အခြေအနေ
Vol. 7 Ch. 90
အခန်း(၉၀) : အခြေအနေ
စစ်သူကြီး(၅)က ဓားပြခေါင်းဆောင်ကို အေးစက်စက် ကြည့်လိုက်သည်။ အစပိုင်း ဒီလူက ရုပ်ပိုင်းဆိုင်ရာ ခွန်အားသပ်သပ် အသုံးပြုရသည့် နည်းလမ်းများသာ အသုံးပြုနိုင်သည်ဟု ထင်ကာ အလေးအနက်ထား မတိုက်ခိုက်ခဲ့ပေ။
ဒီလူက စိတ်ဝိညာဉ်အပေါ် သက်ရောက်နိုင်စွမ်းရှိသည့် ထူးထူးဆန်းဆန်း နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အကယ်၍ သူ့မူလချီကြောင့်သာ မဟုတ်လျှင် သူ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားနိုင်သည်။
စစ်သူကြီး(၅)အနေနှင့် သေမျိုးတစ်ယောက်ကြောင့် နောက်ဆုတ်လိုက်ရသည်မှာ မျက်နှာပျက်ဖွယ် ဖြစ်၏။ ပို၍ဆိုးသည်က စစ်သူကြီး(၅)သည် သူ့ခေါင်းဆောင်ရှေ့ အရှက်ခွဲခံလိုက်ရခြင်း ဖြစ်သည်။
အတိအကျပြောရလျှင် သူက ခေါင်းဆောင်၏ ခေါင်းဆောင်ရှေ့တွင် အရှက်ကွဲသွားခြင်း ဖြစ်သည်။
စစ်သူကြီး(၅)က ဒေါသတကြီးဖြင့် ဓားပြခေါင်းဆောင်ဆီ ပြေးဝင်သွားသည်။ ဤတစ်ကြိမ် သူက ခွန်အားကို ထိန်းမထားတော့ဘဲ အကုန်ထုတ်သုံးထားသည်။
ဓားပြခေါင်းဆောင်က လက်သီးသဘောတရားဖြင့် အားပြင်းပြင်း လက်သီးချက်ကို ထပ်သုံးလေသည်။ သို့သော်လည်း စစ်သူကြီး(၅)က ဒီတစ်ခါ သေချာပြင်ဆင်ထား၏။ သူက မူလချီကို ဦးနှောက်ဆီ ရွေ့လျားစေလိုက်ကာ ထိုလက်သီး သဘောတရား၏ သက်ရောက်မှုကို ချေဖျက်လိုက်သည်။
စစ်သူကြီး(၅)က ဓားပြခေါင်းဆောင်၏ ညာဘက်လက်ကို တစ်ချက်တည်းဖြင့် ချိုးပစ်လိုက်သည်။ ဓားပြခေါင်းဆောင်က နာကျင်စွာ အော်ငြီးလိုက်သော်လည်း စစ်သူကြီး(၅)က လျစ်လျူရှုထားလေသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဓားပြ၏ တခြားလက်တစ်ဖက်နှင့် ခြေနှစ်ဖက်လုံးကို ချိုးပစ်လိုက်သည်။
စစ်သူကြီး(၅)က ဒေါသထွက်နေသော်လည်း သူ့အဓိကရည်ရွယ်ချက်က ထိုဓားပြခေါင်းဆောင်ဆီမှ သတင်းရယူဖို့ ဖြစ်မှန်း သိသေး၍ ချက်ချင်း သတ်မပစ်လိုက်ပေ။
ဓားပြခေါင်းဆောင်က ခြေလက်ကျိုးပြီး မြေပေါ်လဲနေကာ လိမ့်နေရင်း ငြီးငြူနေသည်။ နာကျင်မှုက မခံမရပ်နိုင်စရာပင်။ သူ ထိုလူများသည် သူ့ကို အသက်ရှင်လျက် ထားသည့် အကြောင်းအရင်းအား မှန်းဆမိလိုက်သည်။ သို့သော်လည်း သူက ဒုတိယအကြိမ် ကျင့်ကြံသူများဆီမှ အရှက်ခွဲမှုကို မခံနိုင်ပေ။
သူက စစ်သူကြီး(၅)နှင့် ဝမ်ဝေ့တို့ အဖွဲ့အား မုန်းတီးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ လျှာကိုက်ပစ်လိုက်သည်။
