(ထူးချွန်တဲ့အုပ်ချုပ်သူမှာ မိုးရွာမဲ့နေ့အတွက် ကြိုတင်ပြင်ဆင်မှုရှိတယ်)
Vol. 4 Ch. 51
လီလင်ပု အံ့သြသွားခဲ့သည်။ သူ့ရဲ့မျက်လုံးထဲက တည်ငြိမ်မှုတွေလဲ ပျက်ယွင်းလာရပြီ။
အရှင်မင်းကြီးဘာလို့ တံတိုင်းဆောက်ဖို့ အရမ်းစိတ်အားထက်သန်နေလဲ သူ နားမလည်တော့ဘူး။
သူ့အနေနဲ့ အရှင်မင်းကြီးကို မဖျောင်းဖျ နိုင်တော့ဘူး။
“ အရှင်မင်းကြီး… ဒါဆိုရင် တစ်ခြားနည်းလမ်း ရှိပါတယ်”
ရှကျိုးယွီ လီလင်ပုကို လှည့်ကြည့်လိုက်သည်။
“ ကျွန်တော်မျိုးတို့ တရှားတိုင်းပြည်ရဲ့ ယန်ကျီမြစ်တစ်လျှောက် စီးပွားရေးအချက်အချာ မြို့ကြီးသုံးခုက မြေနေရာကောင်းမွန်တဲ့အတွက် စိုက်ပျိုးလို့ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာကို ဂိုဏ်းတွေက ကြီးစိုးထားတော့ ချမ်းသာမှုကို တိုင်းပြည်က မခံစားရဘူး။ အခွန်ကောက်လို့ ရသမျှကလဲ တစ်ခြားမြို့တွေထက်တောင် နည်းသေးတယ်”
“ အော်”
ရှကျိုးယွီ ရုတ်တရက် မှတ်မိသွားသည်။ သူ ချင်မင်းသားကို ဦးဆောင်ဖို့ဆိုပြီး စေလွှတ်ခဲ့တဲ့ မြို့သုံးမြို့ပဲမလား?
သူ ဒီကြားထဲမှာ မေ့သွားခဲ့တာပဲ။
“ မင်းဆိုလိုတာက အဲ့ဒီမြို့သုံးမြို့ကနေစပြီး အခွန်တိုးကောက်ဖို့လား?”
လီလင်ပုရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်သွားကာ
“ မဟုတ်ပါဘူး!”
“ အခွန်တိုးကောက်လိုက်ရင် ပြည်သူတွေပဲ ပိုခက်ခဲသွားမှာ! ဒါဆို ပိုဆိုးသွားပါလိမ့်မယ်”
“ ကျွန်တော်မျိုးတို့ အရင်ဆုံး အဲ့ဒီသောင်းကြမ်းနေတဲ့ ဂိုဏ်းတွေကို ဖြေရှင်းရမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာက အရာရှိအများစုက ဂိုဏ်းတွေနဲ့ ပူးပေါင်းထားပြီး အကျင့်ပျက်နေခဲ့တာ နှစ်တွေကြာနေပြီ။ ပြဿနာကိုဖြေရှင်းချင်ရင် ကျွန်တော်မျိုးတို့ အမြစ်ကနေ စပြီးဖြေရှင်းသင့်တယ် ထင်ပါတယ်”
ရှကျိုးယွီကလွဲလို့ အခန်းထဲကလူတွေအားလုံး ပင့်သက်ရှိုက်မိသွားသည်။
လီလင်ပုရဲ့ ချဥ်းကပ်မှုက ဓားသွားပေါ်မှာ ကစားနေတဲ့အတိုင်းပဲ။
အရမ်းအန္တရာယ်များလွန်းတယ်!
ကောင်းကောင်း မဖြေရှင်းနိုင်ရင် နဂို တည်ငြိမ်ပြီးသားဖြစ်တဲ့ ပြည်တွင်းရေးစစ်ပွဲတွေကို ပြန်စစေနိုင်သည်။
ဂိုဏ်းတွေကို ရင်ဆိုင်ရမဲ့ကိစ္စက ထင်သလောက် မရိုးရှင်းဘူး!
ရုံးတော်ပိုင်းနဲ့လဲ ပတ်သတ်နေသည်!
အကြီးကြီး ဖြေရှင်းရမှာ!
