အပေးအယူ
Vol. 7 Ch. 94
အခန်း (၉၄) : အပေးအယူ
တော်ဝင်နန်းဆောင်အတွင်း ဝမ်ဝေ့၏ ဖိအားက မိနစ်ပိုင်းလောက်ကြာပြီး ပျောက်ကွယ်သွားလေသည်။ မင်းသမီး သုံ့လီဖန်းက အသက်ပြင်းပြင်းရှုပြီး သူမဘာသာ တည်ငြိမ်အောင် ထိန်းလိုက်သည်။
“ ဆရာကြီး ဒါကဘာမှ သက်သေမပြနိုင်ဘူးလေ။ ရှင်က ပါရမီအရမ်းကောင်းတဲ့သူ ဖြစ်နေနိုင်တာပဲ။ အားကောင်းတဲ့ ကျင့်ကြံဆင့် တစ်ခုတည်းနဲ့ ရှင်က အလွှာမြင့်ကသူလို့ သက်သမပြနိုင်ဘူး ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး ပြုံးကာ ခပ်ငြိမ်ငြိမ်သာ ပြောလိုက်သည်။
“ ဒီကမ္ဘာငယ်လေးမှာ ငါ့လိုမျိုး ငယ်ငယ်ရွယ်ရွယ် အားကောင်းတာမျိုး မမွေးထုတ်နိုင်ဘူးဆိုတာ မင်း သေချာသိမှာပါ။ ဒါပေမဲ့ မင်း မယုံတာကို နားလည်ပါတယ်။ မင်းကို ငါ့အကြောင်း သက်သေပြဖို့ နည်းလမ်းအများကြီးရှိတယ်။ မင်း ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့အရာတွေ ပြနိုင်သလို မင်း နားမလည်နိုင်တဲ့ ဗဟုသုတတွေကို ပြောပြပေးနိုင်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက မင်းနဲ့ငါ ယုံကြည်မှုအဆင့်တစ်ခု ရောက်ပြီးတဲ့အချိန်မှ ဖြစ်လာမှာပဲ…
ပြီးတော့ မင်းသမီးက တစ်ခုခု အထင်လွဲနေပုံပဲ။ ငါက ငါ့ဇစ်မြစ်ကို နယ်ခြားတစ်ယောက်အဖြစ် သက်သေပြဖို့ စွမ်းအားထုတ်ပြတာ မဟုတ်ဘူး။ မင်းကို တစ်ခုခုလုပ်စရာရှိလို့ ငါ့စွမ်းအား ထုတ်ပြတာ … မင်းအနေနဲ့ ဘာမှတတ်နိုင်တာ မရှိဘူး။ ငါသာ မင်းကို ထိခိုက်အောင် လုပ်ချင်ရင် ထောင့်တစ်နေရာမှာ ပုန်းအောင်းနေတဲ့ အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူက ငါ့ကို ဘာမှတားနိုင်မှာ မဟုတ်ဘူး”
ထိုအရာကို ကြားပြီး မင်းသမီး သုံ့လီဖန်းက နှလုံးခုန်မြန်သွားမိသည်။ သူမက ဖော်ထုတ်ခံလိုက်ရလေပြီ။
စက္ကန့်ပိုင်းလောက်ကြာမြင့်ပြီးနောက် ထောင့်တစ်နေရာမှ အမျိုးသမီးတစ်ဦးက မင်းသမီးဆီ ရောက်လာသည်။
သူမက လူလတ်အရွယ် အမျိုးသမီး တစ်ယောက် ဖြစ်သော်လည်း ဆံပင်များက ဖြူဆွတ်နေသည်။ သူမအကြည့်များက ဘဝတွင် ကိစ္စမျိုးစုံ ဖြတ်ကျော်ထားရသည့် အချက်ကို ပြသနေသည်။
ဝမ်ဝေ့က ထိုအမျိုးသမီးသည် အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်၏ သက်တမ်း သုံးရာ ကုန်ခါနီး အခြေအနေသို့ ရောက်နေကြောင်း သိလိုက်သည်။ သို့သော်လည်း သူမက ငယ်ငယ်ရွယ်ရွယ် ပုံစံကို ထိန်းထားနိုင်ဟန်ပေါ်၏။
