← Chapters

လက်စားချေခြင်း

Vol. 7 Ch. 88

လက်စားချေခြင်း

Vol. 7 Ch. 88

အခန်း(၈၈) :  လက်စားချေခြင်း

အစစ်အမှန် အုပ်ချုပ်သူယန်းချန်က အသံလားရာဘက် ကြည့်လိုက်သည်။ သူ့အကြည့်များက လေဟာနယ်ကို ဖောက်ထွင်းသွားပြီးနောက် အရောင်အသွေးစုံလင်သည့် နဂါးသုံးကောင်နှင့်အတူ တော်ဝင်သရဖူ ဝတ်ဆင်ထားသည့် လူအိုကြီးကို မြင်လိုက်ရသည်။

“ ဒါက နန်းစွန့်မင်းသား ကျီချန်းမလား ” ယန်းချန်က မထိတထိ ပြုံးလိုက်သည်  “ မတွေ့ရတာ အတော်ကြာပြီပဲ။ ဒါနဲ့ သေလမ်းရှာနေတယ်ဆိုတာ ဘာပြောချင်တာလဲ။ ကျုပ်တို့ တာအိုအခွင့်အလမ်းဂိုဏ်းက ဘယ်တုန်းကများ ရန်စမိလို့လဲ ”

သိပ်မကြာခင် အစစ်အမှန် အုပ်ချုပ်သူ ကျီချန်းက ယန်းချန်ရှေ့ ရောက်လာသည်။ သူ့အကြည့်များက အေးစက်နေပြီး လှောင်ပြောင်ပြောလိုက်သည်  “အရှင်နဲ့ ကျီရှန့်တို့က ငါ့တူမြေးအပေါ် မင်းတို့လူတွေ လုပ်တာကို လျစ်လျူရှုလိုက်ကြပေမဲ့ ငါက ဒီအတိုင်း ငြိမ်မနေနိုင်ဘူး။ မင်းတို့ တစ်ယောက်ကတော့ ပြန်ပေးဆပ်ရမှာပဲ”

“ ခင်ဗျား တူမြေးတဲ့လား ” ယန်းချန်က မေးလိုက်ပြီးနောက် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့်  “အိမ်ရှေ့စံ ကျီစုန့်ကို ပြောတာလား။ အဲဒါ ဖြစ်ခဲ့တာ ဆယ်စုနှစ်တောင် ကြာနေရောပေါ့။ အခုမှ လာပြီး ဘာလို့ပြန်ပြောနေရတာလဲ ”

“ မင်းတို့ သူ့အုတ်မြစ်ကို ဖျက်ဆီးပြီး သတ်မလိုအထိ လုပ်ခဲ့တာလေ ” ကျီချန်းက အော်ပြောလိုက်သည်။

“ ကျုပ် မှတ်မိသလောက် သူတို့လူငယ်မျိုးဆက်ကြား တိုက်ပွဲမှာ ခင်ဗျားလူက မျှမျှတတ တိုက်ပြီး ရှုံးသွားတာလေ။ သူ အသက်ရှင်ရက်ရှိနေတာတောင် ပျော်နေသင့်ပြီ။ ပြီးတော့ သူက အခု အဆင်ပြေနေတယ် မဟုတ်ဘူးလား ”

အစစ်အမှန် အုပ်ချုပ်သူ ကျီချန်း၏ အကြည့်များက ပိုမို‌ အေးစက်လာသည်။ သူက ဘာမှပြန်မပြောသော်လည်း သူ့နောက်တွင် မြင့်မားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုပုံရိပ်က ကျန်း ၉ သိန်းကျော် မြင့်မားပြီး ခက်ထန်ကြမ်းတမ်းသည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။ သူ့မျက်နှာက နီရဲနေသော အရေပြားနှင့် ချွန်ထက်နေသော သွားများရှိကာ ကြည့်ရဆိုးလှသည်။

