ပထမတွေ့ဆုံမှု
Vol. 7 Ch. 93
အခန်း(၉၃) : ပထမတွေ့ဆုံမှု
အရှေ့ဘက်မိုးတိုင်းပြည်၊ လျို့ဝှက်မြို့၊ တော်ဝင်နန်းတော်
ချပ်ဝတ်အပြည့် ဝတ်ဆင်ထားသည့် အစောင့်အဖွဲ့က တစ်ယောက်ယောက် ပေါ်ထွက်လာဖို့ တန်းစီကာ ရပ်စောင့်နေကြသည်။ အကယ်၍ အနီးကပ်ကြည့်လိုက်ပါက အစောင့်တစ်ယောက်ချင်းစီ၏ မျက်နှာအထက်တွင် ဂုဏ်ယူမှုနှင့် ပျော်ရွင်နေသော အပြုံးကို မြင်တွေ့နိုင်သည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် အပြာရောင် ရှေးပုံစံအဝတ်ကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးက ရံရွှေတော်များ ခြံရံ၍ ထွက်လာလေသည်။ သူမခေါင်းအထက်တွင် ဆံထိုးများစွာရှိ၍ သရဖူပုံစံ ဖြစ်နေသည်။ သူမ မျက်နှာတစ်ဝိုက်ကို ပဝါစဖြင့် ကာထားပြီး ဖုံးအုပ်ထားသည်။ သို့သော်လည်း သူမ၏ မျက်ဝန်းနှင့် အနေအထားကို ကြည့်လိုက်ရုံဖြင့် မည်မျှလှပကြောင်း ပြောနိုင်လေသည်။
သူမ မျက်ဝန်းများက စွဲမက်ဖွယ်အတိ ဖြစ်၏။ တဏှာရမ္မက်ကြောင့် စွဲမက်စရာမျိုး မဟုတ်ဘဲ သူတို့၏ ပျော်ရွှင်စရာအကောင်းဆုံးနှင့် အချိုမြိန်ဆုံး အိပ်မက်များကို ပြန်လည် မှတ်မိစေ၍ ဖြစ်သည်။
ထိုမိန်းမလှလေးက အရှေ့ဘက်မိုးတိုင်းပြည်၏ ၁၃ ယောက်မြောက် မင်းသမီး သုံ့လီဖန်း ဖြစ်၏။
နန်းတော်မှ ထွက်လာပြီးနောက် သုံ့လီဖန်းက အစောင့်များကို ပြုံးပြလိုက်သည့်အခါ အစောင့်များက ရှက်ပြုံး ပြုံးသွားကြလေသည်။ ထို့နောက် သူမက ဇာမဏီပုံများဖြင့် ရေးခြယ်ထားသည့် ရထားလုံးထဲ ဝင်ရောက်သွားသည်။
အဆင့် ၁ သားရဲလေးကောင် ဆွဲထားသည့် ရထားလုံးလေးက လျို့ဝှက်မြို့၏ အနောက်တောင်ဘက်စူးစူးရှိ ဆင်းရဲသားရပ်ကွက်ဆီ ဦးတည်လိုက်သည်။
အစောင့်များနှင့် ရထားလုံး ရောက်လာသည့်အခါ လူများက အာဏာပိုင်တွေကို မြင်သလိုမျိုး ကြောက်ရွံ့နေခြင်း မရှိကြပေ။ အချုပ်အားဖြင့် သူတို့က စိတ်လှုပ်ရှားနေကြ၏။
မင်းသမီး သုံ့လီဖန်းက ရထားလုံးထဲမှ ထွက်လာပြီး ဈေးဆိုင်တည်ထားရာဆီ သွားလိုက်သည်။ သူမက ရွံ့များနှင့် ညစ်ပတ်နေသည့် မိုးရေများ စင်ကုန်သည်ကို စိတ်ထဲ မထားပေ။