လူလတ်အရွယ် အမျိုးသမီးက ဦးညွှတ်လိုက်ကာ ပြောလိုက်သည် “ယူစစ်ယွီက အရှင်ဝမ်ဝေ့ကို ဂါရဝပြုပါတယ်။ ကျွန်မတပည့်ကိုယ်စား တောင်းပန်ပါတယ်”
“ဆရာ…” သုံ့လီဖန်းက ရေရွတ်လိုက်သည်။
“ ဖန်းအာ တိတ်တိတ်နေ … ဒီမှာ ဒီလောက်ရုတ်ရုတ်သည်းသည်း ဖြစ်နေတာတောင် အပြင်ဘက်က အစောင့်တွေက ဘာမှတုံ့ပြန်မှု မရှိဘူးလေ ”
ထို့နောက် သုံ့လီဖန်းက ရုတ်ချည်း သဘောပေါက်သွားသည်။ ဒီနေရာတွင် ဖြစ်ပျက်နေပုံအရ သူမအစောင့်များသာ တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသွားပါက ချက်ချင်းဝင်လာကာ သူမကို ကယ်ကြလိမ့်မည်။
သူမတပည့်ကို သတိပေးပြီးနောက် ယူစစ်ယွီက ဝမ်ဝေ့အား ကြည့်ကာ မေးလိုက်သည် “ အရှင် စိတ်မရှိရင် ကျွန်မတို့ အဖန်ရည်သောက်ရင်း စကားပြောရအောင်လား ”
ဝမ်ဝေ့က ယူစစ်ယွီအား ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ ဘိုးဘေးတွေ ပြောတာ အမှန်ပဲကိုး … အသက်ကြီးတဲ့သူက ဉာဏ်ပညာပိုကြီးတယ်တဲ့။ မိန်းကလေး ယူစစ်ယွီ ဖိတ်ကြားချက်ကို လက်ခံလိုက်ပါ့မယ် ”
ယူစစ်ယွီက သူ့မြေးလောက် လူငယ်လေးက သူမကို မိန်းကလေးဟု ခေါ်နေသည့်အချက်အား စိတ်ထဲ မထားပေ။ ကျင့်ကြံရေးလောက၌ အားကြီးသူကို အကြီးအဖြစ် သတ်မှတ်ကြသည်။
ထို့ကြောင့် သူမက ပြောလိုက်သည်။
“ အရှင် ကျွန်မကို နာမည်ပဲ ခေါ်လို့ရပါတယ်။ ထုံးတမ်းစဉ်လာတွေ မလိုပါဘူး”
“ကောင်းပြီလေ .. အဲဆို ငါ့ကို သခင်လေးလို့ ခေါ်လို့ရတယ် ”
ယူစစ်ယွီက သူမ တပည့်အား သူတို့သုံးယောက်အတွက် အဖန်ရည်ကျိုခိုင်းလိုက်သည်။ သူမက အံ့ကြိတ်ကာ အဖိုးတန်ဆုံး လက်ဖက်ရွက်ကို ထုတ်လိုက်ရ၏။ ဤသည်က သူမ သေခြင်းရှင်ခြင်း အခြေအနေများစွာ ဖြတ်ကျော်ပြီးနောက် လျို့ဝှက်နယ်မြေထဲ ဝင်ခဲ့စဉ်အခါက ရခဲ့ခြင်း ဖြစ်ပေသည်။
မင်းသမီး သုံ့လီဖန်းပင် သူမဆရာဖြစ်သူက အကြိုက်နှစ်သက်ဆုံး လက်ဖက်ရွက် ထုတ်လိုက်သည်ကို မြင်သည့်အခါ အံ့ဩသွားလေသည်။ သို့သော်လည်း သူမက ဝမ်ဝေ့ရှေ့ ဘာမှမပြောဘဲ အားလုံးအတွက် အဖန်ရည် ထည့်ပေးလိုက်သည်။
အဖန်ရည်ကို မြည်းစမ်းပြီးနောက် ဝမ်ဝေ့က တိတ်တဆိတ် အလယ်အလတ်မှ အဆင့်နိမ့်သို့ တန်ဖိုးတွက်လိုက်သည်။ သို့သော်လည်း သူက ဘာမှထုတ်မပြောပေ။
ဝမ်ဝေ့က သူမအဖန်ရည်ကို ဘာမှမတုံ့ပြန်သည်ကို မြင်သည့်အခါ ယူစစ်ယွီက နည်းနည်း စိတ်ပျက်သွားလေသည်။
