← Chapters

ပါရမီရှင်အတန်းမှ အရှုံးသမားတစ်ယောက်

Vol. 1 Ch. 4

ပါရမီရှင်အတန်းမှ အရှုံးသမားတစ်ယောက်

Vol. 1 Ch. 4

အန်လင်းက သူ့မျက်နှာရှိ ရေနွေးကြမ်းများကို မကျေမနပ်နှင့် သုတ်လိုက်သည်။

ရေနွေးများ ထွေးထုတ်ပြီးသည့်နောက် ရိုးသားကာ စိတ်အား ထက်သန်နေသည့် အမူအရာကို အန်လင်း၏ မျက်နှာတွင် မြင်လိုက်ရသည့် အခါ စုရှောင်လန်က အမှန်တရားကို လက်ခံလိုက်ရပြီ ဖြစ်သည်။ ကျင့်ကြံခြင်း လမ်းစဉ်၏ ခက်ခဲမှုများကို အန်လင်းက အမှန်တကယ်ကို မသိဘူး ဆိုတာပေါ့။

စုရှောင်လန်က တစ်ခဏမျှ တွေးတောပြီးနောက် သူမ၏ သိုလှောင်လက်စွပ်မှနေ စာအုပ်တစ်အုပ် ထုတ်လိုက်သည်။ ထိုစာအုပ်သည် အသက်ရှူထုတ်ခြင်း ကျင့်ကြံခြင်း မိတ်ဆက် စာအုပ် ဖြစ်သည်။

"ဒါက ငါသုံးနှစ်အရွယ် တုန်းက လေ့ကျင့်ခဲ့တဲ့ အသက်ရှူထုတ် ကျင့်ကြံခြင်း နည်းလမ်း စာအုပ်ပဲ ... နင့်ကို လက်ဆောင် ပေးလိုက်မယ် ..."

ထိုသို့ ပြောပြီးသည်နှင့် စုရှောင်လန်က ထိုကျင့်ကြံခြင်း မိတ်ဆက်စာအုပ်ကို အန်လင်းအား ရက်ရက်ရောရော ပေးလိုက်သည်။

အန်လင်း : " ..."

ညက ငြိမ်သက်နေပြီး ကျယ်ပြန့်သည့် ကောင်းကင်ကြီးတွင် ကြယ်အပြည့်နှင့် ဖြစ်သည်။ သို့တိုင်အောင် မီးထွန်းလင်း နေသေးသည့် အခန်းတစ်ခန်း ရှိနေသေးသည်။

အန်လင်းက ကျင့်ကြံခြင်းနည်းစဉ် စာအုပ်ကို ဖတ်လိုက်ပြီးနောက် စုရှောင်လန်က သူမေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးနေသည်။

အန်လင်း အတွက်တော့ ကျင့်ကြံခြင်း ဆိုသည်မှာ လောကအသစ် တစ်ခုသာ ဖြစ်ပြီး သီအိုရီများ အားလုံးသည် သူ့အတွက် အတော်လေး ကျွမ်းဝင်ခြင်း မရှိပါ။

ဥပမာဆိုရသော် အသက်ရှူထုတ် နည်းစဉ်ကို ကျင့်ကြံနေချိန်တွင် ကောင်းကင်နှင့် မြေပြင် အကြားရှိ စိတ်စွမ်းအင်များ စီးဆင်းဖို့ ချီလှည့်ပတ်ရန် လိုအပ်သည်။ ကျင့်ကြံခြင်း နည်းလမ်းများကို မည်သို့ အသုံးပြုရန်၊ အရေးကြီးသည့် စွမ်းအင်များကို စီးဆင်းရန် အတွက် သတ်မှတ်ချက်များ ပြုလုပ်ရန် စသည်တို့ လိုအပ်သည်။

