အရှင်ထိုက်ရွှမ်အား ဒဏ်ရာရစေခဲ့သူ
Vol. 154 Ch. 2193
ရီဖူရှင်းက အခြားလူများ၏ အတွေးကို ဂရုစိုက်မနေပေ။ သူသည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး သူတို့ကြား၌ ရင်းနှီးသော လူကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
ရုတ်တရက် ရီဖူရှင်း၏ မျက်လုံးများက ထက်ရှလာကာ ထိုအဖြူရောင်ပုံရိပ်အား သူက အာရုံစိုက်လိုက်သည်။
ထိုအဖြူရောင်ဝတ် သက်လတ်ပိုင်းလူကြီးမှာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က မူလဘုံသို့ ရောက်လာခဲ့ပြီး တိုက်ပွဲများစွာ၌ ပါဝင်ခဲ့သည်။ သူသည် ကောင်းကင်ဒေသ၏ အထက်ဘုံ ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ တစ်ချိန်က သူသည် ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများကို ခေါ်ဆောင်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်အား တိုက်ရိုက်ထိန်းချုပ်ရန် ရည်ရွယ်ခဲ့ပြီး ထိုက်ချူတော်ဝင်မြေ၏ လက်အောက်ခံ ဖြစ်စေလိုခဲ့သည်။
ထိုနှစ်နှစ်ဆယ်အတွင်း သူက ထွက်သွားခဲ့ပြီး ပြန်လာသည်လား။ သို့မဟုတ်လျှင် မူလဘုံ၌ တလျှောက်လုံး ရှိနေခဲ့သည်လား။
ထိုအဖြူရောင်ဝတ် သက်လတ်ပိုင်းလူကြီးသည်လည်း ရီဖူရှင်းကို မြင်ပေသည်။ သူ၏ မျက်လုံးများက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် ရီဖူရှင်းထံ၌ ကပ်ငြိနေခဲ့၏။
ထို့စဥ်က ရီဖူရှင်း 'အသတ်ခံရစဥ်'၌ သူက အဆင့်နှစ်ရန်ဟောင်တစ်ပါးသာ ဖြစ်သေးသည်။ နှစ်နှစ်ဆယ်အတွင်းမှာပင် သူက အဆင့်ကြီးလေးဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။ ထိုကျင့်ကြံခြင်းအရှိန်က မယုံနိုင်လောက်အောင် လျင်မြန်ပြီး ထိုက်ချူတော်ဝင်မြေမှ ထိပ်တန်းအဆင့် ပါရမီရှင်များသည်ပင် လိုက်မီသည်ဆိုရုံမျှ ရှိပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ရီဖူရှင်းက သေဆုံးခဲ့ခြင်း မရှိပေ။
ရီဖူရှင်းက မည်သို့ အသက်ရှင်နေခဲ့သနည်း။
ထိုတိုက်ပွဲတွင် အင်အားစုများစွာ ပါဝင်ခဲ့ပြီး သူတို့အားလုံးက ရီဖူရှင်း လိုက်လံတိုက်ခိုက်ခံရသည်ကို မျက်မြင်တွေ့ခဲ့ကြသည်။ ထိုစဥ်က လေဟာနယ်သည်ပင် ပျက်စီးသွားခဲ့သေးသည်။ ကြောက်မက်ဖွယ် လေဟာနယ် အက်ကြောင်းများက ရီဖူရှင်းအား ၎င်းတို့နှင့်အတူ မြှုပ်နှံလိုက်သည်။ ထိုသို့ ကြောက်မက်ဖွယ် တိုက်ပွဲအတွင်း အင်အားစုများ၏ အဓိကပုဂ္ဂိုလ်တို့က ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်လေရာ သူက မည်သို့ ရှင်သန်နိုင်ခဲ့ပါသနည်း။
