( အစီအစဥ်တွေ ပျက်ရပြီ)
Vol. 4 Ch. 46
“ဗွမ်း!”
သခင်ကျီရဲ့ မျက်နှာထက်ကို ရေအေးတွေ ကျရောက်သွားခဲ့သည်။
ချက်ချင်းပဲ သူ သတိဝင်လာတော့သည်။
ဘေးပတ်ပတ်လည်က ရေပုံးကိုယ်စီ ကိုင်ထားတဲ့ မိန်းမစိုးတွေကို မြင်တော့ သူ့ရဲ့မျက်နှာက ရှုတ်ထွေးသွားလေ၏။
ရှကျိုးယွီရဲ့ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ခံ့ညားတဲ့ ရုပ်ရည်ကို မြင်တော့မှ ချက်ချင်းပဲ အသိစိတ်ကပ်ကာ ဇောချွေးတွေ ပြန်လာတော့သည်။
“ အရှင်မင်းကြီး!! အရှင်မင်းကြီး”
ရှကျိုးယွီအရှေ့မှာ ချက်ချင်း ဒူးထောက်ပြီး ဆက်တိုက် ဦးညွှတ် အရိုအသေပြုတော့သည်။
ရှကျိုးယွီရဲ့ မျက်နှာကတော့ ဒေါသကြောင့် နီရဲနေခဲ့သည်။ သူ့ရဲ့အကြည့်ကလဲ သခင်ကျီအပေါ်မှာပဲ!
“ မဆိုးဘူး။ ဉာဏ်ပြေးသားပဲ! ပြောစမ်း! ထျန်းချီတာဝါကလူကို မင်းဘာပြောလိုက်တာလဲ?”
သခင်ကျီ အံ့သြသွားခဲ့သည်။
'ထျန်းချီတာဝါကလူကို ဘာပြောခဲ့တာလဲ ဟုတ်လား?’
‘ နေအုံး! နေအုံး! အဲ့ဒီလူကော?’
‘ ငါဘာလို့ ရုတ်တရက်ကြီး ဒီနေရာ ရောက်နေရတာလဲ?’
‘ အဲ့ဒီလူ ဘယ်ရောက်သွားတာလဲ?’
‘ အစောပိုင်းက ငါ ရှကျိုးယွီကို သတ်လို့ ရတော့မှာလေ!’
‘ ဒါပေမဲ့ အခုဘာလို့ သူ့ရှေ့တည့်တည့် ရောက်နေရတာလဲ?’
ဒါပေမဲ့ သခင်ကျီ မေးခွန်းတစ်ခုမှ ထုတ်မမေးရဲဘူး။ ထိုအစား သူက အမြန်ဖြေကြားလိုက်သည်။
“ ကျွန်တော်မျိုး… အရှင်မင်းကြီး ဒါတွေအားလုံးက ချန်ရှုံး ကျွန်တော်မျိုးကို လုပ်ခိုင်းခဲ့တာပါ။ ကျွန်တော်မျိုး ဘာမှ မသိပါဘူး!”
ရှကျိုးယွီရဲ့ မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။
ဒီကောင်..!
ဒီကောင် ချန်ရှုံးကို ဖော်ထုတ်ဖို့ လုပ်နေတာလား?
ငါ့ရဲ့ နှစ်သက်ခံ ဇာတ်ကောင်ကို မင်းက ဖော်ထုတ်မလို့လားကွ?
ခဏတွေးပြီးနောက်မှာ ရှကျိုးယွီ ဒေါသ ထွက်နေတဲ့ မျက်နှာနဲ့ပဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းငါကိုယ်တော်ကို သေချာပြောရင် မင်းရဲ့ တာဝန်သိစိတ်ကိုကြည့်ပြီး အပြစ်လျော့ပေးမယ်။ မင်း လိမ်ညာရဲလို့ကတော့ အကျိုးဆက်ကို မင်းတွေးရဲမှာတောင် မဟုတ်ဘူး!”
သခင်ကျီ အံ့သြသွားပြီး ချက်ချင်းပြောလိုက်သည်။
“ အရှင်မင်းကြီး ဒါက…”
“ ချန်ရှုံးပါ အရှင်မင်းကြီး! ကျွန်တော် ချန်ရှုံးကို တိုင်ကြားချင်ပါတယ်”
“ အိုး?”