အန်လင်းက စုရှောင်လန်၏ ရှင်းလင်းချက်များကို သေချာစွာ နားထောင်ပြီးနောက် ကိုယ်ပိုင်မေးခွန်း များကို မေးမြန်းပြီး မှတ်စုများဖြင့် မှတ်သားထားသည်။

ကျောက်နဂါးပြည်နယ်မှ ပါရမီရှင် တစ်ဦးဖြစ်သည့် စုရှောင်လန် အတွက် အန်လင်းအား ကျင့်ကြံခြင်း နည်းလမ်းများ သင်ကြား ပေးရခြင်းသည် လူဝံတစ်ကောင်ကို ကျင့်ကြံခြင်း နည်းလမ်းများ သင်ကြား ပေးရခြင်း နည်းတူ လွယ်ကူမနေပါ။

သောက်ခွေးနဲ့မှ ... ဒီကောင်က သူ့ခန္ဓာကိုယ်ရဲ့ ချီပြောင်းလဲမှုတွေကိုတောင် မသိဘဲ အသက် ၁၈ နှစ်အထိ ဘယ်လိုရှင်သန် လာတာတုန်း ...

အရေးကြီး စွမ်းအင်တွေကို လမ်းကြောင်းပေးဖို့နဲ့ ပုံစံပြောင်းဖို့ ကိုတောင် သူက သိမနေဘူး။ နင်က ဝက်သားမစားဘူး ဆိုရင်တောင် အနည်းဆုံးတော့ ဝက်တွေ ဘယ်လိုပြေးလဲ ဆိုတာ မြင်ဖူးရမှာပေါ့။ (ဘယ်လို လုပ်ဆောင်ရမယ် မသိဘူး ဆိုရင်တောင် အနည်းဆုံးတော့ ကြားဖူးနားဝ ရှိရမည်ဟု ဆိုလိုသည်။)

စုရှောင်လန်မှာ အနည်းငယ်မျှ စိတ်ပျက်နေပြီ ဖြစ်သည်။ သူမသည် ရံဖန်ရံခါတွင် လက်ပုံစံ မျိုးစုံနှင့်ပင် အန်လင်းအား အခြေခံ အသိပညာများကို ဒုက္ခခံပြီး ရှင်းလင်း ပေးနေခြင်း ဖြစ်သည်။

အန်လင်းက ပထမအကြိမ် ကြောင်အမ်းအမ်း ဖြစ်သည်။ နောက်တစ်ကြိမ် တွေဝေသွားသည်။ ဘုရားသခင်မှပဲ အန်လင်းက ဘယ်နှစ်ကြိမ်မြောက် ထိအောင် အံ့ဩ တုန်လှုပ်နေမလဲ ဆိုသည်ကို သိလိမ့်မည်။

သူတို့နှစ်ယောက် အတွက်တော့ ဒီညက အမှတ်တရ ဖြစ်လောက်အောင် ထိုက်တန်သည့် နာကျင်စရာ ကောင်းသော ညတစ်ည ဖြစ်သည်။

အချိန် အတော်လေး ကြာပြီးသည့် နောက်တွင်တော့ အန်လင်းက စုရှောင်လန်၏ အိမ်ဆောင်မှနေ ကျေးဇူးတင်စွာ ထွက်ခွာသွားသည်။

စုရှောင်လန်က ကြီးစွာသော ဗုဒ္ဓကို မြင်လိုက်သကဲ့သို့ ကောင်းကင်ဘုံအား ကျေးဇူးကြီးစွာ တင်မိသည်။ (ကြီးစွာသောဗုဒ္ဓ ဆိုသည်မှာ ငေါ့လုံး တစ်ခုသာ ဖြစ်သည်။ လူတစ်ယောက်က စိတ်ကျေနပ်ဖို့ရာ အရမ်းခက်ခဲသည်ကို ဆိုလိုခြင်း ဖြစ်သည်။)

