လူတွေရဲ့ စိတ်နှလုံး
Vol. 7 Ch. 97
အခန်း (၉၇) : လူတွေရဲ့ စိတ်နှလုံး
သံမဏိတံတိုင်းမြို့ကို ရောက်လာပြီးနောက် ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားလေသည်။ နာမည်အတိုင်း မြို့ကို မီတာငါးရာ မြင့်မားသည့် တံတိုင်းများဖြင့် ကာရံထားပြီး မီတာ ၂၀ ကျော် ကျယ်ဝန်းလေသည်။ တံတိုင်းအထူက ၂ မီတာမှ ၃ မီတာအထိ ရှိလေသည်။
ဒီကမ္ဘာ၏ ခေတ်နောက်ကျနေသည့် နည်းပညာကို ထည့်စားလိုက်သည့်အခါ ဝမ်ဝေ့က တကယ် အံ့ဩမိသွားသည်။ ကြည့်ရသည်မှာ သူက ဒီကမ္ဘာမှ လူများကို လျော့တွက်မိသွားပုံပေါ်သည်။
မြို့ထဲဝင်လာပြီးနောက် ဝမ်ဝေ့တို့ အုပ်စုက စစ်သူကြီးငါးယောက်နှင့် ပြန်ဆုံစည်းကြသည်။ ထိုနေရာတွင် ဝမ်ဝေ့က မြို့မြေပုံနှင့် အင်အားခွဲဝေပုံ အကြောင်းအရာတို့ကို သိရှိခဲ့ရသည်။
မြို့တစ်မြို့လုံးကို လေးပိုင်းခွဲထားပြီး ဆွေကြီးမျိုးကြီး ပိုင်နက်၊ ကုန်သည် ပိုင်နက်၊ အရပ်သား ပိုင်နက်နှင့် စစ်တပ် ပိုင်နက်တို့ ဖြစ်ကြသည်။
ဆွေကြီးမျိုးကြီး ပိုင်နက်တွင် ဆွေကြီးမျိုးကြီး အထက်တန်းလွှာများနှင့် မြို့အရှင် နေထိုင်ကြပြီး မြို့၏ တိုင်းပြည်ရေးရာ ဗဟိုချက်လည်း ဖြစ်ပေသည်။ ကုန်သည်ပိုင်နက်၌ ကုန်သွယ်ရေး အများစု လုပ်ကိုင်ကြသည့် နေရာ ဖြစ်၏။
နယ်စပ်မြို့ဖြစ်သည့်အတွက် စစ်ပွဲဆက်တိုက် ဖြစ်နေသော်လည်း တခြားတိုင်းပြည်များနှင့် အရောင်းအဝယ် ကျင်းပလေ့ရှိကြသည်။ ထိုကုန်သွယ်မှုအများစုက သဘောတရားအားဖြင့် တရားမဝင်ပေ။ သို့သော်လည်း ကုန်သည်များက အကျိုးမြတ်ကိုသာ ကြည့်သူ ဖြစ်၏။ သူတို့ ငွေကြေးရှာနိုင်နေသရွေ့ သူတို့ မလုပ်နိုင်သည့်အရာ မရှိပေ။
စစ်တပ်ပိုင်နက်က နယ်စပ်တပ် တည်ရှိရာ နေရာ ဖြစ်၏။ ထိုတပ်ကို ထိပ်သီး အံ့ဖွယ်ပင်လယ်အဆင့် ကျင့်ကြံသူဖြစ်သည့် စစ်သူကြီး သုံ့ဝူက ဦးဆောင်လေသည်။ သူက ဒီမြို့အတွင်းရှိ တပ်အားလုံးကို ချုပ်ကိုင်ထားသည်။
အရပ်သားပိုင်နက်က မြို့အတွင်း လူဦးရေအများဆုံး ဖြစ်သော်လည်း အဆင်းရဲဆုံး ဖြစ်ကြသည်။ ဒီမြို့က ဆက်တိုက်စစ်ပွဲ ဖြစ်နေသောကြောင့် တပ်ထဲ လူဆက်တိုက် လက်ခံကာ လူအများစု၏ ဘဝကို အမြောက်စာအဖြစ် အသုံးချကြလေသည်။
သို့သော်လည်း အရပ်သားများအနေနှင့် သူတို့အတွက် အစားအစာရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၍ လိုလားကြပေသည်။ ထို့အပြင် လူဦးရေ လျော့ကျသွားလျှင်လည်း ကုန်းတွင်းပိုင်းမှ လူများကို စုဆောင်းနိုင်သေးသည်။
