ကံကောင်းမှုနဲ့ ပေါင်းစပ်ရမယ်။ အဲဒီမှာ နည်းလမ်းတစ်ခု သုံးပြီး သခင်လေးက ဝဋ်ကြွေးမခံရဘဲ တိုင်းပြည် ကံကောင်းမှု တစိတ်တပိုင်းကို စုပ်ယူနိုင်လိမ့်မယ် ”

“ စိတ်ဝင်စားစရာပဲ။ စစ်ဆေးမှုက ဘယ်အလွှာမှာ သွားရမှာလဲဆိုတာ သိထားသေးလား”

“ အရင်ကဆိုရင်တော့ သေချာဖြေနိုင်ပေမဲ အခု စစ်ဆေးမှုကို အပြောင်းအလဲ လုပ်ထားတယ်။ မဟာဝူတော်ဝင်တိုင်းပြည်က နှစ်များစွာ ကမောက်ကမ ဖြစ်နေတဲ့ အလွှာသစ်တစ်ခုကို ရှာတွေ့ထားတယ်။ သူတို့က အလယ်ပိုင်းကုန်းမြေက အင်အားစုတွေကို ဖိတ်ကြားပြီးတော့ ဒီတစ်ခေါက် စစ်ဆေးမှု လုပ်ဖို့ ပြောထားတယ် ”

“ ဘယ်လောက်ကြာကြာ ပြင်ဆင်ရမှာလဲ”

“ငါးနှစ်လောက်ပါ ”

“အချိန်ကြာသားပဲ … လီကျွင်းနဲ့ ယန်းလီလင်းကိုရော အကြောင်းထားပြီးပြီလား ”

“ ဟုတ်ကဲ့ …. သူတို့လည်း သတင်းရပြီးလို့ ပြင်ဆင်နေလောက်ပါပြီ ”

“ကောင်းတယ် …. နောက်စိန်ခေါ်မှုကို စောင့်နေမိပြီ ”

All Chapters