ထိုပုံရိပ်ကို မြင်ကာ အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်၏ မျက်နှာထားက ပြောင်းလဲသွားကာ အော်ပြောလိုက်သည်  “ကျီချန်း … မင်း ရူးနေလား။ ငါနဲ့ တကယ်ကြီး တိုက်ခိုက်ချင်တာလား ”

သို့သော်လည်း နန်းစွန့်မင်းသားက ပြန်မဖြေဘဲ ယန်းချန်ကို အေးစက်စက် သွေးဆာသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူက အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေလေပြီ။

အခြေအနေ လေးနက်မှုကို မြင်ကာ ယန်းချန်က ဒီတိုက်ပွဲကို မရှောင်နိုင်တော့မှန်း သိလိုက်သည်။ ထို့ကြောင့် သူ့နောက်တွင်လည်း ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သို့သော်လည်း သူ့ပုံရိပ်က နန်းစွန့်မင်းသား ကျီချန်းနှင့် ကွဲပြားသည်။ ဤသည်က ဝါးဓား တစ်လက်ကို ကိုင်ဆောင်ထားသည့် အသက်ရှုမှားလောက်အောင် လှပသော မိန်းမပျိုတစ်ယောက်၏ ပုံရိပ် ဖြစ်လေသည်။ သို့သော် ထိုအမျိုးသမီးက မိုးမြေကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ထက်ရှသည့် ဓားအငွေ့အသက်များ လွှင့်ထုတ်နေသည်။

ထိုပုံရိပ်လည်း ကျန်း ၉ သိန်းထက် မြင့်မားကာ ကျီချန်းထက် အနည်းငယ် ပိုမြင့်သည်။ အမှန်တော့ ကျန်း ဆယ်သိန်းလောက် နီးပါး ရှိနေလေပြီ။

နှစ်ယောက်သား အသင့်ပြင်ပြီးနောက် စတင်တိုက်ခိုက်ကြသည်။

ကျီချန်းက အော်လိုက်သည်  “ငရဲကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်ပဲ ရှိတဲ့ သွေးဆာတည်ရှိမှုအဖြစ် မြင်ကြပေမဲ့ လူဆိုးတွေကို အပြစ်ပေးဖို့အတွက်လည်း တာဝန်ရှိတယ်။ အခု ပြစ်ဒဏ်ကို ခံယူပြီး ငရဲမှာ ထာဝရလောင်ကျွမ်းလိုက်တော့ … အဇူရာ ငရဲမီးလျှံ”

ထိုအရာကို ပြောပြီးနောက် ယန်းချန်ကို လက်ညိုးထိုးလိုက်သည့်အခါ သူ့နောက်မှ အဇူရာပုံရိပ်ကလည်း အတူတူ လှုပ်ရှားလိုက်သည်။ ထို့နောက် အဇူရာ လက်ဝါးထဲ မည်းမှောင်နေသည့် နေအသေးစားလေး ပေါ်ထွက်လာသည်။

နေမင်း အပူချိန်က ပြင်းလွန်းသည့်အတွက် လေဟာနယ်ကိုပင် လောင်ကျွမ်းလာစေ၏။ အပူချိန်ကြောင့် ကျီချန်း ဘေးပတ်လည် အာကာပြင်က တွန့်လိမ်လာသည်။ ထို့အပြင် အော်ဟစ်သံများစွာနျင့် ကျိန်ဆဲသံများလည်း ထွက်လာသည်။ ဤသည်က ထိုမီးလျှံကြောင့် အပြစ်ပေးခံရသည့် အငြိုးကြီးဝိညာဉ်များဆီမှ ထွက်လာခြင်း ဖြစ်၏။

သိပ်မကြာခင် နေအသေးစားလေးက ယန်းချန်ဆီ စွန်းထင်းနေသည့် သူ့ဝိညာဉ်ကို သုတ်သင်လိုသည့်အလား တရှိန်ထိုး ပြေးဝင်လာသည်။ သူတို့ကြား အကွာအဝေးတစ်ခု ခြားထားသော်လည်း ယန်းချန်က သူ့တစ်ကိုယ်လုံး ထိုအပူချိန်ကြောင့် စတင်အရည်ပျော်ကျလာသလို ခံစားလိုက်ရသည်။ ပို၍ဆိုးရွားသည်က သူ့ဘေးပတ်ဝန်းကျင်ပင် မတည်မငြိမ် ဖြစ်လာကာ သူ ထွက်မပြေးနိုင်အောင် ကာဆီးနေသည်။

