← Chapters

နှစ်လိုဖွယ်ကောင်းသော စက်ဆုပ်ရွံရှာဖွယ်စနစ်

Vol. 1 Ch. 3

နှစ်လိုဖွယ်ကောင်းသော စက်ဆုပ်ရွံရှာဖွယ်စနစ်

Vol. 1 Ch. 3

ကျောင်းအပ်ပြီးသည့်နောက် အန်လင်းက သူနေထိုင်ရမည့် အဆောင်သို့ ထွက်လာသည်။

အဆောင်သို့ ရောက်တော့ နောက်တစ်ကြိမ်ထပ်ပြီး ရင်သပ် ရှုမော ဖြစ်ရပြန်သည်။

ကိုးပြည်ထောင်မှာ ထိပ်တန်း အဆင့်ရှိတဲ့ ကျင့်ကြံခြင်း ကျောင်းတော်လို့ သတ်မှတ်ခံရတာ မဆန်းပါဘူးလေ။ တကယ်လည်း ထိုက်တန်တာကိုး။ အကျိုး ခံစားခွင့်တွေ ကလည်း ထိပ်တန်းအဆင့်ပဲ။ ကျောင်းသားအသစ်တိုင်းက ကိုယ်ပိုင်နှစ်ထပ်ဆောင် တစ်ဆောင်စီ ရတာကိုး။

အဆောက်အဦကို သစ်သားဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကာ အတွင်းရှိ ပရိဘောဂများ မှာလည်း လူတိုင်း လိုအပ်သည်များ ဖြစ်ကြသည်။

သေချာတာပေါ့။ ကွန်ပျူတာများ၊ ရုပ်မြင်သံကြားစက်များ၊ လေအေးပေးစက်များ၊ အဝတ်လျှော်စက်များနှင့် အခြား အရာအားလုံးကိုပင် မေ့သွားနိုင်လောက်သည်။ ဒီမှာရှိသမျှ ပရိဘောဂ အများစုသည် သစ်သားဖြင့် ပြုလုပ်ထားသည် ချည်းသာ။

သူကမ္ဘာပေါ်တွင် ဖတ်ခဲ့ဖူးသည့် ကျင့်ကြံခြင်း အခြေခံ ဝတ္ထုများတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် အတော်လေး တူညီမှုရှိသည်ဟု အန်လင်းက ခံစားရသည်။

ခေတ်ပေါ် အသုံးအဆောင်များ မရှိသော်လည်းပဲ ကျောင်းတော်အတွင်း ဝင်ရောက်ပြီးသည်နှင့် အိမ်ဆောင်များတွင် နေရာ ချထားပေးမှုက အန်လင်းအား အလွန်ပျော်ရွှင် စေသည့် ခံစားချက်ကို ပေးသည်။

အိမ်ဆောင်များကို တန်းခွဲအလိုက် နယ်မြေပိုင်းခြား ခွဲဝေပေးထားခြင်း ဖြစ်ကာ စုရှောင်လန်၏ အိမ်ဆောင်မှာ အန်လင်း၏ ဘေးကပ်ရပ်တွင် ဖြစ်သည်။

ထိုသည်ကို သိလိုက်ရတော့ အန်လင်းမှာ တိတ်တဆိတ် ပျော်မိသွားသည်။ ဆိုရိုးများအရ ရေနှင့် အနီးဆုံးသော ပွဲကြည့်စင်သည် လရောင်ကို ဦးဆုံး ခံစားရသည် မဟုတ်ပါလား။ (ဆိုလိုသည်မှာ ကောင်းမွန်သည့် အကျိုးကျေးဇူးများမှာ သင့်တော်သည့် အနေအထားတွင် ကျရောက်တတ်သည်။)

ထို့အပြင် စုရှောင်လန်မှာ ကြင်နာတတ်ပြီး အလွန်တရာ လှပသေးသည်။ ဒါတင်မဟုတ် သူမသည် သူ့အားနည်းချက်များကို အပြစ်မပြင်ပေ။ ဒီလိုကောင်းမွန်သည့် အပေါင်းအသင်းမျိုးကို ဘယ်မှာ ရှာရမတဲ့တုန်း ...

