ဒီစည်းကို ဖြတ်တဲ့သူ သေရမယ်....
Vol. 39 Ch. 587
" နတ်ဘုရင်က ကြီးမြတ်သူအဆင့် လက်နက်ကို အသုံးပြုနေပြီ။ " ကောင်းကင်ဂိတ်တံခါးသို့ ဦးတည်နေသော အဘိုးအိုက ချက်ချင်း ပြန်လှည့်လာသည်။
ယခု သူ၏ လှုပ်ရှားမှုများက နတ်ဘုရင်၏ ဒေါသကို ဆွပေးရန် ဖြစ်ပြီး အချိန်မတိုင်မီ ကြီးမြတ်သူအဆင့် လက်နက်ကို အသုံးပြုစေရန် ဖြစ်သည်။ နတ်ဘုရင်က မလှုပ်ရှားဘဲ ရှိနေလျှင် အခြားအင်အားကြီးသူများက အဘိုးအိုကို ကောင်းကင်ဂိတ်တံခါးသို့ ချဉ်းကပ်ခွင့်ပြုမည်မဟုတ်ပေ။
ဝုန်း....
ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ပေါက်ကွဲလာသည်။
အဘိုးအိုနှင့် အခြားအင်အားကြီးသူငါးယောက်ကလည်း သူတို့၏ ရတနာများကို ပထမဆုံး အသုံးပြုလိုက်ကြသည်။ ခဏအတွင်း ကောင်းကင်ဂိတ်တံခါးအောက်မှ တိုက်ပွဲ၏ ပြင်းထန်မှုက ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာသည်။
" ဟားဟား မင်းတို့ အသုံးမကျတဲ့ ငါးယောက်ပေါင်းပြီး ငါ့ကို အနိုင်ယူနိုင်မယ်ထင်နေတာလား။ "
နတ်ဘုရင်က သူ၏ လက်လေးဖက်ကို ဝှေ့ရမ်းလိုက်ပြီး တိုက်ခိုက်မှုတိုင်းက ပြိုင်ဘက်ငါးယောက်လုံးကို တုန်ခါသွားစေခဲ့သည်။
" သူက အရမ်းသန်မာတယ်။ " အဘိုးအိုက အနည်းငယ် စိုးရိမ်သွားသော်လည်း နောက်ဆုတ်ခြင်းမရှိပေ။
ကောင်းကင်ဂိတ်တံခါးက သူ၏ မျက်စိရှေ့တွင် ရှိနေပြီး မလိုအပ်လျှင် လုံးဝလက်လွှတ်မည်မဟုတ်ပေ။ ယခု နတ်ဘုရင်က သူတို့ငါးယောက်ကို အပေါ်စီးမှ တိုက်ခိုက်နေသော်လည်း သူတို့ကို အနိုင်ယူနိုင်သည်ဟု မဆိုလိုပေ။
ဝုန်း....
အဘိုးအိုနှင့် အခြားအင်အားကြီးသူငါးယောက်၏ စွမ်းအားက တဖန်တိုးလာပြီး နတ်ဘုရင်၏ ရူးသွပ်သော တိုက်ခိုက်မှုများကို တွန်းလှန်နေသည်။
" သွားမယ်။ ငါတို့ ဒီနေရာမှာ ဆက်နေလို့မရတော့ဘူး။ "
" မြန်မြန်သွားကြ။ "
တောင်ထိပ်ပေါ်မှ အလွှာဆယ့်တစ်သက်ရှိများက တောင်၏ အလယ်သို့ အလျင်စလို ဆင်းသွားကြသည်။ သူတို့က ထိုနေရာတွင် ဆက်နေခဲ့လျှင် သေစေနိုင်သော အန္တရာယ်များကို ကြုံတွေ့ရနိုင်လေသည်။
" အရှင်ရွှယ်ယု ကျွန်မတို့လည်း မြန်မြန်ထွက်သွားသင့်တယ်။ " ရွှမ်ယွမ်တောက်က အလောတကြီး ပြောလိုက်သည်။
သူတို့က နတ်ဘုရင်နှင့် အခြားသူများထံမှ ထွက်ပေါ်နေသော ဖိအားကို ခုခံနိုင်ခြင်းမှာ လင်းယွမ်၏ ကာကွယ်မှုကြောင့် ဖြစ်သည်။ လူသားဆင့်ကဲပြောင်းလဲသူအများစုက တောင်ပေါ်တွင် ရပ်ရန် အရည်အချင်းမပြည့်မီကြပေ။
ထို့အပြင် ယခု နတ်ဘုရင်တို့၏ တိုက်ပွဲက ပို၍ ပြင်းထန်လာသောကြောင့် မထွက်သွားလျှင် ကိုယ်ကိုကိုယ်သတ်သေခြင်းနှင့် တူပေလိမ့်မည်။
" ထွက်သွားရမှာလား။ ဘာလို့ထွက်သွားရမှာလဲ။ " လင်းယွမ်က ပုံပေါ်နေဆဲ ဖြစ်သော ကောင်းကင်ဂိတ်တံခါးကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " ငါ အစက သန့်စင်ပြီးတဲ့ ကြီးမြတ်သူအဆင့် လက်နက်တစ်ခုက ဒီကမ္ဘာထဲမှာတောင် တော်ရုံစွမ်းအားတစ်ခုကို ထုတ်လွှတ်နိုင်မယ်လို့ ထင်ခဲ့တယ်။ "
" မထင်ထားတာက ဒီလောက်ပဲလား။ "
" ဘာကိုဆိုလိုတာလဲ။ " ရွှမ်ယွမ်တောက်က စိတ်ရှုပ်ထွေးသွားသည်။ ဤအချိန်တွင် နောက်ဆုတ်ရမည့်အစား အရှင်ရွှယ်ယုက ကြီးမြတ်သူအဆင့် လက်နက်များအကြောင်း ဘာလို့ပြောနေသည်ကို သူမ နားမလည်နိုင်ပေ။