သူ့အဝတ်များအထိ သွေးများစီးလာပြီးနောက် သေဆုံးသွားလေသည်။ သို့သော်လည်း လျှာမှာ ပျက်စီးနေသော်လည်း သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ရှိနေသည်။
စစ်သူကြီး(၅)က ဓားပြခေါင်းဆောင်ကို တအံ့တဩ ကြည့်လိုက်ပြီးနောက် ဒေါသထွက်လာသည်။ သူက အဖွဲ့ဆီ လျှောက်လာပြီး “သခင်လေးဝမ်ဝေ့၊ သခင်လေးလီကျွင်း ကျွန်တော် တာဝန်ကျရှုံးသွားပါတယ်။ ကျွန်တော်ကို အပြစ်ပေးပါ ”
ဝမ်ဝေ့က မြေပေါ်မှ ဓားပြခေါင်းဆောင်ကို ကြည့်လိုက်ပြီးနောက် စစ်သူကြီး(၅) ပခုံးကို ပုတ်ပေးလိုက်ကာ “ ဒီလိုအသေးအဖွဲ့ ကိစ္စမျိုးကို စိတ်ပူစရာ မလိုဘူး။ ဒီဓားပြခေါင်းဆောင်မှာ ဇာတ်ကြောင်းရှိနေတာ အသိသာကြီးပဲ ”
ထို့သို့ပြောပြီးနောက် သူက ဓားပြခေါင်းဆောင်ကို ဖြတ်ကျော်ကာ ကျန်ရှိနေသော ဓားပြ ၂၀ ဆီ သွားလိုက်သည်။
ဝမ်ဝေ့ဆီမှ အကြည့်တစ်ချက်တည်းဖြင့် ဓားပြအယောက် ၂၀ က ဖိအားကို ခံစားလာကြရသည်။ သူတို့က ချက်ချင်းဆိုသလို ဒူးထောက်လျက် ကျသွားပြီး နောက်ကျောမှ ချွေးအေးများ စီးကျလာသည်။
“ ငါ တစ်ခါပဲ မေးမယ်။ ဒီနဲ့ အနီးဆုံးမြို့က ဘယ်ဘက်မှာလဲ ”
စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် ဓားပြတစ်ယောက်က ဖိအားကို မခံနိုင်တော့ဘဲ အဖွဲ့အား သူတို့လိုချင်သည့် သတင်းအား ပြောပြလိုက်သည်။
ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်ပြီးနောက် စစ်သူကြီး(၅)အား အမိန့်ပေးလိုက်သည်။
“ ကျန်တဲ့လူတွေအားလုံးကို သတ်ပစ်ပြီးတော့ စပြောတဲ့သူကို လမ်းပြအနေနဲ့ ချန်ထားလိုက် ”
စစ်သူကြီး(၅)က ကျန်ရှိနေသည့် ဓားပြများကို သတ်ပစ်လိုက်သည်။ တစ်ယောက်မှ သိုင်းပညာကို မသိထားသည့်အတွက် ဖြစ်စဉ်က ချောမွေ့လွန်းလှသည်။
စစ်သူကြီး(၅)အတွက်မူ ဝမ်ဝေ့အား သူ့အမှား ပြန်လည်ပြင်ဆင်နိုင်သည့် အခွင့်အရေးပေးသည့်အတွက် ကျေးဇူးတင်ကာ ပျော်ရွင်မိနေသည်။
သခင်လေးလီကျွင်းအောက်တွင် စစ်သူကြီးငါးယောက်ရှိပြီး သူက အားအနည်းဆုံး ဖြစ်ပေသည်။ အကယ်၍ သူသာ ကောင်းကောင်းမလုပ်နိုင်လျှင် လက်ထောက်စစ်သူကြီး(၁) မှ (၁၀)က သူ့စစ်သူကြီး(၅) ဘွဲ့ကို ပျော်ပျော်ကြီး လုယူသွားကြလိမ့်မည်။
အဖွဲ့က သူတို့ဦးတည်ရာ ကောင်းကင်ကြည်လင်မြို့ဆီ ရောက်ဖို့ ငါးရက်ကြာ ခရီးသွားခဲ့ရသည်။
ခရီးက ဒီထက် ပိုမြန်နိုင်လေသည်။ ကံဆိုးသည်က ဝမ်ကျူက ပျံသန်းဖို့ သူမ ကျင့်ကြံဆင့်ကို အသုံးပြုဖို့ ခွင့်မပြုထားပေ။