ဟင့် ... ငါ့မှာ စစ်နတ်ဘုရားစနစ် ရှိတယ်။ ငါက ကျင့်ကြံခြင်း ကမ္ဘာကို စိုးမိုးဖို့အတွက် ကံတရားက စီရင်ပေးလိုက်တဲ့ သူတစ်ယောက်ပဲ။

စုရှောင်လန် ... ငါ့ကိုငါ သက်သေပြမယ်။ ပြီးရင် ငါ့အပေါ်အမြင် ပြောင်းလာစေရမယ်။

အန်လင်း၏ မျက်လုံးများမှာ ခါးသီးမှုတွေနဲ့ တောက်လောင်နေပြီး သူ့နှလုံးသား အခြေမှနေ မာန်မာနတို့က မြင့်တက်လာသည်။

ငါက တာအိုခန္ဓာ ဗလာအဆင့် ဖြစ်တော့ကော ဘာဖြစ်တုန်း။ ရှောင်ယန် တောင်မှပဲ နတ်ဘုရား ဖြစ်လာခဲ့တာ။ ငါကဘာလို့ အင်မော်တယ်နတ်ဘုရား မဖြစ်နိုင်ရမှာလဲ။ (ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းမှ ရှောင်ယန် ပါ။)

ထိုသည်ကို တွေးမိတော့ အန်လင်း၏ နှုတ်ခမ်း ထောင့်စွန်းလေးက အပေါ်ကို ကွေးတက်သွားပြီး ခပ်ပါးပါး ပြုံးလိုက်သည်။ သူ့မျက်နှာတွင်တော့ ယုံကြည်မှု အပြည့်နှင့်ပင်။

အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး သူ့စိတ်အတွင်းရှိ စစ်နတ်ဘုရား စနစ်ကို ဖွင့်ပြီး ကောင်းကင်ကို ဖီဆန်သည့် ကျင့်ကြံခြင်း ခရီးကြမ်းကို စတင်လိုက်သည်။

စစ်နတ်ဘုရား စနစ်၏ သွင်ပြင်မှာ ရိုးရှင်းသည်။ ‘ကျင့်ကြံခြင်း အခြေခံ’၊ ‘ကျင့်ကြံခြင်း နည်းစနစ်’ နှင့် ‘လှုပ်ရှားမှုများ’ ဟူသည့် ကဏ္ဍကြီး သုံးခုနှင့် ဖွဲ့စည်းထားသည်။

အိုး ... ‘အထူးစစ်ဆင်ရေး’ လို့ နာမည်ပေးထားသည့် ဘာကြီးမှန်း မသိသည့် ကဏ္ဍ တစ်ခုလည်း ပါနေသေးသည်။

‘ကျင့်ကြံခြင်း နည်းစနစ်’၊ ‘လှုပ်ရှားမှုများ’ နှင့် ‘အထူးစစ်ဆင်ရေး’ တို့မှာ မီးခိုးရောင် ဖြစ်နေပြီး ‘ကျင့်ကြံခြင်း နည်းစနစ်’နှင့် ‘လှုပ်ရှားမှုများ’ သည် တာအိုခန္ဓာ အဆင့် ၇ သို့ ရောက်မှ ဝင်ကြည့်နိုင်မည်ဟု ဖော်ပြထားသည်။

အန်လင်းက စိတ်တိုသွားပြီး ‘ကျင့်ကြံခြင်း အခြေခံ’ ကို ကြည့်လိုက်သည်။

“တာအိုခန္ဓာ ပထမအဆင့် - သတ်မှတ်ချက် : ဒိုက် ၁၀ ကြိမ် ထိုးပါ ...”

“ဘုရားရေ ...” အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်သော အကြည့်များ ပေါ်လာပြီး “ဒါကိုလုပ်ရင် ပထမအဆင့် ရောက်ပြီးသား ဖြစ်မယ်ပေါ့ ...”

