လေ့လာခြင်း
Vol. 7 Ch. 91
အခန်း(၉၁) : လေ့လာခြင်း
ဒီကမ္ဘာအတွင်းရှိ အဓိကတိုင်းပြည်အသီးသီးအကြောင်း သိရှိပြီးနောက် သူက နောက်ခြေလှမ်းအတွက် အစီအစဉ် ချမှတ်လိုက်သည်။ သို့သော်လည်း သူက အရင်ဦးစွာ စစ်ဆေးဖို့ လိုအပ်သေးသည်။
ထို့ကြောင့် သူက မေးလိုက်သည် “ တိုင်းပြည်သုံးခု ဆုံတဲ့နေရာ ရှိလား ”
“ ရှိပါတယ် သခင်လေး” စုအိုက်က ပိုအသေးစိတ်ကျသည့် မြေပုံကို ထုတ်ကာ တိုင်းပြည်သုံးခု ဖြတ်သွားသည့် နေရာကို ထောက်ပြလိုက်သည်။
“ဒီမြို့ကို ဆုံမှတ်မြို့လို့ ခေါ်ပါတယ်။ နဂိုနာမည်တော့ မဟုတ်ပေမဲ့ နာမည်အတိုင်း ဒီမြို့က တိုင်းပြည်သုံးခုလုံးရဲ့ အခမဲ့ ကုန်သွယ်ရေးဆုံမှတ်တစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။ မြို့အရှင်ကို နှစ်အနည်းငယ်တိုင်း ပြောင်းလဲလေ့ရှိပြီးတော့ နောက်မြို့အရှင် ဘယ်သူ့ကို ရွေးချယ်ကြမလဲ ဆုံးဖြတ်ကြပါတယ်”
“ ကျွန်တော်တို့ ဒီမြို့ကို စမှတ်အဖြစ် ယူပြီးတော့ တိုင်းပြည်သုံးခုထဲက တစ်ခုကို တိုက်ခိုက်မှာလား။ ဘယ်ဟာကို အရင်တိုက်ကြမလဲ” လီကျွင်းက မေးလိုက်သည်။
သို့သော်လည်း ဝမ်ဝေ့က ခေါင်းခါလိုက်သည်။ သူက ကမ္ဘာပေါ်တွင် အားအကောင်းဆုံးကို သွားတိုက်ခိုက်ရလောက်အောင် မတုံးပေ။ အထူးသဖြင့် တခြားကောင်းကင်ရွေးချယ်ခံများက သူတို့အုတ်မြစ်ကို ထိုနေရာများတွင် စိုက်ထူပြီးသည့်အခါတွင် ဖြစ်၏။
“ ငါက ဆုံမှတ်မြို့ကို သွားမှာက တစ်ခုခုကို စုံစမ်းစရာရှိလို့။ မင်းတို့လူတွေက ဒီကို အရင်သွားနှင့်ပြီးတော့ သတင်းစုံစမ်းထားလိုက်ကြ” ဝမ်ဝေ့က အလယ်ပိုင်း တိုင်းပြည်များ၏ အရှေ့ဘက်ရှိ တိုင်းပြည်များကို ညွှန်ပြရင်း ပြောလိုက်သည်။
“ယန်းလီလင်း … မင်းက စိတ်ဝိညာဉ်ချိုးဖျက်ဆေးလုံးကို ဖော်စပ်နိုင်လား ”
“စိတ်ဝိညာဉ်ချိုးဖျက်ဆေးလုံးလား။ အဲဒါက ကျင့်ကြံသူတချို့ သူတို့စိတ်ဝိညာဉ်ကို အားကောင်းစေပြီးတော့ မိုးမြေနယ်ပယ်ထဲ တက်လှမ်းနိုင်တဲ့ အခွင့်အရေးတိုးမြင့်ပေးနိုင်တော့ အလွန်ရှားပါးတဲ့ နက်နဲအဆင့် ဆေးလုံးပဲ … ကျွန်မ ဆေးဖော်စပ်နည်းကို သိပါတယ် ”
“ ပါဝင်ပစ္စည်းတွေကရော ”