ဘယ်လိုပဲဖြစ်ဖြစ် အန်လင်းက အကျိုးအမြတ် အကြီးကြီး ရလိုက်သည်သာ။ နောက်ဆုံးတော့ အသက်ရှူထုတ်ခြင်း နည်းစဉ်ဖြင့် မည်သို့ ကျင့်ကြံပြီး အရေးကြီးသည့် စွမ်းအင်များကို မည်သို့ စီးဆင်း စေရမည်ကို သင်ယူခဲ့ပြီး ဖြစ်သည်။

သူ့အခန်းသို့ ပြန်ရောက်သည်နှင့် တရားထိုင်ကာ အသက်ရှူထုတ်ခြင်း စနစ်ကို စတင် ကျင့်ကြံဖို့ရာ မစောင့်နိုင်အောင်ပင် ဖြစ်နေသည်။

တရား ထိုင်နေစဉ်တွင် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ပိုသန်မာလာသည်ကို ခံစားရသည်။ ထင်ရှားသည့် ရလဒ် မဟုတ်ပေမဲ့ ထိုသည်က အန်လင်းက အနည်းငယ် မျှော်လင့်ချက် သန်းလာစေသည်။

"အာ ... ... မျှော်လင့်ထားသလို ပါပဲလား ... လူညံ့ တစ်ယောက်ကနေ ပါရမီရှင် တစ်ယောက်အဖြစ် ပြောင်းလဲတဲ့ လမ်းက ကြမ်းတမ်းပြီး အဖုအထစ် များလိုက်တာ ..." အန်လင်းက သူ့အခန်းထဲတွင် တရားထိုင်နေရင်း ငိုချင်းချလိုက်သည်။

နောက်တစ်နေ့တွင်တော့ အန်လင်း၏ စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်၏ တရားဝင် ကျောင်းတော်သား ဘဝ စတင်ပါပြီ။

စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ကို ကောင်းကင်ဘုံ ပိုင်နက်မှ တည်ထောင်ထားတာ ဖြစ်ပြီး ကျင့်ကြံသူများကို အထူး သင်ကြားပေးရန် အတွက် ဖြစ်သည်။

ကိုးပြည်ထောင် နိုင်ငံတော်မှ မရေမတွက် နိုင်သော ပါရမီရှင် များစွာသည် ကျောင်းတော်တွင် လာရောက် ဆုံစည်းကြသည်။

ကျောင်းတော်ကို ဝင်ရောက် လာခဲ့သမျှ ကျောင်းသား အားလုံးသည် ကျင့်ကြံခြင်း ကမ္ဘာတွင် တစ်ဦးချင်း စွမ်းဆောင်ရည် ထူးချွန် ပြောင်မြောက်ကြသူများ ဖြစ်ကြသည်။

ကျောင်းတော်တွင် အသန်မာဆုံးနှင့် လေးစားဖွယ် အကောင်းဆုံး ကျောင်းသားများမှာ တန်းခွဲ ၁ မှ ဖြစ်ပြီး သူတို့သည် ပါရမီရှင်များ အကြားမှ ပါရမီရှင်များ ဖြစ်ကြသည်။

အနာဂတ်တွင် ထွန်းတောက်လာမည့် ကျင့်ကြံခြင်း ကမ္ဘာ၏ ကြယ်ပွင့်ကလေးများသည် ထို တန်းခွဲ ၁ မှ ဖြစ်ကြသည်။

ကိုးပြည်ထောင် နိုင်ငံတော်၏ ကျင့်ကြံသူ အများစုအတွက် သူတို့ဘဝတွင် ရောက်ရှိနိုင်သည့် အမြင့်ဆုံးသော အဆင့်မှာ တာအိုခန္ဓာ အဆင့် ၅ သာ ဖြစ်သည်။

သို့ပေမဲ့လည်း တန်းခွဲ ၁ တွင်တော့ အနိမ့်ဆုံး အဆင့်မှာ တာအိုခန္ဓာ အဆင့် ၈ ဖြစ်သည်။ သေချာတာပေါ့ ထိုအထဲတွင် အန်လင်းကို ထည့်မတွက်ပါ။