အန်လင်းက မယုံသင်္ကာဖြင့် အိပ်ရာပေါ်တွင် ဒိုက် ၁၀ ကြိမ် ထိုးလိုက်သည်။

ချက်ချင်း ဆိုသလိုပင် သူ၏ အရိုးများက တဖျစ်ဖျစ် မြည်လာပြီး ကြွက်သားများက ပြင်းပြင်းထန်ထန် နာကျင်လာသည်။

မတ်တတ်ရပ်ဖို့ ကိုပင် အချိန်အတော်ကြာ ယူလိုက်ရသည်။ အသက်ရှူ ပြင်းထန်နေကာ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ချွေးများ ရွှဲနေသည်။

“ငါ ... ငါက သန်မာလာပြီ ...” အန်လင်းက သူ့ခန္ဓာကိုယ် ပြောင်းလဲခြင်းနှင့် ကြုံတွေ့ခဲ့ရမှန်း သိနေသည်။ ထိုမျှလောက် စွမ်းအင် ပြည့်ဝနေခြင်းမျိုး ယခင်က မကြုံခဲ့ဖူးပါ။

သူက စိတ်စွမ်းအင်ကိုပါ အာရုံခံ လာနိုင်ပြီး ကောင်းကင်နှင့် မြေပြင်အကြား စီးဆင်းနေသည့် စိတ်စွမ်းအင်များကို ဆိုလိုသည်။

“ဒါက အရေးပါတဲ့ စွမ်းအင် ဆိုတာလား ... တကယ် အံ့ဩစရာပဲ ...”

အန်လင်း သိလိုက်သည်မှာ အခုအချိန်ကစပြီး သူက တရားဝင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီ ဆိုသည်ကိုပင်။

အန်လင်းက သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းဖို့ ကြိုးစားလိုက်ပြီး စစ်နတ်ဘုရား စနစ်ကို ဆက်ကြည့်လိုက်သည်။

“တာအိုခန္ဓာ ဒုတိယအဆင့် - သတ်မှတ်ချက် : ၁၀ ကို ၁၀ ပေါင်းပြီး ဒိုက်ထိုးပါ ...”

“ဒါက ... တကယ်ကြီး ရယ်စရာကောင်းနေတယ် မဟုတ်လား ...” ထိုသို့ ပြောပြီးသည်နှင့် အန်လင်းက သူ့ကိုသူ မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။

ခွီး ... ဒီပုံစံအတိုင်းဆို မနက်ဖြန်ရောက်ရင် ငါက ကျောင်းတော်ရဲ့ ထိပ်တန်းကျောင်းသား ဖြစ်နေတော့မှာပဲ။

အန်လင်းက အပေါ်စီးမှ ခြယ်လှယ်နေသည့် ပုံကို တွေးလိုက်ပြီး တစ်ချက်ရယ်လိုက်သည်။

အကြိမ် ၂၀ ဒိုက်ထိုးပြီးသည့်နောက် ချွေးများ ရွှဲရွှဲစိုနေပြီ ဖြစ်သည်။ သူက နောက်တစ်ကြိမ် ပိုသန်မာ လာတာကို ခံစားမိနေသည်။

သူက ညာလက်သီးကို ဆုပ်ကာ အနီးရှိ စားပွဲခုံကို ရုတ်တရက် ထိုးခွဲလိုက်သည်။ သူ့လက်သီးချက်ကြောင့် စားပွဲမှာ ချက်ချင်း ဆိုသလိုပင် အစိတ်စိတ် အပိုင်းပိုင်း ကွဲကြေသွားသည်။

“ဘွား ဟားဟားဟား ... ငါမရှုံးနိမ့်တော့ဘူးကွ ... ဒါကို စစ်နတ်ဘုရား စနစ်လို့ အကြောင်းမရှိဘဲ ခေါ်မှာ မဟုတ်ဘူး ... သောက်ရမ်း ချစ်တယ်ကွာ ...” အန်လင်းက အော်ဟစ်ပြီး ရယ်မောနေပါသည်။

စနစ်ကို ဆက်ကြည့်လိုက်ပြီးနောက်တွင် သတ်မှတ်ချက်မှာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ “တာအိုခန္ဓာ တတိယအဆင့်- သတ်မှတ်ချက် : ၁၀ ကို ၁၀ နှင့် မြှောက်ပြီး ဒိုက်ထိုးပါ ...”

