အဆုံးမဲ့လေဟာနယ်
Vol. 7 Ch. 87
အခန်း(၈၇) : အဆုံးမဲ့လေဟာနယ်
ဝမ်ကျူကို ပြန်လွှတ်လိုက်ပြီးနောက် ဝမ်ဝေ့က နောက်စစ်ဆေးမှုအကြောင်း စတင် တွေးတောလိုက်သည်။ ဤသည်က သူ့အနေနှင့် နောက်ကျင့်ကြံရေး နယ်ပယ်အဆင့် တက်လှမ်းနိုင်ဖို့အတွက် အရေးပါလှသည်။
သဘာဝလွန် နယ်ပယ်အဆင့်သည် ကျင့်ကြံသူများအတွက် မှတ်ကျောက်တစ်ခု ဖြစ်၏။ ဤသည်က နိမ့်ကျသည့် သိုင်းပညာရှင်နှင့် တောင်နှင့် မြစ်များကို ဖျက်ဆီးပစ်နိုင်သည့် မသေမျိုး ကျင့်ကြံသူများကြား ခြားနားထားသည့် နယ်ပယ်အဆင့်လည်း ဖြစ်ပေသည်။
အတိတ်တုန်းက ထိုနယ်ပယ်အဆင့်ကို သေမျိုးသာလွန်အဆင့်ဟုလည်း ခေါ်ဆိုကြသည်။ နာမည်အတိုင်း ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ သေမျိုးအဖြစ် မသတ်မှတ်တော့သည့် နယ်ပယ်အဆင့် ဖြစ်သည်။
သူတို့ကို ဘယ်သူကများ အပြစ်တင်နိုင်မည်နည်း။
သဘာဝလွန်အဆင့် ကျင့်ကြံသူများက လေထဲတွင် အလွယ်လေး ပျံသန်းနိုင်ကြပြီး စွမ်းရည်သဖွယ် အာရုံခြောက်ပါး ပေးစွမ်းသည့် အံ့ဖွယ်အသိစိတ်လည်း ပွင့်သွားကြလေပြီ။ သူတို့က ထူးထူးဆန်းဆန်း၊ ရူးကြောင်ကြောင် အားကောင်းသည့် မန္တန်များကို ထုတ်သုံးလာနိုင်ပြီ ဖြစ်၏။
ဝမ်ဝေ့အတွက်မူ ထိုနယ်ပယ်အဆင့်က ပိုအရေးပါနေသည်မှာ သူနှင့် အခြားသော ကောင်းကင်ရွေးချယ်ခံများ၏ ကောင်းကင်ရုပ်ခန္ဓာများ စတင်နိုးထလာတော့မည် ဖြစ်၏။
ကောင်းကင်ရုပ်ခန္ဓာရှိသည့် လူတိုင်း သူတို့တမူထူးရုပ်ခန္ဓာအရ ပင်ကိုယ်စွမ်းရည်တစ်ခုစီ ချီးမြင့်ခံရမည်။ ဤသည်က အစောပိုင်းအဆင့်များ၌ တမူထူးရုပ်ခန္ဓာနှင့်လူများသည် တခြားသော သာမန်ကျင့်ကြံသူများထက် ပို၍ အားကောင်းနေသည့် အကြောင်းအရင်းထဲက တစ်ခု ဖြစ်လေသည်။
ထိုအရာများကို တွေးလိုက်ပြီးနောက် ဝမ်ဝေ့က နောက်နှစ်အနည်းငယ်ကို မည်သို့ကုန်ဆုံးရမည်ကို စတင်၍ အစီအစဉ်ဆွဲနေသည်။ သူ့အရိုးများကို မွမ်းမံဖို့ အချိန်မလုံလောက်ကြောင်း သိလေသည်။ တကယ်တော့ အစောပိုင်း ပြင်ဆင်ရေးအဆင့် လုပ်ဖို့ရာပင် အချိန်မလုံလောက်ပေ။
ထိုကြောင့် သူက လက်နက်သွန်းလုပ်ခြင်း၊ အစီအရင်နှင့် အဆောင်လက်ဖွဲ့များအကြောင်း လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ ယခင် သူက လေ့လာခြင်း ရပ်တန့်ထားသည်မှာ ကျင့်ကြံရေးနှင့် အလုပ်ရှုပ်နေ၍ ဖြစ်သည်။ ယခု သူ့တွင် အချိန်ပိုထွက်လာပြီ ဖြစ်၍ ဆက်လေ့လာရမည်။