ဆိုင်လေးရှေ့တွင် သုံ့လီဖန်းက သူမကို ရပ်ကာ စောင့်ဆိုင်းနေသည့် သန့်သန့်ရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်သုံးယောက်ကို မြင်လိုက်ရသည်။ သူမ မျက်ဝန်းထဲ ရွံရှာမှုတချို့ ဖြတ်ပြေးသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
သူမက သူတို့ဆီ အပြုံးလေးဖြင့် ရောက်လာပြီး “ မြို့စား သခင်လေး လန်ကျန့်ကျွင်း၊ နယ်စား သခင်လေး ချန်ရွင်း၊ မြို့စားကြီး သခင်လေး ကျန့်ခယ်တို့ တွေ့ရတာ ဝမ်းသာပါတယ် ”
ကျန့်ခယ်က ရှေ့တစ်လှမ်းတိုးလာပြီး အပြုအမူကောင်းရှိသည့် မင်းမျိုးနွယ်လိုမျိုး ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်သည် “ မင်းသမီးလေးနဲ့ တိုင်းသူပြည်သားတွေကို ခစားရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ ”
လန်ကျန့်ကျွင်းလည်း ရှေ့တိုးလာကာ “မင်းသမီးလေး … ဒီတစ်ကြိမ် ကျွန်တော်တို့ လန်မိသားစုက အရင်တစ်ခေါက်ထက် အစားအစာ သုံးဆတိုးပြီး ထောက်ပံ့ပါ့မယ် ”
ချန်ရွှင်းက နောက်ကျ မကျန်ခဲ့လိုဟန်ဖြင့် ချက်ချင်း ပြောလိုက်သည် “ဒီတစ်ခါ ကျွန်တော်တို့ ချန်မိသားစုက ဝါဂွမ်းနဲ့ လုပ်ထားတဲ့ ဝတ်ရုံအထည်တစ်သိန်းကို ဟိုနိမ့်ပါး … ကျွန်တော် ဆိုလိုချင်တာက သာမန်ပြည်သူတွေ ခက်ခဲလှတဲ့ ဆောင်းတွင်းမှာ ပြဿနာမရှိအောင်လို့ပါ … ”
မင်းသမီး သုံ့လီဖန်းက ချန်ရွှင်း စကားမှားသည်ကို လျစ်လျူရှုထားလိုက်ပြီး ကျန့်ခယ်ကို ကြည့်လိုက်သည်။
ကျန့်ခယ်က ယုံကြည်ချက်ရှိရှိ ပြုံးကာ “ဒီတစ်ခါ ကျွန်တော်တို့ ကျန့်မိသားစုက တိုင်းပြည်ထဲမှာရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေထဲမှာ သာမန်ပြည်သူအတွက် စာသင်ကျောင်းဖွင့်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ လူတစ်ယောက်ကို ငါး ပေးလိုက်တာထက် ငါးမျှားနည်း သင်ပေးတာ ပိုကောင်းတယ်လို့ ပြောကြတယ် မဟုတ်လား ”
ထိုသို့ပြောပြီးနောက် ကျန့်ခယ်က ကမ္ဘာ့ငြိမ်းချမ်းရေးလိုမျိုး အရေးပါသည့် ကိစ္စကို ဆောင်ရွက်ပြီးစီးသွားသည့်အလား မောက်မာသည့် အပြုံးမျိုး ပေါ်လာသည်။
မင်းသမီး သုံ့လီဖန်းက မျက်လုံးဝေ့ကြည့်လိုက်ပြီး ထိုလူ့မျက်နှာကို ပိတ်ရိုက်ပစ်ချင်နေမိသည်။ သို့သော်လည်း သူမက ပြုံးရုံ ပြုံးလိုက်ကာ “ ဒီတစ်ခါ သခင်လေးက ကိစ္စကောင်း လုပ်ခဲ့တာပဲ။
