အေးချမ်းသော ကု့ချင်းတေးသွား
Vol. 155 Ch. 2196
ဂူတုံးလျှို၊ ရီဝူချင်းနှင့် အခြားလူများ၏ ပြန်လာခြင်းက ကောင်းကင်အာဏာစက် ကျောင်းတော်၌ စုဝေးနေသော လူတိုင်းကို ပျော်ရွှင်စေသည်။ အထူးသဖြင့် ယခင်မျိုးဆက်များက လူငယ်များ တိုးတက်သန်မာလာသည်ကို ကြည့်ရင်း ကြည်နူးပီတိ ဖြစ်လာကြပေသည်။
စားသောက်ပွဲအတွင်း ရယ်မောသံများက မဆဲသွားပေ။ လူတိုင်းက ပျော်ရွှင်နေကြပြီး နေရာအနှံ့မှ စကားပြောသံများ ထွက်ပေါ်လာနေသည်။
ဓားသခင်၊ ဂူတုံးလျှိုနှင့် ကျူးကောမင်းယွီတို့က အတူတကွ ရှိနေကြသည်။ နတ်ဆိုးဘုံမှ ကျင့်ကြံသူများက နောက်တစ်ဖွဲ့အနေနှင့် စုဝေးနေကြ၏။ လက်ရှိတွင် နတ်ဆိုးဘုံ၏ အဓိကကလန်သုံးခုဖြစ်သော ကောင်းကင်နတ်ဆိုးနန်းတော်၊ နဂါးကလန်နှင့် နတ်ဆင်ကလန်တို့က တစ်ခုတည်း ဖြစ်လာပေသည်။ သူတို့က ယခင်ကကဲ့သို့ အချင်းချင်း အဆက်မပြတ် ရန်သတ်မနေကြတော့ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကောင်းကင်အာဏာစက်ဘုံ၌ ကျန်ရစ်သော အဓိကနတ်ဆိုးကလန်အနည်းငယ်ဖြစ်စေ ကောင်းကင်ဒေသသို့ ထွက်ခွာသွားခဲ့သော လူငယ်မျိုးဆက်များဖြစ်စေ သူတို့က ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြပေသည်။
သို့သော် မူလဘုံ၏ အပြောင်းအလဲများစွာ ဖြစ်လာကာ နတ်ဆိုးဘုံက ကျူးကျော်ခံရပြီးနောက် ကျွင်းနှင့် လုံချန်းတို့က အလွန် ဒေါသထွက်သွားကြသည်။
မမျှော်လင့်ဘဲ နှစ်နှစ်ဆယ်ကြာပြီးနောက်တွင် မူလဘုံက ယခင်ကကဲ့သို့ ငြိမ်းချမ်းမှု ပြန်မရသေးဘဲ လုံးဝ ပရမ်းပတာအခြေအနေသို့ ကျရောက်သွားမည့် လက္ခဏာပင် ရှိနေပေသေးသည်။
ရီဖူရှင်းက စားသောက်ပွဲအတွင်း များများစားစား မပြောခဲ့ပေ။ သူသည် လူတိုင်း၏ စကားများကို နားထောင်၍သာ နေပေသည်။ သူသည် ကောင်းကင်ဒေသမှ ပြန်ရောက်လာသူများကို ကောင်းကင်ဒေသ၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို မေးမြန်းနေသော စီနီယာများအား ကြည့်နေခဲ့သည်။ သူသည် ထိုနေရာ၌ ထိုင်နေပြီး တိတ်ဆိတ်စွာ နားထောင်ရင်း သူ့မျက်နှာထက်တွင် တောက်ပသော အပြုံးတို့ ရှိနေခဲ့သည်။
သို့သော် ထိုအပြုံး၏ နောက်ကွယ်၌ သူ့နှလုံးသားထဲတွင် ဝမ်းနည်းမှုတို့ ကိန်းဝပ်နေခဲ့သည်။