နောက်ထပ် လူဦးရေအရင်းအမြစ်မှာ စစ်ပွဲများအတွင်း အိုးအိမ် ပျောက်ဆုံးသွားကြသည့် တခြားတိုင်းပြည်များမှ ဒုက္ခသည်များ ဖြစ်ကြသည်။
ထိုအချက်အလက်များ နားထောင်ပြီးနောက် ဝမ်ဝေ့က သူ့အစီအစဉ်ကို အကောင်အထည်ဖော်တော့သည်။ သိပ်မကြာခင် အရပ်သားပိုင်နက်တွင် တစ်ယောက်ယောက်က အစားအစာနှင့် အဝတ်အစား ပေးကမ်းနေသည့် ကောလဟာလက တောမီးလို ပျံ့နှံ့လာသည်။ နောက်ဆုံးတွင် စားစရာ ရတော့မည် ဖြစ်၍ လူများစွာက စိတ်လှုပ်ရှားလာကြသည်။
ကောဟလာလများ အသက်ဝင်လာသည့်နေ့တွင် ဝမ်ဝေ့က အစားအစာအပြည့်ရှိသည့် ဆိုင်ခန်းရှေ့တွင် ရပ်နေသည်။ သူက အစားအစာ ဝေကမ်းပေးဖို့ လူတချို့ကို ခန့်အပ်ထားပြီး လူတချို့က လူများ အစားအစာအတွက် မလုကြအောင် တပ်သားသဖွယ် မားမားမတ်မတ် ရပ်နေကြသည်။
ဝမ်ဝေ့၏ ပရဟိတ အပြုအမူက နှစ်ဝက် ကြာမြင့်လာခဲ့သည်။ ထိုအချိန်အတွင်း သူက အပတ်စဉ် အပတ်တိုင်း ဆင်းရဲသားများကို အစားအစာများ ဝေမျှပေးသည်။
ထို့အပြင် ဝမ်ဝေ့က ကျောင်းများဖွင့်ကာ လူများကို အရေးအဖတ် သင်ကြားပေးသည်။ ဤအချိန်အတွင်း တစ်လျှောက်လုံး သူက လူအများကို ပရဟိတအကြောင်းနှင့် မိမိဘာသာ တန်ဖိုးထားမှုအကြောင်း ဟောပြောခဲ့သည်။ သူက လူအများကို သူတို့အိပ်မက်ကို ဖမ်းဆုပ်နိုင်ခွင့် အပြည့်အဝ ရှိကြောင်းနှင့် ဆွေကြီးမျိုးကြီးတွေ ခေါ်နေသလိုမျိုး နိမ့်ပါးသူတွေ မဟုတ်ကြောင်း ရှင်းပြခဲ့သည်။
သူ့အပြုအမူနှင့် အပြုသဘောဆောင်သော စကားများကြောင့် ဝမ်ဝေ့၏ ကျော်ကြားမှုက အရပ်သားများကြား ကြယ်တံခွန်လိုမျိုး မြင့်တက်လာသည်။ လူများက သူ့ကို “ ပညာရှိဝိဇ္ဇာ” ဟု အခေါ်အဝေါ် ပေးထားကြသည်။
ထိုအတွင်း ပြဿနာအသေးစားတချို့တော့ ရှိခဲ့လေသည်။ ဆွေကြီးမျိုးကြီးများက သူ့လုပ်ရပ်ကို ကြားသည့်အခါ သူ့အား သတိပေးဖို့ လူတစ်ယောက် လွှတ်ခဲ့သည်။ ပညာရေးက ထိုအထက်တန်းလွှာ မိသားစုများ အရပ်သားများအပေါ် ချုပ်ကိုင်ထားနိုင်သည့် အဓိကနည်းလမ်း ဖြစ်လေရာ အားလုံး သင်ယူတတ်မြောက်သွားအောင် လုပ်ခွင့် ဘယ်လိုလုပ်ပေးနိုင်မည်နည်း။
ဝမ်ဝေ့က သူတို့သတိပေးမှုကို လျစ်လျူရှုလိုက်သည့်အခါ သူတို့က သူ့ကို ရှင်းထုတ်ဖို့ လုပ်ကြံသမားမျိုးစုံ ပို့လွှတ်ခဲ့သည်။ သူတို့အတွက် ကံဆိုးသည်က မည်သူမှ အသက်ရှင်လျက် ပြန်မသွားနိုင်ကြပေ။
…………….