အဆိုးဆုံးမှာ ငရဲမီးလျှံက သူ့ဝိညာဉ်အထိ သက်ရောက်မှုရှိခြင်း ဖြစ်၏။ သူက သူ့စိတ်ထဲ ဝင်ရောက်လာသည့် အသံမျိုးစုံကို ကြားနေရပြီး ဘဝတွင် သူ လုပ်ခဲ့သမျှ ရက်စက်မှုအားလုံး သတိပေးကာ အပြစ်ဝန်ခံခိုင်းနေသည်။

ယန်းချန်က သူ့ကမ္ဘာဦးစိတ်ဝိညာဉ် လောင်ကျွမ်းလာသလို ခံစားလိုက်ရပြီး ခေါင်းထိုးကိုက်လာသည်။ သူက ခဏလေးပင် မစောင့်တော့ဘဲ တန်ပြန် တိုက်ခိုက်လိုက်သည်။

“ မိုးမြေကို အမြဲတမ်း မျှတနေတဲ့ ဒြပ်ငါးပါးနဲ့ ဖွဲ့စည်းထားပြီးတော့ ယင်ယန်က ပြောင်းလဲနေတယ်။ ရွှေက ငါ့ဓားလိုမျိုး ထက်ရှတဲ့အရာအားလုံးကို ကိုယ်စားပြုတယ် … တဟုန်ထိုးရွှေဓား”

ယန်းချန်နောက်မှ အမျိုးသမီးကလည်း ဓားကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် ရွှေရောင်ဓားများစွာ လေထဲ ဖြစ်ပေါ်လာကာ ဗလာလေဟာနယ်တစ်ခုလုံးကို အလင်းပေးနေသည်။ အလင်းနှစ်များစွာ ကွာဝေးသည့် ကမ္ဘာတချို့ သို့မဟုတ် ကြယ်တာရာတချို့ပင် သူတို့မော့ကြည့်လိုက်သည့်အခါ ကောင်းကင်တွင် တောက်ပနေသည့် အလင်းရောင်ကို မြင်တွေ့နိုင်လိမ့်မည်။

ရွှေရောင်ဓားက နေအသေးစားဆီ ပြေးဝင်သွားသည်။ သူတို့ ထိတွေ့မိသည့်အခါ ပေါက်ကွဲသွားလေ၏။ ကြယ်တာရာ ပေါက်ကွဲသွားသလိုမျိုး ပေါက်ကွဲမှုမျိုးက လမ်းကြောင်းရှိ တားဆီးထားသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ရွှေရောင်ဓားအများစုက ပေါက်ကွဲမှုကြောင့် ပျောက်ကွယ်သွားကြသော်လည်း တချို့က မရပ်တန့်ဘဲ ကျီချန်းဆီ ဆက်လက် ပြေးဝင်နေကြဆဲ ဖြစ်၏။

သူက တုံ့ဆိုင်းမနေဘဲ သူ့အဇူရာဖြင့် နောက်ထပ် လက်သီးတစ်ချက် ထပ်ပစ်လွှတ်လိုက်သည်။ သူတို့ ထိတွေ့မိသည့်အခါ နောက်ထပ် ပေါက်ကွဲသွားပြီး သူတို့အနားရှိ လေဟာနယ်ကိုပါ ဖျက်ဆီးမိသွားသည်။ ကျန်ရှိနေသော ဓားများလည်း ဖျက်ဆီးခံလိုက်ရသည်။ သို့သော် အဇူရာရှိ ကြေးခွံတချို့ ကွာကျသွားလေ၏။

