အဲ့တာက တကယ် လိုလို့လား
Vol. 69 Ch. 1364
ယဲ့ဖန်သည် ရှုကျင်းရှင်း နားမလည်သည့်စကားကို ပြောပြီးနောက် ထကာ လမ်းလျှောက်သွားတော့သည်။
ထိုအချိန်တွင် မိုရှောင်းယွီသည် ပိုက်ဆံယူရန် လုပ်နေသည်။
ငွေလွှဲခြင်းပြီးပါက အရောင်းအဝယ်ပြီးတော့မည် ဖြစ်သည်။
ထိုအချိန်တွင် လက်တစ်ဖက်မှ ရုတ်တရက် ထွက်လာပြီး ငွေလွှဲစကန်ဖတ်မည်ကို တားဆီးလိုက်သည်။
တန်ဝမ်ရှန်း၏ မျက်နှာထား မည်းမှောင်သွားသည်။
သူ ချက်ချင်း မော့ကြည့်လိုက်ရာ လူငယ်လေးတစ်ယောက် ဘေးတွင် ပြုံးလျက်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်မှ သူ့အား ကြည့်နေပုံမှာ သူ့အား လူရွှင်တော်တစ်ယောက်ကဲ့သို့ ကြည့်နေသည်ကို မြင်နိုင်လေသည်။
" မင်း ဘာလုပ်တာလဲ "
ယဲ့ဖန် နှာမှုတ်လိုက်သည်။
" ကျွန်တော်လည်း ဒီကျောက်စိမ်းကို ကြိုက်လို့ ဝယ်ချင်တယ် "
တန်ဝမ်ရှန်း သူ့ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။
" စိတ်မကောင်းပါဘူး။ ငါ ဒီဟာကို ဝယ်ပြီးသွားပြီ "
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" ငွေမပေးရသေးသရွေ့ အရောင်းအဝယ် ပြီးပြီလို့ မယူဆနိုင်ဘူး "
တန်ဝမ်ရှန်း ဒေါသတကြီး ချက်ချင်းထရပ်လိုက်သည်။
" ငါ ရှောင်ယွီနဲ့ စကားချင်း သဘောတူညီမှု ရထားပြီးသား။ ဒါက သဘောတူညီချက်တစ်ခုလို့ ယူဆနိုင်တယ် "
ယဲ့ဖန်သည် သူ့ကို နောက်မဆုတ်ဘဲ ကြည့်နေသည်။
" ရှေးဟောင်းပစ္စည်းလောကမှာ ဒီလို စည်းကမ်းမျိုး ရှိလို့လား။ အရင်က ဘာလို့ မကြားဖူးတာလဲ "
" မင်း ..... "
တန်ဝမ်ရှန်းသည် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
သူ့မျက်လုံးများမှာ ဒေါသနှင့် ပြည့်နေတော့သည်။
ယဲ့ဖန်သည် လုံးဝ မကြောက်ပေ။
သူ့မျက်လုံးများကို ရင်ဆိုင်လိုက်သည်။
ခဏကြာပြီး သူတို့နှစ်ယောက်ကြားမှ လေထုမှာ ယမ်းမှုန့်များနှင့် ပြည့်နှက်နေတော့သည်။
အနီးနားရှိ ခရီးသည်များမှာလည်း အားလုံး အံသြသွားကြသည်။
" ဘာဖြစ်နေတာလဲ။ ဒီလူငယ်နဲ့ ဒီဦးလေးကြီးက ဘာလို့ ရုတ်တရက် ရန်ဖြစ်နေတာလဲ "
" ဟုတ်တယ်၊ ဘာလို့ အချင်းချင်း ရန်ဆောင်နေကြတာလဲ "
" ဒီလူငယ်က နည်းနည်းတော့ လွန်လွန်းတယ်။ ဟိုမှာက သဘောတူညီချက် ပြီးတော့မှာဘဲ။ ဒါပေမယ့် သူက ထွက်လာပြီး ဝင်စွက်ဖက်တာပဲ "
" ဒီလူငယ်က ဘာလို့ ဒီလိုလုပ်နေတာလဲ။ သူ အစောကမှ အနိုင်ကျင့်တဲ့သူတွေကို သင်ခန်ူစာပေးထားတော့ သူက တော်တော်လေးကို ကြင်နာတတ်တယ်လို့ ထင်ခဲ့တာ။ သူ့ကို ဒီလိုလူဖြစ်ဖို့ မမျှော်လင့်ထားဘူး "