သူ၏ ဘဝ၌ အရေးကြီးဆုံး လူနှစ်ယောက်ကို မေးခဲ့လျှင် သူသည် တုံဆိုင်းခြင်းမရှိဘဲ ဂျီယူနှင့် ယူချင်းဖြစ်ကြောင်း ဖြေလိမ့်မည် ဖြစ်သည်။ ဝူချင်း၊ သူ၏ စီနီယာအစ်ကိုကြီး၊ ဒုတိယအစ်မ၊ တတိယအစ်ကို တစ်ယောက်ချင်းစီက သူ၏ ရင်ထဲ၌ ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး သူ၏ အသက်နှင့် ထပ်တူ ယုံကြည်ရပါသော်လည်း ဂျီယူနှင့် ယူချင်းနေရာတွင် အစားမထိုးနိုင်ပေ။ ထိုသည်မှာ သူသည် တတိယအစ်ကိုအား အသက်စွန့်ကာ ကာကွယ်လျှင်ပင် သူ၏ တတိယအစ်ကိုအတွက် အရေးကြီးဆုံးက မည်သူဖြစ်ကြောင်း မေးလျှင် ရီဖူရှင်း နှင့် ဒုတိယအစ်မတွင် တတိယအစ်ကို သေချာပေါက်ရွေးချယ်မည့်သူက ဒုတိယအစ်မသာ ဖြစ်သည်နှင့်တူညီပေသည်။
သူ၏ ဘဝ၌ အရေးကြီးဆုံးဖြစ်သော ထိုနှစ်ယောက်က ဤစုဝေးပွဲ၌ မပါဝင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အထီးကျန်လှသော ခံစားချက်အား မဖုံးကွယ်နိုင်ခဲ့ချေ။ သူသည် ကိုယ့်ကိုယ်ကိုယ် လိမ်ရန် မဖြစ်နိုင်သလိုပင် ဖြစ်သည်။
“သူမကို လွမ်းလို့လား။” ရှားရှင်းယွန်က ရီဖူရှင်းကို နူးညံ့စွာ မေးလိုက်သည်။
ရီဖူရှင်းသည် သူ့ဘေးမှ မိန်းကလေးကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ယခင်က သူတို့သည် အတော်လေးကြိုးစားခဲ့ပြီးနောက်မှ ဂျီယူကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး သူက ဤအနှစ်နှစ်ဆယ်လုံး သူမကို မမြင်ခဲ့ရပေ။ သူက သူမကို မလွမ်းဘဲ မည်သို့ နေပါမည်နည်း။
“တတိယအစ်ကိုက သူမ အဆင်ပြေတယ်လို့ ပြောတာမို့ သူမ အဆင်ပြေမှာ သေချာပါတယ်။ သူမက မှတ်ဉာဏ်တွေလည်း ပြန်ရပြီးပြီဆိုတော့ မူလဘုံရဲ့ အပြောင်းအလဲတွေကို သတိပြုမိရင် သူမဘာသာ ပြန်လာနိုင်တယ်။” ရှားရှင်းယွန်က သိမ်မွေ့စွာ ပြောလိုက်သည်။ ရီဖူရှင်းက သူ့ဘေးတွင် အနည်းငယ် ခေါင်းငုံ့ထားသော မိန်းကလေးကို ကြည့်လိုက်သည်။ ရှားရှင်းယွန်သည် သူ့အပေါ် ထောက်ထားညှာတာပေးပြီး ၎င်းသည်ပင် သူ့ကို အပြစ်ရှိစိတ်အနည်းငယ် ခံစားမိစေသည်။
သူသည် ထို အင်ပါယာရှားဘုံမှ မင်းသမီးလေးအပေါ် အကြွေးများစွာ တင်ရှိနေသည်အား သိရှိပေသည်။ သူမက တစ်ဘဝလုံး ချမ်းချမ်းသာသာနှင့် အချစ်ခံရကာ နေနိုင်စွမ်းရှိသော်လည်း သူမ၏ အသက်ကိုပင် မငဲ့ညှာဘဲ လေဟာနယ်အက်ကြောင်းထံ ခုန်ချကာ သူ့နောက်မှ ကောင်းကင်ဒေသသ်ု့ လိုက်လာခဲ့သည်။ သူသည် မကျေမနပ်ပြောဆိုခြင်းမရှိသလို နောင်တရခြင်းလည်း မရှိခဲ့ပေ။ သူမက ရီဖူရှင်းကို တစ်စုံတစ်ခု ပြန်ပေးဆပ်ရန် မည်သည့်အခါကမှ မတောင်းဆိုခဲ့ဖူးပေ။
