ကောင်းကင်ဂိတ်တံခါး ထွက်ပေါ်လာခြင်း.....
Vol. 39 Ch. 586
" အခု ပိုပြီးနားအေးသွားပြီ။ " နတ်ဘုရင်က ပတ်ဝန်းကျင်ကို ကျေနပ်စွာ ကြည့်ပြီး ပြန်ထိုင်လိုက်သည်။
မနီးမဝေးမှ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိ လေးငါးယောက်ကလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့က နတ်ဘုရင်ကို တိုက်ခိုက်ရန် စီစဉ်ထားကြသော်လည်း အားနည်းသူများက ကောင်းကင်တောင်ထိပ်တွင် ရပ်ပြီး သူတို့နှင့်အတူ ကောင်းကင်ဂိတ်တံခါးကို ယှဉ်ပြိုင်ရန် အရည်အချင်းမရှိသည်ကို သူတို့အားလုံး လက်ခံကြလေသည်။
လင်းယွမ်၊ ရွှမ်ယွမ်တောက်နှင့် အခြားဆင့်ကဲပြောင်းလဲသူများက သူတို့၏ နေရာတွင်ရပ်ပြီး စောင့်ဆိုင်းနေကြသည်။
လဝက်ကြာပြီးနောက် ကောင်းကင်တောင်ထိပ်ပေါ်ရှိ အင်အားကြီးသူများ၏ အကြည့်အောက်တွင် ကြီးမားသော လေဟာနယ်အတက်အကျများက ကောင်းကင်တွင် စတင်စုစည်းလာသည်။
" ကောင်းကင်ဂိတ်တံခါး ကောင်းကင်ဂိတ်တံခါး ပေါ်လာပြီ။ "
" အဲ့ဒါ ကောင်းကင်ဂိတ်တံခါးပဲ။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတစ်ခုလုံး တုန်ခါနေတာ ငါခံစားရတယ်။ "
" လူတစ်ယောက်က ကောင်းကင်ဂိတ်တံခါးကတစ်ဆင့် ဒီကမ္ဘာထဲက ထွက်နိုင်တယ်ဆိုတာ ငါယုံကြည်သွားပြီ။ "
ကောင်းကင်တောင်၏ ဘေးမှ အင်အားကြီးသူများက စိတ်လှုပ်ရှားစွာဖြင့် တောင်ထိပ်အပေါ်ရှိ ကောင်းကင်ကို ကြည့်နေကြသည်။ ထိုနေရာတွင် လေဟာနယ်လှိုင်းများနှင့်အတူ ဆယ်မီတာကျော်မြင့်သော ဂိတ်တံခါးတစ်ခုက တဖြည်းဖြည်း ပုံပေါ်လာသည်။
" ကောင်းကင်ဂိတ်တံခါး " နတ်ဘုရင်၏ အမူအရာက လေးနက်နေပြီး သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် မရှုံးနိမ့်နိုင်သူဟု မှတ်ယူထားသော်လည်း ယခုအချိန်တွင် အနည်းငယ် စိုးရိမ်နေသည်။
ကောင်းကင်ဂိတ်တံခါးမှ ထွက်ခွာခြင်းက သူ့အတွက် အရေးကြီးလေသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှ အခြားမျိုးနွယ်များမှ အင်အားကြီးသူများက သူတို့၏ စိတ်အသိအပိုင်းအစကို ဆုံးရှုံးရုံသာရှိလေသည်။ သို့သော် နတ်ဘုရင်ကတော့ သူ၏ စိတ်အသိအပိုင်းအစကို ဆုံးရှုံးရုံသာမက ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကိုလည်း ဆုံးရှုံးရမည်ဖြစ်သည်။
ကြီးမြတ်သူတစ်ယောက်အတွက်ပင် လူတစ်ယောက်နှင့် ကိုက်ညီသော လက်နက်တစ်ခုကို ရယူခြင်းက လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။
နတ်ဘုရင်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် ကြီးမြတ်သူအဆင့်လက်နက်ကို ဆုံးရှုံးခဲ့လျှင် နောက်ထပ် သူနှင့် ကိုက်ညီသော လက်နက်တစ်ခုရရှိရန် ကြီးမြတ်သူတစ်ယောက်ဖြစ်လာသည်အထိ စောင့်ရပေလိမ့်မည်။
