← Chapters

ထိုစဥ်က အမှန်တရား

Vol. 155 Ch. 2197

ထိုစဥ်က အမှန်တရား

Vol. 155 Ch. 2197

ရီဖူရှင်း၊ ဂူတုံးလျှိုနှင့် အခြားလူများက ကောင်းကင်ဒေသမှ ပြန်ရောက်လာကြသူများ ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့ထံ၌ အချင်းချင်း ပြောစရာများစွာ ရှိနေသည်မှာ သဘာဝပင် ဖြစ်၏။ ဤညက ထူးထူးခြားခြား တိတ်ဆိတ်နေပေသည်။

နံနက်ခင်းတွင် ကောင်းကင်အာဏာစက်ကျောင်းတော်က အေးချမ်းသော အလှတရားနှင့် တည်ရှိနေဆဲ ဖြစ်သည်။ ကျောင်းတော်မှ တပည့်များသည်လည်း ပို၍ တက်ကြွလာကြပုံရလေသည်။ ကျောင်းတော် အနာဂတ်အတွက် သူတို့၏ ယုံကြည်ချက်က ရီဖူရှင်းနှင့် အခြားလူများ ပြန်လာပြီးနောက် ပြန်လည်မြင့်မားလာပေသည်။ သူတို့က ယခင်ကလောက် အဆိုးမြင်စိတ်မရှိကြတော့ပေ။

မဟာလမ်းစဥ် ဘုံသုံးထောင်၏ အရှုပ်အထွေးများက ကျောင်းအုပ်ကြီး အရှင်ထိုက်ရွှမ်အား ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ ယခင်က ကျောင်းတော်မှ ကျင့်ကြံသူများသည် အရှင်ထိုက်ရွှမ်နှင့်တူညီစွာပင် ကျောင်းတော်၏ ကံကြမ္မာအား အကောင်းမြင်ခြင်း မရှိတော့ပေ။ သူတို့သည် ကျောင်းတော်က ထာဝစဥ် ကျန်ရှိနိုင်မည်ဟု တွေးထင်ထားခြင်းမရှိခဲ့ချေ။ သူတို့က အသတ်မခံချင်လျှင် အနှေးနှင့်အမြန် သူတို့ကိုယ်သူတို့ လိုက်လျောညီထွေရှိအောင် လုပ်ဆောင်သင့်သည်။ သို့မှသာ သူတို့က အသက်အန္တရာယ်ကင်းကင်း ရှင်သန်ကျန်ရစ်မည် ဖြစ်သည်။

သို့သော် ရီဖူရှင်းနှင့် အခြားလူများ၏ ပြန်ရောက်လာခြင်းက အမှောင်ထဲမှ အလင်းတန်းတစ်ခုကဲ့သို့ပင် ဖြစ်၏။ ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခွင်လုံး တောက်ပနေစေခဲ့သည်။

သူတို့သည် ဤတစ်ကြိမ် အခက်အခဲကာလကို အမှန်တကယ် ကျော်ဖြတ်နိုင်ပြီး ဤပရမ်းပတာလောကကြီးမှ ရှင်သန်နိုင်စွမ်းရှိခြင်း ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် ယခင်နေ့က ဟွာဖန်းလူ၏ ခြံဝန်းအတွင်း ရှိနေခဲ့သည်။ နံနက်ခင်း၌ ရီဖူရှင်းက စောစော နိုးထလာခဲ့သည်။ သူသည် ဆရာများကို နှုတ်ဆက်ကာ လက်ဖက်ရည် တည်ခင်းပေးခဲ့၏။ ပထမဆုံး ဟွာဖန်းလူနှင့် နန်ဒူဝမ်ရင်းဖြစ်ပြီး ဒုတိယမှာ ချင်ရွှမ်ကန်း ဖြစ်သည်။ ထို့နောက်တွင် သောကျန်း ဖြစ်သည်။ သူက ဆရာများထံ လည်ပတ်ပြီး သူ့အစ်ကိုများနှင့် စကားပြောနေရင်း သူတို့၏ ပတ်ဝန်းကျင်အနီးအနားကိုလည်း လျှောက်သွားခဲ့သေးသည်။