“ဂျီယူကို လွမ်းနေတာလား။” ကျူးကောမင်းယွီက ဘေးတွင် ပေါ်လာပြီး သူ့ကို နူးညံ့သော အပြုံးနှင့် ကြည့်လိုက်သည်။ ဂူတုံးလျှိုနှင့် အခြားလူများကလည်း သူတို့ထံ အကြည့်တို့ ရွှေ့လာခဲ့၏။
“နည်းနည်းပါ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ဂျီယူထွက်မသွားခင်က ငါ သူမနဲ့ စကားပြောဖြစ်ခဲ့တယ်။ ဗြဟ္မာ့သန့်စင်ကောင်းကင်အရှင်မနဲ့ တိုက်ပွဲမှာ အနိုင်ရသွားပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်အရှင်မက သူမ ဖြစ်လာတယ်။ ဂျီယူက အများကြီး အေးစက်လာပေမယ့် အဲဒါက မင်းရဲ့ တိုက်ပွဲကြောင့် ဖြစ်နိုင်တယ်။ တုံးလျှိုပြောတာတော့ ဂျီယူရဲ့ ကျင့်ကြံနှုန်းက သူတို့ကြားမှာ အရမ်းမြန်တယ်တဲ့။ အဲဒါကြောင့် သူမ အန္တရာယ်ကင်းကင်း ပြန်လာနိုင်မှာ သေချာပါတယ်။” ကျူးကောမင်းယွီက ရီဖူရှင်း ခေါင်းကို ပွတ်ရန် သူမ၏ သွယ်လျလှပသော လက်ကို ဆန့်ထုတ်လိုက်သည်။
ရီဖူရှင်းက ကိုးယို့ကားယားနိုင်သော အပြုံးတစ်ခု ထုတ်ဖော်လိုက်သည်။ သူ၏ ဒုတိယအစ်မသာလျှင် သူ့အား ထိုသို့ ဆက်ဆံပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “သူမ မကြာခင် ပြန်လာမယ်လို့ မျှော်လင့်ပါတယ်။”
“ယူချင်းကိုလည်း သိပ်စိတ်ပူနေဖို့မလိုပါဘူး။ သူနဲ့ နတ်ဆိုးလောကရဲ့ ပတ်သတ်မှုက အတော်လေး နက်ရှိုင်းတယ်။ ဒါကြောင့် အဲဒီနေရာက သူ့ရဲ့ ကျင့်ကြံခြင်းအတွက် ပိုပြီး သင့်တော်တဲ့ နေရာဖြစ်လိမ့်မယ်။” အကြီးဆုံးစီနီယာအစ်ကိုဖြစ်သည့် ဓားသခင်က ပြောလိုက်သည်။ ဓားသခင်သည် ထိုစဥ်က ကိစ္စအချို့အား သိရှိထားပေသည်။ သူ တစ်ချိန်က နတ်ဆိုးဓားအား ရရှိခဲ့ပြီးနောက် ထိုဓားကို ယခုချိန်ထိ အသုံးပြုနေခဲ့ပေသည်။ ထို့ပြင် သူသည် ဆက်လက်ကျင့်ကြံနိုင်ရန် နတ်ဆိုးကျင့်စဥ်အားလည်း သင်ယူခဲ့ရသည်။
ယခု သူက ရီဖူရှင်း၊ ယူချင်းနှင့် ထိုထူးခြားဆန်းကြယ်သည့် လူတို့ကြားမှ ပတ်သတ်မှုကို သိချင်နေပေသည်။