သို့သော် သူမက အကြောင်းရင်းကို မစဉ်းစားနိုင်မီ သူမ၏ ရှေ့တွင် ရပ်နေသော လင်းယွမ်က ခြေတစ်လှမ်း လှမ်းပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ဂိတ်တံခါးအောက်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများက ရုတ်တရက် ဦးရေပြားများ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က သေခြင်းရှင်ခြင်းအခိုက်အတန့်ကို ရင်ဆိုင်နေရသကဲ့သို့ သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ်လာသည်။ သူတို့က တုန့်ဆိုင်းခြင်းမရှိဘဲ အရပ်မျက်နှာအမျိုးမျိုးသို့ ရူးသွပ်စွာ ဆုတ်ခွာသွားကြသည်။
ဝှစ်...
ပုံရိပ်တစ်ခုက သူတို့ရှိနေခဲ့သော နေရာကို ဖြတ်ပြီး ကောင်းကင်ဂိတ်တံခါး၏ ရှေ့တွင် ပေါ်လာသည်။
ထိုပုံရိပ်က နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများကို ကျောပေး၍ ရပ်နေပြီး ညာလက်ကို မြှောက်ကာ စည်းတစ်ခု ဆွဲလိုက်သည်။
" ဒီစည်းကို ဖြတ်တဲ့သူ သေရမယ်။ "
အနက်ရောင်စွမ်းအားတစ်ခုက ကောင်းကင်တောင်ထိပ်တစ်ဝက်ကို ဝန်းရံထားပြီး နတ်ဘုရင်မှင့် အခြားသူများက ထိုအနက်ရောင်စွမ်းအား၏ အပြင်ဘက်တွင်ရှိနေကြသည်။ ထိုအချိန်မှသာ လင်းယွမ်က သူတို့ကို လှည့်ကြည့်လိုက်သည်။
လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို အနီးကပ်လေ့လာရန် ချဉ်းကပ်သွားသည်။ အနက်ရောင်စည်းက နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများစွာကို တားဆီးထားသည်။
ထိုမြင်ကွင်းက မယုံကြည်နိုင်စရာကောင်းလှသည်။ မောက်မာသော နတ်ဘုရင်ပင် သံသယများနှင့်ပြည့်နှက်နေပြီး စည်းကို ဖြတ်ကျော်ခြင်းမရှိပေ။
တောင်ခြေတွင် အင်အားကြီးသူများစွာက ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးပြူးနေကြသည်။ သူတို့က နတ်ဘုရင်နှင့် အခြားအင်အားကြီးသူငါးယောက်တို့ ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို ကြည့်နေစဉ် သူတို့က ရုတ်တရက် လျင်မြန်စွာ ဆုတ်ခွာခဲ့ကြသည်။
ထို့နောက် ကောင်းကင်ဂိတ်တံခါးရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာပြီး စည်းတစ်ခုရေးဆွဲကာ " ဒီစည်းကို ဖြတ်တဲ့သူ သေရမယ်" ဟု ပြောခဲ့လေသည်။
ပို၍ မယုံကြည်နိုင်စရာကောင်းသည်မှာ နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများက ထိုစည်းကို ဖြတ်ကျော်ခြင်းမရှိကြပေ။ သူတို့က ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ကောင်းကင်ဂိတ်တံခါးရှေ့တွင် ရပ်ခွင့်ပြုနေကြလေသည်။
" ဘယ်လိုအခြေအနေကြီးလဲ။ "
" နတ်ဘုရင်က ဘာလို့မတိုက်တော့တာလဲ။ "
" ကောင်းကင်ဂိတ်တံခါးရှေ့က ပုံရိပ်က လွန်ခဲ့တဲ့ နှစ်နှစ်ရာက ရွှယ်ယုရှေးဟောင်းနိုင်ငံက လျို့ဝှက်ဆန်းကျယ်တဲ့ အင်အားကြီးသူမဟုတ်လား။ သူက ရုတ်တရက် လှုပ်ရှားပြီး နတ်ဘုရင်ကို တားဆီးခဲ့တာလား။ "
" အရမ်းကြီးစိုးတာပဲ။ ဒီစည်းကို ဖြတ်တဲ့သူ သေရမယ်တဲ့လား။ "
" သူက နတ်ဘုရင်ကို စာရင်းထဲမထည့်တာလား။ "
မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက အပြန်အလှန် ဆွေးနွေးနေကြသည်။
ကောင်းကင်တောင်ထိပ်တွင် မထွက်သွားရသေးသော အလွှာဆယ့်တစ်သက်ရှိများက အံ့အားသင့်စွာဖြင့် လင်းယွမ်ကို ကြည့်နေကြသည်။
" သူက အရမ်းသန်မာတာပဲ။ "
" လူသားမျိုးနွယ်က အဲ့ဒီရွှယ်ယုက ဘယ်လိုလုပ်ဒီလောက်သန်မာရတာလဲ။ "
" သူတစ်ကြိမ်လှုပ်ရှားလိုက်တာနဲ့ နတ်ဘုရင်က ဆက်တိုက်ဖို့ သတ္တိမရှိတော့ဘူးလား။ "
သူတို့အားလုံးက အခြေအနေကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။ အစတွင် သူတို့က အင်အားကြီးသူများကြားတွင် သန့်စင်ထားသော ကြီးမြတ်သူအဆင့် လက်နက်ကို ပိုင်ဆိုင်သည့် နတ်ဘုရင်က အသန်မာဆုံးဟု ထင်ခဲ့ကြသည်။ အခြားအင်အားကြီးသူများပင် နတ်ဘုရင်ကို တိုက်ခိုက်ရန် ပူးပေါင်းရလေသည်။
သို့သော် လင်းယွမ်လှုပ်ရှားချိန်တွင် အရာအားလုံး ပြောင်းလဲသွားရသည်။
" အရှင်ရွှယ်ယု... အဲ့ဒါက..." ရွှမ်ယွမ်တောက်နှင့် အခြားဆင့်ကဲပြောင်းလဲသူများက မှင်သက်နေကြသည်။
လွန်ခဲ့သော တစ်လကျော်က လင်းယွမ်မှာ လူသားမျိုးနွယ်မှ လာကြောင်း သိရချိန်တွင် သူတို့က အံ့အားသင့်ခဲ့ရသည်။ လွန်ခဲ့သော နှစ်နှစ်ရာက လင်းယွမ် ပြသခဲ့သော ခွန်အားအပေါ် အခြေခံပြီး သူက နတ်ဘုရင်ကဲ့သို့ အင်အားကြီးသူများနှင့် မယှဉ်နိုင်လျှင်တောင် ဒုတိယအကြိမ် ကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်ခြင်းအတွက် အခွင့်အရေးရှိလေသည်။
ပထမအကြိမ် ကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်ခြင်းအတွက်။ ရိုးသားစွာပြောရလျှင် ရွှမ်ယွမ်တောက်က မျှော်လင့်ချက်များမရှိပေ။ လင်းယွမ်နှင့်အတူ လိုက်လာခြင်းမှာလည်း ကောင်းကင်ဂိတ်တံခါးကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။
အဖြူရောင်စာရွက်၏ အပြင်ဘက်တွင် ကြီးမြတ်သူများကလည်း ကောင်းကင်ဂိတ်တံခါးမှ မြင်ကွင်းများကို အာရုံစိုက်နေကြသည်။ သူတို့က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ချောင်းမကြည့်နိုင်သော်လည်း ကောင်းကင်တောင်ထိပ်မှ မျိုးနွယ်ဝင်များ၏ မှတ်ဉာဏ်ပုံရိပ်များကို ကြည့်ရှုနိုင်လေသည်။
" နတ်ဘုရင်က တကယ်သန်မာလွန်းတယ်။ "
" ဒီတစ်ခါ ကောင်းကင်ဂိတ်တံခါးက နတ်ဘုရင်နဲ့ပဲ သက်ဆိုင်လိမ့်မယ်။ "
" အထူးသက်ရှိတွေနဲ့ သူတို့ရဲ့ ရတနာတွေက တကယ်ထူးခြားတာပဲ။ "
ကြီးမြတ်သူများက မှတ်ဉာဏ်ပုံရိပ်များကို ကြည့်ရှုပြီး တိုက်ပွဲရလဒ်များကို ခန့်မှန်းနေကြသည်။ အစကတည်းက နောက်ဆုံးအနိုင်ရသူမှာ နတ်ဘုရင်ဖြစ်နိုင်သည်ကို သူတို့က သိထားခဲ့ပြီး ဖြစ်သည်။ အခြားအင်အားကြီးသူများနှင့်ယှဉ်လျှင် သန့်စင်ပြီးသား ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းက ကြီးမားသော အားသာချက်တစ်ခုကို ပေးလေသည်။
ကြီးမြတ်သူများက ဆက်လက်လေ့လာနေကြစဉ် သူတို့က မှင်သက်သွားကြသည်။ မှတ်ဉာဏ်ပုံရိပ်များထဲတွင် လင်းယွမ်က ပေါ်လာပြီး နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများအား အတင်းအကျပ် နောက်ဆုတ်စေခဲ့သည်ကို သူတို့က တွေ့လိုက်ရသည်။
" အဲ့ဒါက..."
" လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်လား။ "
" သူက ဘယ်လိုလုပ် ဒီလောက်တောင်သန်မာတာလဲ။ သူက နတ်ဘုရင်ထက်တောင် ပိုသန်မာတာလား။ "
တိုက်ပွဲ၏ မမျှော်လင့်ထားသော အလှည့်အပြောင်းက ကြီးမြတ်သူများက အံ့အားသင့်သွားစေခဲ့သည်။ နတ်ဘုရင်ထက် ပိုသန်မာတဲ့လူရှိနေတာလား။ ထိုလူက လူသားမျိုးနွယ်ကလား။
" ဟမ့် " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက မျက်မှောင်ကြုတ်သွားသည်။ သူက နတ်ဘုရင်၏ မှတ်ဉာဏ်ပုံရိပ်များကို ကြည့်ရှာနေသောကြောင့် လင်းယွမ်ထုတ်လွှတ်ခဲ့သော စွမ်းအားကို ပို၍ သိနေလေသည်။
" ရှချင် မင်းက ငါနဲ့ မပူးပေါင်းချင်တာ အံ့ဩစရာမရှိပါဘူး။ မင်းတို့လူသားမျိုးနွယ်က တကယ်လျို့ဝှက်နိုင်တာပဲ။ " ကြီးမြတ်သူက ကြီးမြတ်သူရှချင်က အနည်းငယ် မကျေမနပ်နှင့် ပြောလိုက်သည်။
နောက်ဆုံးတွင် သူက ကြီးမြတ်သူရှချင်၏ သဘောထားကို နားလည်သွားခဲ့သည်။ လူသားမျိုးနွယ်က ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်ရန်အတွက် နတ်ဘုရင်ကို မလိုအပ်ခဲ့ပေ။
နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများက လင်းယွမ်နှင့် တိုက်ရိုက်ရင်မဆိုင်ခဲ့သော်လည်း သူ၏ ခွန်အားက သူတို့ထက် များစွာ ပို၍ မြင်မားသည်ကို သိခဲ့ရသည်။ ကောင်းကင်ဂိတ်တံခါးကို ဝင်ရောက်ရန်အတွက် နေရာက နတ်ဘုရင်ဆီမှ လင်းယွမ်ဆီသို့ ရောက်သွားခဲ့သည်။
" ဟားဟား..." ကြီးမြတ်သူရှချင်က ရယ်လိုက်သည်။
လွန်ခဲ့သော နှစ်နှစ်ရာကတည်းက ကြီးမြတ်သူရှချင်က လင်းယွမ်၏ စွမ်းရည်များကို ဖိအားပေးခဲ့ခြင်းမရှိပေ။ လင်းယွမ်ကို သူဘာသာသူ တိုးတက်စေရန်သာ ခွင့်ပြုခဲ့သည်။
" အနည်းဆုံး စုန်းဘိုးဘေး အဆင့်သုံးဆယ့်ငါးပဲ။ " ကြီးမြတ်သူရှချင်က လင်းယွမ်၏ ခွန်အားကို ခန့်မှန်းလိုက်သည်။
နတ်ဘုရင်နှင့် အခြားအင်အားကြီးသူများက စုန်းဘိုးဘေး အဆင့်သုံးဆယ်ဝန်းကျင်တွင်ရှိလေသည်။ သူတို့ကို အတင်းအကျပ် ဆုတ်ခွာစေခြင်းက တစ်ဆင့် နှစ်ဆင့်မြင့်ရုံနှင့်မရပေ။