ယခု သူ၏ ကျင့်ကြံဆင့်က သူ့ဆရာများကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ သို့သော် ထိုဆရာများက ယခင်အချိန်များတွင် သူ့အား များစွာကူညီပေးခဲ့ပြီး သူတို့၏ ကြင်နာမှုက ရီဖူရှင်းအတွက် မည်သည့်အခါမှ မေ့ပစ်၍ ရနိုင်မည်မဟုတ်သော အရာများပင် ဖြစ်သည်။ နှစ်နှစ်ဆယ်အတောအတွင်း သူက တပည့်တစ်ယောက်၏ ဝတ္တရားများကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ ပြန်လာပြီးနောက် သူတို့ကို ပို၍ ဂရုစိုက်ပေးခြင်းက ပုံမှန်ပင် ဖြစ်ပေသည်။

သူ၏ ဆရာများကို နှုတ်ဆက်၍ လက်ဖက်ရည်တည်ခင်းဧည့်ခံ ပေးပြီးနောက် ရီဖူရှင်းက ပြန်သွားခဲ့သည်။ ထို့နောက် သူက သူ့ဆရာများနှင့် ကျောင်းတော်မှ အခြား လူများအတွက် ဆေးအချို့ကို ဖော်စပ်သန့်စင်ခဲ့သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ အခြေအနေများအတွက် သူက သူတို့အား ယခု ရင်ဆိုင်ချင်မနေပေ။

သို့သော် ရီဖူရှင်းက ဆေးလုံးများ ဖော်စပ်သန့်စင်နေစဥ် ထိုသို့ လုပ်ရသည်မှာ ခက်ခဲကြောင်း သိလိုက်ရသည်။ အကြောင်းရင်းမှာ များစွာသော လူများက သူ့ကို လာရောက်ရှာဖွေကြသောကြောင့် ဖြစ်​လေသည်။

“အစ်ကိုဖူရှင်း” လင်းအာက ထိုစဥ်ကကဲ့သို့ ကလေးမလေး မဟုတ်တော့ပေ။ သို့သော် သူမက ရီဖူရှင်းကို 'အစ်ကိုဖူရှင်း' ဟု ခေါ်ကာ သူမ၏ အသက်ဝင်ကာ ငယ်ရွယ်သော ခံစားချက်ကို ထုတ်ဖော်ပြသနေသည်။

ယိုယွဲ့နတ်နန်းတော်မှ နတ်မိမယ်ချန်ရှီးသည်လည်း ကောင်းကင်ဒေသမှ ပြန်လာခြင်း ဖြစ်သည်။ သူမသည်လည်း ရီဖူရှင်းထံ လာရောက်လည်ပတ်ခဲ့ပေသည်။ ဖေးရွှီသည် ရီဖူရှင်းနှင့် တချို့ကိစ္စများ ဆွေးနွေးရန် သူမ၏ အဖွား ရှန်လော့ရွှယ်နှင့်အတူ ရောက်လာခဲ့သည်။ အချိန်တိုအတွင်း ကြီးမားသော လူအုပ်ကြီးက ရီဖူရှင်းကို ဝန်းရံလာပေသည်။

ရီဖူရှင်းသည် သူတို့ ထိုမျှ စောစောရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူက ရွေးချယ်စရာမရှိဘဲ ဆေးဖော်စပ်ဖို့ရာ အချိန် ရွှေ့ဆိုင်းလိုက်ရတော့သည်။

တိတ်ဆိတ်ကာ ငြိမ်သက်အေးချမ်းသော ကျောင်းတော်သည် ဤကဲ့သို့ အသက်ဝင်နေခြင်းမရှိသ​ည်မှာ အချိန်ကြာလှပြီ ဖြစ်၏။