တကယ်တော့ ထိုကိစ္စများတွင် တူညီချက်တစ်ခု ရှိလေသည်။ အံ့ဖွယ်အက္ခရာ ဖြစ်၏။ အံ့ဖွယ်အက္ခရာများသည် အကျိုးမြတ်များသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ၏ အခြေခံ ဖြစ်ပေသည်။ ဥပမာအားဖြင့် ဆေးလုံးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း သို့မဟုတ် အစီအရင် ခင်းကျင်းခြင်းတို့ ဖြစ်၏။ သူတို့ကြား တစ်ခုတည်းသော ခြားနားချက်မှာ အမျိုးအစားနှင့် သုံးစွဲသည့် အက္ခရာအရေအတွက် ဖြစ်သည်။
ဆေးလုံးနှင့် အဆောင်လက်ဖွဲ့လိုမျိုး အက္ခရာများက အက္ခရာအရေအတွက် အနည်းဆုံး အသုံးပြုကြစဉ် အစီအရင်နှင့် လက်နက်သန့်စင်ရေးများက အများအပြား အသုံးပြုရသည်။ ထိုစည်းမျဉ်း၌ ခြွင်းချက်တော့ ရှိလေသည်။
ထို့ကြောင့် ဝမ်ဝေ့က လက်မှုအတတ်ပညာကို လေ့ကျင့်ရင်း အံ့ဖွယ်အက္ခရာများအား ဆက်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ် သူက လက်နက်သွန်းလုပ်ခြင်းအပေါ် အာရုံစိုက်ထားသည်။ အထူးသဖြင့် ရုပ်သေးရုပ် ပြုလုပ်ရာတွင် ဖြစ်၏။ ဝမ်ဝေ့က ရုပ်သေးရုပ်များကို အတော်လေး စိတ်ဝင်စားမိနေသည်။ ဤသည်က သူ့ကောင်းကင်ရုပ်ခန္ဓာ နာမည်တွင် ရုပ်သေးဆရာ ပါဝင်နေသည်နှင့် ပတ်သက်မှုရှိရမည်။
လေ့ကျင့်ဖို့ လိုအပ်သည့် မြောက်များစွာသော အရင်းအမြစ်များအတွက်မူ သူ ဘယ်တော့မှ မပြတ်လပ်သည်မှာ အရင်းအမြစ်သာ ဖြစ်၏။ သူ့စကားတစ်ခွန်းတည်းဖြင့် တစ်ယောက်ယောက်က သူ လိုအပ်သမျှ ပစ္စည်းအားလုံး လာပို့သွားလိမ့်မည်။
တကယ်တော့ ဝမ်ဝေ့ ထိုပညာရပ်များအား သင်ယူဖို့ ဆုံးဖြတ်ချက် ခိုင်မာနေသည့် နောက်ထပ် အကြောင်းအရင်းတစ်ချက်မှာ သူ အသက်ဆက်ရှင်ဖို့ လိုအပ်သည့်အခါမျိုး ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ် စွမ်းရည် ခွဲထားစေခြင်း ဖြစ်၏။
ဝမ်ဝေ့က ပင်ကိုယ်သဘာဝအားဖြင့် သတိကြီးသူ တစ်ဦး ဖြစ်၏။ သူက ဖြစ်လာနိုင်သည့် အဆိုးဆုံး အခြေအနေမျိုးအတွက် အမြဲတမ်း ကြိုတင်ပြင်ဆင်ထားလိုသည်။