ကျီချန်းနှင့် သူ့အဇူရာတို့က အသေးအမွှား ဒဏ်ရာလေးကို အာရုံမစိုက်ဘဲ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းကာ ယန်းချီဆီ ပြေးဝင်သွားသည်။ သူ့အမြန်နှုန်းက အလင်းထက်ပင် မြန်ဆန်နေသည်။

“ အလင်းက အမှောင်ထုကို ပြန်ပို့ပြီးတော့ အပြစ်ကြွေးအားလုံးကို အလင်းပြပြီး သန့်စင်ပစ်မယ် …  အလင်းသန့်စင်ခြင်း ”

ယန်းချန်က ကြောက်မက်ဖွယ် အလင်းစွမ်းအားသည် သူ့ဆန္ဒကို အတင်းဖိနှိပ်ကာ သူ့အား ကျန်တစ်ဘဝလုံး ကိစ္စကောင်းများကိုသာ လုပ်ချင်တော့သည့် သန့်စင်သောလူအဖြစ် ပြောင်းလဲပစ်လိမ့်မည်ဟု ခံစားမိလိုက်သောကြောင့် မျက်နှာထား ပြောင်းလဲသွားသည်။

သူက တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ထပ် တိုက်ကွက်တစ်ခု ထုတ်သုံးလိုက်သည်  “ မိုးမြေကို ကမ္ဘာရဲ့ ယင်ကို ကိုယ်စားပြုတဲ့ နောက်ကျိ ချီစွမ်းအားနဲ့ ဖန်တီးထားတယ်။ ဒါက အမှောင်ထုအပါအဝင် အပျက်သဘောဆောင်တဲ့ အရာအားလုံးအတွက် သရုပ်ပြမှုပဲ … ငါ့လက်ထဲဓားမှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ် … တိမ်းစောင်းအမှောင်ထု ”

ယန်းချန်နှင့် အမျိုးသမီးက ဧရာမဓားကြီးအဖြစ် ပြောင်းသွားကာ ကျီချန်းဆီ တဟုန်ထိုး ပြေးဝင်သွားသည်။ ဓားက အနက်ရောင် ဖြစ်ပြီး မသတီစရာအရိပ်များစွာဖြင့် ပြည့်နှက်နေသည်။ ထိုအရိပ်များကြား လူသားများ၏ ချို့တဲ့သည့် လုပ်ရပ်အများစုကို မြင်တွေ့နိုင်သည်။ မုဒိမ်း ဖြစ်စေ၊ ကလေးများကို သတ်သည့် လူသတ်သမားဖြစ်စေ၊ သာယာမှုအတွက် နှိပ်စက်သူ ဖြစ်စေ … ထိုအရာက ရေခဲတောင်၏ ထိပ်ပိုင်းမျှသာ ရှိသေး၏။

မိုးမြေကြား အညစ်အကြေးအားလုံးက ဒီဓားထဲတွင် တည်ရှိနေသည်။ ဤသည်မှာ လူသား စိတ်နှလုံးသားထဲတွင် တည်ရှိသည့် အညစ်အကြေးသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ အညစ်အကြေးများလည်း ပါဝင်သည်။ အညစ်အကြေးဟု ယူဆနိုင်သည့် အရာအားလုံး ထိုဓားထဲတွင် ရှိနေသည်။

နှစ်ယောက်သား ထိပ်တိုက်တွေ့ပြီးနောက် သူတို့ ဖန်တီးလိုက်သည့် ဂယက်လှိုင်းက အဆုံးမဲ့လေဟာနယ်ထဲရှိ ကမ္ဘာများစွာအထိ ပျံ့နှံ့သွားသည်။ ထိုဂယက်က စစ်ဆေးမှု ကျင်းပနေသည့် ကမ္ဘာမှလွဲ၍ သူတို့တိုက်ပွဲနှင့် အနီးဆုံးနေရာရှိ ကမ္ဘာများဆီ အပြင်းအထန် ကျရောက်သွားသည်။ တချို့ကမ္ဘာများက သူတို့နှစ်ယောက် ထိပ်တိုက်တွေ့မှုကြောင့် ပျက်စီးသွားလေသည်။