" ငါ ကောင်းကင်ဂိတ်တံခါးထဲကို ရအောင်ဝင်ရမယ်။ " နတ်ဘုရင်၏ အမူအရာက လေးနက်သွားပြီး သူ၏ လက်လေးဖက်ကြားတွင် ဆန်းကြယ်သော စွမ်းအားတစ်ခု လှည့်ပတ်လာသည်။
" အဲ့ဒါကောင်းကင်ဂိတ်တံခါးလား။ " လင်းယွမ်ကလည်း ကောင်းကင်ဂိတ်တံခါးကို လေ့လာနေသည်။ " ကြီးမားလိုက်တဲ့ လေဟာနယ်အတက်အကျတွေပဲ။ "
" လူတစ်ယောက်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲက ထွက်ဖို့ ကောင်းကင်ဂိတ်တံခါးထဲကို ဝင်ရောက်ရမယ်။ "
လေဟာနယ်အတက်အကျများက အလွန်ကြီးမားသောကြောင့် ၎င်းက လူတစ်ယောက်တည်းအတွက် မဖြစ်နိုင်ဘူးဟု လင်းယွမ်က တွေးမိလေသည်။
အဖြူရောင်စာရွက်၏ အပြင်ဘက် ကောင်းကင်ဂိတ်တံခါးက တဖြည်းဖြည်း ပေါ်လာချိန်တွင် ကြီးမြတ်သူများကလည်း သတိထားစောင့်ကြည့်နေကြသည်။ ကောင်းကင်ဂိတ်တံခါးက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာနှင့် ပင်မစကြာဝဠာကို ဆက်သွယ်ပေးသော တံခါးဖြစ်ခဲ့လျှင် အဖြူရောင်စာရွက်က ပင်မစကြာဝဠာနှင့် လမ်းကြောင်းတစ်ခုကို တည်ဆောက်ပေလိမ့်မည်။
ထိုအချိန်တွင် ကြီးမြတ်သူများက အဖြူရောင်စာရွက်၏ အနှစ်သာရကို ကောင်းမွန်စွာ လေ့လာနိုင်လေသည်။ ထို့အပြင် သူတို့က ဝင်ရောက်စွက်ဖက်နိုင်လေသည်။ ဥပမာ အတွင်းထဲမှ ပိတ်မိနေသော သက်ရှိများအားလုံးကို ကြီးမြတ်သူများက ခေါ်ထုတ်ရန်ဖြစ်သည်။
သို့သော် ထိုခဏတွင် ကြီးမြတ်သူများ၏ အမူအရာက မဲမှောင်သွားကြသည်။
" ဘာဖြစ်တာလဲ။ "
" အထဲမှာ ကောင်းကင်ဂိတ်တံခါးက ပေါ်လာပေမယ့် အပြင်ဘက်မှာ ဘာလို့ဘာမှမပြောင်းလဲတာလဲ။ "
" ငါတို့မျိုးနွယ်ဝင်တွေရဲ့ တင်ပြချက်အရ ကောင်းကင်ဂိတ်တံခါးပေါ်လာချိန်မှာ ကြီးမားတဲ့ လေဟာနယ်အတက်အကျတွေ ဖြစ်ပေါ်လာတယ်။ အဲ့ဒါက လေဟာနယ်လမ်းကြောင်းတစ်ခု တည်ထောင်တဲ့သဘောပဲကို အပြင်မှာ ဘာလို့တုန့်ပြန်မှုမရှိတာလဲ။ "
ကြီးမြတ်သူများက နားမလည်နိုင်ဖြစ်နေကြသည်။ ပုံမှန်အားဖြင့် လေဟာနယ်လမ်းကြောင်းတစ်ခုက အစွန်းနှစ်ဖက်လုံး လေဟာနယ်အတက်အကျများ ထွက်ပေါ်သင့်ပေသည်။
" မမျှော်လင့်ထားတာတစ်ခုခုဖြစ်ခဲ့လို့လား။ "
" နည်းနည်းထပ်စောင့်ကြည့်ကြတာပေါ့။ "
" ကောင်းကင်ဂိတ်တံခါးက အပြည့်အဝ ပုံမပေါ်သေးလို့ ပြင်ပကမ္ဘာကို မသက်ရောက်သေးတာလည်း ဖြစ်နိုင်တာပဲ။ "
" မှန်တယ်။ ဆက်စောင့်ကြည့်ကြတာပေါ့။ "
ကြီးမြတ်သူများက တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး စိတ်ရှည်စွာ ဆက်လက်စောင့်ဆိုင်းနေကြသည်။
ကောင်းကင်တောင်ထိပ်တွင် ကောင်းကင်ဂိတ်တံခါးက တဖြည်းဖြည်း ပုံပေါ်လာစဉ် နတ်ဘုရင်နှင့် အခြားအင်အားကြီးသူငါးယောက်က ကောင်းကင်ဂိတ်တံခါးဆီသို့ ရုတ်တရက် ပြေးထွက်သွားကြသည်။
ဝုန်း ဝုန်း ဝုန်း....