သို့သော် သူ အတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ နတ်ဆိုးလောက၏ နတ်ဆိုးစစ်သူကြီး မေ့ထန် ရောက်လာပြီး ယူချင်းကို ခေါ်ဆောင်သွားခဲ့သည်။ သူက ယူချင်း၏ လုံခြုံရေးကို စိတ်မပူပေ။ သို့သော် သူသည် သူတို့ မည်သည့်အချိန်မှ ပြန်လာမည်ကို မသိပါချေ။
သူက ကောင်းကင်ဒေသ၌ ကျင့်ကြံခဲ့သည့်အတွက် ကောင်းကင်ဒေသက မည်မျှ ကျယ်ပြောကြောင်း သိရှိပေသည်။ ၎င်းက အဆုံးမဲ့နယ်နိမိတ်ရှိသည့် ကုန်းမြေတစ်ခုဖြစ်သည်။
သို့သော် နတ်ဆိုးလောကသည် ကောင်းကင်ဒေသ၏ အပြင်ဘက်ဒေသ၌ ရှိနေခြင်း ဖြစ်သည်။ မည်သည့်နေရာ၌ တည်ရှိနေခြင်း ဖြစ်နိုင်ပါသနည်း။
ယူချင်းက သူနှင့် မည်မျှ ဝေးကွာသည့် နေရာ၌ ရှိနေသည်ကို မည်သူ သိပါမည်နည်း။ နတ်ဆိုးစစ်သူကြီးသာ သူ့ကို ပြန်ခေါ်ဆောင်လာခြင်း မရှိပါလျှင် သူတို့က မည်သည့်အချိန်မှ ပြန်တွေ့ရလိမ့်မည်ကို သူ မသိပေ။
“ငါတို့က မိုင်ပေါင်းများစွာ ကွာဝေးနေတယ်ဆိုရင်တောင် ညီအစ်ကိုတွေ ဖြစ်နေတုန်းပါပဲ။ အချိန်လေးတစ်ခုပဲ လိုတာပါ။ မင်း အထွတ်အထိပ်အဆင့်ကို ရောက်သွားတဲ့အခါကျ မင်းတို့ အချင်းချင်းဘဲ ထပ်မတွေ့ဘဲ ဘယ်နေပါ့မလဲ။” ဓားသခင်က ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ယခု သူသည် ကြိုးကြိုးစားစား နှင့် ဆက်လက် ကျင့်ကြံရပေလိမ့်မည်။
“ကြည့်ရတာ ကျွန်တော်လည်း ပိုပြီး မြန်မြန် ကျင့်ကြံရတော့မယ် ထင်တယ်။ မဟုတ်ရင် ယူချင်းရဲ့ နောက်မှာ ကျန်နေခဲ့လိမ့်မယ်။” ရီဖူရှင်းက ရယ်မောရင်း ပြောလိုက်သည်။ နတ်ဆိုးလောကသို့ ကျင့်ကြံရန် သွားခဲ့သော ယူချင်းက လျင်မြန်စွာ တိုးတက်လာနိုင်ပေသည်။ သူ၏ အတွေ့အကြုံနှင့် တိုးတက်မှုက ရီဖူရှင်း ကောင်းကင်ဒေသ၌ တွေ့ကြုံခဲ့ရသော အတွေ့အကြုံများထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။ ယူချင်း၏ ကျင့်ကြံခြင်းသည် သူ့ပါရမီနှင့် အလားအလာကို အပြည့်အဝ ထုတ်လွှတ်ပေးနိုင်ခဲ့သည်လည်း ဖြစ်နိုင်သည်။ အချိန်ကျလာ၍ သူတို့ တွေ့ဆုံသည့်အခါ ရီဖူရှင်းသည် နောက်ကျန်ရစ်နေခဲ့သူ မဖြစ်ချင်ပေ။
သောကျောက်က ရီဖူရှင်း၏ ဘေးသို့လာကာ မေးလိုက်သည်။ “အခု မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်ရောက်ပြီလဲ။”
“ဘာလဲ။ မင်း ဘာလုပ်ချင်လို့လဲ။” ရီဖူရှင်းက သောကျောက်ကို စိုက်ကြည့်လိုက်သည်။ 'ဒီကောင့်အသားတွေ အရိုက်ခံချင်လို့ ယားနေတာ ဖြစ်ရမယ်။'