ရုံးတော်ပိုင်းကစပြီး ကုန်သည်တွေနဲ့ပါ ပတ်သတ်နေတဲ့..
အဲ့ဒီမြို့သုံးမြို့ကို ထိလိုက်တာနဲ့ သေချာပေါက် တိုင်းပြည်ရဲ့စီးပွားရေးပိုင်းကို ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေလိမ့်မည်။
ကြည့်လိုက်ရင် အရေးမပါသလို ထင်ရပေမဲ့..
တစ်ချက်မှားတာနဲ့ ရင်ဆိုင်ရမဲ့အကျိုးဆက်က မသေးဘူး!
ရှကျိုးယွီရဲ့ မျက်နှာက ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။
ဒီကိစ္စက..
ဖြေရှင်းပြီးသွားလို့ ပြည်သူတွေ စီးပွားရေးပိုင်း အကျိုးအမြတ်ရခဲ့ရင်တောင် ဖြစ်လာနိုင်တဲ့ ပြည်တွင်းစစ်ပွဲကြောင့် ငြိမ်းချမ်းမှုကို ပြန်ပေးဆပ်ရနိုင်သည်။
မတော်ရင် တိုင်းပြည်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်မှာ!
နောက်ကွယ်မှာ အန္တရာယ်အများကြီး ရှိတဲ့ကိစ္စပဲ!
အမှားတစ်ခုနဲ့တင် ကြီးမားတဲ့အကျိုးဆက်ကို ရလိမ့်မည်!
ရှကျိုးယွီအနေနဲ့ ကံကြမ္မာအမှတ်ကို တိုက်ခိုက်ချင်တာဆိုပေမဲ့ သူ အခြေအနေကို နားလည်ပါသေးသည်။
ဒီကိစ္စကို ကိုင်တွယ်လိုက်တာနဲ့..
အင်အားကြီးတဲ့သူတွေနဲ့ လူချမ်းသာတွေက တစ်ဖက်မှာ စုသွားလိမ့်မည်။
အခြေအနေတွေက မရိုးရှင်းနိုင်တော့ဘူး။
ဒီလိုနဲ့ ရှကျိုးယွီ အရှေ့နဲ့အနောက် လမ်းလျှောက်ကာ တွေးနေခဲ့သည်။
အရှေ့အနောက် လျှောက်နေရင်းနဲ့ အဆုံးမှာတော့..
‘ ဟုတ်တယ်။ ဒီကိစ္စကို အချိန်ဆွဲလို့ မဖြစ်တော့ဘူး’
‘ ဘဏ္ဍာငွေတွေ ကုန်ကုန်၊ မကုန်ကုန် ဒါကိုမဖြစ်မနေ လုပ်ရတော့မယ်!’
‘ ငွေမရလာရင်တော့ ငါနဲ့မဆိုင်ဘူးနော်’
ရှကျိုးယွီရဲ့ မျက်လုံးတွေ လက်သွားသည်။
“ ကောင်းပြီ။ ငါကိုယ်တော် အမိန့်ပေးတယ်။ အဲ့ဒီကုန်သည်တွေက အမြတ်ထုတ်နေမှတော့ ကျန်းနန်ရဲ့ ကုန်သည်တွေကို စီးပွားရေးအခွန်တိုးကောက်စေ!”
“ ဒီကိစ္စကို လီလင်ပု.. မင်း ဆောင်ရွက်ရမယ်!”
လီလင်ပု နေရာမှာတင် သွေးအန်ချင်သွားသည်။
သူ လာခဲ့တာက တစ်ခြားရည်ရွယ်ချက်နဲ့လေ..!
အခုတော့ ကောင်းရော။
ပြဿနာကို သူ့ခေါင်းပေါ် တင်ပေးခံလိုက်ရပြီ!
မြို့တော်မှာပဲ နေခဲ့တဲ့သူက ဘယ်သတ္တိနဲ့ ကျန်းနန်မြို့သုံးမြို့ကို ခြေချရဲမှာလဲ!