အရိုးသားဆုံး ပြောရလျှင် ထိုပါရမီရှင်များနှင့် တစ်တန်းတည်း တက်ရမည် ဖြစ်သဖြင့် အန်လင်းက တော်တော်လေး ဖိအားများနေပြီ ဖြစ်သည်။

သူတို့ တက်ရောက်ရမည့် စာသင်ဆောင်များကို အရည်အသွေးမြင့် ကျောက်စိမ်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး အဆောက်အဦ တိုင်းမှာ စွမ်းအင် ကြွယ်ဝစွာ စီးဆင်း နေကြသည်။

ထိုသည်က ကျောင်းသားများ စာသင်ဆောင်များတွင် သင်ကြားနေစဉ်မှာပင် သူတို့၏ ကျင့်ကြံခြင်း အခြေခံကို မသိမသာ တိုးမြင့် လာစေသည်။

ထိုအဆောက်အဦများကို မန္တန်ဝင်္ကပါနှင့် ကာရံထားခြင်း မရှိပါက စွမ်းအင် ကျောက်တုံးများမှနေ ကျောင်းသားများ စုပ်ယူလိုက်သည့် စိတ်စွမ်းအင်ကြောင့် နောက်တစ်နေ့တွင် စာသင်ဆောင်များ ပြိုကျပျက်စီး သွားနိုင်သည်။

စာသင်ခန်း အတွင်းသို့ ဝင်လိုက်သည်နှင့် အန်လင်းမှာ စိတ်မသက်မသာ ခံစားရသည်။

သူမျှော်မှန်းထားသလို 'ပါရမီရှင်များ၏ အထင်သေး စက်ဆုပ်ခြင်း' ရှိမနေပါ။

အတန်းတွင်းရှိ ပါရမီရှင်များက သူအား တစ်ချက် ကြည့်လာကြသော်လည်း အများစုမှာ မျက်လုံးထဲတွင် စူးစမ်းလိုသည်များ ပြည့်နှက်နေသည်။

'နောက်ခံတောင့်ပြီး မရိုးဖြောင့်သည့် ကျောင်းသား' ဟူသည့် အန်လင်း၏ ဂုဏ်သတင်းသည် စာရင်း ပေးသွင်းရသည့် ပထမဆုံးနေ့မှာပင် ကျောင်းတစ်ခုလုံး ပျံ့နှံ့သွားပြီး ဖြစ်သည်။

ကံကောင်းသည်မှာ အန်လင်းက ဒီနှစ် လူသစ်များထဲ လူသိ အများဆုံးသော ကျောင်းသား မဟုတ်ဘဲ လူသိများမှုတွင် နံပါတ် ၃ နေရာမှာသာ ရှိနေခြင်း ဖြစ်သည်။

နောက်နှစ်ယောက်က ဘယ်သူတွေများလဲ။

စုရှောင်လန် ဆီမှ ကြားထားသည်မှာ အခြား နာမည်ကြီး နှစ်ယောက်သည်လည်း အစစ်အမှန် နတ်ဘုရား တစ်ပါး၏ ထောက်ခံစာများ အသီးသီး ရရှိထားကြသည် ဟူ၍ ဖြစ်သည်။

ယခင်နှစ်များတွင် စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်၌ စာရင်း ပေးသွင်းကြသည့် ကျောင်းသား အသစ်များသည် အစစ်အမှန် နတ်ဘုရား၏ ထောက်ခံစာ ရရှိသူမှာ တစ်ယောက်တလေတောင် မပါတတ်ပေ။ ထိုအချက်ကို ကြည့်မည်ဆိုလျှင် အစစ်အမှန် နတ်ဘုရား တစ်ပါးထံမှ ထောက်ခံစာ ရရှိရန်မှာ အမှန်တကယ်ကို ခက်ခဲသည်ဟု ဆိုနိုင်သည်။

