← Chapters

ဆူပူအုံကြွမှု

Vol. 154 Ch. 2194

ဆူပူအုံကြွမှု

Vol. 154 Ch. 2194

အားလုံးသော အင်အားစုများမှ ကျင့်ကြံသူတို့က ထွက်ခွာသွားကြပြီ ဖြစ်သည်။ ထိုက်ချူတော်ဝင်မြေမှ အဖြူရောင်ဝတ် သက်လတ်ပိုင်းလူကြီးက လူတိုင်းထွက်ခွာသွားသည်ကို မြင်သောအခါ သူလည်း ထွက်သွားခဲ့သည်။ ကြည့်ရသည်မှာ ကောင်းကင်ဒေသအတွင်းမှ အခြေအနေကို စုံစမ်းစစ်ဆေးရန် လိုအပ်ပြီး မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့် ပတ်သတ်၍ မည်သို့ ဖြစ်သွားကြောင်း တိတိကျကျ ရှာဖွေရန် လိုအပ်နေသည့်ပုံပင်။

ကျင့်ကြံခြင်းလောကနှင့် အဝေးတွင် နေထိုင်ခဲ့သော လေးမျက်နှာကျေးရွာက ယခု ကြီးစွာသော ခြိမ်းခြောက်နိုင်မှုကို ပိုင်ဆိုင်ထားသည့် အင်အားစုတစ်ခု ဖြစ်လာပုံရလေသည်။

နေနတ်ဘုရားကျောင်း၏ လက်အောက်ခံ လူပေါင်းများစွာက ရှိနေဆဲ ဖြစ်သည်။ သူတို့၏  ခေါင်းဆောင် သေဆုံးသွားသည်ကို ကြည့်ကာ သူတို့က အနည်းငယ် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။ နေနတ်ဘုရားကျောင်းခေါင်းဆောင် အသတ်ခံရသည့် အခိုက်အတန့်၌ သူတို့သည် နေနတ်ဘုရားကျောင်းက အဖွဲ့အစည်းတစ်ခုအဖြစ်မှ ကျဆုံးသွားပြီ ဖြစ်ကြောင်း သိလိုခဲ့သည်။ ထိပ်သီးအဆင့် ပုဂ္ဂိုလ်မရှိဘဲနှင့် သူတို့က ကောင်းကင်ဒေသ၌ ခြေကုပ်ရယူရန်မှာ မဖြစ်နိုင်ပေ။ သူတို့က ကိုယ်တိုင် ဖျက်သိမ်းခြင်းမပြုလျှင်ပင် အခြားအင်အားစုများအတွက် သားကောင်ဖြစ်လာပေလိမ့်မည်။

အပေါ်ယံတွင် ကောင်းကင်ဒေသအတွင်းရှိ ကျင့်ကြံခြင်းလောကအတွင်းမှ အားလုံးသော ထ်ိပ်သီးအင်အားစုများက ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်ကြပုံပေါ်ပေသည်။ သို့သော် ထိုတည်ငြိမ်နေသည့် အပေါ်ယံအလွှာအောက်တွင် အကြင်နာမဲ့ရက်စက်မှုများ ကိန်းဝပ်နေပေသည်။ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းက ကျင့်ကြံခြင်းလောကအတွင်းတွင် သူတို့၏ ရပ်တည်မှု ဆုံးရှုံးသွားခဲ့ခြင်းဟု ဆိုလိုသည်။ သူတို့က မဖျက်သိမ်းလျှင်ပင် သူတို့၏ ကျင့်ကြံခြင်းအရင်းအမြစ်များက အခြားလူများ၏ လုယက်ခံရခြင်း သို့မဟုတ် သူတို့ ဂိုဏ်းဂနအတွင်းမှ ထူးချွန်သော ပုဂ္ဂိုလ်များသည် အခြားလူများ၏ မျက်စိစပါးမွှေးစူးစရာများ ဖြစ်လာပြီး ပျက်စီးခြင်း စိုက်ကပ်ရပေလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်တွင် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ရီဖူရှင်းက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့တွေ မူလဘုံက တစ်ယောက်ယောက်ကိုများ ထပ်သတ်တာကို ရှာတွေ့ခဲ့ရင် ကျုပ် မင်းတို့အားလုံးကို သတ်ပစ်မယ်။”