စစ်တပ်ပိုင်နက်၊ စစ်သူကြီး အိမ်တော်
အခန်းအတွင်း မျက်နှာပေါ်တွင် အမာရွတ်နှင့် ခက်ထန်သည့် လူတစ်ယောက်က စာရွက်များ လှန်လှောကာ ကြည့်ရှုနေသည်။ ထိုအမျိုးသား ခန္ဓာကိုယ်ဆီမှ သွေးနံ့ဆိုးနှင့်အတူ ကြမ်းတမ်းခက်ထန်သည့် ချီစွမ်းအားများ ထွက်ပေါ်နေသည်။ ဤလူက သံမဏိတံတိုင်းမြို့၏ နယ်စပ်တပ်ခေါင်းဆောင် စစ်သူကြီး သုံ့ဝူ ဖြစ်ပေသည်။
သူ့အကြံပေး ပေးလာသည့် သတင်းများကို ဖတ်ရှုနေရင်း သတင်းတစ်ခုက သူ့အာရုံကို ဖမ်းစားသွားလေသည်။
“ပညာရှိဝိဇ္ဇာဆိုတာ ဘယ်သူလဲ။ သူ့အကြောင်း ဘာသတင်းအချက်အလက် ရထားလဲ ”
“ဆရာ ကျုပ်တို့သိတဲ့ တစ်ခုတည်းသောအရာက အဲလူက အရမ်းအားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာပါပဲ။ ဒါပေမဲ့ သူက အရပ်သားတွေဆီမှာ လှူဒါန်းမှုတွေအများကြီး လုပ်ထားတာပါ ” ပညာသင်တစ်ယောက်နှင့် တူသည့် အကြံပေးက ဖြေကြားလိုက်သည်။ သို့သော် သူ့မျက်ဝန်းထဲ၌ လိမ္မာပါးနပ်သည့် အရိပ်အယောင်တို့ ရှိနေသည်။
“ဒီလူရဲ့ ဂုဏ်သတင်းက ကျော်ကြားလွန်းနေတာဆိုတော့ လူတွေကြားမှာ ပုန်ကန်မှု ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်ခြေမြင့်တယ်။ အရင်က သူ့အကြောင်းကို ဘာလို့ မကြားဖူးရတာလဲ”
“ ဆရာကို ဒီလူအကြောင်း သတိပြုမိမိချင်း လှမ်းအကြောင်းကြားခဲ့ပေမဲ့ ဆရာက သံမဏိလက်သီးတိုင်းပြည်နဲ့ ခံတပ်ထဲမှာ တိုက်ခိုက်နေရတာဆိုတော့ … ဘာသတင်းမှ အကြောင်းမပြန်ခဲ့ပါဘူး။ အဲကြောင့် ကျုပ်လည်း ကိုယ့်ဘာသာ ဘာမှမဆုံးဖြတ်ရဲတာနဲ့ ဒီအတိုင်းထားလိုက်တာပါ”
“ သံမဏိလက်သီးတိုင်းပြည်က လူတွေက ထပ်အရူးထနေပြန်တော့ ငါ နည်းနည်းအလုပ်ရှုပ်သွားတယ်။ ဒါပေမဲ့ အခု ငါ ဒီအကြောင်းကို သိပြီဆိုတော့ ပညာရှိဝိဇ္ဇာကို အဆုံးသတ်ပစ်ဖို့ အချိန်ပဲ။ သွေးဝံပုလွေတပ်ဖွဲ့ကို လွှတ်ပြီး သူ့ကို နေရာမှာတင် သုတ်သင်ခိုင်းလိုက် ”
“ အဲလိုလုပ်ဖို့ မလိုဘူး။ ငါ ဒီမှာ ရောက်နေပြီ ” စစ်သူကြီး သုံ့ဝူနှင့် သူ့အကြံပေးတို့က အခန်းထဲ ရုတ်ချည်း ထွက်ပေါ်လာသည့် အသံကြောင့် တုန်လှုပ်သွားကြသည်။
“ဒီစစ်သူကြီး အိမ်တော်ထဲ ဘယ်သူက ကျူးကျော်ရဲတာလဲ” စစ်သူကြီး သုံ့ဝူက အားကုန်သုံး အော်လိုက်သည်။