ငါ့အဖိုးတန်ဆုံးထဲက တစ်ခုကတောင် ဒီလူရှေ့မှာ ဘာမှအဖိုးမတန်ဘူးများလား … ဒါမှမဟုတ် အဖန်ရည်က တစ်ခုခု မှားနေတာလား
ယူစစ်ယွီက တိတ်တဆိတ် တွေးလိုက်သည်။
သို့သော်လည်း သူမတပည့်မျက်နှာအထက် ယစ်မူးနေသည့် သွင်ပြင်ကို ကြည့်ပြီးနောက် သက်ပြင်းချကာ ဆက်မတွေးတော့ပေ။
“သခင်လေးဝမ်ဝေ့က အလွှာမြင့်ကဆိုတော့ ဒီကမ္ဘာကို ရောက်လာတာ အကြောင်းအရင်း ရှိရမယ်။ ကျွန်မတို့ကို ရှင်းပြလို့ ဖြစ်မလားရှင့်”
ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ပြီးနောက် “ ကျုပ်တို့ ကမ္ဘာက လူငယ်မျိုးဆက်ထဲက ပါရမီရှင်တချို့ကို ဒီကမ္ဘာဆီ စစ်ဆေးမှုလုပ်ဖို့ ရွေးချယ်ပြီး လွတ်လိုက်တယ် ”
“အဖွဲ့လိုက်လား” သုံ့လီဖန်းက ရုတ်ချည်း ထမေးလိုက်သည် “ အဲဆို ရှင့်လိုမျိုး လူတစ်ယောက်မက ပါနေမှာပေါ့”
“ ဟုတ်တယ် … ငါနဲ့ နောက်ထပ် လူနည်းနည်းလောက် … ”
“ ရှင်နဲ့ သူတို့က တစ်ဖွဲ့တည်းလား ”
“ မဟုတ်ဘူး။ ငါတို့က ယှဉ်ပြိုင်သူတွေ …”
“ အဲဆို သူတို့က ရှင့်လောက် အားကောင်းကြတယ်ပေါ့ ”
ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် သုံ့လီဖန်းအား တည့်တည့် စိုက်ကြည့်လိုက်သည်။ မင်းသမီးက ရုတ်ချည်းဆိုသလို သူမဝိညာဉ်အထိ ခြိမ်းခြောက်မှု ရောက်လာသလို ခံစားလိုက်ရသည်။ သူမ၏ အိပ်မက်စွမ်းရည်ဖြင့် ခုခံဖို ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူမဝိညာဉ်သည် ဖျက်ဆီးခံရတော့လုနီးပါး ခံစားနေရသည်။
သူမက အရုပ်ကျိုးပျက်ဖြစ်တော့မည့်ဆဲဆဲတွင် ဝမ်ဝေ့က အကြည့်ရုတ်သိမ်းပြီး ဆက်ပြောလိုက်သည်။
“ ငါ့ကို နှောင့်ယှက်ပြီးပြီးဆိုရင် လိုအပ်တဲ့ သတင်းအချက်အလက် ပြောပြမယ်။ ငါတို့ကမ္ဘာက အင်အားစုတွေက သူတို့ရဲ့ အလားအလာကောင်းတဲ့ လူငယ်မျိုးဆက်ကို စစ်ဆေးမှုအနေနဲ့ ဒီကမ္ဘာဆီ လွှတ်ပြီး ယှဉ်ပြိုင်ခိုင်းထားတယ်။
ဒီစစ်ဆေးမှုရဲ့ ရည်ရွယ်ချက်က တိုင်းပြည် ထူထောင်ပြီးတော့ ဒီကမ္ဘာရဲ့ ကံကောင်းမှုကို ယှဉ်ပြိုင်ရမှာ။ အခြားယှဉ်ပြိုင်သူတွေလည်း အများကြီးပါတယ်။ ဒါပေမဲ့ အားအကောင်းဆုံးက ငါနဲ့ အခြားသုံးယောက်ပဲ … မင်းတို့လည်း ကြားထားမှာပါ။ မင်းတို့ အရှေ့ဘက်မိုးတိုင်းပြည်လည်း အလယ်ပိုင်း တိုင်းပြည်သုံးခု အပြောင်းအလဲ ဖြစ်တဲ့အကြောင်း သတင်းရတယ်မလား ”