အခု အားလုံး ရောက်နေပြီဆိုတော့ ဒီကိုလာရင်းကိစ္စ အပြီးသတ်လိုက်ရအောင် … လူတွေရဲ့ ဆာလောင်မှုက ကျွန်မတို့ စကားဝိုင်း ပြီးတဲ့အထိ စောင့်နေနိုင်မှာ မဟုတ်ဘူးလေ ”
ထိုသို့ပြောပြီးနောက် သူမက အစားအစာနှင့် အဝတ်အစားများ ပြည့်နေသည့် ဆိုင်ခန်းလေးဆီ ဦးတည်လိုက်သည်။ ထိုနေရာတွင် မင်းသမီးက လူအုပ်စု တန်းစီနေသည်ကို မြင်လိုက်ရသည်။ အများစုက စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ဆင်ထားကြကာ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ အညစ်အကြေးများ ပေနေသည်။ သူတို့တစ်ယောက်ချင်းစီမှ အနံ့စူးစူး ထွက်နေလေသည်။
လူအများကြီး စုရပ်နေသည့်အခါ အနံ့က မခံမရပ်နိုင်လောက်စရာပင် ဖြစ်၏။ သို့သော်လည်း မင်းသမီး သုံ့လီဖန်းက ထိုအရာများကို အသားကျနေသည့်အလား စိတ်ထဲ မထားပေ။ ကံဆိုးစွာဖြင့် သူမနောက်မှ လိုက်ပါလာသည့် အမျိုးသားသုံးယောက်အတွက်တော့ ဒီလို မဟုတ်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်က သူတို့မိသားစု ချမှတ်ပေးထားသည့် တာဝန် ဖြစ်သောကြောင့် မည်မျှပင် မလိုလားစေကာမူ အသက်အောင့်ကာ မထိတွေ့ချင်သည့် လူများနှင့် ပတ်သက်နေရသည်။
“ကလေးတွေနဲ့ အမျိုးသမီးတွေ အရင်လာခဲ့ပါ။ ပြီးရင် မသန်မစွမ်းဖြစ်နေတဲ့သူတွေ လာပါ။ ပြီးမှ သာမန်အမျိုးသားတွေ လာခဲ့ပါ ”
ထိုသို့ပြောပြီးနောက် မင်းသမီးက အစားအစာနှင့် အဝတ်အစားများကို မျှဝေပေးတော့သည်။ အတိတ်တုန်းက သူမက ငွေကြေးပါ ပေးခဲ့သော်လည်း ရလဒ်က ဆိုးရွားခဲ့လေသည်။
ထိုစဉ် ဆိုင်ခန်းနှင့် မနီးမဝေးရှိ အဆောက်အဦးမြင့်ပေါ်တွင် ဝမ်ဝေ့က မင်းသမီး သူ့အလုပ်သူ လုပ်နေသည်ကို ကြည့်နေသည်။
“မင်း ဘယ်လိုထင်လဲ”
“ အစ်ကိုကြီးဝမ်ဝေ့ ပြောတာ မှန်တယ်။ သူမက တကယ်ကို ကြင်နာတတ်တာပဲ။ ကျွန်တော်တို့ သူမအကြောင်း စုံစမ်းထားသလောက် သူမက အနည်းဆုံး တစ်လတစ်ခါ ဒီလာပြီး လူတွေကို လာထောက်ပံ့ပေးတယ်တဲ့ ”
