← Chapters

( ချန်ရှုံးရဲ့ ရည်မှန်းချက်)

Vol. 4 Ch. 43

( ချန်ရှုံးရဲ့ ရည်မှန်းချက်)

Vol. 4 Ch. 43

ချန်ရှုံးတစ်ယောက် နေအိမ်မှာ ထိုင်နေရင်း အတွေးထဲ နစ်နေသည်။ သူ့ရဲ့မျ​က်လုံးတွေလဲ ကျဥ်းမြှောင်းနေလေ၏။

လက်ဖက်ရည်ခွက်ကို လက်မှာကိုင်ထားရင်း အဖုံးဖွင့်လိုက်သည်။

အဖုံးနဲ့ ခွက်နှုတ်ခမ်းရဲ့ ထိသံကြောင့် စူးရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်မှာပဲ ဝတ်စုံနက်နဲ့လူတစ်ယောက် အခန်းထဲ ဝင်လာလေ၏။

ချန်ရှုံး မှိတ်ထားတဲ့မျက်လုံးကို မဖွင့်ဘဲ တည်ငြိမ်စွာ မေးလိုက်သည်။

“ ဘယ်လိုအခြေအနေရှိလဲ?”

ထိုလူ အံ့သြသွားပြီး အမြန်ဖြေလိုက်သည်။

“ သခင်ကြီး အရှေ့ရက်က သတင်းဖျန့်ခဲ့တဲ့ သူတွေအားလုံးကို တိတ်တဆိတ် ရှင်းပြီးပါပြီ”

ချန်ရှုံး ခေါင်းတစ်ဆတ်ဆတ် ညိတ်လိုက်သည်။

ထို့နောက်မှာ သူ့ရဲ့မျက်လုံးကို ဖွင့်လိုက်ကာ…

အခါးရည်ခွက်ရဲ့ အဖုံးကို စားပွဲပေါ် ပြန်တင်လို​က်သည်။

ထို့နောက်မှာ ထိုင်ခုံက ခပ်​ဖြည်းဖြည်း ထလိုက်ကာ အကြောဆန့်လိုက်သည်။

သူ ပြုံးလိုက်ကာ

“ ကောင်းတယ်။ ဒီကိစ္စကို ငါတို့ သတိထားပြီး ကိုင်တွယ်ရမယ်”

“ ဒီရက်ပိုင်းထဲ ကျင်းယိ အစောင့်တပ်က လှုပ်ရှားမှုရှိသေးလား?”

ထိုလူက အမြန်ဦးညွတ်လိုက်ကာ

“ ကျွန်တော် စုံစမ်းထားသလောက် ကျင်းယိ အစောင့်တပ်က တိတ်တဆိတ် စုံစမ်းနေတုန်းပဲတဲ့။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ပတ်သတ်ခဲ့သမျှ လူတွေအားလုံးကို ရှင်းပြီးသွားပြီ။ ​ပြီးတော့ ဒီနေ့ မြို့တော်ထဲကို အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် ဆန်းကြယ်စွာ ပေါ်လာခဲ့တယ်။ ဒါကြောင့် ဒီနေ့ ကျင်းယိအစောင့်တပ်က ကျွန်တော်တို့ဘက်ကို မစုံစမ်းအားခဲ့ဘူး”

ချန်ရှုံးရဲ့မျက်နှာက နောက်ဆုံးတော့ လင်းလက်သွားကာ ပြုံးလိုက်သည်။

“ အရမ်းကောင်းတယ်! ကောင်းကင်ဘုံက ငါတို့ကို ကူညီလိုက်တာပဲ။ ကျင်းယိအစောင့်တပ်က ထျန်းချီတာဝါကိုမှ ပြဿနာ သွားရှာခဲ့တယ်။ ကိုယ့်အရည်အချင်း ကိုယ် မသိတဲ့ဟာတွေ”

ထို့နောက်မှာ ချန်ရှုံးက လက်နောက်ပစ်လိုက် သေးသည်။

“ ဒါနဲ့ အဲ့ဒီလူ နန်းတော်က ထွက်သွားပြီးနောက်ပိုင်း ဘာသတင်း ကြားရသေးလဲ?”

ဝတ်စုံနက်နဲ့သူက ပြန်ဖြေလိုက်သည်။

“ သခင်ကြီး သတင်းတွေအရတော့ အဲ့ဒီလူက နန်းတော်ထဲမှာ အရှင်မင်းကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက်မှာ ပျောက်ကွယ် သွားပါတယ်တဲ့။ စကားများခဲ့တယ် ပြောတယ်!”

“ ကောင်းတယ်!!”