သို့သော် ထိုကျင့်ကြံသူများက ရီဖူရှင်း၏ စကားများကို ကြားသောအခါ စိတ်သက်သာရာ ရသွားခဲ့ပြီး အငြင်းပွားခြင်းမရှိဘဲ အဝေးသို့ လျှောက်ထွက်သွားခဲ့သည်။ သူတို့ကြား၌ ရှိသော အမှန်တကယ် အစွမ်းထက်သူတို့မှာ ရီဖူရှင်း၏ လက်ထဲ၌ သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ နေနတ်ဘုရားကျောင်းက အဆုံးသတ်သွားပြီဖြစ်ကာ သူတို့က လက်စားချေချင်နေလျှင် သေဆုံးခြင်းအား လက်ယပ်ခေါ်နေသလို ဖြစ်ရပေလိမ့်မည်။

“ပြန်သွားကြရအောင်။”

တိုက်ပွဲပြီးသွားသည့်နောက် ရီဖူရှင်းနှင့် အခြားလူများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။ ကျောင်းတော်မှ ကျင့်ကြံသူများသည် စကားဖြင့်ပင် ဖော်ပြ၍မရလောက်အောင် စိတ်လှုပ်ရှားနေကြသည်။ ယခင်က သူတို့၏ စိတ်ကို အမြဲ ဖိနှိပ်ထားရသည့်အတွက် ခေါင်းထက်တွင် တိမ်မည်းများ အမြဲရှိနေခဲ့သည်။ ရီဖူရှင်းပြန်လာပြီးနောက် ပထမဆုံး တိုက်ပွဲသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ စိုးရိမ်ပူပန်မှုကို ချက်ချင်း ဖြေရှင်းပေးနိုင်ခဲ့ပေသည်။

အနည်းဆုံး သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အထက်တွင် ရစ်ဝဲနေသော ဓားများအကြောင်း စိုးရိမ်နေရန် မလိုတော့ပေ။ သူတို့က ပြိုင်ဘက်များကို ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့သွားအောင် မလုပ်နိုင်ခဲ့လျှင် ထိုရန်သူများက ကျောင်းတော်သို့ အချိန်မရွေး ပြန်လာကာ တိုက်ခိုက်နိုင်ပေသည်။

ယခု နေနတ်ဘုရားကျောင်း၏ ခေါင်းဆောင်က အသတ်ခံလိုက်ရပြီး အခြားအင်အားစုများသည်လည်း ပြန်ဆုတ်ခွာသွားကာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို လွယ်လွယ်လေး ဆန့်ကျင်လှုပ်ရှားရဲတော့မည် မဟုတ်ပေ။

သို့သော် ရီဖူရှင်း၏ နှလုံးသားက လေးလံလျက်ရှိပြီး အရှင်ထိုက်ရွှမ်၏ စကားလုံးများကလည်း သူ့ကို ပိုမိုများပြားသော ဖိအားအောက် ရောက်ရှိစေပေသည်။ လေးမျက်နှာကျေးရွာ၌ အဟန့်အတားအဖြစ် ဆရာသခင်ရှိနေသော်လည်း သူက ဆရာသခင်မဟုတ်ပေ။ ဤတစ်ကြိမ်၌ မူလဘုံသို့ အင်အားစုပေါင်းများစွာ ရောက်ရှိနေပြီး ကောင်းကင်အာဏာစက်မြို့သည်ပင် ထိုအဓိကအင်အားစုများစွာ၏ အခြေစိုက်နားခိုရာ ဖြစ်နေခဲ့သည်။

ထိုက်ချူတော်ဝင်မြေကဲ့သို့ အဓိကအင်အားစုများစွာ ရောက်ရှိနေပြီး သူသည် မူလဘုံက လက်ရှိတွင် မည်သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်း သတိပြုမိပေသည်။ သူတို့တွင် မူလဘုံအတွင်းမှ အသန်မာဆုံး မဟာမိတ်အင်အားစုများ ရှိသော်လည်း ထိုမျှ ကြောက်မက်ဖွယ်ပင် ဖိအားနှင့် ရင်ဆိုင်နေရဆဲပင်။ မူလဘုံအတွင်းမှ ကျန်သည့် အင်အားစုများ၌ မည်သို့သော ​ဖိအားမျိုး ဖြစ်နေသနည်း။