အစစ်အမှန် နတ်ဘုရားတစ်ပါး ထံမှ ထောက်ခံစာကို ဝင်ခွင့်ကြေညာချက် အဖြစ် တံဆိပ်ကပ်မည် ထက်စာလျှင် ကျောင်းသား၏ စွမ်းရည်ကို ဖော်ပြပေးသည့် အချက်အလက်ဟု မြင်သည်က ပိုကောင်းမည်ဖြစ်သည်။

အစစ်အမှန် နတ်ဘုရားများ ထံမှ အသိအမှတ် ပြုမှုသည် ကျင့်ကြံခြင်း ကမ္ဘာတွင် ပြိုင်ဘက်ကင်း ဂုဏ်ယူထိုက်သည်လည်း ဖြစ်သည်။

အစစ်အမှန် နတ်ဘုရား၏ ထောက်ခံစာ ရရှိသော ကျောင်းသားအသစ်များ အားလုံးသည် ပြိုင်ဘက်ကင်းသည့် ပါရမီများ ရှိကြသည်ဟု ဆိုသည်။

စုရှောင်လန်၏ ပြောကြားချက် အရ ဒီနှစ် လူသစ်တန်းတွင် အစစ်အမှန် နတ်ဘုရားထံမှ ထောက်ခံချက် ရရှိထားသော နှစ်ယောက်သည် ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။

ရွှမ်ယွမ်ချန်သည် အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်းဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်၏ သားဖြစ်ပြီး  ထိုဂိုဏ်းသည် လေဟာပြင် ပြည်နယ်တွင် တည်ရှိသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့် ဖြစ်သည်။

စုချန်းရန်သည် ခရမ်းကြယ်စင် ပြည်နယ်တွင် တည်ရှိသည့် သစ်စိမ်းတော အင်ပါယာ မိသားစု၏ မင်းသမီးဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့် ဖြစ်သည်။ ကောလာဟလများ အရ သူမသည် တာအိုကို အရူးအမူး စွဲလမ်းနေသူဟု ဆိုသည်။

တာအိုခန္ဓာ အဆင့် ၁၀ သို့ ရောက်ပြီးသည်နှင့် နောက်တစ်ဆင့်မှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ဖြစ်သည်။ ထိုသည်ကို ကြည့်မည်ဆိုပါက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိရန် မည်မျှ ခက်ခဲကြောင်း သိနိုင်သည်။ အန်လင်း ကြားဖူးသည်မှာ တန်းခွဲ ၁ အတွင်းရှိ ပါရမီရှင် အများစုတောင်မှ ငါးနှစ်ကြာ သင်ကြားမှု ပြီးမြောက်သည်တွင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ မရောက်ရှိနိုင်ဟု။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ပြီးသည်နှင့် ကောင်းကင်ဘုံ ပိုင်နက်၏ အင်မော်တယ်အဆင့် အဖွဲ့ဝင် တစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံရမည် ဖြစ်ပြီး 'အင်မော်တယ်ပေါက်စ' ဟူသည့် ဂုဏ်ပုဒ်တစ်ခု ရရှိမည် ဖြစ်သည်။

ထိုနှစ်ယောက်သည် ကျောင်းတော်သို့ ဝင်ရောက်ပြီး များမကြာမီတွင် အင်မော်တယ် အဆင့်သို့ ရောက်ရှိမည့် အလားအလာရှိသည်။ ထိုဖြစ်ရပ်က စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်တစ်ဝန်း အတော်လေး ဂယက်ရိုက်စေသည်။

ထိုသူတို့နှင့် တူညီစွာ အန်လင်းသည်လည်း အစစ်အမှန် နတ်ဘုရား တစ်ပါး၏ ထောက်ခံစာကို ရရှိခဲ့ပါသည်။ သို့ပေမဲ့လည်း အန်လင်းမှာ ရှက်ရွံ့မှုကြောင့် သူ့ကိုသူ ကျင်းတစ်ကျင်း တူးပြီး မြှုပ်နှံချင်စိတ်ပင် ဖြစ်ပေါ်မိသည်။