ရှကျိုးယွီရဲ့ မျက်နှာက မဲသထက် မဲလာလေပြီ။
“ စိတ်ဝင်စားစရာပဲ။ အစောကမှ မင်း ငြင်းနေတာမဟုတ်ဘူးလား?”
'ငြင်းတယ်’
‘ချီးပဲ ငါဘယ်လို ငြင်းရဲမှာလဲ? သေအောင်လို့လား?’
ဒါပေမဲ့ တစ်ခုခု လွဲနေမှန်း သတိထားမိတာမို့ သခင်ကျီက ရှကျိုးယွီကို မော့ကြည့်လိုက်သည်။
‘ နေအုံး။ အရှင်မင်းကြီးရဲ့ မျက်နှာထားက ဘာဖြစ်တာလဲ? သူဘာလို့ မပျော်တဲ့ပုံ ပေါက်နေတာလဲ?’
‘ အရှင်မင်းကြီး သတိထားမိပြီးသားလား?’
သခင်ကျီတွေးလေလေ၊ ပိုပြီး ဖြစ်နိုင်ချေရှိကြောင်း မြင်လာလေလေပဲ။ သူ့ရဲ့မျက်နှာပင် ရုပ်ဆိုးလာတော့သည်။
‘ ဒီလိုဆိုမှတော့ အရှင်မင်းကြီး အခုလို ဒေါသထွက်နေဖို့လိုလို့လား? ထျန်းချီတာဝါက လူကကော ဘယ်မှာလဲ? သူကကော ဘာလို့ မရှိရတာလဲ?’
‘ ဖြစ်နိုင်တာ အရှင်မင်းကြီးနဲ့ ထျန်းချီတာဝါ က လူနဲ့ ပေါင်းကြံထားတာများလား?’
‘!!!’
ထိုအချိန်မှာ ရှကျိုးယွီက သခင်ကျီကို မျက်စိမှိတ်ပြလိုက်သည်။
‘ နေအုံး! အဲ့ဒါဘာကို ဆိုလိုတာလဲ?’
‘ သူ တစ်ခုခု အချက်ပြနေတာလား?’
‘ ငါ့ကို အမှန်တိုင်းဝန်ခံစေချင်တာလား?’
သခင်ကျီ ချက်ချင်းပဲ ပြောလိုက်တော့သည်။
“ အရှင်မင်းကြီး ကျွန်တော်မျိုး မှားမှန်း သိပါပြီ။ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ချန်ရှုံးပါ! သူ အားလုံးကို နောက်က စီစဥ်ခဲ့တာ..”
ဒါပေမဲ့ ပြောနေရင်းနဲ့ တစ်ခုခုလွဲနေတာ သခင်ကျီ သတိထားမိသွားသည်။
ရှကျိုးယွီရဲ့ မျက်နှာကြီး တည်တံ့လာလို့ပင်။ မည်းနက်နေရာကနေ အစိမ်းရောင်ပင် ပြောင်းနေပြီး ကြောက်ဖို့ကောင်းနေလေရဲ့။ မျက်လုံးထဲမှာပါ လူသတ်ငွေ့တွေ လျှံထွက်လာသလိုပဲ။
သခင်ကျီ ကြောက်လန့်သွားတော့သည်။
‘ နေအုံး! အရှင်မင်းကြီးရဲ့ မျက်နှာထားက ဘာလို့ပြောင်းရပြန်တာလဲ?’
‘ အချက်ပြချင်တာလား?’
သခင်ကျီထပ်မံ ပြောလိုက်လေသည်။
“ အရှင်မင်းကြီး ဘာပြောချင်တာပါလဲ? ပြောလိုက်ပါ”
ရှကျိုးယွီမှ, “မင်း သေချာလား?”
“ အရှင်မင်းကြီးက ကျွန်တော့်ကို လာမေးနေတာလား?”
ဒါပေမဲ့ ထပ်မံရောက်လာပြန်တဲ့ အကြည့်စူးစူးကို ခံစားလိုက်ရတာမို့ သခင်ကျီ ချက်ချင်းပဲ စကားပြင်လိုက်ရသည်။
“ မဟုတ်ဘူး.မဟုတ်ဘူး။ ကျွန်တော်မျိုး ပြောတာက အရှင်မင်းကြီးက ကျွန်တော့်ကို သေချာစေချင်တာလား?”