ဟိဟိဟိ ... နည်းနည်းလေး ပိုခက်လာပြီ။

ဒိုက်ထိုး ပြီးသွားတော့ အန်လင်းက အပြုံး အကြီးကြီး ချိတ်ဆွဲ ထားလိုက်သည်။

အကြိမ် ၁၀၀ ကို မရပ်မနား ဒိုက်ထိုးပြီးသည့်နောက် သူ၏ တာအိုခန္ဓာမှာ တတိယအဆင့်သို့ တိုးတက်သွားပြီ ဖြစ်သည်။

ဟာ ... လူလိမ်စနစ်ပဲ ဟ ... တခြားသူတွေသာ ဒီလိုနည်းနဲ့ ငါ့ တာအိုခန္ဓာ အဆင့်မြင့်လာတာ သိကြည့်ပါလား ရူးတောင် သွားဦးမယ်။

အန်လင်းမှာ တစ်ခဏချင်းပင် ဘဝကြီး၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု ခံစားနေရပြီး စနစ်၏ သွင်ပြင်ကို ပေါ့ပေါ့တန်တန်ပင် ဖွင့်လိုက်သည်။ နောက်တစ်ဆင့်သို့ ရောက်ရှိရန် လိုအပ်ချက်မှာလည်း ဒိုက်ထိုးရုံပင် ဖြစ်ကြောင်း မြင်လိုက်သည့် အခါ ပျော်ရွှင်စွာဖြင့် ထခုန်တော့သည်။

“တာအိုခန္ဓာ စတုတ္ထအဆင့် - သတ်မှတ်ချက် : ၁၀ ကို ထပ်ကိန်း ၁၀ တင်ပြီး ဒိုက်ထိုးပါ ...”

၁၀ ကို ထပ်ကိန်း ၁၀ တင်ပြီး ဒိုက်ထိုးရမယ် ...

အန်လင်းက ၁၀ စက္ကန့်လောက် တွေဝေသွားသည်။

ခဏလေး ခဏလေး ... တွက်ကြည့်မယ်နော် ... ၁၀ ကို ၁၀ ထပ်တင်ပြီး ဒိုက်ထိုးတာက ဘယ်လောက်လဲဆိုတော့ ...

အတော်လေး ကြာပြီးနောက်တွင်တော့ သိသွားပြီ ဖြစ်သည်။

၁၀ ကို ၁၀ ထပ် တင်တာက ၁၀ ဘီလျံ ... အဲတော့ ၁၀ ဘီလျံ ဒိုက်ထိုးရမယ်ပေါ့ ...

ငါက ပြင်းပြင်းထန်ထန်နဲ့ နေ့တိုင်း တစ်နေ့ကို အကြိမ် ၁ သိန်း လုပ်တာတောင်မှ ဘယ်လောက်ကြာမလဲဆိုတော့ ... ဘုရားရေ ... နှစ်ပေါင်း ၂၇၀ ကျော်မှ ပြီးမှာပါလား။

“ဒါက …” အန်လင်းမှာ ခုတင်ပေါ်တွင် အံ့အားသင့်စွာ ထိုင်နေပြီး သူ့မျက်လုံးများ မှာလည်း ဗလာဖြစ်နေသည်။ မျှော်လင့်ချက်တွေ ရေစုန်မျောသွားပြီ ဖြစ်သည်။

သူက စစ်နတ်ဘုရား စနစ်ကို ဖွင့်လိုက်တော့ ‘ကျင့်ကြံခြင်း အခြေခံ’ ကဏ္ဍကလွဲ တခြား ကဏ္ဍများမှာ မီးခိုးရောင်သာလျှင် ရှိနေသေးသည်။

အဲတော့ ငါက နှစ်ပေါင်း ၂၀၀ ကျော်လောက် နေ့တိုင်း ဒိုက်ထိုးပြီး အဆင့်မြှင့်တင်ရမယ်ပေါ့။

မဟုတ်ဘူး။ ပိုပြီး အရေးကြီးတာက ငါက နှစ်ပေါင်း ၂၀၀ လောက် အသက်မရှည် နိုင်ဘူးလေ။

အန်လင်း၏ မျက်လုံးတွင် မျက်ရည်များ ဝေ့သီလာသည်။ ဘယ်လို သောက်ကျိုးနည်း စနစ်မျိုးလဲကွာ ... ဒီကောင်က ငါ့ကို စိတ်ဓာတ်ကျ စေချင်နေတာလား။

အန်လင်းက နှလုံးသားတွေ ကွဲကြေ နေသကဲ့သို့ ဖြစ်လာပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။

မဟုတ်ဘူး ... ငါက ကျင့်ကြံဖို့အတွက် စနစ်ကိုပဲ အားကိုးနေစရာမှ မလိုတာ ... ငါ့ဘာငါ ကျင့်ကြံနိုင်တာပဲကို ...