တန်းခွဲ ၁ မှ ကျောင်းသား အားလုံးမှာ ရွှမ်ယွမ်ချန်နှင့် စုချန်းရန်တို့ကို ပိုစိတ်ဝင်စား ကြပြီး 'နောက်ခံကောင်းပြီး မရိုးဖြောင့်သည့် အန်လင်း' ကိုတော့ အနည်းငယ်သာ အရေးစိုက်ကြသည်။ သို့ပေမဲ့လည်း သူတို့က အန်လင်းအား ခနဲ့တဲ့တဲ့ ပြောခြင်း လှောင်ပြောင်ခြင်းတော့ မပြုကြပါ။

အန်လင်းက ထိုအခြေအနေမှ စိတ်သက်သာရာ ရနိုင်ရန် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသွားသည်။ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်က အရေးအကြီးဆုံးပဲ ... ဟင်း ... အန်လင်းက အတန်း၏ အနောက်ဘက်တွင် ထိုင်လိုက်ပြီးနောက် စုရှောင်လန် လက်ဆောင် ပေးထားသည့် အသက်ရှူထုတ်ခြင်း နည်းစဉ် ကျင့်ကြံခြင်း စာအုပ်ကို တိတ်တဆိတ် ဖတ်နေလိုက်သည်။

အံ့ဩတကြီး အော်သံများက အတန်းတွင်း ပေါ်ထွက်လာသည်။ သူ့မျက်လုံးများကို ပိတ်ထားလျက် တောင်မှာ ရွှမ်ယွမ်ချန် သို့မဟုတ် စုချန်းရန် တစ်ယောက်ယောက် အတန်းအတွင်းသို့ ဝင်လာခြင်း ဖြစ်မည်ဟု အန်လင်းက ပြောနိုင်သည်။

သေချာတာပေါ့။ မိန်းကလေး တစ်ယောက်က ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။ သူမက ကြယ်တစ်လုံးပါသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးထိရှည်သည့် နက်မှောင် တောက်ပသော ဆံနွယ်များရှိသည်။ သူမ၏ မိုးပြာရောင် မျက်လုံးထဲတွင် ထူးဆန်းသည့် ရောင်စုံများက ရေးရေးမျှ တောက်ပနေသည်။

အန်လင်းက အကြည့်များကို သူမဆီမှလွဲ မရွှေ့နိုင်တော့ပါ။

တကယ်လို့ တစ်ယောက်ယောက်က သူမအား အလွန်လှပသည်ဟု ဆိုလျှင်တောင် မည်သူကမျှ ငြင်းပယ်ကြမည် မဟုတ်ဟု အန်လင်းက ခံစားရသည်။

ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် 'ကျောင်းတော်၏ အလှဘုရင်မ' ဂုဏ်ပုဒ်သည် ယနေ့မှစ ခြွင်းချက်မရှိ သူမအတွက်သာ ဖြစ်သည်။

အတန်းဖော်များ၏ အံ့အားသင့်သည့် အကြည့်များကို ရင်ဆိုင်ရသော်လည်း စုချန်းရန်၏ မျက်နှာတွင် စိတ်ဝင်စားသည့် အမူအရာ ရှိမနေပါ။ သူမက စာသင်ခန်း၏ ထောင့်သို့ လျှောက်သွားပြီနောက် အေးအေးသက်သာ ထိုင်ချလိုက်သည်။