ယူစစ်ယွီက လွန်ခဲ့သော နှစ်ပိုင်းခန့်က သူမတပည့်က ဒီလိုသတင်းမျိုး လက်ခံရရှိဖူးသည်ကို မှတ်မိလိုက်သည်။ ထိုအခါက တိုင်းပြည်တစ်ခုလုံး …ကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည်။ အထူးသဖြင့် မဟာဝေ့တိုင်းပြည်သည် မဟာဝူတိုင်းပြည်ဟု ရုတ်ချည်း အမည်ပြောင်းလိုက်သည့်အခါတွင် ဖြစ်၏။
“သခင်လေး ပြောချင်တာက ဒီတိုင်းပြည်သုံးခုရဲ့ အပြောင်းအလဲတွေက သခင်လေးလိုမျိုး အလွှာမြင့်က လူတွေကြောင့်ပေါ့ ”
“ဟုတ်တယ် ”
အဖြေကို ကြားပြီးနောက် ယူစစ်ယွီက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချက်အလက်အနည်းလေးမှ တခြားကမ္ဘာမှ လူများ ရောက်လာမှုကြောင့် အပြောင်းအလဲကြီး ဖြစ်တော့မည်မှန်း ပြောနိုင်လေသည်။
သူမက ကြောက်ရွံ့နေသည့် ယုန်တစ်ကောင်လို ငြိမ်နေသည့် သူမတပည့်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
အခန်းအတွင်းရှိ တိတ်ဆိတ်နေသော လေထုကို သတိထားမိကာ ဝမ်ဝေ့က ယခင် သတိပေးမှုက နည်းနည်းလွန်သွားကြောင်း သဘောပေါက်သွားသည်။ မင်းသမီးသာ ဝင်မပြောလျှင် ကိစ္စများက ချောမွေ့မည် မဟုတ်ပေ။
“မင်းသမီး စောစောလေးကအတွက် တောင်းပန်ပါတယ်။ ငါ့အမှားကို ပြင်ဆင်ဖို့ ငါ့ကမ္ဘာက အရသာကောင်းတာလေး မြည်းစမ်းခိုင်းမယ် ”
ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က သူ့ကိုယ်ပိုင် လက်ဖက်ရွက်ကို ထုတ်ကာ စတင်ကျိုလိုက်သည်။ အဖန်ရည် ဧည့်ဝတ်အရ သူက အားလုံးကို ဧည့်ခံလိုက်သည်။
ယူစစ်ယွီက ဝမ်ဝေ့၏ အပြုအမူများကို ကြည့်ကာ စိတ်ထဲ၌ အတော်လေး အံ့အားသင့်နေမိသည်။ စကားဝိုင်းတစ်လျှောက် သူက အပြုအမူနည်းနည်းဖြင့် သူ့လွှမ်းမိုးမှုကို ပြသကာ သူမတပည့်အား ငြိမ်ကျသွားအောင် လုပ်နိုင်ခဲ့လေသည်။
ထို့နောက် အဖန်ရည်ဖြင့် တောင်းပန်လာသည့်အခါ သူ့အပေါ် အမြင်ကောင်းရှိလာအောင် လုပ်နိုင်ခဲ့၏။ ယူစစ်ယွီက ဤသခင်ငယ်လေးသည် အားကောင်းရုံသာမက တွက်ချက်တတ်သည့် စိတ်သဘောမျိုး ရှိကြောင်း သိလိုက်သည်။
ထို့အပြင် သူ ပြုမူလိုက်သည့် အဖန်ရည် ဧည့်ဝတ်အရ သူ့အနေနှင့် တင်းကျပ်သည့် အထက်တန်းပညာရပ်ကို လက်ခံသင်ကြားဖူးမည်မှန်း တန်းသိလိုက်သည်။
အဖန်ရည် ဧည့်ခံလိုက်ပြီးနောက် ဝမ်ဝေ့က ပြုံးပြလိုက်သည်။
“ ဒါက ငါ အကြိုက်ဆုံး အဖန်ရည် လုံရွယ်တဲ့ … ငါ့ကမ္ဘာမှာတောင် အတော်လေးရှားတယ်။ မြည်းကြည့်ကြပါဦး ”