သူက ထိုပညာရပ်များ လေ့လာဖို့ ဆုံးဖြတ်လိုက်ခြင်းမှာ တစ်ရက် ကျင့်ကြံဆင့်၊ အားကောင်းသည့် ခန္ဓာကိုယ်နှင့် လျို့ဝှက်ဆန်းကြယ် ဝိညာဉ်အပါအဝင် သူ့စွမ်းရည်အားလုံးကို ရင်ဆိုင်တုံ့ပြန်နိုင်သည့် ပြိုင်ဖက်မျိုးနှင့် တွေ့လာခဲ့အခါမျိုးအတွက် ဖြစ်၏။ ထိုအခါ သူက အစီအရင် သို့မဟုတ် အဆောင်လက်ဖွဲ့ဖြင့် ဆက်လက် တိုက်ခိုက်နိုင်သေးသည် မဟုတ်ပါလော။
အကယ်၍ သူ့ပြန်လည်ကုသနိုင်စွမ်း အလုပ်မဖြစ်တော့သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရလျှင် သူ့ဘာသာ ကုသဖို့အတွက် ဆေးလုံး ဖော်စပ်ဖို့ လိုအပ်လာနိုင်သည်။
ဝမ်ဝေ့က ယခင်ဘဝမှ အသက်ရှင်ဖို့ ကံတရားကိုသာ မှီခိုအားထားသည့် ကမ္ဘာကူးပြောင်းသူများကဲ့သို့ မဖြစ်ချင်ပေ။
ထိုပညာရပ်များ၏ အသိပညာဗဟုသုတများဖြင့် ဖြစ်နိုင်ခြေများက အကန့်အသတ် မရှိတော့ပေ။ ထို့ကြောင့် သူက မည်သည့်အခြေအနေမဆို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။
သိပ်မကြာခင် စစ်ဆေးမှု အချိန်ကျရောက်လာလေပြီ။
ဝမ်ဝေ့နှင့် ဝမ်ကျူတို့က ဝမ်မျိုးနွယ် စံအိမ်အပြင်ဘက်တွင် ရပ်ကာ လီကျွင်း၊ ယန်းလီလင်းနှင့် အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်တို့ကို စောင့်နေကြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် လီကျွင်းနှင့် ယန်းလီလင်းတို့က လူငါးယောက်နှင့်အတူ ရောက်လာကြသည်။
ထိုလူများကို မြင်ပြီး ဝမ်ဝေ့က သူတို့ဆီမှ သတ်ဖြတ်ငွေ့ ထွက်ပေါ်နေသည်ကို ခံစားမိလိုက်သည်။ ဆိုလိုသည်မှာ ထိုလူငါးယောက်က ဒီလိုမျိုး ခက်ထန်သည့် အငွေ့အသက်မျိုး ရှိနေဖို့ လူများစွာ သတ်ဖြတ်ခဲ့ကြောင်း ညွှန်ပြနေသည်။ ဝမ်ဝေ့က ထိုလူငါးယောက်သည် လီကျွင်း စိတ်ဝိညာဉ်ခရီးလမ်းအတွင်း တွေ့ခဲ့သည့် လက်အောက်ငယ်သားများ ဖြစ်ကြောင်း မှတ်မိလိုက်၏။
“ ဒီလူတွေက …” ဝမ်ဝေ့က မေးလိုက်သည်။
“ အစ်ကိုကြီး ဒါက စစ်သူကြီး(၁)၊ စစ်သူကြီး(၂)၊ … စစ်သူကြီး(၅)ပါ ”
ထို့နောက် ဝမ်ဝေ့က ထိုလူများကို ကြည့်လိုက်သည်။ သူက လီကျွင်းသည် ထိုလူများကို လေ့ကျင့်ရေး နည်းဗျူဟာအရ နာမည်အစစ်များကို မသုံးထားကြောင်း၊ သူတို့နာမည် ပြန်ရလာကာ အသိအမှတ်ပြုခံရအောင် အင်မတန် အလုပ်ကြိုးစားဖို့ ဆော်ဩထားကြောင်း ပြောနိုင်လေသည်။
ဤသည်မှာ ရက်စက်သည့် လေ့ကျင့်ရေးနည်းလမ်း ဖြစ်၏။ ပါဝင်သူများအား သူတို့ဇစ်မြစ်ကို ပယ်ဖျက်ကာ သူတို့အား ကြိုးစားခြင်းဖြင့် နာမည်အစစ် ပြန်ရလာအောင် လုပ်ဖို့ ဖိအားပေးထားခြင်း ဖြစ်၏။
