(ဒါစိတ်ပူစရာကိစ္စမဟုတ်ဘူး)
Vol. 4 Ch. 54
“ အိုး ထပ်ဖတ်”
ကျောက်ကောင်းရဲ့ စကားကို နားထောင်နေရင်း ရှကျိုးယွီ စိတ်လှုပ်ရှား လာခဲ့သည်။
နောက်ဆုံးတော့ သူ အခွင့်အရေးတစ်ခု မြင်လိုက်ရပြီလေ။
ဒီအခွင့်အရေးကိုသာ ဖမ်းဆုတ်နိုင်လို့ကတော့ တရှားတိုင်းပြည်ကြီး သေချာပေါက် စစ်ပွဲ ကြုံရလိမ့်မည်။
ရှကျိုးယွီရဲ့စိတ်လှုပ်ရှားနေပုံကြောင့် ကျောက်ကောင်းပါ စိတ်ဓာတ်တက်ကြွ လာတော့သည်။ ဒါကြောင့် သူ အမြန်ပြောလိုက်သည်။
“ အမှန်ပါပဲ။ အရှင်မင်းကြီးက တစ်ခြားတိုင်းပြည် ဘုရင်တွေနဲ့မတူဘဲ ကောင်းမွန်တဲ့ အမြင်ရှိတယ်လို့ ဖော်ပြခဲ့တာပါ။ တစ်လထဲနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ခြောက်ဆလောက်တက်အောင် ဆောင်ရွက် နိုင်ခဲ့တယ်လေ။ သမိုင်းတစ်ခုလုံးမှာ လုံးဝ ရှားပါးဖြစ်စဥ်ပဲ”
ပြောနေရင်းနဲ့ ကျောက်ကောင်းက လေးစားစွာ ရှကျိုးယွီကို လှည့်ကြည့်လိုက်သည်။
ခြောက်ဆလောက်တောင်လေ…။
ဒီလိုမြင့်မားတဲ့ တိုးတက်မှုက တိုင်းပြည်တွေ အားလုံးရဲ့ မနာလိုစိတ်ကို သေချာပေါက် ဆွဲဆောင်နိုင်မှာပဲ!
“ ဆက်ဖတ်”
ကျောက်ကောင်းရဲ့စကားတွေကို ရှကျိုးယွီ ထိတ်မလန့်ခဲ့ဘူး။ ထိုအစား သူ့ရဲ့နှလုံးသားက ပျော်ရွှင်နေခဲ့သည်။
'အခုတော့ တရှား.. မင်း ပျော်နေလိုက်အုံး!’
‘ ငါ အပြင်ဘက်က အကူအညီသုံးပြီး မင်းကို ဖျက်ဆီးပြမယ်ကွ!’
ကျောက်ကောင်းက ဆက်ပြောလာသည်။
“ သမိုင်းမှာ တစ်ခါက အချိန်တိုလေးနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို သုံးဆ တိုးအောင်လုပ်နိုင်တဲ့ ဘုရင်တစ်ယောက် ရှိခဲ့ဖူးကြောင်း မှတ်တမ်းတင်ထားတယ်။ အဲ့ဒီတုန်းက ဖြစ်ရပ်ကို အရမ်းဆန်းကြယ်တဲ့ ဖြစ်ရပ်အဖြစ် လူတွေ ပြောခဲ့ကြတယ်။ အခု အရှင်မင်းကြီးက မှတ်တမ်းချိုးနိုင်ရုံတင်မကဘူး။ နှစ်ဆ ကျော်အောင် လုပ်သွားခဲ့တာ! သမိုင်းတွင်မဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာတော့မှာပဲ!”
ရှကျိုးယွီရဲ့ မျက်လုံးတွေ လက်သွားတော့သည်။
“ အဲ့လိုလား?”
“ ကောင်းတယ်! ဒါဆို လူတွေရဲ့အာရုံကို ပိုဆွဲဆောင်နိုင်မှာပဲ”
“ အကူအညီကောင်းပဲ”
“ ဟဟ နတ်ဘုရားတွေ ငါ့ကို ကူညီပေးနေပြီ”
ကျောက်ကောင်းက ရှကျိုးယွီ စိတ်လှုပ်ရှားလွန်နေတယ်လို့ပဲ တွေးကာ ထိုစကားတွေကို သေချာ မတွေးခဲ့ဘူး။
“ ဒါပေမဲ့ ကျွန်တော်မျိုးတို့ တိုင်းပြည်က အားနည်းနေပါသေးတယ်။ နောက်လအတွင်းမှာ အိမ်နီးချင်းတိုင်းပြည် တွေရဲ့ ပူးပေါင်းတိုက်စစ်ကို ကြုံရနိုင်တယ်။ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ကြိုပြင်ဆင် ထားသင့်တယ်”
ရှကျိုးယွီ တိတ်တဆိတ် နားထောင်ကာ အတွေးလွန်သွားသည်။
သူ့ရဲ့မျက်နှာမှာ အရောင်တစ်ချို့ ဖြတ်ပြေးသွားကာ
“ ကောင်းပြီ။ ငါကိုယ်တော်သိပြီ”
ဒါပေမဲ့ ကျောက်ကောင်းက မသွားသေးပဲ တွန့်ဆုတ်နေတာမို့
“ ဘာရှိသေးလို့လဲ?”