အန်လင်းက ထိုသောက်ရေး မပါသည့် စနစ်ကြောင့် ကြောက်လန့် နေခဲ့ပြီး နောက်တွင်မှ အသိပြန်ဝင် လာခဲ့သည်။ သူ့အဆင့် တိုးလာသည့် အခါတိုင်း စနစ်၏ အခြေအနေ မှာလည်း ပြောင်းလဲ လာခဲ့သည်။ ဆိုလိုသည်မှာ သူ့ကိုယ်ပိုင် အစွမ်းအစနှင့် အဆင့်မြှင့်တင်မည် ဆိုပါကလည်း စနစ်၏ အနေအထားမှာ ပြောင်းလဲ လာမည်သာ ဖြစ်သည်။ အခြေအနေတွေက ပိုလို့ပင် လွယ်ကူကောင်း လွယ်ကူ လာနိုင်သေးသည်။

ဒါက ဒီစနစ်ရဲ့ အလုပ်လုပ်ပုံ ဒါမှမဟုတ် အသုံးပြုပုံ ဖြစ်နိုင်တယ်။ အန်လင်းက သူ့အတွေးများ အပေါ် ယုံကြည်ချက် အပြည့်နှင့်ပင်။

သို့ပေမဲ့လည်း ပြဿနာ အသစ်က ပေါ်လာပြန်သည်။ သူ့ဘာသာ ဘယ်လို ကျင့်ကြံရမည်နည်း။

ဒေါက် ဒေါက် ဒေါက်

အန်လင်းက သစ်သားတံခါးကို ခေါက်နေရင်း အတော်လေး စိတ်မသက်မသာ ဖြစ်မိသည်။ တံခါးဖွင့်လိုက်သည်နှင့် ကျက်သရေ ရှိလှသည့် ပုံရိပ်လေးက အန်လင်း အမြင်အာရုံထဲ ပေါ်လာသည်။ ပိတုန်းရောင် ဆံနွယ်ရှည်တွေက မိန်းကလေး၏ ပခုံးမှ ဝဲကျနေပြီး အနည်းငယ် စိုစွတ်နေသဖြင့် သူမက ယခုလေးတင် ရေချိုးသန့်စင်ပြီး ပုံပေါ်သည်။ တံခါး ဖွင့်လိုက်သည်နှင့် အန်လင်းက ချိုမြိန် သင်းပျံ့သည့် ရနံ့လေးကို ရှူရှိုက်လိုက်မိသည်။

"အန်လင်း ... နင် ဘာလာလုပ်တာလဲ ..." ထိုမိန်းကလေးက ယခုအချိန်ကြီး အန်လင်း ရောက်လာလိမ့်မည်ဟု မမျှော်လင့် ထားသဖြင့် သူမ၏ လေသံမှာ အံ့အားတကြီး ဖြစ်နေသည်။

"အမ် ... စုရှောင်လန် ... နောက်ကျမှ နင့်ကို အနှောင့်အယှက် ပေးရတာ တောင်းပန်ပါတယ် ... ဒါပေမဲ့ ငါ့မှာ အရမ်း အရေးကြီးတဲ့ ကိစ္စလေး ရှိနေလို့ နင်နဲ့ ဆွေးနွေးချင်လို့ပါ ..." အန်လင်းက စိတ် ကသိကအောက်ဖြင့် ပြောလိုက်သည်။

"အိုး ... ဘာများလဲ ... သီးသန့် ပြောရမယ့် ကိစ္စလား ... အဲတော့ ငါ့အခန်းထဲကို ဝင်လာပြီး လျှို့လျှို့ဝှက်ဝှက် ပြောဖို့ လိုအပ်တာလား ..." စုရှောင်လန်က အန်လင်းကို သူမရဲ့ စူးရှ ထက်မြက်တဲ့ မျက်လုံးများဖြင့် မျှော်လင့်တကြီး ကြည့်လိုက်သည်။ သူပြောသည့် 'အရေးကြီးကိစ္စ' ဆိုသည်ကို သူမက အရမ်း စိတ်ဝင်စားနေပြီ ဖြစ်သည်။

"မ ... မဟုတ်ဘူး ... ငါအဆင်ပြေပါတယ် ..." အန်လင်းက သူ့လက်တွေကို ယမ်းခါလိုက်ပြီး သူမရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။