ယနေ့ မူလဘုံသည် ပြင်ပတန်ခိုးရှင်များ၏ ကစားကွင်းသဖွယ် ဖြစ်နေပေသည်။

အားလုံးသော တန်ခိုးရှင်များ စုစည်းမိသောအခါ ရီဖူရှင်းက သွမ့်ထျန်းရှုံကို မေးလိုက်သည်။ “ထိုက်ချူတော်ဝင်မြေအကြောင်း စီနီယာသိလား။”

“အဲဒါက ကောင်းကင်ဒေသမှာ ကျင့်ကြံခြင်းအတွက် သန့်စင်မြင့်မြတ်နယ်မြေတစ်ခုပဲ။ ကျုပ် သိတာပေါ့။” သွမ့်ထျန်းရှုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းကင်ဒေသရဲ့ နယ်မြေ ဆယ့်ရှစ်ခုမှာ ထိုက်ချူတော်ဝင်မြေနဲ့ ဆင်တူတဲ့ ကျင့်ကြံခြင်းသန့်စင်မြင့်မြတ်နယ်မြေ အနည်းငယ် ရှိပေမယ့် အဲဒါတွေက အခြေခံအားဖြင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနဲ့ ဆင်တူတယ်။ ဒါပေမယ့် ထိုက်ချူတော်ဝင်မြေကတော့ ကွဲပြားတယ်။ အဲဒီနေရာက ကောင်းကင်ဒေသတစ်မှာ ကျင့်ကြံခြင်းအတွက် သန့်စင်မြင့်မြတ်နယ်မြေအဖြစ် ထင်ရှားပြီး ထိုက်ချူနယ်မြေရဲ့ ပြယုဂ်လည်း ဖြစ်သလို ထိုက်ချူနယ်မြေသခင်အိမ်တော်ကတောင် သူတို့ကို လေးစားမှုပြသရတယ်။ ထိုက်ချူနယ်မြေမှာ ထိုက်ချူတော်ဝင်မြေက အဓိကမဏ္ဍိုင်ပဲ။”

“ထိုက်ချူတော်ဝင်မြေက ထူးချွန်ထက်မြက်တဲ့ ကျင့်ကြံသူအမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ထိုက်ချူနယ်မြေတစ်ခွင်ကိုတောင် သြဇာလွှမ်းမိုးနိုင်တယ်။ နယ်မြေအတွင်းမှာ ရှိတဲ့ ကုန်းမြေအသီးသီးက ကျင့်ကြံသူတွေအားလုံး ထိုက်ချူတော်ဝင်မြေမှာ ကျင့်ကြံရဖို့အတွက် ဘယ်လောက်ပဲ ဝေးဝေး ရောက်အောင် လာကြတယ်။ ထိုက်ချူသူတော်စင်က ပြိုင်ဘက်ကင်းရန်ဟောင်တစ်ပါးဖြစ်ပြီး သူ့လက်အောက်မှာ ထိပ်သီးပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ အဲဒီထဲမှာ တစ်ယောက်က ဓားသခင်ထိုက်ချူပဲ။ အပြင်လောကမှာ သိကြတာအရ ထိုက်ချူတော်ဝင်မြေမှာ အမှန်တကယ် အစွမ်းထက်တဲ့ ထိပ်သီးပုဂ္ဂိုလ်ကြီး ငါးယောက် အနည်းဆုံး ရှိတယ်။” သွမ့်ထျန်းရှုံက ရီဖူရှင်းကို ရှင်းပြလိုက်သည်။

ရီဖူရှင်း၏ မျက်လုံးများက အနည်းငယ် ထက်ရှလာ၏။ ထိုက်ချူတော်ဝင်မြေမှ လူများ မူလဘုံသို့ ရောက်ရှိလာသောအခါ ထိုမျှ ရဲတင်း၍ သူတို့က ဤနေရာ၌ သင်ကြားပို့ချပေးလိုခြင်းမှာ မူလဘုံမှ လူများအတွက် ကံကောင်းခြင်းဖြစ်ကြောင်း ယူဆထားသည်မှာ အံ့သြဖွယ် မရှိတော့ပေ။ ယခု အောက်ဘုံ၌ ဤတာဝန်ကို လုပ်ဆောင်ရန် ရောက်လာသည့် ထိုလူများက သူတို့အင်အားစု၏ ထိပ်သီးပုဂ္ဂိုလ်များ ဟုတ်မနေပေ။ အဖြူရောင်ဝတ်ကျင့်ကြံသူနှင့် ခရမ်းရောင်ဝတ်စစ်အင်ပါယာမှာ ထိုက်ချူတော်ဝင်မြေ၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုနိုင်ခြင်း မရှိချေ။