" ဒီဦးလေးက စိတ်ထားကောင်းတော့ အနိုင်ကျင့်ချင်တာ ထင်တယ် "
" ဒါဆို သူက အစောက အဲ့ဒီအနိုင်ကျင့်သူတွေနဲ့ ဘာကွာတော့လို့လဲ "
ရှုကျင်းရှင်းနှင့် လျုံဝမ်းယွမ်တို့သည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်ေနကြသည်။
သူ ဘာလုပ်ချင်နေသည်ကို သူတို့ မသိခဲ့ကြပေ။
ထိုအချိန်တွင် မိုရှောင်းယွီသည် အမြန်ထကာ သူတို့နှစ်ယောက်ကို ခွဲလိုက်သည်။
" စကားမများကြပါနဲ့။ ဒါက ကျောက်စိမ်းဆွဲသီးတစ်ခုပဲ မဟုတ်လား။ ဒီလိုလုပ်ဖို့ လိုအပ်လို့လား "
တန်ဝမ်ရှန်းသည် သူမကို လှည့်ကြည့်လိုက်သည်။
" ရှောင်းယွီ၊ မင်း ဒီကျောက်စိမ်းဆွဲသီးကို ငါ့စီရောင်းဖို့ ငါတို့ သဘောတူထားပြီးသား မဟုတ်လား "
မိုရှောင်းယွီ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ဒီကျောက်စိမ်းဆွဲသီးကို လူကြီးမင်းတန်ကို ရောင်းဖို့ ဆုံးဖြတ်လိုက်ပြီးသားပါ "
တန်ဝမ်ရှန်းသည် ချက်ချင်းပင် ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
" ကြားလား။ ရှောင်းယွီက ဒီကျောက်စိမ်းဆွဲသီးကို ငါ့စီ ရောင်းချင်တယ်လို့ ပြောပြီးသား။ မင်း ဘာပြောစရာ ရှိသေးလဲ "
ယဲ့ဖန် သူ့ကို စိုက်ကြည့်နေသည်။
သူ့မျက်နှာ၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
" အဲ့တာ သူမက ဒီကျောက်စိမ်းဆွဲသီးရဲ့တန်ဖိုးအစစ်အမှန်ရယ်၊ ခင်ဗျားက အလိမ်အညာ မျက်နှာဖုံးတပ်ထားတယ်ဆိုတာကို သူမ မသိလို့ပဲ "
ထိုစကားကို ကြားသည့်အခါ တန်ဝမ်ရှန်း၏ အမူအရာ သိသာစွာ ပြောင်းလဲသွားသည်။
သူ့နှလုံးသားမှာ တုန်ခါနေပြီ ဖြစ်သည်။
ဒီကျောက်စိမ်းဆွဲသီးရဲ့တန်ဖိုးအမှန်ကို ဒီကလေးက သိထားတာလား။
မဖြစ်နိုင်ဘူး။
ဤကဲ့သို့ ကျောက်စိမ်းဆွဲကြိုးများသည် ဈေးကွက်တွင် သိပ်မရှိသည်အထိ အလွန်နည်းပါးသည်။
လူအများစုမှာ မမြင်ဖူးကြပေ။
နာမည်ကြီး ကျောက်စိမ်းပညာရှင်များပင် ဈေးနှုန်းအား ဆုံးဖြတ်ချက်မချခင် အချိန်အတော်ကြာ လေ့လာရသည်။
သူ တစ်ချက်ကြည့်ရုံဖြင့် သိရသည့် အကြောင်းရင်းမှာ သူသည် သူဌေးကြီးတစ်ယောက်အိမ်၌ တစ်ပုံစံတည်း ထပ်တူရှိသည့်တစ်ခုကို တွေ့ဖူး၍ ဖြစ်သည်။
ပြီးတော့ ဒီလူငယ်လေးနဲ့ ဒီလောက် ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ဒီလိုအမြင် ရှိနိုင်မှာလဲ။
မိုရှောင်းယွီသည် ထိုလူကြီးမင်း စကားမပြောတော့သည်ကို မြင်ပြီး ယဲ့ဖန်ကို ကြောက်သွားသည်ဟု ထင်လိုက်သည်။