သို့သော် ယခု ရီဖူရှင်းက သူ့ရှေ့တွင် ရှိနေခဲ့သည့်အပြင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကိုပင် သူနှင့်အတူ ခေါ်ဆောင်လာသေးသည်။
သူသည် ဤနှစ်များအတွင်း မူလဘုံ၌ အချိန်ကုန်ခဲ့ပြီး ဤနေရာမှ အခြေအနေကို စူးစမ်းလေ့လာနေခဲ့သည်။ လောကအတွင်းမှ အပြောင်းအလဲများအားလုံးက မူလဘုံမှစတင်လိမ့်မည်ဟု သူ ထိုက်ချူတော်ဝင်မြေ၌ ရှိစဥ် ကြားဖူးခဲ့သည်။ ထိုသည်မှာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ထိုက်ချူတော်ဝင်မြေမှ ဤနေရာသို့ ရောက်လာကြပြီး မူလဘုံ၌ ခြေကုပ်ယူချင်ရသနည်းဟူသည့် အကြောင်းပြချက်ပင် ဖြစ်သည်။ သူသည် ဤနေရာမှ အပြောင်းအလဲအားလုံးကို အနီးကပ်လေ့လာလိုပေသည်။
ယခုထိတိုင် ကောင်းကင်ဒေသမှ ပို၍ များပြားသော အင်အားစုများ ရောက်လာနေကြသေးသည်။ ထို့အပြင် မှော်နက်လောက၊ နတ္ထိဘုံနှင့် အခြားဘုံများစွာက အမှောင်ထဲတွင် ပုန်းကွယ်နေကြသေးကြောင်း နှစ်လေးရာ ငြိမ်းချမ်းရေးကာလပြီးနောက် အားလုံးသော အင်အားစုများက သတိပြုမိလာကြသည်။ လောကကြီးက ပရမ်းပတာနှင့် မငြိမ်မသက်ဖြစ်မှုကို တွေ့ကြုံရနိုင်ချေရှိပြီး ၎င်း၏ စမှတ်က မူလဘုံမှ အလွန် ဖြစ်နိုင်ချေများပေသည်။ ထို့အပြင် အားလုံးသော အင်အားစုများက ဤအခွင့်အရေးကို လုယူချင်နေကြသည်။
၎င်းသည် မူလဘုံက လက်ရှိ အရှုပ်အထွေးများကြား နစ်မြုပ်နေပြီး အားလုံးသော ပြင်ပကျင့်ကြံခြင်းအင်အားစုများက မူလဘုံမှ လူများကို သားကောင်အဖြစ် သဘောထားနေကြသည်ဟု ပြောနိုင်သည်။
“မင်း မသေဘူးလား။” အဖြူရောင်ဝတ် သက်လတ်ပိုင်းလူကြီးက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ ယခင်က တိုက်ပွဲတွင် အင်အားစုများစွာ ပါဝင်ကြသည်။ သူတို့က ရီဖူရှင်း ဤနေရာ၌ ရပ်နေသည်ကို မြင်လျှင် မည်သို့ တွေးကြမည်နည်း။ သူတို့က သူ့ထက်ပို၍ အံ့အားသင့် ထိတ်လန့်သွားခြင်းပင် ဖြစ်နိုင်ပေသည်။
ရီဖူရှင်းက ထိုအဖြူရောင်နှင့် သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်သည်။ ထိုသူက အတော်လေး တည်ငြိမ်နေပုံပေါ်ပေသည်။ သူသည် ကောင်းကင်ဒေသရှိ ထိုက်ချူတော်ဝင်မြေမှ လာခြင်းဖြစ်ပြီး ဤတော်ဝင်မြေက သာမန်ထိပ်တန်းအဆင့် အင်အားစုမျိုး မဟုတ်ပေ။ ၎င်းသည် ကောင်းကင်ဒေသ အထက်ဘုံရှိ အင်အားစုတစ်ခုဖြစ်ပြီး ၎င်းက အခြားအင်အားစု အများစုထက် ပို၍ သာလွန်ပေသည်။ ထို့ကြောင့် သူက ရီဖူရှင်း အသက်ရှင်နေသည်ကို မြင်ရသည့်အခါ အံ့အားသင့်သွားသော်လည်း သူက ထိုအချက်အပေါ်၌ ကြာရှည်စွာ စိတ်အနှောက်အယှက် ဖြစ်နေပုံမရပေ။