ကျောက်ကောင်း လန့်သွားကာ လက်ထဲက စာလိပ်ကို အမြန်ရှေ့တိုးပေးလိုက်သည်။
“ အရှင်မင်းကြီး ဒီမှာကြည့်ပါ။ လူတွေအများကြီး အရှင်မင်းကြီးကို ချီးကျူး ထားကြတယ်”
ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်ပြီး
“ မင်းပဲဖတ်ပြတော့”
ကျောက်ကောင်း အနည်းငယ် အံ့သြသွားသည်။
“ ဟုတ်ကဲ့”
“ အရှင်မင်းကြီးရဲ့ ဗျူဟာတွေက ပြောင်မြောက်ပြီး နှိုင်းယှဥ်ဖွယ် မရှိပါဘူး။ ခက်ခဲတဲ့ အခြေအနေမှာတောင် တိကျသေချာတဲ့ ဖြေရှင်းချက်ကို ရှာဖွေနိုင်တယ်။ ဒီလိုဘုရင်မျိုး တရှားတိုင်းပြည်မှာ ရှိနေတဲ့အတွက် တစ်နှစ်အတွင်း တရှားတိုင်းပြည်ကြီး သေချာပေါက် တိုးတက်လိမ့်မယ်”
ကျောက်ကောင်းက ပြောပြီးတာနဲ့ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။
'တရားဝင် စာလိပ်ထဲမှာပါ အရှင်မင်းကြီးကို အရမ်းချီးကျူး.ခဲ့တယ်ဆိုတော့…’
'အရှင်မင်းကြီးရဲ့ နည်းလမ်းတွေက အရမ်းကြောက်ဖို့ကောင်းလို့ပဲ!’
ဒါပေမဲ့ ကျောက်ကောင်း မနေနိုင်စွာ သတိပေးလိုက်သည်။
“ ဒါဆို အရှင်မင်းကြီး စိတ်ပူနေတော့မှာပဲ”
“ ဘာကိုစိတ်ပူရမှာလဲ?”
ရှကျိုးယွီ ကြောင်သွားသည်။
သူ့အတွက် ဘာသတင်းဆိုးမှ မကြားထားရသေးဘူးလေ။
အကုန်လုံးက သတင်းကောင်းတွေ ကြည့်ပဲ။
အခုလိုမျိုး လူသိရှင်ကြား အောင်မြင် ကျော်ကြားပြီးရင်…
ပျက်ဆီးဖို့ မဝေးတော့ဘူး!
‘ငါ လိုနေတာက အချိန်ကိုက်ရောက်လာမဲ့ အခွင့်အရေးပဲ’
‘ အခွင့်အရေး ရောက်လာတာနဲ့ ငါမျှမျှတတ အနိုင်ယူပစ်မယ်!’
ရှကျိုးယွီရဲ့ တည်ကြည်တဲ့ ပုံစံကို မြင်တော့ ကျောက်ကောင်း လေးစားသွားတော့သည်။
“ ဒါပေမဲ့ အရှင်မင်းကြီး.. အခုဆို အိမ်နီးချင်း တိုင်းပြည်တွေက သေချာပေါက် ပစ်မှတ် ထားနေလောက်ပြီ။ မြို့တော်ကို သူတို့တွေ အဓိက ပစ်မှတ်ထားကြမှာ။ တစ်ခုခု လွဲချော်သွားရင် တိုင်းပြည်တစ်ခုလုံး ကသောင်းကနင်း ဖြစ်ရပါလိမ့်မယ်”
ကျောက်ကောင်းက ပြောသာပြောလိုက်တာ တစ်ကယ်တော့ အရှင်မင်းကြီး အမျက်တော် ရှမှာလဲ စိုးရသည်။ ဒါကြောင့် တစ်ချက် ခိုးကြည့်လိုက်သေးသည်။
ဒါပေမဲ့ ရှကျိုးယွီရဲ့ ဂရုမစိုက်တဲ့ ပုံစံကြောင့် သက်ပြင်းပဲချလိုက်သည်။
သူ့အနေနဲ့ ဘာမှမလုပ်နိုင်တော့ဘူး။
သူ့အမြင်မှာ အရှင်မင်းကြီးက အရမ်းဆန်းကြယ်သလို တစ်ပြိုင်ထဲ ခေါင်းမာပြီး မောက်မာတယ်လို့ ထင်မိသည်။
“ မင်း မပူပါနဲ့”
ရှကျိုးယွီ ဂရုမစိုက်စွာ ဖြေပေးလိုက်သည်။
သူ ပထမအဆင့် သိုင်းနတ်ဘုရား ဖြစ်လာပြီးထဲက တော်တော်များများကို မကြောက်တော့ဘူးလေ။
“ ကျောက်ကောင်း မင်းမှာ ပြောစရာ ကျန်သေးလား?”