အရှင်ထိုက်ရွှမ်က အလွန် သတိထားနေသည်မှာ အံသြစရာမရှိတော့ပေ။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က မူလဘုံကို ဘယ်အင်အားစုတွေ ရောက်လာခဲ့တာလဲ။” သွမ့်ထျန်းရှုံက မေးလိုက်သည်။ ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ဤနေရာ၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပြီး ရီဖူရှင်းနှင့် ထိုက်ချူတော်ဝင်မြေတို့က ပတ်သတ်မှုအချို့ ရှိခဲ့ပုံရသည်။

“စုန့်အင်ပါယာနန်တော်၊ နေမင်းနတ်ဘုရားတောင်တန်း၊ ရှန်ကလန်၊​နတ်ဘုရားမာန်ဟုန်တောင်တန်းနဲ့ မော့ကလန်လည်း ပါလိမ့်မယ်ထင်တယ်။ တခြားအင်အားစုတွေကတော့ အမှောင်ထဲမှာ ရှိနေတာ ဖြစ်လိမ့်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။

သွမ့်ထျန်းရှုံက ထိုအဖြေကို ကြားသည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာထက်၌ အံ့အားသင့်သော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။

“အံ့သြစရာမရှိတော့ပါဘူး။” သွမ့်ထျန်းရှုံက ပြောလိုက်သည်။ “မင်း ပြောတဲ့ အင်အားစုတွေက ကောင်းကင်ဒေသအတွင်းမှာ အစွမ်းထက် အင်အားစုတွေချည်းပဲ။ ဒါကြောင့် သူတို့က မူလဘုံကို အရင် လာခဲ့တာ ဖြစ်မယ်။ အရင်က မဟာအင်ပါယာဆီကနေ ဘာအမိန့်မှ မရှိခဲ့ဘူး။ မင်း အဲဒီအင်အားစုတွေကို ဆန့်ကျင်ခဲ့မိတာလား။”

ရီဖူရှင်းသည် ထိုအင်အားစုများအကြောင်း အစောတကည်းက မည်သို့ သိနိုင်ပါမည်နည်း။ သွမ့်ထျန်းရှုံ၏ ရှင်းပြချက်ကို နားထောင်ရင်း သူသည် ထိုအင်အားစုများက ကောင်းကင်ဒေသ၌ အင်အားစုကြီးများထဲမှ အင်အားစုကြီးများ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“အဲဒီတုန်းက အင်အားစုတွေ အများကြီး ကောင်းကင်အာဏာစက်ကျောင်းက ကျုပ်ကို ပစ်မှတ်ထားခဲ့ကြတာ။” ရီဖူရှင်းက ပြောလိုက်သည်။ “နောက်ပိုင်း သူတို့က ကျုပ်ကို သေစေချင်ခဲ့တာမို့ အင်အားစုတွေ ပေါင်းစည်းပြီး ကျုပ်ကို အမဲလိုက်ခဲ့တယ်။ ဒါကြောင့် ကျုပ် သေချင်ယောင်ဆောင်ပြီး ကောင်းကင်ဒေသကို ထွက်ပြေးလာခဲ့တာပဲ။”

“မင်း အသက်ရှင်နေနိုင်တာ အံသြစရာပဲ။” သွမ့်ထျန်းရှုံက ပြောလိုက်သည်။ “အဲဒီတော့ သူတို့ မင်းကို သတ်ပစ်ချင်လာလောက်အောင် မင်းက မူလဘုံမှာကတည်းက ထူးချွန်တဲ့ပါရမီကို ထုတ်ဖော်ပြသခဲ့ပြီးပြီပေါ့။ အခု လမ်းကြောင်းက ပွင့်သွားပြီမို့ အစွမ်းထက် တန်ခိုးရှင်တွေ ပိုပြီး ရောက်လာကြပြီ။ မင်း အဲဒီအင်အားစုတွေကို ထပ်ပြီး ရန်မစမိတာ ကောင်းလိမ့်မယ်။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူ့အနီးမှ လူတိုင်းသည် ၎င်းကို ကြားပြီးနောက် သူ့အား တည်ငြိမ်စွာ ကြည့်လိုက်၏။