“ ဟုတ်တယ် … သူမက တကယ်ကို ကြင်နာတတ်တယ်။ တိုင်းပြည်ထဲ လျှောက်သွားနေတုန်း လူတွေကြားမှာ သူမရဲ့ ကောင်းသတင်းတွေ ကြားခဲ့ရတယ်။ အစပိုင်း သူမကို နောက်ကွယ်က အကြံဆိုးတွေ ဖုံးကွယ်ထားဖို့ ရှေ့မှာ ဟန်ဆောင်လုပ်နေတယ်လို့တောင် ထင်ခဲ့မိသေးတာ … ဒါပေမဲ့ ဒီနေ့ သူမကို လူကိုယ်တိုင် တွေ့လိုက်တော့မှ သူမက တကယ်ကို ကြင်နာတတ်တယ်ဆိုတာ သေချာသွားတယ်။ သူမဝိညာဉ်အတက်အကျအရ သူမဆီမှာ အလွန်တောက်ပပြီး သန့်စင်တဲ့ ဝိညာဉ် ရှိမှာ သေချာတယ်”
လီကျွင်းလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူက လူတစ်ယောက်၏ ဝိညာဉ်လှိုင်းအတက်အကျမှ အကျင့်စရိုက်ကို ဆုံးဖြတ်နိုင်စွမ်း မရှိသော်လည်း သူလည်း သူ့နည်းနှင့်သူ ဆုံးဖြတ်နိုင်လေသည်။ သူလည်း မျှော်နန်းဆောင် စစ်ဆေးမှုထဲ ဧကရာဇ် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ ထိုစဉ်အခါက တိုင်းပြည်ရေးရာများ ဆောင်ရွက်ဖြေရှင်းခဲ့ရသည်။
တစ်နေ့တာလုံးလုံး အစားအစာ ဝေမျှရင်း အချိန်ကုန်ဆုံးပြီးနောက် မင်းသမီး သုံ့လီဖန်း နန်းတော်ကို ညဘက် ပြန်ရောက်လာသည်။ သူမက ရံရွှေတော်များ၏ ဂရုစိုက်မှုအောက် ရေချိုးလိုက်ပြီး ကုတင်ပေါ် လဲကာ တိုင်းပြည်၏ အနာဂတ်အကြောင်း စဉ်းစားနေသည်။
ထို့နောက် သူမ အခန်းထဲ အားကောင်းသည့် အသံတစ်သံ ရုတ်ချည်း ပေါ်ထွက်လာသည်။
“ မင်း အခုလုပ်နေတာက တိုင်းပြည်ကို တကယ်ကြီး ကယ်တင်နိုင်မယ် ထင်နေတာလား”
ထိုအရာကို ကြားပြီး မင်းသမီး သုံလီဖန်းက ကုတင်ပေါ်မှ ခုန်ဆင်းကာ ဓားကို ဆွဲယူလိုက်သည်။ ထို့နောက် သူမက အော်ပြောလိုက်သည် “ တော်ဝင်မိသားစုရဲ့ အိပ်ခန်းထဲ ဘယ်သူ ကျူးကျော်ရဲတာလဲ ”
ထိုသို့ပြောပြီးနောက် သူမက ခဲဖြူရောင်ဆံပင်နှင့် လူငယ်လေးကို မြင်လိုက်ရသည်။
သူ့အကြည့်မှ သူမအကြောင်း အားလုံး ထိုးဖောက်မြင်နေရသလို ခံစားရကာ သူမ ကံကြမ္မာပင် သူမအပိုင် မဟုတ်တော့သလို ခံစားနေရသည်။ သူမက ယနေ့ အံ့ဩဖွယ်တစ်ခုခု ဖြစ်တော့မည်မှန်း သိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ဝေ့က သုံ့လီဖန်းအား သူ့အမြင်စွမ်းရည်ဖြင့် ကြည့်လိုက်သည်။
“ စိတ်ဝင်စားစရာပဲ … မင်းဆီမှာ အိပ်မက်သဏ္ဍာန် ဝိညာဉ် ရှိနေတာပဲ ”
သုံ့လီဖန်းက ဝမ်ဝေ့ကို သတိထားကြည့်လိုက်သည်။ သူမ လက်ထဲမှ ဓားကို မချဘဲ မေးလိုက်သည် “ အိပ်မက်သဏ္ဍာန် ဝိညာဉ်ဆိုတာ ဘာကြီးလဲ”