အနည်းဆုံး အဆင့်ခြောက်မှ ရန်ဟောင်တစ်ပါးသည် ထိုက်ချူတော်ဝင်မြေအား မခြိမ်းခြောက်နိုင်ဟု သူက တွေးထားပေသည်။
“ကံကောင်းသွားလို့ပါ။ ခင်ဗျားတို့ လေဟာနယ်ဝင်ပေါက်ကို ဖွင့်မိလိုက်တာက ကျုပ်ကို ကောင်းကင်ဒေသဆီ ရောက်သွားစေတယ်လေ။” ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“အဲဒါမဖြစ်နိုင်ဘူး။” အဖြူရောင်ဝတ် သက်လတ်ပိုင်းလူကြီးက ရီဖူရှင်းအား စိုက်ကြည့်နေခဲ့သည်။ သူက ထိုတိုက်ပွဲ၌ ရှိနေခဲ့၏။ လေဟာနယ်အက်ကြောင်းများက တိုက်ပွဲပြီးနောက်မှသာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အခြားစကားနှင့် ပြောရလျှင် ထိုလေဟာနယ်အက်ကြောင်းများက ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လေဟာနယ်အား ဖျက်ဆီးမိခဲ့ခြင်း ဖြစ်ပေသည်။ တိုက်ခိုက်မှုက ရီဖူရှင်းပေါ် အရင်ဆုံးကျရောက်ပြီးနောက်မှသာ လေဟာနယ်က ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
မည်သို့သော တိုက်ခိုက်မှုမျိုးက ရီဖူရှင်းကို သတ်ဖြတ်နိုင်စွမ်းမရှိဘဲ လေဟာနယ်အား စုတ်ဖြဲနိုင်ရသနည်း။
ထိုသည်မှာ အဓိပ္ပာယ် မရှိလှပေ။
“အဲဒါက မဖြစ်နိုင်ရင် ကျုပ်က ဘာလဲ။” ရီဖူရှင်းက ပြောလိုက်သည်။ အဖြူရောင်ဝတ် သက်လတ်ပိုင်းလူကြီးက ရုတ်တရက် သူ၏ သုံးသပ်ချက်ကို သံသယဝင်သွားပေသည်။ သက်သေက အရာအားလုံးထက် ကောင်းမွန်သည်။ ရီဖူရှင်းက ယခု သူ့ရှေ့၌ ရပ်နေခဲ့၏။ ထိုသည်က မဖြစ်နိုင်လျှင် သူ့ရှေ့၌ ရပ်နေသူက မည်သို့ဖြစ်ရသနည်း။
ရီဖူရှင်းက ဤနေရာ၌ အသက်ရှင်လျက် ရပ်နေခဲ့သည်။ ထို့အပြင် မကြာသေးခင်က သူသည် နေနတ်ဘုရားကျောင်းခေါင်းဆောင်းအား လိုက်လံဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ သူသည် ရန်ဟောင်အဖွဲ့အားသုတ်သင်ကာ သူ၏ ထူးချွန်လှသည့် တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။
ရီဖူရှင်း သတ်ဖြတ်ခဲ့သော ရန်ဟောင်များကြားတွင် ရန်ဟောင်အဆင့်၌ အထွတ်အထိပ်ဟု ဆိုရမည့် အဆင့်ကိုးရန်ဟောင်ပင် ပါပေသည်။ သူတို့က ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားခြင်း မဟုတ်လျှင်ပင် ထိုအဆင့်မှ တိုက်ပွဲစွမ်းရည်က ထူးချွန်ပြောင်မြောက်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် သူတို့က ရီဖူရှင်း၏ သတ်ဖြတ်မှုကို မည်သည့်အတွက် ထိုမျှ အလွယ်တကူ ခံလိုက်ရပါသနည်း။