သူမသည် ချက်ချင်းပင် ယဲ့ဖန်အား ဒေါသတကြီး ကြည့်လိုက်သည်။
" ရှင် ဘာလို့ ဒီလိုပြောရတာလဲ။ တန်လူကြီးမင်းက သဘောကောင်းတာကို ရှင်က သူ့ကို ဘာလို့ ဒီလိုဆက်ဆံနိုင်တာလဲ "
တန်ဝမ်ရှန်းအတွက် သူမမှ ပြောနေသည်ကို ကြားသောအခါ ယဲ့ဖန်သည် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
" မင်းက တကယ်ကို မျှော်လင့်ချက်မဲ့လောက်အောင် မိုက်မဲတာပဲ "
မိုရှောင်းယွီသည် ထိုလူမှ သူမအား ဆဲဆိုသည်ကို ကြားသောအခါ သူမ အလွန်ဒေါသထွက်ကာ မျက်နှာပင် ဖြူဖျော့သွားခဲ့သည်။
" ရှင် ..... ရှင်က ယုတ္တိမဲ့လွန်းတယ်။ ရှင်က ဘာအခွင့်အရေးရှိလို့ ကျွန်မကို လာဆူဆဲနေရတာလဲ "
ရထားပေါ်ရှိ ခရီးသည်များသည် ယဲ့ဖန်၏ သဘောထားကို မကျေမနပ် ဖြစ်နေကြသည်။
" ဒီလူငယ်က ဘယ်လိုဖြစ်နေတာလဲ။ သူက တကယ် ကျိုးကြောင်းဆီလျော်မှုကို မရှိဘူး "
" ဟုတ်တယ်၊ ကောင်မလေးက တန်လူကြီးမင်းကို ကျောက်စိမ်းဆွဲသီး ရောင်းနေတာကို သူက မရောင်းရအောင် တားနေတာပဲ "
" နောက်ပြီး သူက ကောင်မလေးကို ငတုံးလို့ ခေါ်သေးတယ်။ သူမက ဘယ်လိုလုပ် မိုက်မဲတဲ့သူ ဖြစ်ရမှာလဲ။ သူတစ်ယောက်တည်းက ဉာဏ်ကောင်းတဲ့သူမလို့လား "
" ဒီကလေးမလေးကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူက ထင်နေတာ ဖြစ်ရမယ်။ ဒါက အနိုင်ကျင့်တာပဲ "
" လူတစ်ယောက်ကို သူ့ရဲ့ ရုပ်သွင်ပြင်အရ အကဲဖြတ်လို့ မရဘူး။ တကယ်ကျ သူက ဒီလိုလူတစ်ယောက် ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး "
ထိုလူများကို မပြောနှင့် ရှုကျင်းရှင်းပင်လျှင် ယဲ့ဖန် လွန်သွားပြီဟု ခံစားမိသည်။
သူမ အမြန်ထပြီး သူ့ကို လှမ်းဆွဲလိုက်သည်။
" ယဲ့ဖန်၊ ရှုပ်နေတာ ရပ်လိုက် "
ယဲ့ဖန်သည် သူမ၏လက်ကို ဖယ်လိုက်သွားပြီး ပြုံးလျက် ခေါင်းခါပြလိုက်သည်။
" ဒါဆို ဒီလိုပြောပေးမယ်။ မင်းက မိုက်မဲတာ မဟုတ်ဘူး။ ဒီတန်လူကြီးမင်းက ထက်မြက်လွန်းတာ "
တန်ဝမ်ရှန်းသည် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
" ကောင်လေး၊ ငါ မင်းကို သည်းခံနေပေမဲ့ မင်းက ငါ့ကို ထပ်ခါထပ်ခါ စော်ကားနေတာ။ ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်းတကယ် ထင်နေတာလား။ ဒီနေ့ မင်းငါ့ကို ရှင်းမပြရင် ငါ မင်းကို ခွင့်မလွှတ်ဘူး "
မိုရှောင်းယွီသည် သူ့အတွက် ချက်ချင်းပြောလိုက်သည်။