“ အဲဒါ မွေးရာပါ စွမ်းရည် ဒါမှမဟုတ် ရုပ်ခန္ဓာလိုမျိုးပေါ့ … အိပ်မက်သဏ္ဍာန် ဝိညာဉ်က ကောင်းကင်ရုပ်ခန္ဓာသုံးထောင်ထဲ မပါပေမဲ့ ထိပ်တန်း အဆင့် ၂၀ ကောင်းကင်ရုပ်ခန္ဓာနဲ့ ယှဉ်နိုင်တဲ့ ရှားပါး ရုပ်ခန္ဓာတစ်မျိုးပဲ … အဲဒီပါရမီစွမ်းရည် လက္ခဏာအနေနဲ့ ပိုင်ရှင်က တခြားလူတွေရဲ့ အိပ်မက်ကို သူတို့ကို အသိမပေးဘဲ ဝင်နိုင်ထွက်နိုင်စွမ်း ရှိတယ် ”
ထိုအရာကို ကြားပြီး မင်းသမီး သုံ့လီဖန်း၏ မျက်နှာထားက ပို၍ လေးနက်လာသည်။ သူမက ကောင်းကင်ရုပ်ခန္ဓာအကြောင်း ဖတ်ဖူးလေသည်။
သို့သော်လည်း ရှေးကျသည့် လျို့ဝှက်ချက်တစ်ခုဖြစ်၍ ဒီကမ္ဘာထဲရှိ လူတချို့သာ သိထားကြသည်။ သူမ သိနေသည့် အကြောင်းအရင်းမှာ သူတို့သုံ့မိသားစုက ဒီကမ္ဘာပေါ် သက်တမ်းအရင့်ဆုံး မိသားစုထဲမှ တစ်ခု ဖြစ်၍ ဖြစ်သည်။
ထို့ကြောင့် ရှေးအခါမှ မှတ်တမ်းများ ရှိနေဆဲ ဖြစ်၏။ သုံ့လီဖန်းက သူမ ပါရမီနိုးထလာပြီးနောက် တစ်ခုခုမှားယွင်းနေသည်လားဟု စစ်ဆေးရန် မိသားစုဘိုးဘေးခန်းမထဲရှိ စာရွက်စာတမ်းများကို မွေနှောက်ရှာဖွေရင်း ကောင်းကင်ရုပ်ခန္ဓာအကြောင်း သိလာရခြင်း ဖြစ်ပေသည်။
တခြားသူ အိပ်မက်ထဲ ဝင်နိုင်မည့် စွမ်းရည်ရှိခြင်းအပေါ် လူနှစ်ယောက်တည်းသာ ဒီလျို့ဝှက်ချက်ကို သိထားကြသည်။ သူမကိုယ်တိုင်နှင့် သူမဆရာတို့ ဖြစ်ကြသည်။ သို့သော်လည်း ဒီလူငယ်လေးက သူမကို တစ်ချက်ကြည့်ရုံဖြင့် သူမစွမ်းရည်ကို တန်းသိလေသည်။
ပို၍ ထူးဆန်းသည်က ထိုလူသည် ရှေးခေတ်အခါမှ လျို့ဝှက်ချက်များအား သိနေဟန်ပေါ်၏။
သူမက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မေးလိုက်သည် “ရှင်က ဘယ်သူလဲ။ ဘာလို့ ကျွန်မအခန်းထဲ ကျူးကျော်လာတာလဲ ”
“ အာ တောင်းပန်ပါတယ် … အရင်ဆုံး ကိုယ့်ဘာသာ မိတ်ဆက်သင့်တာ။ ငါ့နာမည်က ဝမ်ဝေ့ပါ။ မင်းတို့ အလွှာမြင့်လို့ခေါ်တဲ့ နေရာက လူပါ ”
သုံ့လီဖန်းက မျက်မှောင်ထပ်ကြုတ်သွားသည်။ သူမက အလွှာမြင့်အကြောင်း ကြားဖူးလေသည်။ ထိုကမ္ဘာရှိ ကျင့်ကြံသူတိုင်းက လေဟာနယ်ကို ချိုးဖောက်ကာ ပိုမို မြင့်မားသည့် နယ်ပယ်အဆင့်ဆီ တက်လှမ်းနိုင်ကြသည်။
သို့သော်လည်း သူမက လူငယ်လေး၏ စကားများကို တန်းမယုံပေ။ ထို့ကြောင့် သူမက မေးလိုက်သည် “ ရှင့်စကားတွေက အမှန်ဆိုတာ ဘယ်လိုသက်သေပြမှာလဲ”