“ပါဝင်ပစ္စည်းတွေက သာမန်ဆိုတော့ ဒီကမ္ဘာမှာ လိုက်ရှာလို့ရလောက်တယ်။ ဒီဆေးလုံးရဲ့ အခက်ဆုံးအပိုင်းက ရေးထွင်းရတဲ့ အက္ခရာတွေက အရမ်းအာရုံစူးစိုက်ရတယ်။ အမှားတစ်ခုက စိတ်ဝိညာဉ်ကို တန်းသတ်ပစ်နိုင်ပြီး သေစေလောက်တဲ့ အဆိပ်မျိုး ပြောင်းလဲသွားနိုင်တယ်”
“ကောင်းတယ်။ မင်းက ဒါတွေကို တတ်နိုင်သမျှ များများဖော်စပ်ထား … စုအိုက်ကို တတ်နိုင်သမျှ အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်ထဲ ဝင်ရောက်နိုင်အောင်လို့ ”
ထိုအရာကို ပြောပြီးနောက် ဝမ်ဝေ့က စုအိုက်ကို လှည့်ကြည့်လိုက်ကာ “ မင်း ဒီကမ္ဘာမှာ သူလျိုတချို့ကို မွေးထားပြီးပြီမလား ”
“ဟုတ်ကဲ့ သခင်လေး။ ကျွန်မ ဒီရောက်နေတဲ့ ငါးနှစ်အတွင်း ကမ္ဘာအနှံ့ ဆောင်ကြာမြိုင်အများကြီး တည်ဆောက်ထားပြီးပါပြီ။ အဲဒီကနေတဆင့် လမ်းဘေး သူတောင်းစားကနေ အဆင့်မြင့်ဆုံး အရာရှိတွေအထိ သတင်းအချက်အလက် ရယူနိုင်တယ် ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုစဉ် စုအိုက်က သတိပြုမိပြီး မြန်မြန်ရှင်းပြလိုက်ရသည်။
“သခင်လေး ထင်သလို မဟုတ်ပါဘူး။ အမျိုးသမီးတွေက ခန္ဓာကိုယ်ရောင်းစားတဲ့ ဆောင်ကြာမြိုင်လိုမျိုး ဖန်တီးထားတာ မဟုတ်ရပါဘူး။ ကျွန်မက စစ်ဘေးနဲ့ ကပ်ဘေးကြောင့် အရာအားလုံး ဆုံးရှုံးသွားရတဲ့ ကလေးငယ်တွေ၊ မိန်းမလှလေးတွေကို မွေးစားထားပြီးတော့ သူတို့ကို ပန်းချီ၊ လက်ရေးလှ၊ ဗျပ်စောင်း စတာမျိုး သင်ပေးထားတာပါ။
သူတို့ လုပ်ဖို့လိုတာက ဧည့်သည်တော်တွေနဲ့ ထိုင်စကားပြောပြီး ကပြဖျော်ဖြေပေးရုံလောက်ပါပဲ။ တကယ်တော့ သူတို့ထဲ ပါရမီပါတဲ့တချို့ဆို ကျင့်ကြံရေးကို သင်ပေးထားပါတယ်။ ပါရမီမပါတဲ့သူတွေကိုတော့ ဒီကမ္ဘာရဲ့ သိုင်းပညာကို သင်ပေးထားပါတယ် ”
ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ဝမ်ဝေ့က သူ့ရည်မှန်းချက်အတွက် အရာအားလုံးနီးပါး လုပ်နိုင်သူ ဖြစ်၍ သူ့ဘာသာ လူကောင်းဟု ယူဆမထားသော်လည်း အခြေခံစည်းမျဉ်းတော့ ရှိသေးသည်။
အမျိုးသမီးများကို အတင်းကျပ် ဖိအားပေးကာ ပြည့်တန်ဆာလုပ်ခိုင်းခြင်းက ထိုစည်းမျဉ်းကို ကျော်လွန်သွားလေပြီ။