ထိုက်ချူတော်ဝင်မြေက သင်ကြားပြသပေးသော သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ပြီး ဘုံအမျိုးမျိုးတွင် သင်ယူမှုများစွာ ပြုလုပ်ခဲ့ကြသည်။ အဆင့်ခြောက်မှ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် ကျင့်ကြံသူများသည် သာမန် အဆင့်ရှစ်ရန်ဟောင်များကို ရင်ဆိုင်နိုင်ကြသည်။ သို့သော် အခြေခံစည်းမျဥ်းအရ သူတို့သည် အဆင့်ကိုးရန်ဟောင်များအား ရင်ဆိုင်ရန်မှာ ခက်ခဲပေသည်။ ကျင့်ကြံခြင်း၌ ထူးချွန်ပြောင်မြောက်လှသော တိုက်ပွဲစွမ်းရည်ကို ကောင်းချီးပေးခံထားရသူများသာ မဟုတ်လျှင် မည်သူမှ ထိုသို့ လုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ပြီးပြည့်စုံသော မဟာလမ်းစဥ်တစ်ခုတည်းနှင့် အဆင့်ကိုးရန်ဟောင်အား သတ်ဖြတ်ရန်မှာ ပြောသလောက် လွယ်ကူသော အရာမျိုးမဟုတ်ဘဲ ပြိုင်ဘက်ကင်းပါရမီရှိသောသူမျိုးမှ မဟုတ်လျှင် ထိုသို့ အောင်မြင်မှုမျိုး ရလိမ့်မည် မဟုတ်ပါချေ။ ထိုသည်မှာ တစ်ချိန်က မူလဘုံ၏ နံပါတ်တစ်ပါရမီရှင်ဟု ကျော်ကြားခဲ့သော ထိုဆံပင်အဖြူနှင့် လူငယ်လေးက ကောင်းကင်ဒေသ၌လည်း ထိပ်တန်းအဆင့် တန်ခိုးရှင်တစ်ယောက် ဖြစ်နေဆဲဟု ဆိုလိုပေသည်။
သက်လတ်ပိုင်းလူကြီးက တိတ်ဆိတ်သွားသည်။ ရီဖူရှင်းသည် အတိတ်က ဖြစ်ပွားခဲ့သော အဖြစ်အပျက်တို့ကို မေ့ပျောက်လိမ့်မည် မဟုတ်ကြောင်း သေချာပေသည်။ ကြည့်ရသည်မှာ သည်လူက ဆက်၍ သည်းမခံနိုင်တော့ဘဲ မူလဘုံ၌ ကြီးမားသော တိုက်ပွဲတစ်ခု ဖန်တီးချင်နေပုံရပေသည်။
သို့သော် ရီဖူရှင်းနှင့်အတူ ပါလာသူများကို ကြည့်လျှင် သူ့ကို သတ်ရသည်မှာ ပို၍ပင် ခက်ခဲသွားလိမ့်မည်ဟု ထင်မှတ်ရပေသည်။ သူက သူနှင့်အတူ အဓိကပုဂ္ဂိုလ်နှစ်ဦးကိုပင် ခေါ်ဆောင်လာနိုင်လေရာ အရည်အချင်းရှိသော ပါရမီရှင်ဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။
“ရှန်ချင်းနယ်မြေရဲ့ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက လူဖြစ်မယ်။” အဖြူရောင်ဝတ်လူက သွမ့်ထျန်းရှုံကို ကြည့်လိုက်သည်။ ထို့နောက် သူက အဘိုးမာကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားက ရှန်ချင်းနယ်မြေရဲ့ ဘယ်အင်အားစုကများလဲ။”
“လေးမျက်နှာကျေးရွာက..” အဘိုးမာက ပြန်ဖြေလိုက်သည်။
“လေးမျက်နှာကျေးရွာကလား....”
ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူများက အဘိုးမာကို ကြည့်လိုက်ကြသည်။ သိသာစွာပင် သူတို့သည် ယခင်က လေးမျက်နှာကျေးရွာအကြောင်း ကြားဖူးကြပေသည်။
ထိုသည်မှာ အဖြူရောင်ဝတ်လူအတွက်လည်း မှန်ကန်သည်။ ရှန်ချင်းနယ်မြေအတွင်း လေးမျက်နှာကျေးရွာက ထိပ်သီးအင်အားစုတစ်ခု မဟုတ်သော်လည်း သူတို့အား မဟာအင်ပါယာကပင် အရေးထားပေသည်။ ကောလာဟလများအရ မဟာအင်ပါယာ အရှင်ဒွန်ဟောင်သည် မဟာအင်ပါယာ ဖြစ်မလာခင်၌ လမ်းစဥ်ရှာဖွေရန် လေးမျက်နှာကျေးရွာသို့ သွားရောက်ခဲ့ဖူးသည့်အတွက်ကြောင့် ရွာနှင့် ပတ်သတ်မှုရှိသည်ဟု ဆိုနိုင်ပေသည်။
သို့သော် သူသည် လေးမျက်နှာကျေးရွာအတွင်း မည်သို့သော အပြောင်းအလဲ ဖြစ်ပျက်ခဲ့သည်ကို မရှင်းလင်းပေ။ ထို့အပြင် လေးမျက်နှာကျေးရွာမှ ပုဂ္ဂိုလ်ကြီးများက မည်သည့်အချိန်မှ စ၍ ရွာမှ ထွက်ခွာရန် စတင်ခဲ့ကြသနည်း။
သို့သော် ကောင်းကင်ဒေသမှ အခြားကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ မူလဘုံသို့ မလာခင် ကောင်းကင်ဒေသ၏ ရှန်ချင်းနယ်မြေ၌ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့ပေသည်။ ဤကိစ္စက ရှေးခေတ်အင်ပါယာအဆင့်မှ တည်ရှိမှုများ ပါဝင်ပတ်သတ်နေသောကြောင့် သတင်းက အခြားဘုံများသို့ လျင်မြန်စွာ ပျံ့နှံ့သွားပေသည်။
မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းပင် ဖြစ်သည်။
ကောင်းကင်ဒေသ၏ တန်ခိုးရှင်များထဲမှ တစ်ယောက်သည် ရီဖူရှင်းကို အလေးအနက် အကဲခတ်နေရင်းမှ မေးလိုက်သည်။ “မင်းက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ပိုင်ဆိုင်သွားတဲ့ ရှန်ချင်းနယ်မြေက အဲဒီလူလား။
ရီဖူရှင်းက ထိုလူကို ကြည့်လိုက်သည်။ သူသည် ကောင်းကင်ဒေသမှ အခြားနယ်မြေရှိ ထိပ်သီးအင်အားစုများသည်ပင် ဤကိစ္စကို သိရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သို့သော် ထိုသည်က ဖြစ်နိုင်ပေသည်။ လေးမျက်နှာကျေးရွာမှ တိုက်ပွဲသည် အလွန် အားကောင်းသော သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
“ဟုတ်တယ်။ ကျုပ်ပါပဲ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