“ကျုပ် ကောင်းကင်ဒေသမှာ တိုးတက်လာခဲ့တယ်။ ဒါကြောင့် ဒီနှစ်တွေအတွင်း မင်းရဲ့ ကျင့်ကြံခြင်းအခြေအနေက ဘယ်လိုလဲ သိချင်လို့။” သောကျောက်၏ မျက်လုံးများက တောက်ပနေသည်။ ဤနှစ်များတလျှောက် သူက သိသိသာသာ တိုးတက်လာခဲ့သည်။ သူသည် နေ့တိုင်း လုံ့လရှိရှိ ကျင့်ကြံခဲ့သည်။ ပြန်မလာခင်က သူသည် ရီဖူရှင်း၊ ယူချင်းတို့နှင့် အချီအနည်းငယ်မျှ တိုက်ခိုက်နိုင်မည်လား သိချင်မိသည်။
“သိပ်မဆိုးပါဘူး။ ကျုပ် အခု အဆင့်ခြောက်ရန်ဟောင် ဖြစ်နေပြီ။ ပြဿနာတစ်ခုခု ရှိလို့လား။” ရီဖူရှင်းက နူးညံ့သော အပြုံးနှင့် မေးလိုက်သည်။
“ဟမ်...” သောကျောက်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ရီဖူရှင်းအား တခဏ စိုက်ကြည့်နေခဲ့သည်။ သူက မျက်လုံးများကို ရွှေ့ကာ ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ငါက မေးကြည့်ရုံပဲ။”
'အရှက်မရှိလိုက်တာ။'
ထို့နောက် ရှောင်မုယွီကလည်း ရောက်ရှိလာပြီး သောကျောက်ကို အပြုံးနှင့် ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သည်ကောင်က အနည်းငယ် မာန်တက်နေပြီး အရိုက်ခံချင်နေပုံပေါ်သည်။
“ဆရာ။” ရီဖူရှင်းဘေးသို့ ရောက်ရှိပြီးနောက် ရှောင်မုယွီက ခေါ်လိုက်သည်။
“အင်း။” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
“ဆရာ ဒီနှစ်တွေအတွင်း ကောင်းကင်ဒေသမှာပဲ ကျင့်ကြံတာ အဆင်ပြေရဲ့လား။” ရှောင်မုယွီက မေးလိုက်သည်။
“အဆင်မပြေတဲ့ပုံပေါက်နေလို့လား။” ရီဖူရှင်းက ပခုံးတွန့်ရင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်လေ။ ဆရာ့လို ပါရမီနဲ့ ခွန်အားအရဆို သွားသမျှ နေရာတိုင်းမှာ လောကကို မတုန်လှုပ်စေဘဲ ဘယ်နေပါ့မလဲ။” ရှောင်မုယွီက ရယ်မောလိုက်သည်။ “ဒီနှစ်တွေထဲ ကျွန်မ နည်းနည်း တိုးတက်လာတယ်။ ဖြစ်နိုင်ရင် ဆရာ ကျွန်မကို နည်းနည်း လမ်းညွှန်ပေးပြီး ဘယ်နေရာ ပြဿနာရှိလဲဆိုတာ ပြောပြပါဦး။”