“အဲဒီတုန်းက ကျုပ်တို့မှာ သူတို့ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေမယ့် ရွေးချယ်စရာ မရှိခဲ့ဘူး။” အင်ပါယာနန်က ပြောလိုက်သည်။ “ဒီနေ့အထိ ကောင်းကင်အာဏာစက်ကျောင်းတော်က အခုလေးတင် သတ်ဖြတ်ခဲ့တဲ့ နေနတ်ဘုရားကျောင်းခေါင်းဆောင်နဲ့ အဖြစ်အပျက်ကလွဲရင် ဘယ်တိုက်ခိုက်မှုမျိုးကိုမှ အစပြုခဲ့တာ မရှိဘူး။”

ကျင့်ကြံခြင်းလောက၌ ရှင်သန်ရန်မှာ တစ်ခါတစ်ရံ၌ ရွေးချယ်စရာ များများစားစား ရှိမနေပေ။

သူသည် ထိုအင်အားစုများက အစွမ်းထက်သည်အား သိလျှင်ပင် ရွေးချယ်စရာ မရှိခဲ့ခြင်း ဖြစ်သည်။

“ကြည့်ရတာ အဲဒီတိုက်ပွဲက ရှန်ချင်းနယ်မြေ လေးမျက်နှာကျေးရွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲလိုပဲ လိုအပ်ပုံရတယ်။ ဆရာသခင်က အဲဒီတိုက်ပွဲနဲ့ ကျင့်ကြံခြင်း လောကထဲက အင်အားစုတွေကို အကြောက်တရား ထည့်ပေးလိုက်နိုင်တယ်။ ကောင်းကင်ဒေသမှာ ကျင့်ကြံတဲ့ ဘယ်သူမဆို အဲဒီအကြောင်းကို ကြားပြီး အခုဆို လေးမျက်နှာကျေးရွာကို ဆန့်ကျင်ချင်ရင် အတော်လေး ဂရုစိုက်သတိထားကြရလိမ့်မယ်။” သွမ့်ထျန်းရှုံက ပြောလိုက်သည်။ ရီဖူရှင်းသည် သွမ့်ထျန်းရှုံက မကြာသေးခင်က တိုက်ပွဲ၏ သက်ရောက်မှုကြောင့် ထွက်ခွာသွားသော ထိပ်သီးကျင့်ကြံသူများကို ဆိုလိုကြောင်း သိရှိပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်၌ ရီဖူရှင်း၏ ပြန်ရောက်လာမှုနှင့် နေနတ်ဘုရားကျောင်းခေါင်းဆောင်၏ သေဆုံးခြင်းကြောင့် ပွက်လောရိုက်နေပေသည်။

အထူးသဖြင့် ကောင်းကင်အာဏာစက်မြို့အတွင်းမှ သတင်းများသည် ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ဘုံတစ်ခုလုံး လှုပ်ခတ်သွားစေသည်။

ဘုံကိုးဘုံအပြင် မဟာလမ်းစဥ် ဘုံသုံးထောင်လုံး၌ပင် နံပါတ်တစ်ပါရမီရှင်ဟု ကျော်ကြားသည့် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံ၌လည်း အထွတ်အထိပ်ပင်ဖြစ်ကာ သူက သင်ကြားပို့ချပေးရန် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ခဲ့သည်။ ဘုံအတွင်းမှ မရေတွက်နိုင်သော လူများက ရီဖူရှင်းကို လေးစားကြပြီး ရီဖူရှင်း၏ သေဆုံးခြင်းသတင်းကြောင့် ဝမ်းနည်းကြေကွဲခဲ့ကြသည်။

ယခု သူက ကောင်းကင်ဒေသမှ ကျင့်ကြံသူများနှင့်အတူ ပြန်ရောက်လာပြီး နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို သတ်ပစ်ခဲ့သည်။