ကြောက်စရာကောင်းသော ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာကြသည်။ မျက်တောင်တစ်ခတ်အတွင်း နတ်ဘုရင်က အခြားအင်အားကြီးသူငါးယောက်နှင့် အကြိမ်များစွာ တိုက်ခိုက်ပြီးသွားပြီဖြစ်သည်။
" ငါတို့ နတ်ဘုရင်ကို အရင်ရှင်းမှရမယ်။ "
အဘိုးအိုနှင့် အခြားငါးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်၍ သူတို့၏ စွမ်းအားများကို ပေါင်းစည်းပြီး နတ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။ သူတို့၏ အမြင်တွင် နတ်ဘုရင်က အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လေသည်။
" မင်းတို့က ငါ့ကို အရင်ရှင်းချင်တာပေါ့။ မင်းတို့နဲ့ မလုံလောက်သေးဘူး။ " နတ်ဘုရင်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ လက်လေးဖက်ကလည်း စွမ်းအားများ လှည့်ပတ်နေသည်။
နတ်ဘုရင်၏ လက်များက မယုံကြည်နိုင်စရာကောင်းလောက်အောင် လျင်မြန်ပြီး သုံးမီတာနီးပါးမြင့်သော လူ၏ ရင်ဘတ်ကို ကုတ်ဆွဲလိုက်သည်။ ထိုလူ၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း နောက်ဆုတ်သွားသည်။
သုံးမီတာမြင့်သော လူ၏ ပုံရိပ်က တဖန်ပျောက်ကွယ်သွားပြီး တိုက်ပွဲထဲသို့ ဝင်ရောက်သွားပြန်သည်။
ဝှစ် ဝှစ်....
နတ်ဘုရင်နှင့် အခြားအင်အားကြီးသူငါးယောက်တို့၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက ကောင်းကင်တောင်ထိပ်ကိုပင် ကြေမွလုနီးပါး ဖြစ်သွားစေသည်။
" သူတို့က အရမ်းသန်မာတယ်။ "
" နတ်ဘုရင်က ဘယ်လိုလုပ် အဲ့လောက်တောင်သန်မာရတာလဲ။ "
တောင်ထိပ်ပေါ်ရှိ အခြားအင်အားကြီးသူတစ်ရာကျော်က ခိုးကြောင်ခိုးဝှက်နှင့် ကောင်းကင်ဂိတ်တံခါးသို့ ချဉ်းကပ်သွားရန် စီစဉ်နေကြသော်လည်း နတ်ဘုရင်နှင့် အခြားလေးယောက်တို့၏ တိုက်ပွဲကို ကြည့်ပြီး အနားမကပ်ရဲကြတော့ပေ။
ထိုအချိန်တွင် ကောင်းကင်ဂိတ်တံခါးအနီးသို့ သွားသည့်မည်သူမဆို နတ်ဘုရင်နှင့် အခြားအင်အားကြီးသူငါးယောက်တို့၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။ ရလဒ်က သေချာပေါက် သေဆုံးခြင်းဖြစ်ပြီး ကာကွယ်ရေရတနာတစ်ခုပင် သူတို့ကို အသက်ရှင်လျက် ထိန်းထားနိုင်မည်မဟုတ်ပေ။
" သေစမ်း " ကောင်းကင်တောင်ထိပ်၏ အလယ်တွင် သွေးနီရောင်ဓားကို ကိုင်ဆောင်ထားသော ဟိုကျူးက စိတ်ပျက်မှုများနှင့် ပြည့်နှက်နေသည်။
သူက တိုက်ပွဲထဲသို့ ရတနာတစ်ခု ယူဆောင်လာရဲသူများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ဟိုကျူးက ရတနာကို တိုက်ရိုက်မယူဆောင်ခဲ့ပေ။ သူက သွေးနီရောင်ဓားကို သေတ္တာတစ်ခုထဲတွင် ထည့်၍ ယူဆောင်လာပြီး ကောင်းကင်ဂိတ်တံခါးသို့ ရောက်ခါနီးမှ သွေးနီရောင်ဓားကို ထုတ်ပြရန် စီစဉ်ခဲ့သည်။ သို့သော် ယခု သူက နတ်ဘုရင်တို့၏ တိုက်ပွဲအနီးသို့ပင် ချဉ်းကပ်နိုင်ခြင်းမရှိပေ။