“ကောင်းပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကောင်းကင်ဒေသမှ ပြန်လာသော အခြားလူများကလည်း ရီဖူရှင်းနှင့် စကားအနည်းငယ် ပြောရန် လာခဲ့ကြသည်။ လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများနှင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ လူများက ဘေးတွင် ရှိနေပြီး ဝင်မစွက်ဖက်ပေ။ သို့သော် သူတို့က အရာအားလုံးကို ဂရုတစိုက်ကြည့်နေခဲ့၏။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ပုံရပေသည်။
“မင်းက သူ့ရဲ့ တပည့်လား။” အဘိုးမာက ရှောင်မုယွီကို မေးလိုက်သည်။
ရှောင်မုယွီသည် ထိုလူစုထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါတို့က ထူးခြားလှသည်ကို အာရုံခံမိပေသည်။ အထူးသဖြင့် အဘိုးမာထံမှ ဖြစ်သည်။ ရှောင်တိန့်ထျန်းက ဘေးမှနေ၍ ဝင်ရောက် မိတ်ဆက်ပေးလိုက်သည်။ “ဒါက ကောင်းကင်ဒေသ လေးမျက်နှာကျေးရွာက စီနီယာတစ်ယောက်ပဲ။ မင်းရဲ့ ဆရာက အဲဒီရွာမှာ ကျင့်ကြံနေခဲ့တာ။”
“ရှောင်မုယွီပါ။” ရှောင်တိန့်ထျန်း၏ မိတ်ဆက်ပေးမှုကို ကြားသည့်အခါ ရှောင်မုယွီက အဘိုးမာနှင့် အခြားလူများကို အရိုအသေပြုကာ ပြောလိုက်သည်။ သူမက အလွန် ယဥ်ကျေးနေပေသည်။
ရီဖူရှင်းက ထိုနေရာ၌ ကျင့်ကြံနေလေရာ ထိုနေရာက ပြိုင်ဘက်ကင်း ကောင်းမွန်သည့်နေရာ ဖြစ်ပေလိမ့်မည်။
“အင်း။” အဘိုးမာက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “မင်းကို ထွေထွေထူးထူး ပြောစရာတော့ မရှိပေမယ့် မင်းဆရာက မင်းမှာ ဂျူနီယာမောင်လေး ညီမလေးတွေ ရှိနေပြီဆိုတာကို မပြောပြရသေးဘူးထင်တယ်။”
ရှောင်မုယွီက အံ့သြမှင်တက်သွားလေသည်။ သူမက ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်။ သူမသည် အံ့သြသွားခဲ့သော်လည်း အတော်လေး သဘောကျကျေနပ်နေခဲ့သည်။ သူမ၏ ဆရာက အမှန်တကယ် တပည့်အသစ် လက်ခံခဲ့ပေသည်။
“သူတို့ ဒီမှာလား။” ရှောင်မုယွီက အဘိုးမာ၏ အနီးတဝိုက်ကို ကြည့်လိုက်သည်။ သို့သော် ထိုသူများအားလုံးက ထူးချွန်ထက်မြက်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အံ့အားသင့်ဖွယ် ကောင်းသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ ကျိန်းသေ မဖြစ်နိုင်ပေ။
“မဟုတ်ဘူး။ သူတို့အားလုံးက ငယ်သေးတာကြောင့် ရွာမှာပဲ နေခဲ့ကြတယ်။” ရီဖူရှင်းက ရယ်မောရင်း ပြောလိုက်သည်။
“ကျွန်မ ဂျူနီယာမောင်လေး ညီမလေးတွေနဲ့ တွေ့ချင်တယ်။” ရှောင်မုယွီက ပြောလိုက်၏။