ဝမ်ဝေ့က မတတ်သာသည့်အဆုံး နတ်ဆိုးသားရဲကို နာခံအောင် လုပ်ချင်သည်။ ဥပမာအားဖြင့် ကူးသန်းဆက်သွယ်ရေးအတွက် ပျံသန်းနိုင်သည့် အမျိုးအစားထဲမှ ဖြစ်သည်။ သို့သော်လည်း ဓားပြလမ်းညွှန်သူက နတ်ဆိုးသားရဲအုပ် ရှိသည့် အနီးဆုံးနေရာမှာ သူတို့သွားမည့် မြို့ထက် ပိုဝေးကြောင်း ပြောလာသည်။
သူတို့အဖွဲ့အတွက် ကံကောင်းသွားသည်က ခရီးတစ်လျှောက် မြင်းများစွာရှိသည့် နောက်ထပ် ဓားပြအဖွဲ့နှင့် တွေ့လိုက်ရခြင်း ဖြစ်သည်။
မြို့ဆီ ရောက်လာပြီးနောက် ဝမ်ဝေ့က ဝင်ကြေးအတွက် ရွှေပြားအနည်းငယ် ပေးကာ အကောင်းဆုံး တည်းခိုဆောင်ထဲမှ ဈေးအကြီးဆုံးအခန်းကို ယူလိုက်သည်။
သို့သော်လည်း သူ့အလျှံအပယ်သုံးစွဲနေမှုကို အကြံဆိုးရှိသူများက သတိပြုမိသွား၏။ ထို့ကြောင့် ဝမ်ဝေ့က သူ့ဘာသာ ပြဿနာကြားမရောက်စေရန် မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားသည့် အားကောင်းသည့် အရှိန်အဝါတစ်ခု ထုတ်လွှင့်ထားလိုက်သည်။ ထိုအရာက သူတို့အဖွဲ့အား မျက်စိကျနေသည့် မည်သူမဆို ကြောက်လန့်သွားစေလိမ့်မည်။
နောက်တစ်ရက်၌ မြို့အရှင်က ဝမ်ဝေ့ဆီ ကိုယ်တိုင်လာတွေ့လေသည်။ ခဏတာ စကားပြောဆိုပြီးနောက် အဖွဲ့က မြို့နှင့် ပတ်ဝန်းကျင်အကြောင်း သတင်းအချက်အလက် ရရှိလိုက်၏။ သို့သော်လည်း ဝမ်ဝေ့က မြို့အရှင်နှင့် စကားကြာကြာမပြောပေ။ အကြောင်းမှာ သူတို့က ကမ္ဘာကြီးအကြောင်း ဘာမှမသိသေးသည့်အကြောင်း မသိစေလို၍ ဖြစ်သည်။
သိပ်မကြာခင် အဖွဲ့က ကောင်းကင်ကြည်လင်မြို့ထဲ လဝက်ကြာ နေထိုင်ခဲ့သည်။ ပထမရက်ကတည်းက ပျောက်နေသည့် ဝမ်ကျူက သူမနှင့်အတူ ဆွဲဆောင်မှုရှိရှိ မိန်းမလှလေးကို ဆွဲကာ ပြန်ရောက်လာသည်။
အခန်းအတွင်း ဝမ်ဝေ့၊ လီကျွင်း၊ ယန်းလီလင်း၊ ဝမ်ကျူနှင့် ဆွဲဆောင်မှုရှိရှိ မိန်းမလှလေးတို့က ဆွေးနွေးနေကြသည်။
မိန်းမလှလေးက အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် “ စုအိုက်က သခင်လေးဝမ်ဝေ့ကို ဂါရဝပြုပါတယ် ”
“စုအိုက်လား … ဒီနာမည်ကို ဘယ်မှာကြားဖူးပါ့လိမ့် ”
ထိုမေးခွန်းကို ကြားကာ စုအိုက်နောက်မှ အမြီးသုံးချောင်း ရုတ်ချည်း ထွက်ပေါ်လာသည်။
ဝမ်ဝေ့က ထိုနာမည်ကို မှတ်မိသွားလေသည် “မင်းက မြေခွေးနတ်ဆိုးမျိုးနွယ်က ခေါင်းဆောင်ငယ်လေးပဲ ”
စုအိုက်က ထပ်မံ ဦးညွှတ်လိုက်ပြီး တုံ့ပြန်လိုက်သည် “ဟုတ်ပါတယ်။ ကျွန်မတို့ မြေခွေးမျိုးနွယ်ကို ကယ်ပေးတဲ့အတွက် သခင်လေးဝမ်ဝေ့ကို ကိုယ်တိုင်ကျေးဇူးတင်ချင်လို့ပါ ”
“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ မင်းတို့မျိုးနွယ်ကို အခွင့်အရေးတစ်ခုပဲ ပေးခဲ့ရုံပါ။ မင်းတို့ခေါင်းဆောင်သာ နတ်ဆိုးတော်ဝင်မိသားစုကို တော်လှန်ရဲဖို့ သတ္တိမရှိဘဲ တစ်မျိုးနွယ်လုံးကို မရွေ့ပြောင်းနိုင်ခဲ့ရင် ငါ သူမကို ဖိတ်ကြားခဲ့တာ အဓိပ္ပါယ်မရှိ ဖြစ်သွားမှာပဲ ”