“ ဒါမှမဟုတ် မသေချာစေချင်ဘူးလား?”
သခင်ကျီက မော့ကြည့်လိုက်ကာ
“ မဟုတ်ဘူး။ အရှင်မင်းကြီး ကျွန်တော်မျိုးဆီက ဘာလိုချင်တာပါလဲ?”
သခင်ကျီ စိတ်မရှည်တော့ပုံပဲ။
ရှကျိုးယွီကတော့ ဒါကိုမြင်တော့ နေလို့ကောင်းသွားခဲ့သည်။
သူ လက်တစ်ဖက်ယမ်းလိုက်ပြီး..
လည်ချောင်းရှင်းလိုက်သည်။
“ အဟမ်း!”
“ ငါကိုယ်တော် ဘာလုပ်စေချင်လဲဆိုတာ မင်းဘာကို ပြောချင်တာလဲကွ? ငါကိုယ်တော် အမှန်တရားကိုပဲ သိချင်တယ်”
သခင်ကျီ နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်လေကာ
“ ဒါဆို ကျွန်တော်မျိုးပြောပါ့မယ်.. ဒီနှစ်တွေထဲမှာ.. ချန်ရှုံးက..”
ဒါပေမဲ့ စကားမဆုံးခင်မှာပဲ အစက တည်ငြိမ်လာတဲ့ အရှင်မင်းကြီးရဲ့မျက်နှာက တစ်ဖန်ပြန်ပြီး ပြောင်းလဲလာတာကို မြင်လိုက်ရပြန်ပြီ။
သူ နေရာမှာပဲ အေးခဲသွားတော့သည်။
သူ တွေးလိုက်သည်။
‘ချန်ရှုံးကို မပြောရဘူးလား?’
‘ ဒါပေမဲ့ ငါအပြစ်ခံလိုက်ရင် ငါသေမှာပေါ့ဟ။ ငါ့ရဲ့မျိုးဆက်တစ်ခုလုံးပါ သေရမှာ!’
‘ အရှင်မင်းကြီး ငါ့ကို ခက်ခဲအောင် လာလုပ်နေတာ မဟုတ်ဘူးလား!’
‘ ထားတော့။ ဘယ်လိုနေနေ အကောင်းအတိုင်း ပြီးမဲ့ကိစ္စမဟုတ်ဘူး။ တစ်ခြားလူတွေပါ ဖော်ပစ်မယ်!’
‘ လူများတော့ ပွဲစီတာပေါ့’
သခင်ကျီ စိတ်ပိုင်းဖြတ်လိုက်သည်။ ရှကျိုးယွီရဲ့ မျက်နှာထားကို ဂရုမစိုက်တော့ဘဲ သူ တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ အရှင်မင်းကြီး ချန်ရှုံးက အရှင်မင်းကြီးရဲ့ နောက်ကွယ်မှာ မကောင်းတဲ့သတင်းတွေ ဖြန့်ခိုင်းရုံတင် မကဘူး။ ဝေ့တိုင်းပြည်နဲ့ပါ တိတ်တဆိတ် ပူးပေါင်းနေပါသေးတယ်။ ပြီးတော့ မဟာတံတိုင်းဆောက်မဲ့ကိစ္စကို နှောင့်နှေးအောင်.လုပ်ချင်နေတာ”
သခင်ကျီ စိတ်လွတ်လက်လွတ် ပြောလိုက်လေ၏။
သူ့ရဲ့စကားလုံးတိုင်းက ရှင်းလင်းပြီး ပြတ်သားသည်။
ချန်ရှုံးနဲ့ နှစ်များစွာ ပူးပေါင်းပြီး သိခဲ့ရသမျှ အချက်တွေ ထုတ်ပြောလိုက်ရတော့ စိတ်ပင်လှုပ်ရှားနေခဲ့သေးသည်။
အစပိုင်းက ဖြူဖျော့နေတဲ့ မျက်နှာပင် အားအင်တွေ ပြည့်ဝလာသလိုပဲ။
သူ့ရဲ့ အပြစ်ကိုတော့ အတတ်နိုင်ဆုံး.လျှော့ပေါ့ပြီး ပြောခဲ့သည်။
တစ်ချိန်ထဲမှာ ချန်ရှုံးနဲ့ ပတ်သတ်သမျှ အရာရှိတိုင်းကို အနိမ့်အမြင့် မခွဲခြားဘဲ တစ်ယောက်မကျန် ပြောကြားလိုက်သည်။
ရှကျိုးယွီရဲ့ဘေးက မိန်းမစိုးပင် အံ့သြမှင်သက် သွားလေ၏။
‘ စကားလုံးနည်းနည်းလောက်နဲ့ အရှင်မင်းကြီးက သခင်ကျီကို ဝန်ခံအောင် လုပ်နိုင်ခဲ့တာပဲ။ ဒီကမ္ဘာပေါ်မှာ ဒါမျိုး ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်လောက်ဘူး’
‘ အစောပိုင်းက ထျန်းချီတာဝါက လူရဲ့ အပြုအမူကို ကြည့်ရင်လဲ သိနိုင်တယ်!’