“အဲဒါဆို သူတို့က ငါ့ရဲ့ ဂျူနီယာတူလေး တူမလေးတွေပေါ့။” ဘေးမှ သောကျောက်က ပြောလိုက်သည်။ ယခင်က ရီဖူရှင်း တပည့်များ လက်ခံခဲ့သည်မှာ သူ့ဆရာကိုယ်စားဖြစ်ပြီး သူတို့အားလုံးကို ထျန်းဟယ်မဟာအကြီးအကဲနှင့် ချင်ရွှမ်ကန်းတို့၏ တပည့်များအဖြစ် မှတ်ယူနိုင်ကြပေသည်။
“အခွင့်အရေးရှိရင် မင်းတို့အားလုံး ရွာကို လာလည်ပြီး အဲဒီကလေးတွေနဲ့ တွေ့ကြပေါ့။” အဘိုးမာက သိမ်မွေ့သော အပြုံးနှင့် ပြောလိုက်သည်။ စကားလုံးအနည်းငယ်နှင့် သူက ထိုလူအုပ်များဖြင့် ရင်းနှီးလာပုံရသည်။ ထို့ပြင် အဘိုးမာက အစွမ်းထက်ကာ လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင်ပင် သူက ရွာတွင် အမြဲနေထိုင်ခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်မှ ရိုးသားကာ နှစ်လိုဖွယ်ကောင်းသည့် ခံစားချက်မျိုး ထုတ်လွှတ်ပေးနေကာ လူအများကို သူနှင့် အလွယ်တကူ ရင်းနှီးလာစေသည်။
“ဟုတ်ပြီ။ ကျွန်မ ဆရာ့ကို ကျိန်းသေ ခေါ်သွားခိုင်းရမယ်။” ရှောင်မုယွီက အပြုံးနှင့် ပြောလိုက်သည်။
စားသောက်ပွဲတွင် လူအများက ကောင်းကင်အောက်မှ ကိစ္စရပ်များ အားလုံးအကြောင်း ပြောနေကြပေသည်။ လူတိုင်းက ပျော်ရွှင်နေကြသည်။ အချိန်တချို့ကြာပြီးနောက်ဆုံးတွင် လူများက ဆန္ဒမရှိသော်လည်း ပြန်ရန် ပြင်ရတော့သည်။
ရီဖူရှင်းက ဟွာဖန်းလူထံ သွားခဲ့သည်။ ဟွာဖန်းလူနှင့် နန်ဒူဝမ်ရင်းက ခြံထဲ၌ ထိုင်နေကြ၏။ ထန်လန်နှင့် နျန်ယွီလည်း ထိုနေရာ၌ ရှိနေခဲ့သည်။
“ဒီကို ဘာလို့လာခဲ့တာလဲ။” လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကနှင့် ယှဥ်လျှင် ဟွာဖန်းလူက အနည်းငယ် အသက်အရွယ် ရလာပြီ ဖြစ်သည်။
“ဆရာ ဘယ်လောက်အိုနေပြီလဲ သိချင်လို့လေ။” ရီဖူရှင်းက နူးညံ့သော အပြုံးနှင့် ပြောလိုက်သည်။
ဟွာဖန်းလူက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။ “သွားစမ်းပါ။ ငါက အခု နည်းနည်းအိုလာပြီဆိုပေမယ့် အဲဒီလောက် အားမနည်းသေးဘူးကွ။”
လူများစွာက ပြန်ရောက်လာပြီ ဖြစ်သော်လည်း ဂျီယူက ပြန်မလာသေးပေ။ လူတိုင်း စုဝေးနေသည်ကို မြင်သည့်အခါ ဟွာဖန်းလူနှင့် နန်ဒူဝမ်ရင်းတို့က ဆိုးဆိုးဝါးဝါး ခံစားနေရပေလိမ့်မည်။ သူတို့သည် ယခင်က ဂျီယူနှင့် ပတ်သတ်သော အရာရာတိုင်းကြောင့် အများကြီး ခံစားခဲ့ရပေသည်။