“သခင်လေး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အခြေအနေအများစုမှာ အခွင့်အရေးတစ်ခုက အရာအားလုံးထက် ပိုအဖိုးတန်နေတတ်ပါတယ် ”
“ ကောင်းပြီလေ … လောကဝတ်တွေ ဘေးဖယ်ထားလိုက်တော့။ ဒီအလွှာကို ဘယ်လိုလုပ်ရောက်နေတာလဲ ”
ဤတစ်ကြိမ် ဝမ်ကျူက စတင်ရှင်းပြလိုက်သည် “ ဂိုဏ်းအကြီးအကဲတွေက မဟာဝူတော်ဝင်တိုင်းပြည်က ဒီစစ်ဆေးမှုမှာ မျှမျှတတ မယှဉ်ပြိုင်မှာ စိုးရိမ်လို့ ဒီကို တစ်ယောက်ယောက် လွှတ်ပြီး အချက်အလက် တိတ်တဆိတ် စုဆောင်းခိုင်းထားတာပါ။
အစက ဒီကို လာမဲ့သူက ကျွန်မ ဖြစ်ရမှာ … ဒါပေမဲ့ ခေါင်းဆောင်ငယ်က ဂိုဏ်းကို ဆက်သွယ်လာပြီး သူတို့မျိုးနွယ်ကို ကယ်ပေးတဲ့အတွက် ပြန်ပေးဆပ်ချင်တယ် ပြောလာတယ်။ သူမရဲ့ အားကောင်းတဲ့ ဆွဲဆောင်နိုင်စွမ်းအရ ဂိုဏ်းအနေနဲ့ သူမက သတင်းအချက်အလက် စုဆောင်းတာ ပိုသင့်တော်မယ်ဆိုပြီး လွှတ်လိုက်တာပါ ”
အရာအားလုံးကို သိသွားပြီးနောက် အားလုံးက စုအိုက်ကို ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူမက ပြုံးကာ သိုလှောင်လက်စွပ်ထဲမှ မြေပုံတစ်ခုကို ထုတ်ပေးလာသည်။
“ အကြီးအကဲတွေက မဟာဝူတော်ဝင်တိုင်းပြည်က လူတွေအကြောင်း စိုးရိမ်နေတာ မှန်တယ် ”
ထိုသို့ပြောပြီးနောက် သူမက မြေပုံအလယ်ကို လက်ညိုးထောက်ပြလိုက်သည်။ အလယ်ပိုင်း ကုန်းမြေကို မဟာဝူ၊ မဟာယဲ့၊ မဟာရှု ဟူ၍ အမှတ်အသား သုံးခု ခွဲထားလေသည်။
“ ဒီတိုင်းပြည်သုံးခုက တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာ တစ်ခုလုံးမှာ အားအကောင်းဆုံနဲ့ အကြွယ်ဝဆုံး တိုင်းပြည်တွေပဲ။ နှစ်များစွာကြာတဲ့အထိ သူတို့က တစ်ယောက်နဲ့ တစ်ယောက် တိုက်လာတာဆိုတော့ သုံးချောင်းထောက်လိုမျိုး အင်အားညီနေတယ်။
ဒါပေမဲ့ မဟာဝူတိုင်းပြည်ကို အစက ဒီလိုခေါ်တာ မဟုတ်ဘူး။ အရင်နာမည်က မဟာဝေ့တဲ့ … ”
ထိုသို့ပြောပြီးနောက် စုအိုက်က ပခုံးတွန့်သွားသည့် ဝမ်ဝေ့အား ကြည့်လိုက်သည်။ သူ့နာမည်က အသုံးများနေသည်မှာ သူ့အမှား မဟုတ်ပေ။
“ ကျွန်မ ရထားသလောက် သတင်းတွေအရ မဟာဝူတော်ဝင်တိုင်းပြည်ရဲ့ အိမ်ရှေ့စံ စွင်းဝမ်နှင့် တတိယမင်းသား စွင်းကျောင်းလုံတို့က ဒီကမ္ဘာထဲ ရောက်နေတာကြာပြီ။ အိမ်ရှေ့စံစွင်းဝမ်က မဟာဝေ့တိုင်းပြည်ရဲ့ တော်ဝင်မိသားစုနဲ့ အပေးအယူတချို့ လုပ်ထားပုံပဲ …