သို့ပေမယ့် ပတ်ဝန်းကျင်၏ အေးချမ်းနေမှုက အလျင်အမြန် နှောက်ယှက်ခံလိုက်ရသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်အထက်မှ တိမ်တိုက်များနှင့် လေထုတို့က လှုပ်ရှားလာပြီး အဝေးမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ကျဆင်းလာကာ မြို့တစ်ခွင်လုံးကို ဖိနှိပ်လာခဲ့၏။ ကောင်းကင်အာဏာစက်မြို့အတွင်း ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ပြီးစဥ်မှစကာ ထိုကဲ့သို့ အဖြစ်အပျက်များကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် လက်ရှိနေ့ရက်များရှိ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည် မည်သည်တို့ ဖြစ်ပျက်နေသည်အား သိချင်စိတ်ဖြင့် ကောင်းကင်သို့ တည်ငြိမ်စွာ ​မော့ကြည့်နေကြသည်။ မည်သို့သော ပုဂ္ဂိုလ်ကြီးမျိုး ရောက်လာရသနည်း။

ကောင်းကင်အာဏာစက်ကျောင်း အတွင်း၌ မတူညီသော ခြံဝန်းများထဲ​​တွင် ရှိနေသည့်လူများစွာက ကောင်းကင်ကို မော့ကြည့်ကာ အခြားဘုံများမှ လာသော တန်ခိုးရှင်များကို အာရုံစိုက်လိုက်သည်။

စကားဝိုင်းအလယ်၌ ရှိနေသော ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်၏။ သူ့အကြည့်များက ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်သွားကာ ရောက်လာသူက မည်သူ​ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

အလွန် လျင်မြန်လှပေသည်။

သူ ပြန်ရောက်ပြီးစဥ်မှစကာ ထိုပုဂ္ဂိုလ်ထံ သွားရောက်ရန် အချိန်မရှိခဲ့ပေ။ သို့သော် ၎င်းပုဂ္ဂိုလ်များက အရင် ရောက်လာခဲ့ကြပေသည်။ သူတို့က စောစောစီးစီးထွက်ခွာကာ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာပြီ ဖြစ်သည်။

ထို့ပြင် ၎င်းတို့၏ အင်အားဖွဲ့စည်းပုံမှာ ထိုနှစ်ကကဲ့သို့ပင် တူညီစွာ အန္တရာယ်များနေပုံရလေသည်။

လှုပ်ရှားနေသော တိမ်တိုက်များ၏ အထက်တွင် ထိုပုံရိပ်များက နတ်ဘုရားများကဲ့သို့ ရပ်ကာ လူတိုင်းကို ငုံ့ကြည့်နေသည်။ သူတို့က အထူးသဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကြည့်နေခြင်း ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများ၏ နှလုံးသားက အလွန် လျင်မြန်စွာ ခုန်လှုပ်လာသည်။ ၎င်းသည် အလွန်ရင်းနှီးလှသော ​မြင်ကွင်းဖြစ်သည်။

၎င်းသည် ချက်ချင်းပင် သူတို့က လွန်ခဲ့သော နှစ်နှစ်ဆယ်၌ ဖြစ်ပွားခဲ့သော ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် တိုက်ပွဲကို ပြန်ရောက်သွားသလို ခံစားလိုက်ကြရသည်။

ရီဖူရှင်းက ထိုထိပ်သီးအင်အားစုများမှ ကျင့်ကြံသူတစ်ယောက်ချင်းစီကို မည်သို့ မေ့နိုင်ပါမည်နည်း။