ဝမ်ဝေ့က လီကျွင်း၏ လေ့ကျင့်ရေးနည်းလမ်းများကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုလူငါးယောက် အကူဖြင့် ဤစစ်ဆေးမှု၏ ဖိအားအများစုက သူ့ပခုံးပေါ်မှ လျော့သွားလေသည်။
မိနစ်အနည်းငယ်ကြာမြင့်ပြီးနောက် အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်က အပြုံးလေးဖြင့် ရောက်လာသည် “ သခင်လေး အဆင်သင့်ဖြစ်ပြီလား ”
“ ဟုတ် အကြီးအကဲချုပ် … ဒါပေမဲ့ ပြင်ဆင်ထားတာတွေက ဘာလို့ ထင်ထားတာထက် ကြာနေတာလဲ တွေးနေတာ ”
“ ဒီစစ်ဆေးမှု ပြုလုပ်မဲ့ နေရာက အလွှာနိမ့်ကမ္ဘာထဲမှာပါ။ အဲဒါကြောင့် သဘောတရားအရပြောရရင် ခွင့်ပြုပေးထားတဲ့ အမြင့်ဆုံးစွမ်းအားက အံ့ဖွယ်ပလ္လင်အဆင့်ထိပါပဲ။ ဒါပေမဲ့ သခင်လေးမျိုး ကောင်းကင်ရွေးချယ်ခံတချို့အတွက် သူတို့ကျင့်ကြံဆင့်ထက် တိုက်ရည်ခိုက်ရည်ကောင်းနေကြတာမျိုးကျ ကမ္ဘာကို မပျက်စီးသွားဖို့ တိုက်ခိုက်နှုန်းကို ခံနိုင်ရည်ရှိဖို့ ပြန်လည်မွမ်းမံပေးရပါတယ် ”
ဝမ်ဝေ့က ထိုအကြောင်းကြားသည့်အခါ အကြည့်များ တောက်ပလာသည် “ ဘာမှစဉ်းစားစရာ မလိုဘဲ တိုက်ခိုက်နိုင်တာ ကောင်းတာပဲ ”
ခဏကြာပြောပြီးသည့်နောက် အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်က လေဟာနယ်သင်္ဘောကို ထုတ်လိုက်သည်။ သို့သော်လည်း ထိုအရာက ဝမ်ဝေ့တို့ စိတ်ဝိညာဉ်ခရီးလမ်း သွားစဉ်ကနှင့် ယှဉ်လိုက်လျှင် အတော်လေး သေးလေသည်။
ဝမ်ဝေ့တို့အဖွဲ့ သင်္ဘောပေါ် တက်ပြီးနောက် ယန်းချန်က သင်္ဘောအား သူ့မူလအဆီအနှစ်ဖြင့် ရစ်ပတ်လိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်သည်။ ထိုစဉ် သူ့ရှေ့ အာကာပြင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သင်္ဘောက ဝင်ရောက်သွားလေသည်။
ခဏအကြာတွင် ဝမ်ဝေ့နှင့် သူ့အဖွဲ့က အဆုံးမဲ့လေဟာနယ်ထဲ မျှောလွင့်နေကြောင်း တွေ့လိုက်ရသည်။ ဤသည်က မည်းမှောင်နေသည့် အနက်ရောင်နှင့်အတူ လင်းလက်နေသည့် ကြယ်တာရာများ ပြန့်ကျဲနေသည်။
သူတို့အောက်တွင် အဆုံးမဲ့လေဟာနယ်ထဲ မျှောလွင့်နေကာ ဧရာမ သမုဒ္ဒရာများက ဆက်သွယ်ပေးထားသည့် ကုန်းမြေ ငါးခုကို မြင်တွေ့နိုင်သည်။