“မိန်းကလေး စုအိုက် ကောင်းကောင်းလုပ်ခဲ့ပါတယ်။ နောက်နှစ်အနည်းငယ် အာရုံစိုက်ထားလိုက်ရင် အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်ထဲ ရောက်လာပြီး ဆွဲဆောင်နိုင်စွမ်းတွေလည်း ပိုတိုးလာမှာပါ။ ဝမ်ကျူက မင်းရဲ့သတင်းစုဆောင်းရေးဌာနကို ကိုင်တွယ်ထားလိမ့်မယ်။
မင်း အဆင့်တက်သွားတဲ့အခါ မင်းရဲ့ အမိန့်အောက်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ကျင့်ကြံနည်းကို ပြန်လည်သုံးသပ်ပြီးတော့ ဆွဲဆောင်နိုင်စွမ်း ရှိလာအောင် ကူညီပေးမယ် … သေမျိုးတွေအပါအဝင်ပေါ့။
ဒီနည်းနဲ့ ဆောင်ကြာမြိုင်လည်း နာမည်ပိုကြီးလာပြီးတော့ သတင်းရဖို့ ပိုလွယ်လာလိမ့်မယ် ”
အစည်းအဝေးပြီးပြီးနောက် အဖွဲ့က လမ်းခွဲလိုက်ကြသည်။ အများစုက အရှေ့ပိုင်းဆီ ဦးတည်လိုက်ကြစဉ် ဝမ်ဝေ့က ဆုံမှတ်မြို့ဆီ ဦးတည်လိုက်သည်။
ခရီးလမ်းက တစ်လတာ ကြာမြင့်ခဲ့လေသည်။ စုအိုက် သူ့ကို ပေးထားသည့် သားရဲပျံကြောင့်သာ မဟုတ်လျှင် ပိုမို ကြာမြင့်လောက်သည်။
ထိုခရီးအတွင်း ဝမ်ဝေ့က ဒီကမ္ဘာ၌ သူ ဖြေရှင်းရမည့်အထဲ ကူးသန်းသွားလာရေးသည် အဓိကပြဿနာတစ်ခု ဖြစ်လိမ့်မည်မှန်း သဘောပေါက်သွားသည်။
ဆုံမှတ်မြို့ထဲ ဝင်လာပြီးနောက် ဝမ်ဝေ့က သူ့အား ပြဿနာလာမရှာစေရန် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်မျိုး ထုတ်ထားလိုက်သည်။
သူ ၁၃ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ထဲ ရောက်လာကတည်းက သူ့အငွေ့အသက်က ပျောက်ကွယ်သွားကာ သာမန်လူတစ်ယောက်နှင့် တူနေသည်။ ထို့ကြောင့် သူက အငွေ့အသက်ကို တမင်ထုတ်လွင့်နေရ၏။
ဝမ်ဝေ့က သိုးယောင်ဆောင်သည့် ကျား သဘောတရားကို မကြိုက်ပေ။ အကယ်၍ ကျားတစ်ကောင် ဖြစ်နေလျှင် အဘယ်ကြောင့် ဖုံးကွယ်ထားစရာ လိုမည်နည်း။ ကမ္ဘာကူးသူအများစုက သိုသိုသိပ်သိပ် နေလိုကြပြီး တစ်ယောက်ယောက်က သူတို့ကို အားနည်းသည်ဟု အရှက်လာခွဲသည့်အခါမှ စွမ်းအားအစစ်အမှန်ကို ထပြကာ ပါးဖြတ်ရိုက်တတ်ကြသည်။