ရှကျိုးယွီ စိုက်ကြည့်လိုက်သည်။
ကျောက်ကောင်း အမြန်ခေါင်းရမ်းပြလိုက်သည်။ သူ တွေးနေမိတာက မကြာခင်မှာ တိုင်းတစ်ပါး စစ်သားတွေ အများကြီး လာရောက်ကျူးကျော်မဲ့ ဖြစ်စဥ်ကိုပဲ။ တရှားတိုင်းပြည်ထဲမှာ အင်အားကြီး စစ်သည်တွေ စုဆောင်းထားမှ ဖြစ်တော့မည်။ မဟုတ်ရင်…
သူ မနေနိုင်စွာ သက်ပြင်းထပ်ချလိုက်ပြန်သည်။
ဒါပေမဲ့ ရှကျိုးယွီအတွက်တော့ အရာရာက သတင်းကောင်းတွေပဲ။
“ စိတ်မပူပါနဲ့။ အကုန်လုံးက ငါကိုယ်တော်ရဲ့ စီမံမှုအတွင်းမှာပဲရှိတယ်။ မင်းလဲ ပြောစရာ မကျန်တော့ရင် သွားတော့”
ရှကျိုးယွီ အခုပြန်ပြီး အိပ်ချင်လာပြီလေ။
သူ မနေနိုင်စွာ သန်းဝေလိုက်သည်။
‘ငါအိပ်မှရတော့မယ်’
ကျောက်ကောင်းရဲ့ အဖြေကိုပင် မစောင့်တော့ပဲ လက်တစ်ဖက်ယမ်းပြကာ အထဲပြန်ဝင်လိုက်တော့သည်။
ကျောက်ကောင်း အကြာကြီး တွန့်ဆုတ်နေသေးသည်။ နေရာမှ မသွားနိုင်သေးဘူး။.
ဒါပေမဲ့ အဆုံးမှာတော့ တင်းကျပ်နေတဲ့ လက်သီးနှစ်ဖက်နဲ့ မင်းကြီးအထဲဝင်သွားတာကိုပဲ ကြည့်နေလိုက်တော့သည်။ သူဘာမှ ထပ်မပြောတော့ဘူး။
‘ အရှင်မင်းကြီးက ငါတို့ကို စိတ်မပူစေချင်တာပဲ’
‘ ဒီလိုဘုရင်မျိုးရထားတာ ငါတို့တစ်ကယ် ကံကောင်းတယ်။ ဒီပုံအတိုင်းဆို ငါတို့ တရှားတိုင်းပြည်ကြီးရဲ့ အောင်မြင်မှုက အဆုံးမရှိတော့ဘူး!’
………….