ထိုစဉ် ကျီချန်းက သူ့အလင်းတန်းသည် စွန်းထင်းသွားကြောင်း တွေ့လိုက်ရသည်။ စီရင်ချက် ယူဆောင်ပေးမည့် အလင်းတန်းက စတင်၍ ပုံပျက်လာသည်။

အလင်းတန်းက အပြစ်ကြွေးရှိလူများကို ကယ်တင်ပေးနိုင်လိမ့်မည်ဟု မယုံကြည်တော့ပေ။ ထိုအရာက အပြစ်ကြွေးရှိသူတိုင်း သုတ်သင်ပစ်သင့်သည်ဟု ယုံကြည်လာ၏။

ထိုအရာကို သဘောပေါက်ကာ ကျီချန်း၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက တုံ့ဆိုင်းခြင်းမရှိ ထိုတိုက်ကွက်ကို ရပ်တန့်လိုက်သည်။ သို့သော်လည်း သိပ်မကြာခင် သူက သွေးအန်လိုက်ရသည်။ သူ့တိုက်ခိုက်မှုကို အတင်းကျပ် ရပ်တန့်လိုက်သည့်အတွက် တန်ပြန်ခံစားရခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ယခု မစိုးရိမ်နိုင်သေးပေ။

ယန်းချန်၏ တိုက်ခိုက်မှုက သူ့ဆီ ကျရောက်လာနေဆဲ ဖြစ်၏။

ကျီချန်းက သူ့အား ကာကွယ်ပေးနေသည့် အဇူရာကို ကြည့်လိုက်ပြီး အရှေ့မှ ဖယ်ရှားလိုက်သည်။ ထိုအရာက သူ့အတွက် သူ့အသက်ထက် ပိုအရေးကြီးလေသည်။ အကယ်၍ သူ ဒဏ်ရာရသွားပါက ပြန်လည်ကောင်းမွန်လာမည့် နည်းလမ်း ရှာနိုင်သေး၏။ သို့သော် အဇူရာ ဒဏ်ရာရသွားခဲ့လျှင် သူ့ကို ကုသရမည့် လိုအပ်သည့် အချိန်နှင့် အရင်းအမြစ်က တိုင်းတာ၍ မရနိုင်ပေ။

ကျီချန်း၏ အတွေးများက ခဏတာအတွင်း ဖြစ်ပျက်သွား၏။ သူက တုံ့ပြန်ဖို့ အချိန်မရလိုက်ဘဲ သိုလှောင်လက်စွပ်ထဲမှ အဆောင်လက်ဖွဲ့ကို ထုတ်ကာ ခြေမွပစ်လိုက်သည်။ သူ့ပတ်လည်တွင် အကာအရံအနေနှင့် အလွှာတစ်ခု ပေါ်ထွက်လာသည်။

သို့သော်လည်း ထိုအကာအရံက ယန်းချန်၏ ဓားချက်များအောက်တွင် စက္ကန့်ပိုင်းမျှသာ ကြာရှည်ခံလိုက်ရသည်။ ထိုစဉ် အနက်ရောင်ဓားများက ကျီချန်း ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားကာ အလင်းနှစ်များစွာ လွှင့်စင်သွားစေသည်။

ကျီချန်း၏ ခန္ဓာကိုယ်က လမ်းရှိ ဂြိုလ်သိမ်ဂြိုလ်မွှားများကို ဝင်တိုက်မိပြီး အားစိုက်မထုတ်လိုက်ရဘဲ ဖျက်ဆီးပစ်လိုက်သည်။ သူ့အဇူရာက ပျောက်ကွယ်သွားလေပြီ။ သူက သွေးအန်နေဆဲ ဖြစ်၏။ သူ့အတွင်းအင်္ဂါများက အတော်လေး ဆိုးရွားနေသည်။

သို့သော် ကျီချန်းက သူ့ဒဏ်ရာများကို ဂရုမစိုက်ပေ။ ဒီလိုအဆင့် လူတစ်ယောက်အတွက် ဒီလိုဒဏ်ရာမျိုးက အလယ်အလတ်အဆင့်မျှသာ ဖြစ်၏။