ချန်ရှုံး မထိန်းနိုင်စွာ အော်ဟစ်လိုက်သည်။

သူ့ရဲ့ လက်နှစ်ဖက်လဲ အနည်းငယ် တင်းကျပ်သွားခဲ့သည်။

ဝတ်စုံနက်နဲ့သူက မနေနိုင်စွာ မေးလိုက်သည်။

“ သခင်ကြီး အဲ့ဒါ ဘာကိုဆိုလိုတာလဲ?”

ချန်ရှုံး ပြုံးလိုက်ကာ

“ တွေးကြည့်လေ။ သူတို့တွေ ထျန်းချီတာဝါကို ရန်စပြီးနောက်မှာ ဘာတွေကြုံရမယ်လို့ မင်းထင်လဲ?”

ထိုလူ အချိန်အကြာကြီး တွေးတောလိုက်ပြီးနောက်မှာ သတိကြီးကြီး ထားကာ ပြန်ဖြေလိုက်သည်။

“ အရှင်မင်းကြီးသာ ပါးနပ်စွာ ဖြေရှင်းခဲ့ရင် အခုကိစ္စက အဖက်ဆယ်လို့ ရနိုင်လောက်သေးတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ထျန်းချီတာဝါကို ဆန့်ကျင်တာ မရပ်ခဲ့ဘူး။ သူတို့ရဲ့ ဒေါသကို မလွဲမသေ ရင်ဆိုင်ရတော့မှာပေါ့”

ချန်ရှုံး ခေါင်းညိတ်လိုက်ကာ

“ အဲ့ဒါ အဓိကအချက်ပဲ။ ဒီတော့ ရှကျိုးယွီ ငြိမ်ခံခဲ့မယ် မင်းထင်လား? ဒီရက်ပိုင်း သူ့ရဲ့ လှုပ်ရှားမှုတွေ ကြည့်ရသလောက် သေချာပေါက် ငြိမ်ခံခဲ့မှာ မဟုတ်ဘူး။ ဒီလိုဆိုမှတော့ ထျန်းချီတာဝါကို ဒေါသ ထွက်စေခဲ့မှာပဲ”

“ ထျန်းချီတာဝါသာ ဒေါသတကြီးဝင်လာခဲ့ရင် အကျိုးဆက်က မတွေးရဲစရာပဲ။ တရှားတိုင်းပြည် တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး ငါတို့ကိစ္စကို ဘယ်သူမှ မစုံစမ်းနိုင်တော့ဘူး”

“ မဟာတံတိုင်း ဆောက်မဲ့ကိစ္စတောင် ရပ်ထားရလိမ့်မယ်။ ဘဏ္ဍာငွေတွေကလဲ ငါ့လက်အောက်မှာ ရှိအုံးမှာပဲ။ ပြီးရင် လူတွေအားလုံးက အဲ့ဒီထျန်းချီတာဝါကို အာရုံစိုက်နေလိမ့်မယ်”

ချန်ရှုံးရဲ့ အပြုံးတွေ ပိုမိုကြီးမားလာလေ၏။

“ လီချန်ချိုးကတော့… မိဖုရားရဲ့ နောက်ခံသာ မရှိရင် သူ့ကိုရှင်းဖို့က လွယ်တယ်။.အခုတော့ သူ့ကို တိတ်တဆိတ် ရှင်းမှဖြစ်တော့မယ်”

ဝတ်စုံနက်နဲ့ ကြောက်စရာလူက ပြောလိုက်သည်။

“ သခင်ကြီး!”

ချန်ရှုံး ဒီကိစ္စကို ထပ်မပြောတော့ပေ။

ထိုအစား သူက အခန်းထဲမှာ ရှေ့နောက် လျှောက်နေခဲ့သည်။

ရုတ်တရက် သူ့ရဲ့မျက်လုံးတွေ လင်းသွားသည်။

“ ဟုတ်ပြီ။ လုချန်ရဲ့ သတင်းကို အဲ့ဒီထျန်းချီတာဝါရဲ့ အင်အားကြီးပုဂ္ဂိုလ်ဆီ လျှို့ဝှက် ပို့ခိုင်းဖို့ လုပ်လိုက်။ ငါတို့ မီးစာထည့်ပေးလိုက်ရင် ဒီကိစ္စက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာလိမ့်မယ်”

ပြောရင်းပြောရင်းနဲ့ ချန်ရှုံးရဲ့အကြည့်က ပိုတောက်ပကာ ကြောက်မက်ဖွယ် ဖြစ်လာခဲ့သည်။

အစောပိုင်းက သူ့ရဲ့ ကြောက်လန့်နေတဲ့ စိတ်နှလုံးလဲ အခုချိန်မှာ သက်သာရာ ရသွားခဲ့သည်။

ဒါကိုကြားတော့…

ဝတ်စုံနက်နဲ့သူ ကျောရိုးတစ်လျှောက် အေးစိမ့် သွားသည်။

ဒီကိစ္စက တစ်ဖြည်းဖြည်း နက်ရှိုင်းလာမှာ သေချာနေပြီ..!