လမင်း တစ်စင်း၊ နေမင်း တစ်စင်းတို့က ထိုကုန်းမြေငါးခုပေါ်တွင် လျို့ဝှက်ဆန်းကြယ်စွာ ချိတ်ဆွဲထားသလို တည်ရှိနေကြသည်။
အရာအားလုံးကို လွှမ်းခြုံထားသည့် ဧရာမအမိုးခုံးကြီး တစ်ခု ရှိနေသည်။ ကြည့်ရသည်မှာ အရာအားလုံး အတူတကွ ဖြစ်စေဖို့ ကာကွယ်ပေးထားဟန်ပေါ်၏။
ဤသည်က အသင်္ချေအင်ပါယာ ကမ္ဘာ ဖြစ်ပေသည်။
ဝမ်ဝေ့က ဤကမ္ဘာသည် အမှန်တကယ် ဂြိုလ် တစ်လုံး မဟုတ်ကြောင်း မှန်းဆထားပြီးပြီးသား ဖြစ်သော်လည်း ပထမဆုံးကြိမ် မြင်တွေ့ရသည့်အခါ အံ့ဩမိနေဆဲ ဖြစ်သည်။
သူ့အား အံ့ဩစေဆုံးအရာက ကမ္ဘာတစ်ခုလုံး၏ အရွယ်အစား ဖြစ်သည်။ သူ့ခန့်မှန်းခြေအရ ကုန်းမြေတစ်ခုက သူ့အတိတ်ဘဝတုန်းက နေအဖွဲ့အစည်းတစ်ခုစာလောက် အရွယ်အစား ရှိသည်။ ဤသည်မှာ အနည်းဆုံး မှန်းခြေ ဖြစ်၏။
မိနစ်အနည်းငယ်ကြာ ငေးမောနေပြီးနောက် အဖွဲ့က သူတို့ခရီးစဉ်ကို စတင်လိုက်ကြသည်။
အစစ်အမှန် အုပ်ချုပ်သူယန်းချန်က လက်ဝေ့လိုက်ပြီး လေဟာနယ်ထဲ လှိုဏ်ခေါင်းကို ဖွင့်လိုက်သည်။ ထို့နောက် သူက သင်္ဘောကို လှိုဏ်ခေါင်းထဲ မောင်းနှင်သွားလိုက်သည်။
ဝမ်ဝေ့က အထွတ်အထိပ်အဆင့်၏ စွမ်းအားကို အံ့ဩနေမိသည်။ သူက ဤလှိုဏ်ခေါင်းသည် သူတို့အား အကွာအဝေးများစွာကို သွားလာစေနိုင်သည့် အာကာပြင်လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း ပြောနိုင်လေသည်။ အကြီးအကဲချုပ်ယန်းချန်က လက်တစ်ချက်ဝေ့ရုံလိုက်ဖြင့် ဒီလိုအရာမျိုး လုပ်နိုင်လိုက်သည်။
လကြာရှည်သည့် ခရီးစဉ်တစ်လျှောက် ဝမ်ဝေ့နှင့် သူ့အဖွဲ့က လေဟာနယ်ထဲ မျှောလွင့်နေသည့် ကုန်းမြေများကို မြင်တွေ့ခဲ့ရသည်။ ထိုအရာများက ကမ္ဘာများ ဖြစ်ကြ၏။ တချို့အရာများက ဧရာမဂြိုလ်ကြီးလိုမျိုး ဖြစ်နေကြောင်း ဝမ်ဝေ့ သတိထားမိလိုက်သည်။
ခရီးစဉ်အတွင်း မတော်တဆ တစ်ခု ဖြစ်ပွားခဲ့ပြီး သူတို့ကို ဧရာမသားရဲကြီး တစ်ကောင်က လာရောက်တိုက်ခိုက်ခဲ့သည်။ သို့သော် အကြီးအကဲချုပ် လက်ချက်ဖြင့် ထိုသားရဲကြီးမှာ ဇိဝိန်ချုပ်သွားခဲ့ရသည်။
ယန်းချန် ပြောစကားအရ ဝမ်ဝေ့က ထိုသားရဲကို လေဟာနယ်စားသုံးသူ သားရဲဟု လူသိများကြောင်း သိလိုက်ရသည်။ သူတို့က လေဟာနယ်ထဲ မွေးဖွားလာပြီး အာကာပြင်စွမ်းအား ပိုင်ဆိုင်ထားသည့် သက်ရှိများ ဖြစ်ကြပြီး အဆုံးမဲ့ လေဟာနယ်ကြား သွားလာကာ ကမ္ဘာများကို ရှာဖွေပြီး ဖျက်ဆီးကာ စားသုံးပစ်ကြသည်။