ထို့အပြင် သူတို့သည် ရီဖူရှင်း၏ ပြန်ရောက်လာမှုက ရီဖူရှင်း၏ ကျင့်ကြံခြင်းခွန်အားသာမက သူ့အနာဂတ်နှင့်ပါ သက်ဆိုင်နေကြောင်း ကောင်းစွာ သိရှိကြပေသည်။

ဤမကောင်းဆိုးဝါးဆန်သော နံပါတ်တစ် ပါရမီရှင်သည် ဘုံကိုးဘုံရှိ လူအားလုံးကို တုန်လှုပ်စေခဲ့ပြီး ဘုံကိုးဘုံမှ ကျင့်ကြံသူများက သူ့ကို သတ်ဖြတ်ရန် ပူးပေါင်းခဲ့ကြသည်။ သူ အသက်ရှင်နေသရွေ့ ထိုအင်အားစုများက စိတ်အေးသက်သာစွာ နေရလိမ့်မည် မဟုတ်ပေ။

သူတို့သည် ရီဖူရှင်း ပြန်လာပြီးနောက် ပထမဆုံး တိုက်ခိုက်ခဲ့သော အဆင့်မြင့်ရန်ဟောင်သည် သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်ပင် ခွဲမထွက်နိုင်ခဲ့ပေ။ ထိုမျှ အစွမ်းထက်သော ရန်ဟောင်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ရီဖူရှင်း၏ အလွယ်တကူ သုတ်သင်ခြင်းကို ခံခဲ့ရသည်။

အဖြူရောင်ဝတ်ကျင့်ကြံသူက ထိုက်ချူတော်ဝင်မြေသို့ ပြန်ရောက်ပြီးနောက် သူသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့် ပတ်သတ်ပြီး ကောင်းကင်ဒေသ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို စုံစမ်းခဲ့ပေသည်။ သိပ်မကြာခင်မှာပင် သူသည် ထိတ်လန့်ဖွယ်သတင်းကို လက်ခံရရှိခဲ့သည်။ ရီဖူရှင်းက ရှန်ချင်းနယ်မြေတစ်ခွင်၌ ကျော်ကြားပြီး မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်းမှ စွမ်းအားကို နားလည်နိုင်စွမ်းရှိခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ထို့အပြင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွက် တိုက်ပွဲအတွင်း လေးမျက်နှာကျေးရွာမှ ထူးခြားဆန်းကြယ်သည့် ကျင့်ကြံသူတစ်ယောက်က ရွာအပြင်၌ ရှိနေသည့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ပြည့်စုံလှပစွာ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့သည်။ ၎င်းသည် မှန်းဆ၍ပင် မရနိုင်သော နတ်ဘုရားစွမ်းအားများနှင့် နိုးထလာခဲ့၏။ သူ့တိုက်ခိုက်မှုကို မည်သူမှ ခံနိုင်ရည်မရှိကြဘဲ နန်ဟိုင်မိသားစုခေါင်းဆောင်သည် လက်ဝါးတိုက်ခိုက်မှု တစ်ချက်တည်းနှင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

ထို့နောက် ရှန်ချင်းနယ်မြေမှ နယ်မြေသခင်အိမ်တော်သည်ပင် လေးမျက်နှာကျေးရွာမှ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ပြန်တောင်းရန် မဝံ့ရဲခဲ့ပေ။ သို့နှင့် ထိုကိစ္စတစ်ခုလုံးက ထိုအတိုင်း နိဂုံးချုပ်သွားခဲ့သည်။ အောက်ဘုံသို့ ရောက်လာကြသော ရှန်ချင်းနယ်မြေမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်နှုတ်ဆက်ခဲ့ကြသည်။

တစ်ချိန်တည်းတွင် ရှန်ကလန်၏ အပြင်ဘက်၌ လူများစွာ ရပ်နေကြပြီး အဝေးသို့ ကြည့်နေကြသည်။ ကောင်းကင်တွင် တစ်စုံတစ်ယောက် ပေါ်ပေါက်လာပြီး အောက်ဘက်ကို ဆင်းလာကာ သတင်းအချို့ ပို့ဆောင်ပေးခဲ့သည်။