ရှန်ကလန်မှ ကျင့်ကြံသူများက ထိုနေရာ၌ မားမားမတ်မတ် ရပ်နေကြပြီး ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များသည်လည်း မျက်စိကျိန်းလောက်ဖွယ် ရွှေရောင်အဆင်တန်ဆာများကို တပ်ဆင်ထားသည်။ ထျန်းရှန်ကျောင်းတော်မှ ကျန်းအော့နှင့် ကျင့်ကြံသူများ၊ နေမင်းနတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရသည့် နေမင်းနတ်ဘုရားကျောင်းမှ တန်ခိုးရှင်များအပြင် ကောင်းကင်မျှော်စင်ကျောင်းတော်၊ သိုင်းနတ်ဘုရားကလန်၊ နတ်ဘုရားမာန်ဟုန်ကျောင်းတော်နှင့် အင်ပါယာရှင်းကျောင်းတော်တို့လည်း ရောက်လာကြ၏။ နောက်ဆုံး၌ မေ့ထား၍ မဖြစ်နိုင်သော ထိုက်ချူတော်ဝင်မြေမှ တန်ခိုးရှင်များ ရောက်လာကြပေသည်။ အဖြူရောင်ဝတ်ကျင့်ကြံသူနှင့် ခရမ်းရောင်ဝတ်စစ်အင်ပါယာလည်း ရောက်ရှိနေပေသည်။

ထို ပုဂ္ဂိုလ်ကြီးများအပြင် အမျိုးမျိုးသော အင်အားစုအသီးသီးမှ အစွမ်းထက် ရန်ဟောင်များစွာလည်း ရောက်လာကြသည်။ ထိုအင်အားစုများက တစ်နေရာတည်းမှ လာကြခြင်း မဟုတ်ပေ။ ထို့အစား သူတို့က အချင်းချင်း ဆက်သွယ် ဤနေရာသို့ တစ်ချိန်တည်း ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်တွင် စုဝေးရန် ကောင်းကင်အာဏာစက်မြို့သို့ ရောက်လာကြပေသည်။ ထိုသည်က လွန်ခဲ့သော နှစ်နှစ်ဆယ်အကြာက မြင်ကွင်းကဲ့သို့ပင် ထင်မှတ်ရပေသည်။

ချက်ချင်းပင် ကောင်းကင်တစ်ခွင်လုံး လှုပ်ခါသွားကာ ကောင်းကင်အာဏာစက်မြို့တစ်ခွင်လုံးကို ပြိုင်ဘက်ကင်းဖိအားအောက်သို့ ကျရောက်သွားစေခဲ့သည်။ ထိုအခိုက်အတန့်၌ အဆင့်မြင့်ကျင့်ကြံဆင့်မှ အစွမ်းထက်ရန်ဟောင်များသည်ပင် သူတို့၏ အသက်ရှုနှုန်းက ချက်ချင်း မြန်ဆန်လာကာ သွေးများက ဆူပွက်လာသလိုပင်။

ကြောက်မက်ဖွယ် ဝင်္ကပါအစီအရင်တစ်ခု။ နှိုင်းယှဥ်ရလျှင် သာမန်ရန်ဟောင်များက ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ထိုအဖွဲ့အတွင်း ထည့်သွင်းစဥ်းစားရန်ပင် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။

ထိုပုဂ္ဂိုလ်ကြီးများအားလုံးက ရီဖူရှင်းကို ကြည့်နေခဲ့သည်။ သူတို့က ရီဖူရှင်း၏ ပြန်လာမှုအကြောင်း ကြားဖူးကြသည်။ အင်အားစုများစွာသည် အတော်လေး မလွယ်ကူသလို ခံစားလိုက်ကြရပြီး အထူးသဖြင့် အားနည်းသော အင်အားစုများ ဖြစ်သည်။ သူတို့သည် ရီဖူရှင်းက အသက်ရှင်လျက် ပြန်လာရုံမျှမက အစွမ်းထက်သော တန်ခိုးရှင်တစ်စုကို ခေါ်ဆောင်လာကာ နေနတ်ဘုရားကျောင်းမှ ခေါင်းဆောင်ကိုပင် သတ်ပစ်ခဲ့သေးသည်ဟု ကြားဖူးပေသည်။