ထိုကိစ္စတစ်ခုလုံးက ဝမ်ဝေ့အတွက် အဓိပ္ပါယ်မရှိပေ။ အငွေ့အသက်၊ အရှိန်အဝါ နည်းနည်းထုတ်ပြထားရုံဖြင့် ထိုအဓိပ္ပါယ်မရှိသည့် ကိစ္စရပ်အားလုံး ကျော်လွှားပစ်နိုင်သည်။ အဘယ်ကြောင့်များ အချိန်ဖြုန်းနေမည်နည်း။
ထိုကမ္ဘာကူးသူများက ဘဝတွင် တခြား လုပ်စရာမရှိကြဘူလား …
သူ့အတွက် သူတို့ ဒီလိုပြုမူကြသည့် အကြောင်းအရင်းက အတ္တကြီးကြ၍ ဖြစ်သည်။
မြို့ထဲဝင်ပြီးနောက် ဝမ်ဝေ့က ခဏနားလိုက်သည်။ တကယ်တော့ သူက အတော်လေး အံ့ဩနေမိသည်။ သူ့ခရီးလမ်းတစ်လျှောက် သူ သွားသည့်နေရာတိုင်း တိုက်ပွဲများကို မြင်ခဲ့ရသည်။ တိုင်းပြည်အသီးသီးက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြပြီး ဂိုဏ်းများနှင့် သိုင်းပညာကျောင်းများကလည်း ဂယက်ထနေကြသည်။
နောက်ဆုံးတွင် ဝမ်ဝေ့က ဤအလွှာကို အဘယ်ကြောင့် တိုက်ပွဲတိုင်းပြည်ကမ္ဘာဟု ခေါ်ဆိုမှန်း နားလည်သွားလေပြီ။ သို့သော်လည်း ဤဆုံမှတ်မြို့က မထင်မှတ်ထားလောက်အောင် ငြိမ်းချမ်းနေသည်။ အနည်းဆုံးတော့ ကမ္ဘာရှိ ကျန်နေရာများနှင့် ယှဉ်လိုက်သည့်အခါ ဖြစ်သည်။
နေ့ဘက်၌ မြို့တွင်း သံသယဖြစ်ဖွယ် အပြုအမူအားလုံး မရှိပေ။ ကျင့်ကြံသူအားလုံးနှင့် သိုင်းပညာရှင်အားလုံးက စည်းမျဉ်းကို လိုက်နာကြ၏။ သို့သော်လည်း ညအခါ၌ သူတို့က ချက်ချင်းဆိုသလို လပိုင်းလောက် အစာငတ်နေသည့် ခွေးအ များအဖြစ် ချက်ချင်း ပြောင်းလဲသွားကြသည်။
ယနေ့ည ဝမ်ဝေ့က ဒီမြို့ကို ရောက်လာသည့် အကြောင်းအရာအား လုပ်တော့မည် ဖြစ်၏။ သူတို့အသက်ကို အလကား လာပေးသည့် ကျင့်ကြံသူတချို့ကို အလွယ်လေး သတ်ပစ်လိုက်ပြီးနောက် သူ့ကိုယ်သူ ဝိညာဉ်ချီများဖြင့် ရစ်ပတ်လိုက်ပြီး လေထဲ မီတာထောင်ချီအထိ မြင့်တက်စေလိုက်သည်။
သို့သော်လည်း သူက ဒီဖြစ်စဉ်အတွင်း အကြိမ်များစွာ လုပ်နေရသလို ခံစားနေရသည် “ ကျစ် ဒီကမ္ဘာနဲ့ အဆင့်နိမ့် ဝိညာဉ်ချီတွေ …”
ဝမ်ဝေ့က အသက်ပြင်းပြင်းရှုလိုက်ရင်း ရေရွတ်လိုက်သည်။