ရီဖူရှင်းက အသက်ရှင်လျက် ပြန်ရောက်လာပြီ ဖြစ်သည်။

ထိုဆံပင်အဖြူရောင်နှင့် လူငယ်သည် တစ်ချိန်က ရှန်ကလန်ကို ကျူးကျော်ဝင်ရောက်ရန် လူများကို ဦးဆောင်လာခဲ့ဖူးပြီး ထိုကျင့်ကြံသူများ၏ စိတ်ထဲတွင် အားကောင်းသော ထင်မြင်ချက်ကို ချန်ထားပေးရစ်ခဲ့သည်။ သူ့ကို မေ့ပစ်ရန်မှာ​မဖြစ်နိုင်ပေ။

လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အင်အားစုများစွာ စုပေါင်း၍ သူ့ကို လိုက်လံ သတ်ဖြတ်ခဲ့သော်လည်း သူက မသေခဲ့ဘဲ အသက်ရှင်လျက် ပြန်ရောက်လာပေသည်။

တစ်ချိန်တည်းတွင် ထျန်းရှန်ကျောင်းတော်သည်လည်း သတင်းများ လက်ခံရရှိခဲ့သည်။ ကျန်းအော့က အဝေးသို့ ကြည့်လိုက်သည်။ ရီဖူရှင်းက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်​ခြောက်ရန်ဟောင်အဖြစ် ပြန်ရောက်လာပေသည်။ ကျန်းချင်ကျူးက လွန်ခဲ့သော အချိန်အတော်ကြာကပင် မင်းသမီးဒွန်ဟောင်နှင့်အတူ ထွက်သွားခဲ့ပြီး ပြန်ရောက်မလာသေးပေ။ ယခု သူက မည်သည့်ဘုံ၌ သွားရောက်ကျင့်ကြံနေပါသနည်း။

သူက အနည်းငယ် စိတ်ပူနေသည်။

ဗဟိုအင်ပါယာဘုံမှ ရှောင်ကလန်တွင်လည်း ကျင့်ကြံသူတစ်စုက တစ်ချိန်တည်းတွင် ကောင်းကင်ကို ဖြတ်သန်းကာ ရောက်လာခဲ့ပြီး ရှောင်ကလန်တည်ရှိရာ နန်းတော်သို့ ရောက်လာခဲ့သည်။ သူတို့သည် ထိုထိတ်လန့်ဖွယ် သတင်းကြောင့် အချင်းချင်း ကြက်သေသေကာ စိုက်ကြည့်နေမိကြပေသည်။

သူပြန်လာပြီဖြစ်သည်။

စီဝေ့ဘုံမှ သောမျိုးနွယ်စုသည် ယခုအခါ၌ ပြိုလဲလုလု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ယခင်က ကျူးကျော်ခံခဲ့ရမှုကြောင့် သူတို့၏ နေရာက ယိုယွင်းနေခဲ့သည်။ သို့သော် ယခု သောမျိုးနွယ်စုအိမ်တော်အတွင်းမှ  အူလှိုက်သည်းလှိုက် ရယ်မောသံတစ်ခု ထွက်ပေါ်လာနေသည်။

တစ်ချိန်တည်းတွင် မူလဘုံ၏ အခြားတစ်နေရာ၌ တန်ခိုးရှင်တစ်စုသည် လေဟာနယ်ဂိတ်တံခါးတစ်ခုမှ ထွက်ပေါ်လာကာ မူလဘုံသို့ ဆင်းသက်လာသည်။ ထိုလူစုတွင် အစွမ်းထက် တန်ခိုးရှင်များစွာ ပါဝင်နေပြီး သူတို့၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလှကာ အများစုမှာ ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

“ဒုနယ်မြေသခင် ကျုပ်တို့ မူလဘုံကို ရောက်ပါပြီ။” တစ်စုံတစ်ယောက်က ထူးခြားလှသော အရှိန်အဝါနှင့် လူငယ်အား ကြည့်ကာ ပြောလိုက်သည်။ ထိုလူငယ်က တုန်းဟွာနယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင် နင်ဟွာပင် ဖြစ်လေသည်။

တုန်းဟွာနယ်မြေမှ ကျင့်ကြံသူများက မူလဘုံသို့ ရောက်လာကြပြီ ဖြစ်သည်။

***

All Chapters