မင်းသမီး သုံ့လီဖန်းနှင့် သူမဆရာတို့က အဖန်ရည်ကို စိတ်အားထက်သန်စွာ သောက်လိုက်ကြသည်။ သူတို့ကို စိတ်မပျက်စေပေ။
အဖန်ရည်က သူတို့အရသာခံ အဖုလေးများအား နိုးကြားလာစေသည်။ ထိုအရာက တမူထူးခြားသည့် အရသာမျိုး သယ်ဆောင်လာသည်။
အဖန်ရည်သောက်ပြီး မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် မင်းသမီး သုံ့လီဖန်း၏ ခန္ဓာကိုယ်ထဲ သွေးချီ ပမာဏ များပြားလာကာ အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်ထဲ တက်လှမ်းလုမတတ် ဖြစ်နေသည်။
အဖန်ရည်တစ်ခွက်တည်းဖြင့် သူမ ဆယ်နှစ်ကျော် ကျင့်ကြံရမည့် အချိန်အား ဖူလုံသွားစေသည်။ သူမသာ မကပေ။ ယူစစ်ယွီလည်း အကျိုးမြတ် ရရှိလိုက်၏။
သူမက အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်၌ ရပ်တန့်နေသည်မှာ နှစ်ရာချီ ကြာမြင့်နေပြီ ဖြစ်၏။ သို့သော်လည်း ဤအဖန်ရည်ဖြင့် သူမသာ တံခါးပိတ်ကျင့်ကြံလိုက်လျှင် နောက်တစ်ဆင့်အား ကျရှုံးမှုမရှိ တက်လှမ်းသွားနိုင်လောက်မည်မှန်း ပြောနိုင်လေသည်။
သုံ့လီဖန်းက အောင်မြင်တော့မည့်ဆဲဆဲတွင် အားကောင်းသည့် အသံက သူမအား နှောင့်ယှက်လိုက်သည်။
“ငါသာ မင်းနေရာမှာဆိုရင် အဲလိုမလုပ်ဘူး ”
ထိုအရာကို ကြားပြီး မင်းသမီးက မျက်မှောင်ကြုတ်လိုက်ပြီး သွေးချီများကို ထိန်းချုပ်ကာ အဆင့်တက်လှမ်းမှုအား ရပ်တန့်လိုက်သည်။ အကယ်၍ သူမကို ရပ်တန့်သည်မှာ တခြားသူဆိုပါက သူမ မိဘတွေကို သတ်သွားသည့် ရန်သူအလား တိုက်ခိုက်မိလိမ့်မည်။
သုံ့လီဖန်းက ဆွဲဆောင်မှုကို တောင့်ခံကာ အဆင့်တက်လှမ်းမှုအား ရပ်တန့်နိုင်လိုက်သည်ကို မြင်လိုက်၍ သူမအပေါ် ဝမ်ဝေ့ အကဲဖြတ်ချက်က ပိုကောင်းလာသည်။
ထို့ကြောင့် သူက ရှင်းပြလိုက်သည်။
“လူအများစုက ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ကိုးလွှာတည်း ရှိတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သူတို့ မှားနေတယ်။ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်က ၁၂ လွှာရှိတယ်။ ၁၀လွှာမြောက်ကို သူတော်စင်အုတ်မြစ်လို့ သိကြပြီးတော့ ၁၁ လွှာမြောက်ကိုတော့ အထွတ်အထိပ်နယ်ပယ်အဆင့်လို့ သိကြတယ်။ နောက်ဆုံးအလွှာကိုတော့ တာအိုအုတ်မြစ်အဖြစ် အသိများကြတယ်”