ထိုခဏတွင်ပင် အန်လင်းက နောင်တရမိသည်။ ဘယ်လို အပြုအမူမျိုးကို လုပ်လိုက်မိတာလဲ။ မိန်းကလေး တစ်ယောက်၏ သူမ အခန်းထဲသို့ ဖော်ရွေစွာ ဖိတ်ခေါ်မှုကို သူက အမှန်တကယ် ငြင်းဆို လိုက်တာလား။

"အာ ..." အန်လင်းက သက်ပြင်းချလိုက်မိသည်။

"ဘာဖြစ်တာလား ..." ရုတ်တရက်ကြီး စိတ်ဓာတ်ကျသွားသည့် အန်လင်းကို မြင်လိုက်ရတော့ စုရှောင်လန်က ထိုမနက်ခင်းတွင် ကျင်းပခဲ့သည့် စစ်ဆေးမှုကို သတိ ရလိုက်မိသည်။

ထိုသည်က အန်လင်းအပေါ် သူမ၏ သနား ကြင်နာမှုကို တိုးပွား လာစေသည်။ "ဝင်လာခဲ့ပြီး ငါ့ကို သေချာ ရှင်းပြလေ ... ငါတတ်နိုင်ရင်တော့ အကောင်းဆုံး ကြိုးစားပြီး ကူညီမှာပေါ့ ..."

"အာ ... ဟုတ်ပြီ ..." အန်လင်းက အဖိုးတန် အခွင့်အရေးကို လက်လွှတ် လိုက်မိသဖြင့် စိတ်ဓာတ် ကျနေချိန်တွင် မမျှော်လင့်ဘဲ စုရှောင်လန်က အခွင့်အရေး တစ်ရပ် ပေးလာခဲ့ပြန်သည်။

ဒီတစ်ကြိမ်တွင်တော့ သူက စက္ကန့်ဝက်မျှ စဉ်းစားပြီးနောက် အလျင်အမြန်ပဲ လက်ခံလိုက်သည်။ သူမအခန်းထဲ ရောက်ပြီးနောက် စုရှောင်လန်က အန်လင်းကို ရေနွေးကြမ်းဖြင့် ဧည့်ခံသည်။

အန်လင်းက လက်ဖက်ခြောက် အမည်ကို မသိပေမဲ့လည်း ထိုရနံ့က သူ့အား အတော်လေး သက်သောင့်သက်သာ ဖြစ်စေသည်။ သူတို့နှစ်ယောက်က စားပွဲ၏ တစ်ဖက်တစ်ချက်တွင် ထိုင်လိုက်ပြီး ရေနွေးကြမ်း သောက်ကာ စကားစမြည် ပြောကြသည်။

"ကောင်းပြီ ... နင့်ရဲ့ အရေးကြီးကိစ္စ ဆိုတာကို အခုပြောလို့ ရပြီ ..." စုရှောင်လန်က သူမ၏ ကျော့မော့သော ကိုယ်နေဟန်ဖြင့် ရေနွေးကြမ်း ပန်းကန်လုံးကို ယူကာ ပတ္တမြားရောင် နှုတ်ခမ်းလေးနှင့် ထိကပ်ပြီး တစ်ငုံ ယူလိုက်သည်။

"အာ ... အာ ..." အန်လင်းက စုရှောင်လန်ကို ကြည့်ပြီးနောက် လေးလေးနက်နက်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။

နေမထိ ထိုင်မထိသည့် အနေအထားက စုရှောင်လန်အား ပိုလို့ အာရုံစိုက် မိစေသည်။

"ငါ့မှာ အဓိက အတားအဆီး တစ်ခု ရှိနေတယ် ..."

စုရှောင်လန်က ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောဆိုသည့် အမူအရာ ပြလိုက်သည်။

"ပြဿနာက ... ငါက ဘယ်လို ကျင့်ကြံရမယ် ဆိုတာကို မသိတာပဲ ... နင်ငါ့ကို သင်ပေးနိုင်မလား ..."

"ဖူး" စုရှောင်လန်က ရေနွေးသီး သွားသဖြင့် အန်လင်း၏ မျက်နှာပေါ်သို့ ထွေးထုတ် မိလျက်သား ဖြစ်သွားသည်။

***

All Chapters