သူက သေချာသည့် အမြင့်အနေအထားဆီ ရောက်သည့်အခါ သူ့ဘာသာ ထိန်းထားလိုက်သည်။ ထို့နောက် သူ့အမြင်အာရုံကို အသက်သွင်းကာ မဟာဝူတိုင်းပြည်ဘက် လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် တိုင်းပြည်တစ်ခုလုံးပေါ် အုပ်လွှမ်းကာ လှည့်ပတ်နေသည့် လက်သည်းကိုးခုနှင့် ရွှေရောင်နဂါးကြီးကို မြင်လိုက်ရသည်။ ဝမ်ဝေ့က ဤသည်မှာ တိုင်းပြည်၏ ချီကံကောင်းမှု ဖြစ်ကြောင်း သိလေသည်။
ဝမ်ဝေ့က အနီးကပ် စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုနဂါးကြီးသည် ကြေးခွံအမြောက်အများ ဖျက်ဆီးခံထားရကြောင်း တွေ့လိုက်၏။ နဂါးအပေါ်တွင် သူ့စွမ်းအားကို စုပ်ယူကာ ဖြည်းဖြည်းချင်း သတ်နေသည့် မြွေတစ်ကောင် ရှိနေသည်။ သို့သော်လည်း စုပ်ယူနှုန်းက နှေးကွေးနေပုံပေါ်ပြီး ရွှေရောင်နဂါးကြီးကလည် ပြန်တိုက်ခိုက်နိုင်သေးဟန်ပေါ်သည်။
ထိုအရာကို မြင်ကာ ဝမ်ဝေ့က မင်းသားစွင်းဝမ်၏ ဘဝသည် တိုင်းပြည်အတွင်း မလွယ်ကူကြောင်း မြင်လိုက်ရ၏။ သူ ရုတ်ချည်း အာဏာသိမ်းလိုက်မှုက ဆိုးကျိုးများစွာ ရှိသွားလေသည်။
သူက ထိုဆိုးကျိုးများကို ဖာထေးဖို့ နည်းလမ်းရှိပုံပေါ်သော်လည်း ဖြစ်စဉ်က အချိန်ကြာမြင့်လိမ့်မည်။ ထိုအချိန်အတွင်း မဟာဝူတိုင်းပြည်က အကြီးအကျယ်ထိခိုက်ထားပြီး တခြားတိုင်းပြည်ရေးရာ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ဝမ်ဝေ့၏ အနာဂတ်အစီအစဉ်များအတွက် သတင်းကောင်း ဖြစ်၏။ သူ စိုးရိမ်ဆုံး ကိစ္စမှာ တိုင်းပြည်သုံးခုလုံး ပေါင်းကာ သူနှင့် တခြားကောင်းကင်ရွေးချယ်ခံများအား နှိမ်နင်းမည်ကို ဖြစ်၏။
ထို့နောက် ဝမ်ဝေ့က မဟာယဲ့တိုင်းပြည်ဘက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ရွှေရောင်နဂါးကို မြင်လိုက်ရသော်လည်း နဂါးကြီးတွင် လက်သည်း ခြောက်ခုသာ ကျန်ရှိတော့ပြီး သုံးခုမှာ ဖြတ်တောက်ခံထားရသည်။
နဂါးလက်သည်းများက တပ်မဟာ စွမ်းအားကို ကိုယ်စားပြုနေပြီး ဝမ်ဝေ့က ကျီစုန့်နှင့် ကျီစုတို့သည် တိုင်းပြည်၏ တပ်အတွင်းပိုင်းအထိ ဝင်ရောက်နိုင်ခဲ့ပြီး ဖြည်းဖြည်းချင်း ဝါးမျိုနေပြီ ဖြစ်ကြောင်း တန်းသိလိုက်သည်။
သူတို့ကို အချိန်အလုံအလောက်ပေးလိုက်လျှင် မဟာယဲ့တိုင်းပြည်က သူတို့လက်ထဲ ရောက်သွားလိမ့်မည်။ ဖြစ်စဉ်က မဟာဝူတိုင်းပြည်ထက် ပိုမြန်နိုင်သည်။