သူ့အား စိုးရိမ်စေသည်မှာ ထိုဓားချက်သည် သူ့စီရင်ချက်တာအိုကို ဆန့်ကျင်နေပုံရသည့် အချက် ဖြစ်၏။ အနက်ရောင်ဓားက သူ့ဝိညာဉ်ကို စွန်းထင်းသွားစေသည်။

ကျီချန်းက သူ့ဝိညာဉ်ထဲ ပျံ့နှံ့လာသည့် အညစ်အကြေးများနှင့် တိုက်ခိုက်နေရသည်။ ဆိုလိုသည်မှာ သူက ဘယ်နေရာဘယ်ဝယ် ပျံသန်းနေမှန်း အာရုံမရှိပေ။

သိပ်မကြာခင် ကျီချန်း၏ ခန္ဓာကိုယ်က ကမ္ဘာတစ်ခုထဲ ဝင်ရောက်သွားကာ သမုဒ္ဒရာအား ကြယ်တာရာပျံသဖွယ် ဝင်တိုက်မိသွားသည်။ သူ့ခန္ဓာကိုယ်နှင့် ရေ ထိပ်တိုက်တွေ့မိသည့် အင်အားက လမ်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးပစ်သည့် ဆူနာမီသဖွယ် ဖြစ်လာစေသည်။

သေမျိုးနှင့် ကျင့်ကြံသူအားလုံးက ဘာမှအသိပေးချက်မရှိဘဲ မီတာသောင်းချီ မြင့်မားသည့် ပင်လယ်ရေလှိုင်းကြီး သူတို့ကို အုပ်လွှမ်းသွားသည်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်ကုန်ကြသည်။

သေမျိုးနှင့် ကျင့်ကြံသူ သန်းချီကာ ရေနှစ်သေဆုံးသွားကြသည်။

မြို့များ၊ ဂိုဏ်းများနှင့် တိုင်းပြည်များလည်း ရုတ်ချည်း ရေတက်လာမှုကြောင့် မျှောပါသွားကြသည်။ အားကောင်းသည့် ကျင့်ကြံသူတချို့သာ အသက်ရှင်နိုင်ကြ၏။

ထိုသက်ရောက်မှုကြောင့် ကမ္ဘာတစ်ခုလုံး ရက်များစွာအထိ မငြိမ်မသက် ဖြစ်နေခဲ့ရသည်။

ဤကမ္ဘာသည် ကျင့်ကြံသူတစ်ယောက်ကြောင့် ဒီလိုကပ်ဘေးမျိုး ခံစားခဲ့ရသည်။ လူတွေအတွက် ကံကောင်းသည်က ဒီကမ္ဘာသည် ဧရာမကမ္ဘာ ဖြစ်နေ၍ ဖြစ်သည်။ မဟုတ်ပါက သူတို့အားလုံး မျိုးတုန်းသွားနိုင်သည်။

အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်လည်း နောက်ဆုံးတိုက်ခိုက်မှုအပြီးတွင် သွေးအန်လိုက်ရသည်။ သူ့နောက်မှ ပုံရိပ်လည်း ပျောက်ကွယ်သွားလေ၏။

သူက သိုလှောင်လက်စွပ်ထဲမှ အစီအရင်အလံများကို ထုတ်ကာ လေဟာနယ်အတွင်း အားကောင်းသည့် အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။ သူ့ဘေးပတ်လည်တွင် ထူးထူးဆန်းဆန်း ပုံများဖြင့် သင်္ကေတများက လှည့်ပတ်နေသည်။ သင်္ကေတများက လင်းလက်လာပြီး ယန်းချန်အား ကာကွယ်ပေးထားသည်။

ထို့နောက် သူက သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများ ထုတ်ကာ တင်ပျဉ်ခွေ ထိုင်နေရင်း စတင်ကုစားလိုက်သည်။

All Chapters