သူ ငြင်းဆိုဖို့ အမြန်ပါးစပ်ဟလိုက်သည်။
ဒါပေမဲ့ ရှကျိုးယွီရဲ့အလဲထိုးခြင်းကိုပဲ ခံလိုက်ရလေသည်။
“ ကောင်းပြီ။ ဒီကိစ္စကို ဒီလိုသတ်မှတ်လိုက်ပြီ။ ဘာမှမပြောနဲ့တော့။ ငါကိုယ်တော်မင်းကို ယုံတယ်”
“ မကြောက်ပါနဲ့။ ကြည့်လိုက်ရင် ဒီကိစ္စက ခက်ခဲသလိုထင်ရပေမဲ့ တစ်ကယ်က လွယ်မှာပါ”
“ ဒါဆိုရင် မြို့တော်က ဘဏ္ဍာငွေကိစ္စကို ငါကိုယ်တော် ဖြေရှင်းနိုင်သွားပြီ”
ပြောပြီးတာနဲ့ ရှကျိုးယွီက လီလင်ပုရဲ့ ပုခုံးကို ပုတ်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲက စိုးရိမ်မှုတွေလဲ ဖော်ပြလိုက်သည်။
လီလင်ပု အတွေးများကုန်ပြီ။ သူ ကူကယ်ရာမဲ့သလို ခံစားနေရသည်။
ထိုအချိန် သူ ရုတ်တရက် တွေးမိသွားတာမို့ ရှကျိုးယွီကို မော့ကြည့်လိုက်တော့သည်။
အရှင်မင်းကြီးရဲ့ မျက်နှာပေါ်က အပြုံးကို ကြည့်ပြီး သူ နောက်ဆုံးတော့ သဘောပေါက် သွားခဲ့ပြီ!
‘အရှင်မင်းကြီး ကြိုစီစဥ်ထားတာ ရှိတာလားမသိဘူး’
‘ ဒါကြောင့်ငါ့ကို သွားခိုင်းတာ နေမှာ’
လီလင်ပု အံကြိတ်လိုက်ကာ
“ ဒါဆိုရင် ကျွန်တော်မျိုး အမိန့်အတိုင်း သွားလိုက်ပါ့မယ်!”
ရှကျိုးယွီကတော့ လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။
….
နန်းတော်ထဲက ထွက်လာတာနဲ့ ဝိုင်းလာတဲ့ လူအုပ်ကိုကြည့်ပြီး လီလင်ပု ဘာမှ မပြောနိုင်တော့ဘူး။
ဒီလူတွေက သူ့နောက်လိုက်လာကြတာပင်။
ဒါပေမဲ့ နန်းတော်ထဲကျ လိုက်မဝင်လာကြဘူး!
“ ဘာလဲ? အခြေအနေ သိချင်တာလား?”
လီလင်ပု ခေါင်းသာရမ်းပြ လိုက်တော့သည်။
ဒါကိုမြင်တော့ မဲမှောင်နေတဲ့မျက်နှာနဲ့ လူတစ်ယောက်က မနေနိုင်စွာ ထုတ်ပြောလာသည်။
“ ကျွတ်! တိုင်းပြည်တော့ မွဲတော့မှာပဲ။ အရှင်မင်းကြီးက ဘယ်သူပြောတာမှ နားမထောင်ဘူး! ငါတို့ဘာလုပ်ရတော့မှာလဲ?”
သူ့ရဲ့မျက်လုံးတွေလဲ စူးရှလာကာ
“ မရဘူး! ငါအသက်ဆုံးရှုံးရမယ် ဆိုရင်တောင်မှ ဒီနေ့ နန်းတော်ထဲရအောင်ဝင်ပြီး အရှင်မင်းကြီး သဘောပေါက်သွားအောင် ရှင်းပြရမယ်”
ဒါပေမဲ့ ထိုလူ ခြေနှစ်လှမ်းပြည့်အောင် မလှမ်းရခင်မှာပဲ လီလင်ပု ပြောလိုက်သည်။
“ အရှင်မင်းကြီးက ဖြေရှင်းနည်းတစ်ခု ပေးထားတယ်”
ထိုလူ နေရာမှာတင် အေးခဲသွားတော့သည်။
“ ဟုတ်လား? ပြောစမ်းပါ မြန်မြန်။ အရှင်မင်းကြီး.ဘာတွေ စီစဥ်ထားတာလဲ?”
“ ဟုတ်တယ်။ ငါတို့လဲ သေလောက်အောင် သိချင်နေပြီ”
လီလင်ပု သက်ပြင်းချလိုက်ကာ
“ ငါလဲအတိအကျမသိဘူး။ အရှင်မင်းကြီးက စီးပွားရေးအခွန်တိုးခိုင်းလိုက်တယ်။ အဲ့ဒါကိုလဲ ငါက ကိုင်တွယ်ရမှာ။ ဒါပေမဲ့ ငါ့လို အဖိုးကြီးက အဲ့ဒီအင်အားကြီးဂိုဏ်းတွေကို ဘယ်လိုရင်ဆိုင်ရတော့မှာလဲ?”