ဤလှုပ်ရှားမှုကို ရှန်ကလန်၊ ထျန်းရှန်ကျောင်းတော်နှင့် ဗဟိုအင်ပါယာဘုံမှ အခြားသော အဓိကအင်အားစုများ စုပေါင်းခဲ့ခြင်း ဖြစ်သည်။ သူတို့က ဗဟိုအင်ပါယာဘုံ၌ စုစည်း​နေခဲ့ကြခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရီဖူရှင်းက မသေခဲ့လျှင်ဟူသော စိတ်ဖြင့် အစွမ်းထက် အင်အားစုများ စုစည်းကာ သူတို့ကိုယ်တိုင် လာကြည့်ကြခြင်း ဖြစ်သည်။ အဆုံးမှာတော့ ရီဖူရှင်း၏ အစွမ်းထက် မဟာမိတ်များက နေနတ်ဘုရားကျောင်းခေါင်းဆောင်ကိုပင် တိုက်ရိုက် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ သူက အင်အားစုအသီးသီးမှ ပြင်းထန်သော ခြိမ်းခြောက်မှုတို့ကို ခံစားမိပေသည်။ သူ၏ ပစ်မှတ်က နေနတ်ဘုရားကျောင်းခေါင်းဆောင် မဟုတ်ဘဲ သူတို့ထဲမှ တစ်ယောက် ဖြစ်ခဲ့လျှင် မည်သို့ ဖြစ်လိမ့်မည်နည်း။

“သူ တကယ်အသက်ရှင်နေသေးတာပဲ။” ရှန်ကလန်ခေါင်းဆောင်က ရီဖူရှင်းအား ငုံ့ကြည့်ကာ ပြောလိုက်သည်။ ထိုသည်မှာ အစစ်အမှန်မဟုတ်သကဲ့သို့ ခံစားမိစေပေသည်။ ထိုစဥ်က တိုက်ပွဲတွင် ရှန်ကလန်၏ ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ယောက်နှင့် အကြီးအကဲရှန်ကျီတို့ တိုက်ပွဲတွင် သေဆုံးခဲ့သည်။ သူတို့က အကြီးအကျယ် ဆုံးရှုံးခဲ့သော်လည်း အနည်းဆုံး သူတို့က ရီဖူရှင်းကို သတ်ဖြတ်ပစ်နိုင်ခဲ့သည်ဟု တွေးထင်ခဲ့ကြပေသည်။

သို့သော် ယခု ရီဖူရှင်းက သူတို့ရှေ့၌ ရှိနေခဲ့သည်။ သူတို့ ယခု မည်မျှ ခံစားနေရသည်ကို လူတိုင်း ခန့်မှန်းနိုင်ပေသည်။

ရွှေရောင်နတ်ပြည်ထောင်ဘုရင်၏ အကြည့်များက အလွန် စူးရှနေခဲ့သည်။ ၎င်းသည် ကောင်းကင်ကို ထွင်းဖောက်သွားတော့မလို ထင်မှတ်ရ၏။ သူက ရီဖူရှင်းကို သတ်ချင်နေခဲ့သည်။ ယခင်က သူ၏ သားနှစ်ယောက်သည် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ရီဖူရှင်းအား ကျိန်းသေ သတ်ဖြတ်ရပေမည်။ ထိုနောက်ဆုံးတိုက်ပွဲမှာ သူတို့၏ ပြတ်သားသော ဆုံးဖြတ်ချက်များကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လူတိုင်းသည် ရီဖူရှင်းက အစအနပင် မကျန်လောက်အောင် ဖျက်ဆီးခံရပြီး သေဆုံးသွားပြီဟု တွေးထားခဲ့ကြသည်။ သို့သော် သူက အလွန် အသက်ပြင်းလှပြီး ထိုစဥ်ကထက်ပင် အစွမ်းထက်သန်မာခြင်းတို့နှင့်အတူ ပြန်ရောက်လာပေသည်။