"မိုးကောင်းကင်က တကယ် မတရားဘူး ... သူမက အရမ်းကို ပါရမီ ပါပြီးသားလေ ... အဲဒါကိုတောင်မှပဲ အရမ်းကို စွဲမက်ဖို့ကောင်းတဲ့ အလှအပကို ထပ်ပြီး ပိုင်ဆိုင် ထားသေးသတဲ့လား ..." စုရှောင်လန်က မျက်မှောင်ကြုတ်ပြီး တီးတိုး ရေရွတ်နေသည်။

"ဘာတွေ ဖြစ်နေတာတုန်း ... မနာလို ဖြစ်နေတာလား ..." အန်လင်း အတွက်တော့ စုရှောင်လန်၏ အမူအရာမှာ အရမ်းကို ရယ်စရာ ကောင်းနေသည်။

"နင့်စာအုပ်သာ သွားဖတ်နေစမ်းပါ အရူးရဲ့ ..." စုရှောင်လန်က လေသံမာမာနှင့် ပြောသည်။

များမကြာမီ မှာပင် အံ့ဩတကြီး အော်ဟစ်သံများက စာသင်ခန်းအတွင်း တစ်ဖန် ပေါ်လာပြန်သည်။ ထိုအသံများထဲတွင် ကျောင်းသူ အများစု၏ အော်ဟစ်သံများကို ကြားနေရသည်။

မျက်ခုံးကောင်းကောင်းနှင့် စူးရှသည့် မျက်လုံးများ ရှိသည့် အမျိုးသား တစ်ယောက်က တက်ကြွလန်းဆန်းသည့် အပြုံးတစ်ခုကို မျက်နှာတွင် ချိတ်ဆွဲလျက် စာသင်ခန်း အတွင်းသို့ ဝင်ရောက်လာသည်။

အသစ် ဝင်လာသူသည် အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်း ဂိုဏ်းခေါင်းဆောင်၏ သားဖြစ်သူ ရွှမ်ယွမ်ချန် ဖြစ်သည်မှာ သိသိသာသာပင်။

ထိုသည်ကို ကြည့်ခြင်းအားဖြင့် သူသည် အရမ်းကို ဣန္ဒြေကြီးစွာ ပြုမူနေပုံရပြီး ကျောင်းသားများအား ယဉ်ကျေးစွာ ပြုံးပြပြီး ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

ထို့နောက် သူက စာသင်ခုံနှင့် အနီးဆုံး အရှေ့ဘက်ခြမ်း တစ်နေရာတွင် ထိုင်လိုက်သည်။

အန်လင်းသည်လည်း သူ့ကိုသူ ခန့်ညားချောမောသူ တစ်ယောက်ဟု တွေးထင်လိုက်သည်။ သို့ပေမဲ့လည်း ရွှမ်ယွမ်ချန်၏ ထူးချွန်မှုအောက်တွင် သူက မတတ်နိုင်ဘဲ 'အနည်းငယ် သိမ်ငယ်နေသည်' ကို လက်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် စုရှောင်လန်က သူမ၏ အကြည့်များကို ရုပ်သိမ်းနိုင်ခြင်း မရှိပေ။

ရွှမ်ယွမ်ချန် ဝင်လာပြီး ထိုင်ချလိုက်သည် အထိ သူမက သူ့ပုံရိပ်ကို ချစ်ခင်ကြင်နာမှု အပြည့်ဖြင့် ကြည့်နေမိသည်။

အန်လင်းက ရွှမ်ယွမ်ချန်ကို ကြည့်ကာ သက်မမော ချလိုက်သည်။ "အား ... ငါအမုန်းဆုံးက အဲလိုလူ အမျိုးအစားပဲ ... သူတို့ရဲ့ ရုပ်ရည် အသွင်အပြင်နဲ့ ပါရမီတွေသာ မရှိဘူးဆိုရင် မရှင်သန်နိုင်တဲ့ လူစားတွေပေါ့ ... အဲလိုမျိုးဆို သူတို့ရဲ့ ရှင်သန်မှုက မိဘတွေအပေါ် မှီခိုအားထား နေကြရမှာပဲ ..."

***

All Chapters