ထိုတန်ခိုးရှင်၏ မျက်လုံးများက အနည်းငယ် ထက်ရှလာသည်။ ရီဖူရှင်းအကြောင်း သတင်းအချက်အလက်က များများစားစား မရှိခဲ့ပေ။ သူတို့ အောက်ဘုံသို့ ရောက်မလာခင်၌ ကြားခဲ့ရသည်မှာ ရှန်ချင်းနယ်မြေမှ အဓိကအင်အားစုများ အားလုံးက လေးမျက်နှာကျေးရွာကို ရောက်ရှိလာပြီး ပြင်းထန်သော ဖိအားပေးမှု ပြုလုပ်လိုခဲ့ကြသည်။ သို့သော် ကံမကောင်းစွာနှင့် သူတို့အားလုံးက အမြီးကုပ်ကာ ပြန်ပြေးခဲ့ရသည်။ ရှန်ချင်းနယ်မြေ၏ အစွမ်းထက်ဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သည့် နန်ဟိုင်မိသားစုခေါင်းဆောင်က တစ်ချက်တည်းနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထို့အပြင် လေးမျက်နှာကျေးရွာ၏ ထိုထူးခြားဆန်းကြယ်သည့် ပုဂ္ဂိုလ်က မဟာအင်ပါယာရှန်ကျားကို အသက်သွင်း ထိန်းချုပ်နိုင်ခဲ့သည်။
ထိုသည်မှာ လေးမျက်နှာကျေးရွာကို ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာစေသည်။ ထို့အပြင် လေးမျက်နှာကျေးရွာ၏ ထိုဆရာသခင်ဆိုသူက အလွန်ပင် လျှို့ဝှက်နက်နဲသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
သူတို့သည် လေးမျက်နှာကျေးရွာနှင့် ပတ်သတ်နေပြီး နတ်ဘုရားရုပ်ကြွင်းကိုပင် လေ့လာသင်ယူနိုင်ခဲ့သည့် အထင်ကြီးလောက်ဖွယ် ပါရမီရှင်က အမှန်တကယ်ပင် အောက်ဘုံမှ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ပတ်သတ်နေလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ကြပေ။ သူက ထိုမျှ ရဲတင်းစွာနှင့် နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို သတ်ဖြတ်ပစ်လိုက်ခြင်းမှာ အံ့သြစရာမရှိတော့ချေ။ သူ့ထံ၌ လေးမျက်နှာကျေးရွာမှ ထိုလျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်တန်ခိုးရှင်၏ ကျောထောက်နောက်ခံပြုပေးမှုကြောင့် ဖြစ်ပေလိမ့်မည်။
ကောင်းကင်အာဏာစက်ဘုံက အလွယ်တကူ ရန်စနိုင်သော နေရာတစ်ခု မဖြစ်နိုင်တော့ပေ။
ထိုက်ချူတော်ဝင်မြေမှ အဖြူရောင်ဝတ် သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုအဖြစ်အပျက်အား ယခင်က ကြားဖူးခဲ့ခြင်း မရှိချေ။ ကြည့်ရသည်မှာ ရီဖူရှင်းက ကောင်းကင်ဒေသနယ်မြေတစ်ခွင်ကို အတော်လေး မုန်တိုင်းထန်စေခဲ့ပုံပင်။
သို့သော် အထက်ဘုံမှ အားလုံးသော ထိပ်သီးပုဂ္ဂိုလ်ကြီးများက အနည်းငယ် ပို၍ သိချင်စိတ် ဖြစ်လာကြသည်။
“နောက်ပိုင်းမှာ ကောင်းကင်အာဏာစက်ဘုံနဲ့ ပတ်သတ်တဲ့ ကိစ္စမှန်သမျှ ကျုပ်တို့ ဝင်ပါမှာ မဟုတ်တော့ဘူး။ အတိတ်က စိတ်မကျေနပ်စရာ ကိစ္စအားလုံးကို မေ့ပစ်ပေးမယ်ဆိုရင် ဘယ်လိုလဲ။” ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ ရီဖူရှင်း၏ နောက်တွင် လေးမျက်နှာကျေးရွာက ကျောထောက်နောက်ခံအဖြစ် ရှိနေလေရာ သူတို့နှင့် ရန်သူဖြစ်ရန် မလိုအပ်ပေ။ သူတို့သည် အနာဂတ်၌ ကောင်းကင်အာဏာစက်ဘုံကို ရှောင်ကြဥ်ကြပေလိမ့်မည်။