ထိုအချိန်မှာပဲ ရှကျိုးယွီ စနစ်ရဲ့အသံကို ကြားလိုက်ရသည်။
( ပိုင်ရှင်က မောက်မာပြီး စိတ်မရှည်ဘူး။ ပိုင်ရှင်ရဲ့ တဇွတ်ထိုးလုပ်ရပ်တွေက တစ်ခြား တိုင်းပြည်တွေကို အာရုံစိုက်လာစေတယ်။ တိုင်းပြည်တွေ ပူးပေါင်းပြီး စစ်တိုက်တာမျိုး ခံရနိုင််တယ်။ အသုံးမကျတဲ့ ဘုရင်တစ်ယောက်ရဲ့ အပြုအမူလို့ သတ်မှတ်တယ်)
( ထို့ကြောင့် ကံကြမ္မာအမှတ် ၃၀၀၀ လျော့ပါတယ်။ လက်ရှိမှာ ၅၄၅၀၀ ကျန်ပါတယ်)
( ဆုလာဘ်- သေခြင်းရှင်ခြင်း အဆောင်စာရွက်သိုင်း)
( ဒီအဆောင်စာရွက်က သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တယ်။ ပိုင်ဆိုင်ထားတဲ့သူက သေလဲမသေနိုင်သလို ရှင်လဲမရှင်ဘူး။ လူတွေရဲ့ သေဆုံးမှုကို ထိန်းချုပ်နိုင်သွားမယ်။ ဒါပေမဲ့ ကျင့်ကြံမှု အဆင့်နှစ်နဲ့အဆင့်နှစ်အောက် ရှိတဲ့ ကျင့်ကြံသူတွေသာ အသုံးပြုနိုင်တယ်)
စနစ်ရဲ့အသံဆုံးတာနဲ့ ရှကျိုးယွီရဲ့ လက်ထဲကို သိုင်းစာလိပ်တစ်ခု ရောက်လာခဲ့သည်။
ရှကျိုးယွီ အနည်းငယ် အံ့သြသွားသည်။
သေခြင်းရှင်ခြင်း အဆောင်စာရွက် ဖန်တီးခြင်း သိုင်းကျင့်စဥ်လား?
ဒါ ငယ်ငယ်က ပုံပြင်တွေမှာ တွေ့ဖူးနေကျ သိုင်းမျိုးမလား?
ဒါပေမဲ့ အဆင့်နှစ်နဲ့ အောက်ရှိတဲ့ ကျင့်ကြံသူပဲ လေ့ကျင့်လို့ရမှာ…?
ရှကျိုးယွီ စိတ်မဝင်စားတော့ဘူး။
အခုထိ မသွားသေးဘဲ ရပ်နေတဲ့ ကျောက်ကောင်းကို ကြည့်ပြီး ရှကျိုးယွီ ခဏ တွေးလိုက်သည်။
“ ကျောက်ကောင်း”
ကျောက်ကောင်း လန့်သွားကာ ရှကျိုးယွီ အနားကို အမြန်တိုးလိုက်သည်။
“အရှင်မင်းကြီး”
“ ဒီတစ်ခေါက် မင်းရဲ့ လုပ်ဆောင်မှုအတွက် ငါကိုယ်တော် သိုင်းပညာတစ်ခု ချီးမြှင့်မယ်”
ပြီးတာနဲ့ လက်ထဲက သိုင်းစာလိပ်ကို ထိုးပေးလိုက်တော့သည်။
ကျောက်ကောင်း ခဗျာ မြင်တာနဲ့ ချက်ချင်း ဒူးထောက်ကျသွားတော့သည်။
သူ့အနေနဲ့ သိုင်းပညာများစွာ တတ်ကျွမ်းသည်။ ကျင့်ကြံမှုလဲ အဆင့်နှစ်ကို ရောက်ခဲ့ပြီးဖြစ်သည်။
ဒါပေမဲ့ အခုလိုမျိုး ဆန်းကြယ်တဲ့ သေခြင်းရှင်ခြင်း အဆောင်စာရွက်သိုင်းက…
ချီစွမ်းအင်သုံးပြီး အဆောင်စာရွက်ဖန်တီးရင်း.လူတွေရဲ့ အသက်ကို အဝေးက ထိန်းချုပ်နိုင်သည်!
ဒီလောက်ကြီးတဲ့အစွမ်းက သူ့ရဲ့ လုပ်နိုင်စွမ်းကို ကျော်လွန်နေပြီ။
အရမ်းအံ့သြဖို့ကောင်းတဲ့ သိုင်းပညာ….!
“ မင်း ကြည့်ပြီးပြီလား?”
ရှကျိုးယွီ လှမ်းမေးလိုက်သည်။
“ ကျွန်တော်မျိုး ကြည့်ပြီးပါပြီ”
ကျောက်ကောင်း အမြန်ပြန်ဖြေလိုက်သည်။
ရှကျိုးယွီ ခေါင်းသာ ညိတ်ပြလိုက်သည်။ သူအကြာကြီး တွေဝေမနေခဲ့ဘူး။ လက်တစ်ဖက် ယမ်းပြလိုက်ကာ
“ ရပြီဆိုတော့ သွားလို့ရပြီ”
ပြောပြီးတာနဲ့ ရှကျိုးယွီ ဖူယွဲ့နန်းဆောင်ဘက်ကို ပြန်လှည့်လိုက်တော့သည်။ ဒီတစ်ခါတော့ သူ တစ်ကယ် အိပ်လို့ရပြီလေ။
…………