ထျန်းရှန်ကျောင်းအုပ် ကျန်းအော့သည်လည်း ရီဖူရှင်းအား စိုက်ကြည့်နေခဲ့၏။ ယခင်က သူ ရီဖူရှင်းအား သတ်ဖြတ်ခဲ့သည်မှာ တရားမျှတမှုမရှိခဲ့ပေ။ အဆုံးမှာတော့ ရီဖူရှင်းက ကျန်းချင်ကျူးကို ကယ်တင်ခဲ့ဖူးပေသည်။ ရီဖူရှင်းသည် အလွန် ထူးချွန်ထက်မြက်လှ၏။ သူ၏ တည်ရှိမှုက မျိုးဆက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ပေသဘ်။ ကျန်းချင်ကျူးသည်ပင် ရီဖူရှင်းရှေ့၌ ခေါင်းမော်နိုင်လိမ့်မည် မဟုတ်ပေ။ သူက ကျန်းချင်ကျူးကို မင်းသမီးဒွန်ဟောင်နှင့်အတူ လိုက်ပါကာ ကောင်းကင်ဒေသ၌ ကျင့်ကြံစေလိုသည်။ သို့မှသာ ကျန်းမိသားစုက ကောင်းကင်ဒေသသို့ ပြန်ရန် အခွင့်အရေး ရနိုင်ပေသည်။

ထို့ကြောင့် ကျန်းချင်ကျူးအတွက် အတားအဆီးများကို ရှင်းလင်းပစ်ရန် သူက ရီဖူရှင်းကို သတ်ပစ်ချင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ကျန်းချင်ကျူးကို မူလဘုံ၏ နံပါတ်တစ်ပါရမီရှင် ဖြစ်စေချင်ပေသည်။

ထိုပုဂ္ဂိုလ်ကြီးများအပြင် ရီဖူရှင်းနှင့် ယခင်က ယှဥ်ပြိုင်ခဲ့ဖူးပြီး အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်သည့် ရင်းနှီးနေသော မျက်နှာအမြောက်အမြားလည်း ပေါ်ထွက်လာသည်။

သူတို့သည် ရီဖူရှင်းက အဆင့်ကိုးမှ ရန်ဟောင်ကိုပင် သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်သန်မာလာသည်ဟူသော သတင်းကို ကြားကြပေသည်။

“ခင်ဗျားတို့ အဆင်ပြေနေမယ်လို့ မျှော်လင့်ပါတယ်။” ရီဖူရှင်းက ကောင်းကင်၌ ပေါ်လာသော ရင်းနှီးနေသည့် ပုဂ္ဂိုလ်များကို ကြည့်ကာ ပြောလိုက်သည်။ ထိုလူများက သူ့ကို သတ်ချင်ခဲ့ကြပြီး ထိုသို့လည်း လုပ်ဆောင်ခဲ့ကြပေသည်။ သူက ထိုမျှ အားကောင်းလာခဲ့လျှင် တွေဝေခြင်းမရှိဘဲ သူတို့အားလုံးကို သတ်ပစ်ပေလိမ့်မည်။

“အဲဒီတုန်းက မင်း ဘယ်လိုလုပ်ခဲ့တာလဲ။” ရှန်ကလန်ခေါင်းဆောင်က ရီဖူရှင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ ရီဖူရှင်းနှင့် ရှန်ကလန်ကြားတွင် အနက်ရှိုင်းဆုံး ရန်ငြိုးများရှိနေပြီး ရွှေရောင်နတ်ပြည်ထောင်နှင့်လည်း အတူတူပင် ဖြစ်သည်။ အကြောင်းရင်းများက ယခင်ကတည်းကပင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ရီဖူရှင်းအား သတ်ပစ်ရန်အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်ရာတွင် ကြီးမားသော ဆုံးရှုံးမှုများ ရှိခဲ့ကြသည်။ သို့သော် ယခုမှ သူတို့သည် ထိုဆုံးရှုံးမှုများက မည်သည့်အရာထင်မှုမှ မရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ရပေသည်။