ရီဖူရှင်းက စကားပြောလာသူကို ကြည့်လိုက်သည်။ သူက ခွင့်ပြုလိုက်လျှင် အရှင်ထိုက်ရွှမ်အား ဒဏ်ရာရစေခဲ့ခြင်းအတွက် မည်သူက တာဝန်ခံပါမည်နည်း။
“အဆင်ပြေတယ်။” သို့သော် အရှင်ထိုက်ရွှမ်က တုံ့ပြန်ပြောဆိုလိုက်သည်။ “လူတိုင်းပဲ.. အခုကစပြီး ကောင်းကင်အာဏာစက်မြို့ကနေ ထွက်သွားမယ်ဆိုရင် အရင်က ဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်ပေးမယ်။”
သူသည် ရီဖူရှင်းက အပြင်ဘက်လောကနှင့် အဆက်အသွယ်တချို့ ရှိသည်ကို မြင်နိုင်သော်လည်း သူက ရီဖူရှင်းထံ၌ ရန်သူများစွာ တိုးလာအောင် မလုပ်လိုချေ။ နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို သတ်ဖြတ်လိုက်သည့် တိုက်ပွဲကပင် လူအများ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့ပေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ယခင်က ရန်သူပေါင်းများစွာရှိနေပြီး သူတို့က ဤနှစ်များတလျှောက် မျက်စိထောက်ထောက်ကြည့်နေခဲ့ကာ ကျီဝေ့ဘုံနှင့် တော်ဝင်ဘုံမှ သူတို့၏ မိတ်ဆွေများကို ဖိအားပေးနေခဲ့သည်။ သူတို့က ထို့ထက်ပိုများသော ရန်သူများ ဖန်တီးလျှင် ဖိအားက ပို၍ တိုးလာရုံသာ ရှိပေသည်။
ထို့အပြင် ယခုတွင် အရှုပ်အထွေးများစွာ ဖြစ်နေပြီး သူ၏ ဒဏ်ရာအကြောင်းကို ထည့်တွက်ရန် မလိုပေ။ သူသည် ရီဖူရှင်း၏ ပြန်ရောက်လာခြင်းက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကယ်တင်နိုင်ပြီး ပရမ်းပတာအခြေအနေမှ ပြန်လည်ရပ်တည်နိုင်စွမ်း ရှိစေချင်သည်။
ရီဖူရှင်းက သူ့ဘေးသို့ ရောက်လာသော အရှင်ထိုက်ရွှမ်ကို ကြည့်လိုက်သည်။ သူက ရီဖူရှင်းအား အသံပို့လွှတ်ကာ ပြောလိုက်၏။ “သူတို့မရှိရင်တောင် တခြားအင်အားစုတွေ ရှိနေသေးတယ်။ လွှတ်ပေးလိုက်ပါ။ မင်း ကျုပ်ကို ဒဏ်ရရအောင် လုပ်တဲ့သူကို လက်စားချေဖို့ တကယ် ဆန္ဒရှိတယ်ဆို မင်း ရန်ဟောင်အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အထိစောင့်ပြီးနောက်မှ သူနဲ့ စာရင်းရှင်းလည်း ရတယ်လေ။”
“ဘယ်သူလဲ။” ရီဖူရှင်းက မေးလိုက်သည်။ ဤသည်မှာ အရှင်ထိုက်ရွှမ်က သူ့အား ဒဏ်ရာရအောင် လုပ်ခဲ့သူအကြောင်း ထုတ်ပြောသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ယခင်က အင်ပါယာနန်သည် ထိုကိစ္စ၌ အင်အားစုအများကြီး ပါဝင်ပတ်သတ်နေသည်ဟု ပြောခဲ့သော်လည်း အရှင်ထိုက်ရွှမ်အား အမှန်တကယ် တိုက်ခိုက်၍ မဟာလမ်းစဥ်ဖြင့် ဒဏ်ရာရစေခဲ့သူမှာ တစ်ယောက်တည်းသာ ဖြစ်ပေလိမ့်မည်။