“ ဒါပေမဲ့လဲ အရှင်မင်းကြီးရဲ့ လှုပ်ရှားမှုတွေက ငါတို့မမှန်းနိုင်တဲ့ အဓိပ္ပါယ်တွေ ရှိနေတတ်တော့..”
ဘေးနားက အမတ်တွေလဲ အသီးသီး.ခေါင်းညိတ် လိုက်ကြသည်။
“ ဒီကိစ္စက ဘယ်လောက်ခက်ခဲမလဲ ငါတို့အားလုံးသိပါတယ်!”
“ တစ်ကယ်ပဲ အရှင်မင်းကြီးဘာတွေ တွေးနေလဲ မသိတော့ဘူး။ ငါတို့ကပဲ တုံးအ နေလွန်းတာလား?”
“ ဟုတ်တယ်။.အရှင်မင်းကြီးက မှန်းလို့ကို မရဘူး!”
လီလင်ပုရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားပြီး ဒီနေ့ရဲ့အဖြစ်အပျက်တွေကို ပြန်တွေးလိုက်သည်။
အမတ်ချန်ရှုံ အဖမ်းခံလိုက်ရတဲ့ ဖြစ်စဥ် အပါအဝင်ပေါ့။
သူ.ပိုပြီးတွေးမိလေလေ၊ အရှင်မင်းကြီးက မဖြစ်နိုင်တဲ့ အမိန့်မျိုး သူ့ကိုမပေးဘူးလို့ ပိုယုံကြည်မိလေလေပဲ။
သေချာပေါက် အရှင်မင်းကြီးမှာ ပြင်ဆင်ထားတာ ရှိရမယ်!
လီလင်ပု အတွေးပေါက်သွားခဲ့သည်။
သူ ရုတ်တရက် အော်လိုက်သည်။
“ ငါနားလည်ပြီ”
အကုန်လုံး လီလင်ပုကို ဝိုင်းကြည့်လိုက်ကြသည်!
“ သိပ်မကြာခင်တုန်းက ချင်မင်းသားကို ကျန်းနန်ကို စေလွှတ်ဖူးတာ မှတ်မိသေးလား?”
“ ပြောရရင် အဲ့ဒီတုန်းကလဲ ချင်မင်းသားကို အလောတကြီး သွားခိုင်းခဲ့တာမလား?”
“ အကြောင်းအရင်းက ဒီနေ့အတွက် ကြိုတင် လမ်းရှင်းပေးနိုင်ဖို့ပဲ!”
“ ငါမှန်းတာသာ မမှားရင် အရှင်မင်းကြီးက ကြိုတင်တွက်ချက်ပြီးသားပဲ”
“ အမတ်တို့လဲ ကျန်းနန်ရဲ့ အခြေအနေကို သိပြီးသားမလား?”
“ ဒါကြောင့် ချင်မင်းသားကို ကြိုလွှတ်ခဲ့တာပဲ။ ဒီနေ့အတွက်ပေါ့!”
လီလင်ပု ပြောလေလေ၊ သူ့ရဲ့အကြည့်က ပိုခိုင်မာလာတော့သည်။
သူ့ရဲ့မျက်လုံးထဲမှာပါ လေးစားမှုတွေ ဝင်ရောက်လာခဲ့သည်။
“ ငါတို့တိုင်းပြည်ရဲ့ အုပ်ချုပ်သူက မိုးရွာမဲ့နေ့အတွက်ကို ကြိုတင်ပြင်ဆင်ခဲ့တာပဲ!”
ကျန်တဲ့အမတ်တွေအကုန် မှင်သက်သွားတော့သည်။
“ အမတ်လီ ဘာကိုဆိုလိုတာလဲ?”
လီလင်ပုက တည်ငြိမ်စွာပဲ ပြန်ဖြေပေးလိုက်သည်။
“ အန္တရာယ်များလွန်းတဲ့ ကျန်းနန်မြို့ကို အရင်ဆုံးပို့ဖို့ ဘယ်သူက အသင့်တော်ဆုံးလို့ အမတ်တို့ထင်လဲ?”
……….