ထိုအချက်အလက်ကို ကြားသည့်အလား ယူစစ်ယွီနှင့် သုံ့လီဖန်းတို့က အံ့ဩသွားကြသည်။ သူတို့အနေနှင့် ဒီလျို့ဝှက်ချက်ကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
“ ဒီကမ္ဘာမှာ ကျင့်ကြံရေးက ခက်နေတာ မဆန်းတော့ပါဘူး … ဒီတစ်လျှောက်လုံး ကျွန်မတို့အားလုံး အားနည်းတဲ့ အခြေခံအုတ်မြစ် ရှိနေကြတာပဲ။ ဒီလိုမျိုးနဲ့ ဘယ်လိုလုပ် အဆင့်မြင်မြင့်ကို တက်လှမ်းနိုင်တော့မှာလဲ ” ယူစစ်ယွီက ရူးသွပ်သွားတော့မည့်အလား ရေရွတ်လိုက်သည်။
“ မင်းတို့ အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်ပြီးရင် နောက်ကျင့်ကြံဆင့်ကို သိလား”
“ ကျွန်မတို့က သေမျိုးသာလွန်အဆင့်လို့ ခေါ်ကြတယ်လို့ပဲ သိထားတာပါ ” သုံ့လီဖန်းက အသံတိုးတိုးဖြင့် ဖြေလိုက်သည်။
“ ဟုတ်တယ် … အဲဒီနယ်ပယ်အဆင့်ကို သဘာဝလွန်နယ်ပယ်အဆင့်လို့ ခေါ်ကြတယ်။ ပြီးရင် အံ့ဖွယ်ခန္ဓာ၊ ကမ္ဘာဦးစိတ်ဝိညာဉ်၊ လေဟာနယ်ပြိုပျက်ခြင်း၊ သူတော်စင်၊ အထွတ်အထိပ်နဲ့ နောက်ဆုံးကို မဟာဧကရာဇ်လို့ ခေါ်ကြတယ်”
“မဟာဧကရာဇ် ”
“ မင်းတို့က မဟာဧကရာဇ်ကိုတော့ ကြားဖူးတယ်လား ”
သုံ့လီဖန်းက အသက်ပြင်းပြင်းရှုပြီးနောက် ရှင်းပြလိုက်သည်။
“ ကျွန်မတို့ကမ္ဘာမှာ မဟာဧကရာဇ် ကောလဟာလတွေ ပျံ့နေတာ နှစ်သန်းချီနေပြီ။ ဒါပေမဲ့ မဟာဧကရာဇ်ဆိုတာ ဘာမှန်း ဘယ်သူမှ မသိကြဘူး။ တချို့ကျ ကျင့်ကြံဆင့်လို့ ယုံကြတယ်။ ဒါပေမဲ့ အများစုက တိုင်းပြည်အကြီးကြီးရဲ့ အုပ်ချုပ်သူ ဖြစ်လိမ့်မယ်ဆိုပြီး ယုံကြတယ်။ အဲဒါကြောင့် ရှေးကတည်းက လူတွေက တိုင်းပြည်တွေထူထောင်ကြတာ တစ်ရက်ကျ မဟာဧကရာဇ် ဖြစ်လာအောင်လို့လေ …
ဒီအခြေအနေက အခုအထိ ဆက်ဖြစ်လာတာပဲ။ ဒါပေမဲ့ မဟာဧကရာဇ်က ကျင့်ကြံဆင့် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကများ တွေးမိကြမှာလဲ”
ထို့နောက် ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ဒီကမ္ဘာအား အဘယ်ကြောင့် တိုက်ပွဲတိုင်းပြည်ကမ္ဘာဟု ခေါ်ဆိုမှန်း နားလည်သွားလေသည်။
တုန်လှုပ်ဖွယ် သတင်းကို ဖော်ပြပြီးနောက် အခန်းက နာရီဝက်လောက် တိတ်ဆိတ်သွားလေသည်။ ထို့နောက် မင်းသမီး သုံ့လီဖန်းက အသက်ပြင်းပြင်းရှုကာ မေးလိုက်သည်။
“ သခင်လေးဝမ်ဝေ့က ကျွန်မကို လာတွေ့တဲ့အကြောင်းအရင်းက သခင်လေးရဲ့ တိုင်းပြည်ကို အရှေ့ဘက်မိုးတိုင်းပြည် နယ်နမိတ်ထဲ စတင်ဖို့ ဆုံးဖြတ်ထားလို့မလား။ ဒါပေမဲ့ ကျွန်မက ဘာလို့ ကူညီပေးသင့်တာလဲ ”