“သူက အခု ကောင်းကင်အာဏာစက်ဘုံမှာ ရှိမနေဘူး။ ပြီးတော့ လက်ရှိမှာ ကျုပ်တို့ ဘယ်သူမှ သူနဲ့ ယှဥ်နိုင်စွမ်း မရှိကြဘူး။ ဒါကြောင့် အချိန်တစ်ခုထိ ခဏလောက်ထားလိုက်ပြီးမှ ကျုပ်အတွက် လက်စားချေလည်း နောက်မကျပါဘူး။” အရှင်ထိုက်ရွှမ်က အလွန် သတိထားတတ်ပေသည်။ သိသာစွာပင် ဤတစ်ကြိမ်၌ ပြိုင်ဘက်က အလွန် အစွမ်းထက်လှပြီး သူက ရီဖူရှင်း အလျင်စလို ပြုမူလှုပ်ရှားလိုက်မည်ကို စိုးရိမ်နေသည်။
“ကောင်းပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
“ထိုက်ချူတော်ဝင်မြေရဲ့ ထိုက်ချူဓားသခင်က မြင့်မားတဲ့ ကျင့်ကြံခြင်းနဲ့ တစ်စုံတစ်ယောက် ဖြစ်တယ်။ အင်ပါယာနန်တောင်မှ သူနဲ့ ရင်ဆိုင်ရင်း ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့တယ်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ကျောင်းတော်က ဆက်လက်တည်ရှိဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ဒီလူက ထင်ထားတာထက် ပိုပြီး မောက်မာတတ်ပြီး အဓိကပုဂ္ဂိုလ်မဟုတ်တဲ့ အဆင့်အောက်က လူတွေကို တိုက်ခိုက်ဖို့ အာရုံစိုက်နေမှာ မဟုတ်တာကြောင့် သူ့ရဲ့ သေစေလောက်တဲ့ အဆုံးစွန်တိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်မှာ မဟုတ်ဘူး။ မကြာသေးခင်က တခြားနေရာမှာ ဖြစ်နေတဲ့ တစ်စုံတစ်ခုကြောင့် ခဏ ထွက်သွားတယ်။ ဒါပေမယ့် ဒီလူက ကောင်းကင်အာဏာစက်ကျောင်းတော်ကို အဲဒီလူရဲ့ ခြိမ်းခြောက်မှုက ကြောက်စရာအတွေးတစ်ခုပဲ။” အရှင်ထိုက်ရွှမ်က အသံဖြင့် ဆက်သွယ်ပြောဆိုလိုက်သည်။
ရီဖူရှင်းက နက်ရှိုင်းစွာ အံ့အားသင့်နေခဲ့သည်။ ကြည့်ရသည်မှာ သူသည် ကောင်းကင်ဒေသ၏ သန့်စင်မြင့်မြတ်နယ်မြေတစ်ခုဖြစ်သော ထိုက်ချူတော်ဝင်မြေက အမှန်တကယ်၌ မည်မျှအားကောင်းကြောင်း သွမ့်ထျန်းရှုံထံမှ စုံစမ်းလေ့လာကြည့်ရန် လိုအပ်နေပုံရသည်။ ထိုက်ချူဓားသခင်မှာ သူနှင့်တစ်ခါက တိုက်ခိုက်ခဲ့ဖူးသော မုချင်းခယ်၏ စီနီယာ ဖြစ်နိုင်ကာ သူက ဤတစ်ကြိမ်၌ ရောက်လာသော ထိုက်ချူတော်ဝင်မြေမှ အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်နိုင်ပေသည်။ အရှင်ထိုက်ရွှမ်က သူ့ကို ထိခိုက်ဒဏ်ရာရစေခဲ့သော လူအကြောင်းကို လျှို့ဝှက်ထားခဲ့ခြင်းမှာ အံ့သြစရာမရှိတော့ပေ။
သူက ကျင့်ကြံသူနှစ်ဦးကို ခေါ်ဆောင်လာလျှင်ပင် အရှင်ထိုက်ရွှမ်သည် ထိုက်ချူတော်ဝင်မြေမှ ထိုသာလွန်သော အစွမ်းထက်ကျင့်ကြံသူကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သိရှိပေသည်။
***