“ဟုတ်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် ဒီမှာ ခဏလာထိုင်ချင်လို့ပါ။”
“ကြိုက်သလိုသာလုပ်။” ဟွာဖန်းလူက ပြောလိုက်ပြီး သက်သောင့်သက်သာနှင့် ပျင်းရိစွာ ပြန်ထိုင်လိုက်သည်။ ရီဖူရှင်းကလည်း ခုံတစ်လုံးယူလာပြီး ထိုနေရာ၌ ထိုင်နေခဲ့၏။ သူက တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ဟွာဖန်းလူနှင့် အခြားလူများကို ကြည့်နေခဲ့သည်။
ထို့နောက် ဟွာဖန်းလူက မေးလိုက်သည်။ “မင်းရဲ့ ကု့ချင်းစွမ်းရည်တွေ သံချေးတက်ကုန်ပြီလား။”
“ကျွန်တော် မှတ်မိနိုင်ပါသေးတယ်။” ရီဖူရှင်းက ဖြေလိုက်သည်။
“တစ်ပုဒ်လောက်တီး။” ဟွာဖန်းလူက ပြောလိုက်၏။
“ကောင်းပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တင်ပျဥ်ခွေ ထိုင်ချလိုက်ပေသည်။ ကောင်းကင်မှ လရောင်က သူ၏ ငွေရောင်ဆံပင်များပေါ် ဖြာကျနေပြီး အထီးကျန်မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးပေးနေသည်။
ကု့ချင်းတေးသွားက ဖြေးညင်းစွာ စတင်လာပြီး ထိုတေးသွားမှာ ရီဖူရှင်း ပထမဆုံး ကု့ချင်း စသင်စဥ်က သင်ယူခဲ့သော တေးသွားပင် ဖြစ်သည်။ ညကောင်းကင်အောက်၌ တိတ်ဆိတ်စွာ ထိုင်နေရင်း ကု့ချင်းတေးသွားက သူတို့ကို ဝန်းရံနေသည်။ အေးချမ်းကာ နှစ်သက်စရာ ကောင်းသည်။ တိတ်ဆိတ်သော ညတွင် တေးသွားတို့ ကခုန်နေခြင်းမှာ အထီးကျန်ဆန်သော ခံစားချက်ကို ဖြစ်ပေါ်စေ၏။
နန်ဒူဝမ်ရင်းက ဟွာဖန်းလူကို စိုက်ကြည့်လိုက်သည်။ သူက မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို ကု့ချင်းတီးခိုင်းပြီး သူ၏ နှလုံးသားထဲမှ အထီးကျန်မှုကို သွားဆွရသနည်း။
ဂျီယူ အနားမှာ မရှိသည့်အတွက် သူက အတော်လေး လွမ်းဆွတ်မှုကို ခံစားနေရပေလိမ့်မည်။
ဟွာနျန်ယွီက သူမ၏ တံတောင်ကို ဒူးထက်ထောက်ထားရင်း ထိုင်နေခဲ့သည်။ သူမ၏ မေးဖျားကို လက်ဖဝါးနှင့် ထောက်ကန်ထားပြီး ရီဖူရှင်း ကု့ချင်း တီးခတ်နေခြင်းအား ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
ဟွာဖန်းလူက သူ၏ မျက်လုံးများကို ခပ်ဖွဖွ မှိတ်ထားခဲ့သည်။
သူတို့အနီးမှ ကု့ချင်းတေးသွားက ဝန်းရံနေကာ အေးချမ်းသော လရောင်အောက်၌ ထူးခြားလှပသော ပန်းချီကားတစ်ချပ်အတွင်း ရောက်နေသလို ခံစားမိစေပေသည်။
***