ခဏတာ တွေးတောပြီးနောက် ဝမ်ဝေ့က မဟာရှုတိုင်းပြည်ဘက် လှမ်းကြည့်လိုက်သည်။ သူက ထိုတိုင်းပြည်ကို တခြားနှစ်ခုထက် ပိုမိုအာရုံစိုက်ထားလေသည်။
ဝမ်ဝေ့က ဧရာမရွှေရောင်နဂါးကြီးကို မြင်လိုက်ရသည်။ အနီးကပ်ကြည့်လိုက်ပါက ထိုနဂါးတွင် ဘာမှဖြစ်မနေပေ။ သူ့တွင် ဒဏ်ရာ မရှိသလို ကပ်ပါးလည်း ရှိမနေပေ။
သို့သော်လည်း သိပ်မကြာခင် ဝမ်ဝေ့က နဂါးခေါင်းပေါ်တွင် ယင်ယန် သင်္ကေတကို မြင်လိုက်ရသည်။ ထို့နောက် နဂါးခါင်းက စတင်၍ အဖြူနှင့် အမည်း ပြောင်းလဲလာ၏။
ပို၍ဆိုးရွားသည်က ထိုနဂါးကြီးက ထိုသင်္ကေတနှင့် သက်ရောက်မှုကို သိပုံပေါ်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိခြင်း ဖြစ်သည်။ အချုပ်အားဖြင့် ထိုနဂါးကြီးသည် ဖြည်းဖြည်းချင်း ပြောင်းလဲနေသည့်အချက်အား ပျော်ရွင်နေပြီး ဖြစ်စဉ်ကို ပို၍ မြန်ဆန်လာဖို့ပင် မျှော်လင့်နေဟန်ပေါ်သည်။
ဝမ်ဝေ့က မဟာရှုတိုင်းပြည်၏ ချီကံကောင်းမှုကို စစ်ဆေးနစဉ် နဂါးကြီးက တစ်ခုခုကို သတိထားမိသည့်အလား ဝမ်ဝေ့ဘက် လှမ်းကြည့်လာသည်။ သူ့အကြည့်တို့က ဝမ်ဝေ့နှင့် တွေ့ဆုံသွား၏။
မျက်ဝန်းမှတဆင့် ဝမ်ဝေ့က တစ်ယောက်ယောက်သည် ထိုနဂါးမှတဆင့် သူ့ကို ကြည့်နေကြောင်း ခံစားမိလိုက်သည်။
သတိပြုမိသွားတာလား …
ဝမ်ဝေ့က သူ့မျက်နှာအထက် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဤသည်မှာ သူ သူများ၏ ချီကံကောင်းမှုကို ခိုးကြည့်နေစဉ် ပထမဆုံး သတိပြုမိခြင်း ဖြစ်၏။
ဒါက တိုင်းပြည်ရဲ့ ဆရာသခင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကောင်းကင်ရွေးချယ်ခံပဲ ဖြစ်ရမယ် …
နဂါးကြီးက ဝမ်ဝေ့နှင့် အကြည့်ချင်းဆုံပြီးနောက် မဟာရှုတိုင်းပြည်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မြူများ ရုတ်ချည်း ပေါ်ထွက်လာသည်။ ထို့နောက် ဝမ်ဝေ့က သူတို့တိုင်းပြည်၏ ချီကံကောင်းမှုကို စစ်ဆေးကြည့်၍ မရတော့မှန်း သိလိုက်သည်။
“စိတ်ဝင်စားစရာပဲ ” သူက ရေရွတ်ရင်း ပြုံးလိုက်မိသည် “ယင်ယန်သင်္ကေတတဲ့လား … ဒီလူက ထိုက်ယီနက်နဲမုခ်နဲ့ ဆက်စပ်နေတာလား”