ကောင်းကင်တောင်ခြေတွင် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူ တစ်သိန်းကျော်က နတ်ဘုရင်နှင့် အခြားငါးယောက်တို့၏ တိုက်ပွဲကို အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။
" ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာတောင် သူတို့က ဒီလိုစွမ်းအားမျိုးကို ထုတ်ဖော်နိုင်ကြတယ်။ နတ်ဘုရင်က တော်တော်လွန်တာပဲ။ "
" ငါ တောင်ထိပ်ပေါ်က ဆင်းလာလို့တော်သေးတယ်။ မဟုတ်ရင် သူတို့ရဲ့ စွမ်းအားအကြွင်းအကျန်နဲ့ ငါက မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရမှာသေချာတယ်။ "
" ငါက ကောင်းကင်ဂိတ်တံခါးထဲကို ဝင်ဖို့ အခွင့်အရေးမရှိပါဘူး။ နတ်ဘုရင်နဲ့ အခြားအင်အားကြီးသူ ငါးယောက်နဲ့ဆို ကောင်းကင်ဂိတ်တံခါးကို ဝင်ရောက်ဖို့ ခြောက်နေရာကို သိမ်းပိုက်ထားပြီ။ "
မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက တိုက်ပွဲကို ကြည့်ပြီး စိတ်ပျက်အားငယ်သွားကြသည်။ အချို့ဆိုလျှင် သူတို့၏ ကိုယ်ပွားများကို တိုက်ရိုက်ဖျက်စီးပစ်ခဲ့လေသည်။
လူသားမျိုးနွယ်ရှိရာတွင် ရွှမ်ယွမ်တောက်နှင့် အခြားဆင့်ကဲပြောင်းလဲသူများက တိုက်ပွဲကို ကြည့်ပြီး ထိတ်လန့်နေကြသည်။
" အရှင်ရွှယ်ယု ကျွန်မတို့ ကောင်းကင်ဂိတ်တံခါးကို ဒီတစ်ကြိမ် လက်လွှတ်သင့်လား။ " ရွှမ်ယွမ်တောက်က မေးလိုက်သည်။
" စောင့်ကြည့်တာပေါ့။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
ယခုအချိန်ထိ နတ်ဘုရင်က သူ၏ ကြီးမြတ်သူအဆင့် လက်နက်ကို အသုံးမပြုရသေးပေ။ တိုက်ပွဲက အလွန်ပြင်းထန်နေသည်ဟု ထင်ရသော်လည်း ဘယ်သူကမှ သူတို့၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးရသေးခြင်းမရှိပေ။
ကောင်းကင်ဂိတ်တံခါး၏ အောက်တွင်....
ဝုန်း ဝုန်း....
ပုံရိပ်ခြောက်ခုက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
" ကောင်းကင်ဂိတ်တံခါး ပေါ်လာတော့မယ်။ "
" မင်းတို့လေးယောက် သူ့ကို ထိန်းထား။ ငါ ကောင်းကင်ဂိတ်တံခါးကို သွားစစ်ကြည့်မယ်။ "
အဘိုးအိုက ကောင်းကင်ဂိတ်တံခါးသို့ သွားရန် ရည်ရွယ်ပြီး တိုက်ပွဲမှ ခွဲထွက်လိုက်သည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှအချက်အလက်များအရ ကောင်းကင်ဂိတ်တံခါး၏ ရှေ့တွင် အရင်ဆုံးရပ်သူသာ ၎င်းကို တွန်းဖွင့်နိုင်လေသည်။ ၎င်းက ခွန်အားနှင့် မသက်ဆိုင်ပုံရလေသည်။
နတ်ဘုရင်၏ ခွန််အားက ကြောက်စရာကောင်းသော်လည်း သူက ကောင်းကင်ဂိတ်တံခါး၏ ရှေ့တွင် မရပ်နိုင်သရွေ့ အဘိုးအိုက အခွင့်အရေးရှိလေသည်။
" သတ္တိကောင်းလှချည်လား။ " နတ်ဘုရင်က ချက်ချင်း ရူးသွပ်သွားသည်။
အလင်းရောင်တစ်ခုက သူ၏ လက်လေးဖက်ကြားမှ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သော စွမ်းအားတစ်ခုက ကောင်းကင်တောင်ထိပ်ကို ဖုံးလွှမ်းသွားသည်။