သူ ရောက်ပြီး လပိုင်းလောက်ကြာတော့ မဟာဝေ့တိုင်းပြည်က မဟာဝူလို့ အမည်ပြောင်းလိုက်ပြီးတော့ စွင်းဝမ်က ဘုရင် ဖြစ်လာတယ် ”
ဝမ်ဝေ့က ထိုအကြောင်းကို ကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။ ဤသည်က အသုံးဝင်သည့် သတင်း ဖြစ်၏။
“ သူ့ဘာသာ ဘုရင် ဖြစ်လာတယ်တဲ့လား … ဒီကမ္ဘာရဲ့ ဒေသခံတွေက မသိလောက်ပေမဲ့ စွင်းဝမ်က ဒီကမ္ဘာရဲ့ အရေးပါပုံကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ”
“အခြားတိုင်းပြည်တွေကရော … သတင်းရထားသေးလား ”
“ ဟုတ်ကဲ့ သခင်လေး … ကျွန်မ အခုသိထားသလောက် အိမ်ရှေ့စံကျီစုန့်က မဟာယဲ့တိုင်းပြည်ရဲ့ တပ်ထဲ ဝင်ရောက်သွားပါပြီ။ သူက တော်ဝင်မိသားစုကို အပိုင်မသိမ်းခင် တပ်ကို အရင်ဆုံး ထိန်းချုပ်ချင်နေတာ တူတယ် ”
“ဒါက အကြံကောင်းပဲ။ သူ့အစ်ကိုကြီးရော ပါလာတာလား ”
“ဟုတ် …. ပထမမင်းသား ကျီစုက တပ်ထဲမှာ သူ့အကြံပေးအဖြစ် ခစားနေပါတယ် ”
“ ဒီလိုဆိုတော့ ပိုအဓိပ္ပါယ်ရှိသွားပြီ။ သူ့လို အလောတကြီး လုပ်တတ်တဲ့ သဘာဝအရ သူ့ဘာသာ တစ်ယောက်တည်းဆိုရင် တစ်တိုင်းပြည်လုံးကို တိုက်ခိုက်ပြီး သိမ်းပစ်လိမ့်မယ် ”
ဝမ်ဝေ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ဆက်မေးလိုက်သည် “မဟာရှုတိုင်းပြည်ကရော ဘယ်လိုလဲ ”
“သူတို့က နယ်ခြားတိုင်းပြည်တွေက သူလျိုတွေကို စိုးရိမ်ပြီး ကာကွယ်ထားတော့ ကျွန်မ ရထားတဲ့ သတင်းက ကန့်သတ်ချက်ရှိနေတယ်။ ကျွန်မ သိထားသလောက် တစ်ယောက်ယောက်က တိုင်းပြည်ရဲ့ ဆရာသခင် ဖြစ်လာပြီးတော့ မဟာရှုတိုင်းပြည်တစ်ခုလုံးရဲ့ ဘာသာရေးက တောက်ဘာသာ ဖြစ်သွားတယ်တဲ့ … ကျွန်မ နောက်ထပ် သတင်းမရတော့လို့ သခင်လေးကို တောင်းပန်ပါတယ်”
ဝမ်ကျူက သူမဆီ လျှောက်လာကာ ပခုံးကို ပုတ်ပေးလိုက်ပြီး “ မိန်းကလေးက အချိန်တိုအတွင်းမှာ အများကြီး လုပ်နိုင်ခဲ့ပါတယ် ”
“ဝမ်ကျူ ပြောတာ မှန်တယ်။ မိန်းကလေး စုအိုက် ရထားတဲ့ သတင်းတွေက ငါတို့အတွက် အစပြုဖို့ လုံလောက်ပြီ ”
“ သခင်လေးဝမ်ဝေ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ သတင်းတွေ စုဆောင်းနေပေမဲ့ ဒီကမ္ဘာက ကျင့်ကြံသူအားလုံးက အားကောင်းပြီး ခက်ထန်တဲ့ စိတ်ဝိညာဉ်မျိုး ရှိကြတော့ ကျွန်မ ဆွဲဆောင်မှုတွေက သိပ်အသုံးမဝင်ဘူး ဖြစ်သွားတယ် ”
ဝမ်ဝေ့က စုအိုက်ကို အပြစ်မတင်ပေ။ သူမ ယူဆောင်လာသည့် သတင်းများက လုံလောက်လေပြီ။ ထို့ကြောင့် သူက သူမအား ဒီကမ္ဘာထဲမှ တခြားတိုင်းပြည်များအကြောင်း ဆက်မေးကာ နောက်ခြေလှမ်းကို ကြံစည်လိုက်သည်။