သိပ်မကြာခင် သူက ခဲဖြူရောင် ဆံပင်နှင့်မျက်ဝန်းရှိသည့် ဆယ်ကျော်သက်လေး သူတို့ဆီ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ သူက သူနှင့်ဒီမြို့ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မည်မှန်း ခံစားမိကာ နှလုံးခုန် တစ်ချက် မြန်သွားလေသည်။
စစ်သူကြီးသုံ့ဝူက သူ့ပင်ကိုယ်အသိစိတ်ကို အတော်လေး ယုံထားလေသည်။ ထိုအရာက သူ့ဘဝတစ်လျှောက် သေခြင်းရှင်ခြင်း အခြေအနေများစွာမှ ကယ်ပေးခဲ့ဖူး၏။
ဝမ်ဝေ့က စစ်သူကြီးအား ကြည့်လိုက်ကာ ပြောလိုက်သည် “ မင်းရဲ့ အတွေးအခေါ်က အတော်လေး ကောင်းသားပဲ။ ဒီလိုအော်လိုက်ပြီး မင်းလက်အောက်ငယ်သားတွေကို တစ်ခုခုမှားနေပြီဆိုတာ သတိပေးချင်နေတာမလား။ ဒါပေမဲ့ အသုံးမဝင်ဘူး ”
ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က စစ်သူကြီး သုံ့ဝူနှင့် အကြံပေးအား ဒူးထောက်သွားစေလောက်မည့် ဖိအားများ ထုတ်လွှင့်လိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
နာရီဝက်ကြာပြီးနောက် သူ ဒီအခန်းပတ်လည် ချထားသည့် သီးသန့်အစီအရင်ထဲ တစ်ယောက်ယောက် ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။ သူ မော့ကြည့်လိုက်သည့်အခါ လီကျွင်းနှင့် အခြားငါးယောက်က ချပ်ဝတ်များတွင် သွေးများစွန်းနေလျက် အခန်းထဲ ဝင်လာကြသည်။
“အားလုံး ပြီးသွားပြီလား ” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ် အစ်ကိုကြီး … စစ်သူကြီးငါးယောက်က တပ်ထဲ ဝင်ထားတော့ တပ် ၉၀ ရာခိုင်နှုန်းလောက်ကို အလွယ်လေး ထိန်းချုပ်နိုင်လိုက်တယ်။ ပြီးတော့ အစ်ကိုကြီး အမိန့်ပေးထားတဲ့အတိုင်း မတော်တဆ သေဆုံးမှု အရေအတွက်ကို တတ်နိုင်သမျှ အနည်းဆုံး လျော့ချဖို့ ကြိုးစားထားတယ်”
“ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကရော ”
“ သူတို့က စစ်သူကြီးသုံ့ဝူကို သေလောက်အောင် သစ္စာရှိနေတဲ့လူတွေပါ။ အဲဒါကြောင့် သူတို့ကို ဖမ်းထားပြီးတော့ နောက်ဘာဆက်လုပ်ပစ်ရမလဲဆိုတဲ့ အစ်ကိုကြီးရဲ့ အမိန့်ကို စောင့်နေတာပါ ”
ဝမ်ဝေ့က ခေါင်းညိတ်ကာ စစ်သူကြီးငါးယောက်ကို ကြည့်လိုက်ပြီး “ မင်းတို့တွေ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒီကိုသာ ဆက်ထိန်းထား … မင်းတို့တွေကို ဆုချမယ် ”