‘ ဒါပေမဲ့ အရှင်မင်းကြီး.ဘယ်တုန်းက ထျန်းချီတာဝါနဲ့ ပူးပေါင်းလိုက်တာလဲ?’
ထိုမိန်းမစိုးလေးက ရှကျိုးယွီကို ပိုလေးစားလာလေ၏။
ရှကျိုးယွီကို ကြည့်နေတဲ့ သူတို့ရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတို့ လက်ထနေခဲ့သည်။
ဒါပေမဲ့ ရှကျိုးယွီကတော့ ဒီအချိန်မှာ စိတ်ပဲ ပျက်သည်!
‘သွားပြီ! အကုန်သွားပြီ!’
‘ သောက်သုံးမကျတဲ့သူတွေ!’
‘ အရိပ်တင်မဟုတ်ဘူး။ အကောင်လိုက်ပြတာကိုပါ မမြင်တဲ့ ဒီခွေးသား!’
‘ ဘာကိစ္စ အကုန်ဖော်လိုက်ရတာလဲ?’
‘ ငါ တိုင်းပြည်ကို ဘယ်လိုလုပ် ဖျက်ဆီးရတော့မှာလဲ?’
‘ အဲ့ဒါကို အမှတ်နှစ်သောင်းက တိုးလာသေးတယ်! အကုန်ပြီးသွားပြီ!’
‘ ရုံးတော်မှာ အရည်အချင်းရှိတဲ့သူက လက်ချိုးရေရင်တောင် မပြည့်တဲ့ဟာကိုကွာ! အခုတော့ ကောင်းရော!’
ရှကျိုးယွီ သေလောက်အောင် စိတ်ပျက်သွားသည်။ သခင်ကျီကို ကြည့်နေတဲ့ သူ့ရဲ့အကြည့်မှာပါ စိတ်ပျက်မှုတို့ ဝင်ရောက်လာခဲ့သည်။
‘ ဒီကိစ္စကို ဖုံးလိုက်ရမလား?’
ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင်လဲ မှားနေသလို ခံစားရသည်။
ဒီကိစ္စသာ ပျံ့သွားခဲ့ရင်…
သူ့အနေနဲ့ လုံးဝကို လက်မခံဘဲ နေလို့မရ တော့ဘူး။
သတင်းမပျံ့စေချင်ရင်လဲ ဒီအကြောင်းသိခဲ့တဲ့ မိန်းမစိုးတွေအားလုံးကို ရှင်းပစ်ရမှာပဲ။
ရှကျိုးယွီက တိုင်းပြည်ကို ဖျက်ဆီးချင်ပေမဲ့ လူတွေကိုတော့ ထိခိုက်အောင် မလုပ်ချင်ဘူး။
ချန်ရှုံးရဲ့ အပြစ်ကို အခုလို လူသိရှင်ကြား.ထုတ်ပြောခံလိုက်ရပြီးနောက်မှာ သူ ချန်ရှုံးကို ကယ်ပေးလို့ မရနိုင်တော့ဘူး။
မကယ်နိုင်တော့မှတော့…
ရွေးစရာတစ်ခုပဲ ရှိတော့သည်။
ရှကျိုးယွီ ရင်ထဲမှာ တွန့်ဆုတ်နေပေမဲ့ လက်တစ်ဖက် ယမ်းကာ အမိန့်ပေးလိုက်သည်။
“ လာကြစမ်း! ချန်ရှုံးကို အခုပဲ ခေါ်လာကြ!”
…………….