ဂိုဏ်းအတွင်း မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ ထိုလေဟာနယ်စားသုံးသူ သားရဲတချို့သည် မဟာဧကရာဇ်ကိုပင် တိုက်ခိုက်ကာ သတ်ပစ်နိုင်လောက်အောင်အထိ စွမ်းအားကြီးလေသည်။
အဖွဲ့က သူတို့ဦးတည်ချက် ရောက်သွားသည့်အခါ လှိုဏ်ခေါင်းထဲမှ ထွက်လာလိုက်ကြသည်။ အစစ်အမှန် အုပ်ချုပ်သူယန်းချန်က သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည် “ ဒီကမ္ဘာက ဘာလို့ ဝေးနေရတာလဲ။ ငါသာ အာကာပြင်စည်းမျဉ်းအကြောင်း နားလည်ထားရင် ချက်ချင်းဆိုသလို ရောက်သွားနိုင်မှာ ”
သိပ်မကြာခင် ဝမ်ဝေ့က နောက်ထပ် ကုန်းမြေတစ်ခုဆီ ရောက်လာကြောင်း သိလိုက်ရသည်။ သို့သော်လည်း ကြီးမားကျယ်ပြောသည့် သမုဒ္ဒရာရှိသော်လည်း ပိုင်းခြားထားပုံ မပေါ်ပေ။ အရွယ်အစားအားဖြင့် အသင်္ချေအင်ပါယာကမ္ဘာမှ တချို့နယ်မြေလောက်သာ ကြီးမားလေသည်။
ဤသည်မှာ စစ်ဆေးမှု ကျင်းပမည့် နေရာ ဖြစ်၏။
“ အားလုံးအဆင့်သင့် ဖြစ်ကြပြီလား” အကြီးအကဲချုပ်ယန်းချန်က မေးလိုက်သည်။
ဝမ်ဝေ့တို့ အဖွဲ့က ခေါင်းညိတ်ပြကြသည်။
ယန်းချန်က ဝမ်ကျူအား ကြည့်လိုက်ပြီး “ ငါတို့ တခြားအင်အားစုနဲ့ လုပ်ထားတဲ့ သဘောတူညီချက်အရ အံ့ဖွယ်ခန္ဓာ ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်း စွမ်းအားကို စည်းပိတ်ထားပြီး မသုံးရဘူး။
ပြီးတော့ မင်းကို သတိပေးရဦးမယ်။ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက အားနည်းပေမဲ့ ကျူးကျော်သူတွေကို ခွဲခြားနိုင်စွမ်း ရှိသေးတယ်။ မင်း ဒီကမ္ဘာထဲဝင်တာကို တုံ့ပြန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်ထက် ကျော်လွန်တဲ့ ကျင့်ကြံဆင့်ကို ဖော်ထုတ်မိတာနဲ့ အတွင်းကနေ မင်းကို နှင်ထုတ်ပစ်လိမ့်မယ် ”
ဝမ်ကျူအား သတိပေးပြီးနောက် ယန်းချန်က နောက်ထပ် အက်ကြောင်းတစ်ခုကို ဖွင့်ကာ အဖွဲ့အား သူတို့စစ်ဆေးမှု ခံယူရန် ပို့ဆောင်လိုက်သည်။
အဖွဲ့အထဲရောက်ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ယန်းချန်က လေဟာနယ်ထဲမှ ပဲ့တင်သံကို ကြားလိုက်ရသည်။
“ယန်းချန် … မင်းရဲ့ တာအိုအခွင့်အလမ်းဂိုဏ်းက ကျစ် …. ဒီကို သေဖို့ လာတာလား”