အဆုံးမှာ တရှားတိုင်းပြည်ရဲ့ အရှင်မင်းကြီး သေရတော့မှာပဲ!

.

……..

ကျောက်ကောင်း ဒါတွေအားလုံးကို နားထောင်နေခဲ့သည်။

သူ့ရဲ့မျက်လုံးထဲက လူသတ်ငွေ့တွေက ပိုပြီး ကြီးထွားလာလေ၏။ ကျောက်ကောင်းက ချန်ရှုံးကို ကြည့်လို့ကို မရခဲ့တာပင်။

အခုချိန်မှာ အဲ့ဒီလူရဲ့ သစ္စာဖောက်မှုကို နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတော့ ပိုပြီးသတ်ချင်စိတ် ပေါက်လာခဲ့သည်။

“ ချီးပဲ! အဲ့ဒီချန်ရှုံးက သစ္စာဖောက်ကောင်! ထျန်းချီတာဝါကို လျှို့ဝှက်ပူးပေါင်းပြီး အရှင်မင်းကြီးကို သတ်ဖို့ပါ ကြံစည်ရဲတယ်!”

ကျောက်ကောင်း ပြောလိုက်သည်။

သူ့ရဲ့မျက်လုံးမှာ ဒေါသတွေ တောက်လောင် နေခဲ့သည်။

“ အရှင်မင်းကြီး ငါ့ကိုဒီနေရာ လွှတ်ခဲ့တာက သူ့ကိုကာကွယ်ဖို့ မဟုတ်ဘဲ စောင့်ကြည့်ဖို့ပဲ”

“ ချန်ရှုံး တစ်ခုခု ကြံစည်နေမှန်း အရှင်မင်းကြီး သိထားပြီးသား ဖြစ်ရမယ်!”

“ ငါဘာလုပ်ရမလဲ?”

“ အခုဒီလိုထိ ဖြစ်လာပြီးပြီဆိုတော့ ငါ ဘာဆက်လုပ်သင့်လဲ?”

ကျောက်ကောင်း ရုတ်တရက် တစ်ခု တွေးမိသွားသည်။

လီချန်ချိုး!

သူသာ လီချန်ချိုးကို ဒီသတင်း ပေးလိုက်ရင်..!

ကျင်းယိအစောင့်တပ်ရဲ့ အကူအညီနဲ့ဆို..

အကုန်လုံး လွယ်ကူသွားမှာပဲ!

……

ကျင်းယိအစောင့်တပ်ရဲ့ မြောက်ပိုင်းအဆောင်တွင်…

လီချန်ချိုး တော်ဝင်ဓားကို ဖုန်သုတ်နေရင်း အနည်းငယ် ပျင်းရိနေခဲ့သည်။

ဒီရက်ပိုင်း မြို့တော်ထဲမှာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့သည်။

ဒါကြောင့်ပဲ သူ့ရဲ့စုံစမ်းမှုက မပြီးခဲ့ဘူး။

တစ်ယောက်ယောက် သေချာ အဆက်ဖြတ်လိုက်သလိုမျိုး သူ ခံစားနေရသည်။

“ စိတ်တိုဖို့ ကောင်းလိုက်တာ!”

“ သံသယဝင်စရာ တွေ့ရက်နဲ့ လမ်းစ ပျောက်နေတယ်လို့ကွာ!”

လီချန်ချိုး ခပ်တိုးတိုး ပြောနေလိုက်သည်။

သူ့ရဲ့မျက်လုံးထဲမှာ မကျေနပ်မှုတို့ ရှိနေသည်။

ထိုအချိန်မှာ တုန်လှုပ်နေတဲ့ မျက်လုံးများနဲ့ အစောင့်တစ်ယောက် ဝင်လာခဲ့သည်။ သူ့လက်ထဲမှာ စာတစ်စောင် ရှိသည်!

“ တစ်ယောက်ယောက် လျှို့ဝှက်စာ ပို့လာပါတယ်”

လီချန်ချိုး ချက်ချင်းပဲ တော်ဝင်ဓားကို စားပွဲပေါ် တင်ကာ လှမ်းယူလိုက်သည်။

“ ဘယ်သူပို့တာလဲ?”

တစ်ချိန်ထဲမှာ သူ မေးလိုက်သည်။

“ နန်းတော်က ဖြစ်မဲ့ပုံပါပဲ!”

“ နန်းတော်က ဟုတ်လား? ဒါဆို ယောက်ဖ ဘုရင်ကြီးဆီကများလား?”