ရှန်ကလန်ခေါင်းဆောင်၏ မေးခွန်းက အခြားလူတိုင်း စိတ်ထဲ၌ ရှိနေသော မေးခွန်းပင် ဖြစ်သည်။ ရီဖူရှင်းက အသက်ရှင်ရန် မည်သို့ လုပ်ဆောင်ခဲ့သနည်း။

“ကျုပ် အရင်က ပြောခဲ့ပြီးပြီ။ ခင်ဗျားတို့ လေဟာနယ်လမ်းကြောင်းကို ဖွင့်ပြီး ကျုပ်ကို ကောင်းကင်ဒေသမှာ ကျင့်ကြံနိုင်ဖို့ ပို့ဆောင်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လေ။” ရီဖူရှင်းက ရယ်မောရင်း ပြောလိုက်သည်။ “ကျုပ်သာ မူလဘုံမှာပဲ နေခဲ့ရရင် ကျုပ်ရဲ့ ကျင့်ကြံခြင်းက ဒီလောက်မြန်မြန် တိုးတက်လာမှာမဟုတ်ဘူး။”

ပြင်းထန်သော စွမ်းအားများက ကောင်းကင်မှ ကျဆင်းလာသည်။ သူတို့က ရီဖူရှင်းအတွက် လမ်းဖွင့်ပေးခဲ့သည်လား။

“မဖြစ်နိုင်ဘူး။” ရှန်ကလန်မှ ရှန်ကောင်းက ရီဖူရှင်းကို စိုက်ကြည့်ပြီးနောက် သူက ဆက်ပြောလိုက်၏။ “တိုက်ခိုက်မှုက မင်းရဲ့ ခန္ဓာကိုယ်ကို အရင်ထိပြီးတော့မှ လေဟာနယ်ထဲမှာ အက်ကြောင်းဖြစ်သွားခဲ့တာ။ မင်းက သေချာပေါက် သေမှာ သံသယရှိစရာမလိုဘူး။ မဟုတ်ရင် မင်းက အဲဒီတိုက်ခိုက်မှုကို တားဆီးပြီး သေခြင်းက လွတ်မြောက်ဖို့ နတ်ရတနာတစ်ခုခုကို သုံးခဲ့တာပဲ။”

ရှန်ကောင်း၏ စကားလုံးများက အတိအကျကို အခြားလူများ၏ စိတ်ထဲမှ အတွေးများ ဖြစ်ပေသည်။ သို့သော် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုက အလွန် အံ့အားသင့်ဖွယ် အစွမ်းထက်သော နတ်ရတနာကိုပင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။ စစ်မှန်သော နတ်ရတနာသည်ပင် ထိုတိုက်ခိုက်မှုအား တားဆီးနိုင်ပေသည်။

ရီဖူရှင်းထံ၌ မည်သို့သော နတ်ရတနာမျိုး ရှိနိုင်သနည်း။

ကိုက်ချိန်က ရုတ်တရက် တစ်စုံတစ်ခုကို ပြန်တွေးမိလိုက်သည်။ သူ၏ မျက်လုံးများက အနည်းငယ် ကျုံ့သွားပြီး သူ့မျက်နှာကလည်း ပျက်ယွင်းသွားသည်။

သူထံတွင် အချို့သော ခန့်မှန်းချက်များ ရှိနေလျှင်ပင် သူက ကျယ်လောင်စွာ ထုတ်မပြောရဲပေ။