ဝမ်ဝေ့က သူမ မေးခွန်းကြောင့် မအံ့ဩမိပေ။ သာမန်ကျင့်ကြံသူတစ်ယောက်က သူ့စကားများကို ယုံကောင်းယုံနိုင်သော်လည်း မင်းသမီးက တော်ဝင်မိသားစုတွင် မွေးဖွားလာသူ ဖြစ်၏။ သူမက လျို့ဝှက်ကြံစည်မှုမျိုးစုံကို ကြုံတွေ့ရင်း ကြီးပျင်းလာရသူ ဖြစ်လေရာ ယခုအချိန်အထိ ရှင်သန်ပြီး အဆင့်အတန်း ကိုင်ထားနိုင်ခြင်းမှာ သူမက ကြင်နာတတ်သော်လည်း ရိုးရှင်းသည့် မိန်းကလေးမျိုး မဟုတ်ကြောင်း ညွှန်ပြနေသည်။
ထိုမိန်းကလေး၏ မေးခွန်းကို ကြားပြီးနောက် ဝမ်ဝေ့က သူ့အံ့ဖွယ်ပလ္လင်ကို လှုံ့ဆော်လိုက်သည့်အခါ အခန်းတစ်ခုလုံး အားကောင်းသည့် အရှိန်အဝါ ဖုံးလွှမ်းသွားပြီး မင်းသမီးသုံ့လီဖန်းအပေါ် ကျရောက်လာသည်။
မင်းသမီးက သူမအပေါ် ဝန်ထုပ်ကြီး ကျရောက်လာသလို ခံစားလိုက်ရပြီး အမူအရာ ပျက်ယွင်းသွားလေသည်။ သူမက ထိုဖိအား၏ ဆိုလိုရင်းကို နားလည်လေ၏။
ဤသည်မှာ အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ဘိုးဘေး၏ ဖိအား ဖြစ်သည်။ သူမက သုံ့မိသားစုအတွင်း အိပ်စက်နေသည့် ဘိုးဘေးတစ်ယောက်ကို တွေ့ဖူး၍ မှတ်မိလေသည်။
သုံ့လီဖန်းက အမှန်တကယ် ကြောက်ရွံ့လာမိသည်။ အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်သည် လေဟာနယ် မချိုးဖောက်နိုင်ခင် ဒီကမ္ဘာ၏ ကျင့်ကြံသူများ ရောက်နိုင်သည့် အမြင့်ဆုံး ကျင့်ကြံဆင့် ဖြစ်၏။ ပါရမီကောင်းသူတချို့သာ သူတို့ဘဝ၌ ဒီလိုနယ်ပယ်အဆင့်ကို ရောက်နိုင်ကြလေသည်။
ဒီမျိုးဆက်အတွင်း သုံ့မိသားစု၏ ပါရမီအရှိဆုံးလူ တစ်ယောက်အနေနှင့် သူမအသက်အရွယ်လေးဖြင့် ကိုးလွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အဆင့်ကို ရောက်ထား၍ ကောင်းကင်ဘုံ သွေဖယ်နေသည့် ပါရမီရှင်ဟု သတ်မှတ်ခံထားရသည်။
သို့သော်လည်း သူမနှင့် ရွယ်တူနီးပါး လူငယ်လေးက သူမတစ်ဘဝလုံး ကြိုးစားအားထုတ်ရမည့် ရည်မှန်းချက်ဖြစ်သည့် အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်သို့ ရောက်နေလေပြီ။
သူမ၏ ဆရာပင် အတားအဆီးကို မချိုးဖောက်နိုင်ဘဲ နှစ်တစ်ရာကျော် တစ်ဆို့နေခဲ့ပြီး မရောက်နိုင်ခဲ့သည့် နယ်ပယ်အဆင့် ဖြစ်လေသည်။