စစ်သူကြီး(၁) က ပြုံးလိုက်ကာ ပြောလိုက်သည် “ သခင်လေး …ကျွန်တော်တို့က ကိုယ့်အလုပ်ကို လုပ်ရုံပါ။ ပြီးတော့ ဒီတာဝန်က ထင်ထားတာထက် ပိုလွယ်ပါတယ်။ စစ်တပ်ရဲ့ လေ့ကျင့်ပုံစံနဲ့ ဆုလာဘ်တွေအရ အများစုက ကျွန်တော်တို့ဆီမှာ သစ္စာရှိဖို့ လွယ်ပါတယ်။ ပြီးတော့ အကြံပေး ကျောက်ဖုန်းကလည်း အများကြီး ကူညီပေးခဲ့ပါတယ် ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး စစ်သူကြီး သုံ့ဝူနားက အကြံပေးကို ကြည့်လိုက်ကာ ချီးကျူးလိုက်သည်။
“ မင်းဘက်က အပေးအယူ ပြီးပြီဆိုတော့ အခု ငါ့အလှည့်ပေါ့ ”
ထိုသို့ပြောပြီးနောက် သူက ကျောက်ဖုန်းပေါ်မှ ဖိအားကို ဖယ်ရှားကာ သိုလှောင်လက်စွပ်တစ်ကွင်းနှင့် စာအုပ်တစ်အုပ်ကို ပေးလိုက်သည်။
ထိုစဉ် စစ်သူကြီးသုံ့ဝူက အံ့ဩတုန်လှုပ်ကာ ဒေါသတကြီး ဖြစ်နေမိသည်။
“မင်း … မင်း ငါ့ကို သစ္စာဖောက်တယ်။ ငါ မင်းအပေါ် အများကြီး လုပ်ပေးခဲ့ပြီး အတူတူဖြတ်ကျော်ခဲ့တဲ့ အချိန်တွေမှ မထောက် စာအုပ်တစ်အုပ်နဲ့ လက်စွပ်တစ်ကွင်းအတွက် သစ္စာဖောက်တယ်ပေါ့ ”
သို့သော် ကျောက်ဖုန်းက သုံ့ဝူကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက စာအုပ်ကို အဖိုးတန်ဆုံး ကျောက်စိမ်းကို ကိုင်နေသည့်အလား ဂရုတစိုက် ကိုင်ဆောင်ကာ ဖတ်ရှုတော့သည်။ ပြောရလျှင် အသန့်စင်ဆုံး ကျောက်စိမ်းပင် ထိုစာအုပ်နှင့် မယှဉ်နိုင်ပေ။
ထိုစဉ် ဝမ်ဝေ့က ထိုလူနှစ်ယောက်ကြားမှ ညီအစ်ကိုကြား သစ္စာဖောက်မှုအကြောင်း လျစ်လျူရှုထားပြီး လီကျွင်းအား မေးလိုက်သည်။
“ငါတို့ ဘာသတိထားစရာ လိုသေးလဲ ”
“ဟုတ် အစ်ကိုကြီး … ကျွန်တော်တို့က ဒီမြို့ရဲ့ တပ်ကို ထိန်းချုပ်လိုက်ပေမဲ့ ဒီမြို့နဲ့ မီတာရာချီကွာဝေးတဲ့ ခံတပ်ထဲမှာ နေရာချထားတဲ့ နောက်ထပ် တပ်ဖွဲ့ ရှိပါသေးတယ်။ သူတို့က သံမဏိလက်သီးတိုင်းပြည်နဲ့ ရင်ဆိုင်နေတဲ့ အဓိကအင်အားစုဆိုတော့ ကျွန်တော်တို့ တတ်နိုင်သမျှ မြန်မြန် ထိန်းချုပ်ဖို့ လိုတယ် ”
ထိုအရာကို ကြားပြီး ဝမ်ဝေ့က စစ်သူကြီးသုံ့ဝူကို ကြည့်လိုက်ကာ “ မင်း အသက်ရှင်ချင်လား ဒါမှမဟုတ် ဆိုးဆိုးရွားရွား သေချင်လား ”