လီချန်ချိုး သတိမပြုပဲ မနေရဲတော့ဘူး။ ချက်ချင်းပဲ စာလိပ်ဖွင့်ကာ သေချာ ဖတ်လိုက်လေ၏။

ချန်ရှုံးရဲ့ ပြစ်မှုမှတ်တမ်းများ အကြောင်းပဲ။ သေချာ မှတ်တမ်းတင်ထားပြီးတော့ ရေးထားတာပင်။ အလွန်များသည်!

လီချန်ချိုးရဲ့ မျက်လုံးတွေ ပိုပိုပြီး ပြူးကျယ်လာခဲ့သည်။

“ ဝိုး ဒီတီကောင်က တော်တော် ဝတုတ်နေပြီပဲ”

“ ဟဟ! ယောက်ဖဘုရင်ကြီး ငါ့အပေါ် ဒီလောက် မျှော်မှန်းချက်ကြီးမယ် မထင်ထားဘူး။ ဒီတီကောင်ကို ငါ့ပါးစပ်တည့်တည့် ချပေးလိုက်တယ်ဆိုတော့!”

“ ဒါငါ့အတွက် နာမည်ဖန်တီးနိုင်မဲ့ အခွင့်အရေးပဲ! ငါသေချာပေါက် ဖမ်းဆုတ်ရမယ်!”

“ နေအုံး။ ဒီလောက်သက်သေ ခိုင်မာနေတာကို ယောက်ဖဘုရင်ကြီးက ဘာလို့ တန်းမဖမ်းဘဲ ငါ့ကို ပေးတာလဲ?”

“ ငါ့ကိုကိုင်တွယ်ခိုင်းရင် ပိုလုံခြုံမယ် တွေးလို့လား?”

လီချန်ချိုး အတွေးများသွားသည်။ သူ့ရဲ့အကြည့်က စားပွဲပေါ်က တော်ဝင်ဓားတော်ဆီမှာ ရှိနေသည်။

“ ဟုတ်သား! ယောက်ဖဘုရင်ကြီးက ငါ့ရဲ့ ကလေးဆန်တဲ့ သဘာဝကို အသုံးချပြီး အဲ့ဒီအကျင့်ပျက် အမတ်ကို ရှင်းဖို့ ကြိုးစားနေတာပဲ!”

လီချန်ချိုး ကိုယ့်ဘာသာ အတွေးပေါက်ကာ စားပွဲခုံကို ရိုက်ချလိုက်သည်။

“ ညီကိုတို့!”

“ မင်းတို့ နာမည်ဖန်တီးနိုင်မဲ့ အခွင့်အရေးရပြီ! ချန်ရှုံးကို ဖမ်းနိုင်ရင် ရွှေစတစ်ထောင် ပေးမယ်!”

“ ပြီးရင် အရှင်မင်းကြီးဆီမှာ ငါကိုယ်တိုင် မင်းတို့အကြောင်း ချီးကျူးပေးမယ်”

ပြောရင်းနဲ့ လီချန်ချိုးရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာခဲ့သည်။

“ ဒါပေမဲ့ ဒီလူက အလုပ်ခန့်အပ်ရေးဋ္ဌာနရဲ့ အမတ်​ကြီးနော်! အဆင့်မြင့်အရာရှိပဲ။ ကျွန်တော်တို့ ဘယ်လိုလုပ်..”

လီချန်ချိုး မျက်နှာကို မဲ့လိုက်ကာ

“ ဘာမှမဖြစ်ဘူး။ အရှင်မင်းကြီး အမိန့်မပေးထားဘူးဆိုပေမဲ့ သေချာပေါက် ဒါကို စောင့်နေမှာ ငါယုံကြည်တယ်!”

“ ဒီတော်ဝင်ဓားတော်က အရှင်မင်းကြီးကို ကိုယ်စားပြုတယ်”

“ ဒါကို ကိုင်ထားရင် မထိနိုင်တဲ့သူတွေကိုလဲ ငါထိရဲတယ်!”

“ ငါချန်ရှုံးကို ဖမ်းကိုဖမ်းရမယ်!”

“ ညီကိုတို့ သွားစို့”

“ ပစ်မှတ်က အလုပ်ရေးရာအမတ်ကြီး အိမ်တော်က ချန်ရှုံးပဲ!”

အကုန်လုံး တက်ကြွစွာ ပြန်ဖြေလိုက်ကြသည်။

“ ဟုတ်ကဲ့!”

ကျယ်လောင်တဲ့ ခြေသံများနဲ့ လီချန်ချိုး ဦးဆောင်တဲ့ အစောင့်တပ်က ချန်ရှုံးရဲ့ အိမ်တော်ဆီ ဦးတည်သွားလေရဲ့။

……………

All Chapters