" ဟုတ်တယ်။ တန်လူကြီးမင်းနဲ့ ပတ်သက်ပြီး ဘာလို့ စွပ်စွဲနေတာလဲ။ သူက သူ့သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ကျောက်စိမ်းဆွဲသီးကို တစ်နိုင်ငံလုံးကို လိုက်ပြီး ရှာခဲ့တာ။ ရှင် အဲ့လို လုပ်နိုင်လို့လား "
ယဲ့ဖန်သည် ထိုမိန်းကလေးကို စိတ်မ၀င်စားနိုင်ပေ။
ကောင်းမွန်စွာ ပြောရလျှင် သူမသည် ကြင်နာတတ်သည်။ သို့သော် ရက်စက်စွာ ပြောပါက သူမသည် ဦးနှောက်မဲ့လေသည်။
သူမသည် ရောင်းစားခံရပါက ငွေပင် ကူညီရေတွက်ပေးပြီး သူမအား ကယ်တင်ခဲ့သူကိုပင် တရားခံဟု စွပ်စွဲနိုင်သည်။
သူသည် တန်ဝမ်ရှန်းဘက်လှည့်ပြီး မေးလိုက်သည်။
" ခင်ဗျားမှာ သမီး တကယ်ရှိတာလား "
တန်ဝမ်ရှန်း အမြန်ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ပြဿနာရှိလို့လား"
ယဲ့ဖန်သည် သူ့ဖုန်းကို ညွှန်ပြလိုက်သည်။
" ဒါဆို ခင်ဗျားရဲ့ဖုန်းထဲမှာ ခင်ဗျားသမီးရဲ့ ဓာတ်ပုံတွေ အများကြီးရှိလောက်တယ်မဟုတ်လား။ ကျွန်တော်တို့ကို ပြလိုက် "
တန်ဝမ်ရှန်း၏ အမူအရာမှာ ချက်ချင်းပြောင်းသွားသည်။
" ဘာလို့ ပြရမှာလဲ "
ယဲ့ဖန်သည် သူ့အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသည်။
သူ ပို၍ပင် ယုံကြည်ချက်ရှိလာသည်။
" ခင်ဗျားမှာ သွေးကင်ဆာရှိတဲ့ သမီးတစ်ယောက်ရှိတယ်လို့ ပြောတယ်။ ဒါဆို ခင်ဗျားသမီးရဲ့ ဓာတ်ပုံကိုပြ။ သမီးတစ်ယောက်ရှိတယ်ဆိုတာပဲ။ နေကောင်းလား၊ မကောင်းဘူးလားဆိုတာ မပြောတော့ဘူး။ ဘယ်လိုလဲ "
တန်ဝမ်ရှန်း အနည်းငယ် စိတ်ရှုပ်သွားသည်မှာ ထင်ရှားသည်။
သူ ခေါင်းယမ်းပြီး ငြင်းလိုက်ပြန်သည်။
" စိတ်မကောင်းဘူး။ ဒါက ငါရဲ့ ကိုယ်ပိုင်ကိစ္စပါ။ အဲ့တာကို ပြဖို့ အဆင်မပြေဘူး "
သူ့စကားကို ကြားပြီးနောက် ရထားခန်းထဲမှ ခရီးသည်များ သံသယဖြစ်သည့် အမူအရာများ ပေါ်လာတော့သည်။
" ဒါက ဓာတ်ပုံလေးတင်ပဲ မဟုတ်လား။ ဖုံးကွယ်စရာ ရှိလို့လား "
" အဲ့လိုပြောလို့ မရဘူး။ ဒါက တကယ် သူ့ရဲ့ကိုယ်ရေးကိုယ်တာလေ။ ဘာလို့ သူ့ကို ပြရမှာလဲ "
" ဓာတ်ပုံကို မြင်တော့ ဘာလုပ်လို့ရမှာလဲ။ ဒါပေမယ့် ဒီလူငယ်လေးကို ဖယ်ထုတ်နိုင်မှာဆို ဘာလို့ မလုပ်ရမှာလဲ "
" ငါလည်း နားမလည်ဘူး။ ဒီလိုဆို ပြဿနာကို လွယ်လွယ်လေး ရှင်းနိုင်မှာလေ။ ဘာလို့ ငြင်းတာလဲ "
တန်ဝမ်ရှန်း၏ အပြုအမူကို နားမလည်သည့်သူများ ရှိလာသည်။
ယဲ့ဖန်သည် သူ့သမီး၏ ဓါတ်ပုံကို ပြပါက ရပ်ပေးမည်ဟု ပြောထားပြီးသား ဖြစ်သည်။
ဒါဆို သူက ဘာလို့ ငြင်းနေတာလဲ။