စစ်သူကြီးက တည်ငြိမ်စွာ ဖြေလိုက်သည် “မင်း သတ်ချင်ရင် သတ်ပစ်လိုက် .. ငါက ဘယ်သူ့ဆီမှ အညံ့မခံဘူး။ မင်းတို့လူတွေ စောင့်ကြည့်နေလိုက်။ တော်ဝင်မိသားစုက ဒီလိုပုန်ကန်မှုမျိုး ဘယ်တော့မှ လက်မခံဘူး”
ထိုအမျိုးသား မျက်ဝန်းမှ ဆုံးဖြတ်ချက် ခိုင်မာမှုကို မြင်ပြီး ဝမ်ဝေ့က ထိုလူသည် တိုင်းပြည်ကို တစ်ဘဝလုံး သစ္စာဖောက်မည် မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက နည်းဗျူဟာ ပြောင်းလိုက်သည်။
“စစ်သူကြီး(၂) သူ့ကို ဝမ်ကျူဆီ ခေါ်သွား … ပြီးရင် စိတ်ညို့လိုက်ပြီး ခံတပ်အင်အားကို စစ်သူကြီး(၁)ဆီ လွဲပြောင်းတဲ့ အမိန့်စာကို ရေးခိုင်းလိုက်။ ပြီးတော့ နောင်အခါ လိုအပ်လာနိုင်တယ်ဆိုတော့ သူ့ကို အသက်ရှင်ရက် ထားလိုက်”
ဝမ်ဝေ့က သူ့အားကောင်းလှသည့် ဝိညာဉ်ဖြင့် ကိုယ်တိုင်လုပ်နိုင်သော်လည်း အားလုံးကို ကိုယ်တိုင် လိုက်လုပ်နေလျှင် လက်အောက်ငယ်သားများ ရှိခြင်းမှာ ဘာအကျိုးရှိတော့မည်နည်း။ ဝမ်ကျူ၏ အံ့ဖွယ်ခန္ဓာကျင့်ကြံဆင့်ဖြင့် သူမက ဒီအလုပ်ကို လုပ်နိုင်လေသည်။ သူမကျင့်ကြံဆင့်ကို ပိတ်ဆို့ထားသော်လည်း သူမနယ်ပယ်အဆင့်အရ အားကောင်းသည့် ဝိညာဉ် ရှိနေဆဲ ဖြစ်၏။
ဝမ်ဝေ့က စတင်ကျင့်ကြံပြီးသည့်နောက် သူ့တွင် ဝိညာဉ်များကို ထိန်းချုပ်ရေးနှင့် ပတ်သက်လာလျှင် သဘာဝစွမ်းရည် ပိုင်ဆိုင်ထားကြောင်း သိထားလေသည်။ ဤသည်က စကားဝိုင်းအတွင်း သူ့အားကောင်းသည့် ဝိညာဉ်ဖြင့် မင်းသမီးအား အလွယ်လေး ခြိမ်းခြောက်နိုင်သကဲ့သို့ ဖြစ်သည်။
သူက ကမ္ဘာမြေတွင် အက်ကြောင်းထဲ ဝါးမျိုခံလိုက်ရစဉ် လေဟာနယ်ထဲ နှစ်များစွာ ဝိညာဉ်သဏ္ဍာန်ဖြင့် လွှင့်မျှောနေသည့်အချက်နှင့် ပတ်သက်နေလိမ့်မည်ဟု မှန်းဆမိသည်။
စစ်သူကြီး(၂)အား အမိန့်ပေးလိုက်ပြီးနောက် ဝမ်ဝေ့က စစ်သူကြီး(၁)အား ကြည့်ကာ မေးလိုက်သည် “မင်း ဘာဆက်လုပ်ရမလဲ သိတယ်မလား ”
“သခင်လေး ကျွန်တော့်ကို သုံးလ မဟုတ်ဘူး နှစ်လပဲ အချိန်ပေးပါ။ ခံတပ်တစ်ခုလုံး ကျွန်တော်အမိန့်အောက် ရောက်နေစေရပါ့မယ်”
“အရမ်းကောင်းတယ် … မင်းတို့အားလုံး အခု အနားသွားယူကြတော့။ မနက်ဖြန် ငါတို့အနာဂတ်အစီအစဉ်တွေ ဆွေးနွေးကြမယ် ”