သူ့ထံ၌ မည်သည့် သက်သေမှ ရှိမနေပေ။

သူက တစ်ခုခု ပြောချင်လျှင်ပင် လူတိုင်း၏ ရှေ့၌ မပြောရဲပေ။

ထိုတိုက်ပွဲတွင် မင်းသမီးဒွန်ဟောင်က မျှတရန် ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးမည်ဟု ပြောခဲ့သည်။ သူမသည် ရီဖူရှင်းထံ နတ်ရတနာ ပေးအပ်ခဲ့ပြီးနောက်မှ တိုက်ပွဲကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ယခင်က သူသည် မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို မည်သည့် ဆုပေးအပ်ခဲ့သည်ကို သိချင်မိခဲ့သည်။

ယခု ရီဖူရှင်းက အသက်ရှင်လျက် ပြန်ရောက်လာသည့်အခါ သူသည် မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအား ထိုတိုက်ပွဲ၌ အသက်ရှင်ကျန်ရစ်အောင် တိုက်ခိုက်မှုများအား တားဆီးပေးနိုင်သော နတ်ရတနာပေးခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။ တစ်ဖန်ပြန်တွေးကြည့်လျှင် ထိုကြီးမားသော တိုက်ပွဲကြီးက အမှန်တကယ် ရည်ရွယ်ချက်ရှိနေပုံရလေသည်။

သို့သော် ထိုစဥ်က ရီဖူရှင်းသည် အမှန်ပင် မလူးသာမလွန့်သာ အခြေအ​နေတွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူက သေရန် ဆန္ဒရှိနေပြီး ထိုသို့ဆုံးဖြတ်ချက်ချလိုက်သည့်အခါ မည်သူကမှ မေးခွန်းမထုတ်ခဲ့ခြင်း ဖြစ်သည်။

ယခု ကြည့်ရသည်မှာ သူက အမှန်တကယ် မသေနိုင်သည်ကို သိနေခဲ့ပုံရပေသည်။

ကိုက်ချိန်ကဲ့သို့ပင် အခြားလူများကလည်း အရူးမဟုတ်လေရာ သူတို့လည်း ခန့်မှန်းမိကြပေသည်။ နောက်ပိုင်းတွင် မင်းသမီးဒွန်ဟောင်က သူမနှင့် ကောင်းကင်ဒေသနှင့် လိုက်ပါကျင့်ကြံရန် အရည်အချင်းရှိသူများကို ဖိတ်ခေါ် ရွေးချယ်ခဲ့သည်။ ထိုလိုက်ပါသွားသူများကြားတွင် အဓိကျသူများမှာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများ ဖြစ်သည်။

ထိုသည်မှာ မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို မျက်နှာသာပေးခြင်း ဖြစ်ပေသည်။

သူတို့က ထိုသို့ ကောက်ချက်ချလိုက်မိသည့်အခါ ဝမ်းနည်းပူဆွေးမိသွားကြသည်။ သူတို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ရီဖူရှင်းကို သတ်နိုင်ခဲ့သင့်သော်လည်း သူတို့က မင်းသမီးဒွန်ဟောင်ထံမှ အလှည့်စားခံခဲ့ရပေသည်။

ထို့ကြောင့် သူတို့သည် ထိုအကြောင်းနှင့် ပတ်သတ်၍ အမှန်တကယ် မည်သို့မှ မလုပ်နိုင်ပေ။ မင်းသမီး၏ ဆုလာဒ်နှင့် ပြစ်ဒဏ်က မျှတပြီး မည်သည့် ပြဿနာမှ မရှိချေ။ ရီဖူရှင်းက သေချာပေါက် ဆုလာဘ်နှင့် ထိုက်တန်ပေသည်။ သို့သော် တစ်စုံတစ်ယောက်က ထိုအကြောင်းကို ထုတ်ပြောခဲ့လျှင်ပင် သူတို့က မည်သို့ လုပ်နိုင်ပါမည်နည်း။ မင်းသမီးဒွန်ဟောင်၏ ထိုစဥ်က အပြုအမူများ၌ ပြဿနာရှိမနေပေ။

ထိုစဥ်က မင်းသမီးသည် ရီဖူရှင်းကို မသေစေချင်ခဲ့ပါချေ။

***

All Chapters