ကားကောင်း မလိုဘူး
Vol. 69 Ch. 1376
ဖုမာကျန်းဝူသည် တရုတ်ဘာသာစကားကို ကျွမ်းကျင်နေပြီ ဖြစ်သော်လည်း သူမသည် တရုတ်နိုင်ငံတွင် ရှိနေသည်မှာ အချိန်တိုလေးသာ ရှိသောကြောင့် လေယူလေသိမ်းမှာ အနည်းငယ် သိသာနေသေးသည်။
သူမသည် ကွယ်ဝှက်မထားဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကျွန်မက ဂျပန်ကပါ "
" ဝါး ..... "
ပတ်ဝန်းကျင်ရှိ လူများက တစ်ဖန် ပြန်လည်အော်ဟသ်လာကြသည်။
" ယဲ့လူကြီးမင်းက အရမ်းတော်တာပဲ။ ဂျပန်က မိန်းမလှလေးတစ်ယောက်ကိုတောင် အနိုင်ယူနိုင်သေးတယ်။ ဒါက တိုင်းပြည်အတွက် ဂုဏ်တက်တယ် မဟုတ်ဘူးလား "
" ဟားဟား၊ ဂျပန်မိန်းကလေးတွေက တော်တော်မိုက်တာပဲ။ ဂျပန်မိန်းကလေးတွေက နူးညံ့သိမ်မွေ့ပြီး စာနာတတ်ကြတယ်။ သူတို့က တရုတ်မိန်းကလေးတွေထက် အများကြီး နူးညံ့တယ် "
" Wang Erdan၊ မင်း ထပ်အရိုက်ခံရဖို့ တောင်းဆိုနေတာလား။ ငါတို့ တရုတ်မိန်းကလေးတွေက ဘာဖြစ်နေလို့လဲ "
" အဟမ်း၊ မဖြစ်ပါဘူး။ လုံးဝမဖြစ်ပါဘူး။ အနည်းဆုံးတော့ ဂျပန်မိန်းကလေးတွေက မရိုင်းဘူး "
" ချီး၊ နင်က အရိုက်ခံချင်နေတာလား "
" အား ကယ်ကြပါဦး ..... "
ဖုမာကျန်းဝူသည် သူတို့၏ စနောက်သံကို ကြားသောအခါ ဒေါသမထွက်ပေ။
သူမသည် ယဲ့ဖန်အနားတွင် နာခံစွာ ရပ်နေခဲ့သည်။
သို့သော် ယဲ့ဖန်မှာတော့ သူ့စိတ်ထဲ၌ ရယ်ချင်နေခဲ့သည်။
နူးညံ့သိမ်မွေ့ပြီး စာနာတတ်တာတဲ့လား။
သူတို့ ဖုမာကျန်းဝူရဲ့ ရက်စက်ကြမ်းကြုတ်ပုံကို မမြင်ဖူးလို့ ဖြစ်ရမယ်။
အဲ့လိုမှ မဟုတ်ရင် သူတို့ ဘယ်တော့မှ ဒီလိုမှတ်ချက်ပေးမှာ မဟုတ်ဘူး။
အားလုံး ရယ်နေချိန် ဖန်းရှောင်ကွန်းသည် ရုတ်တရက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ဆရာ၊ ကျွန်တော် မကြာသေးခင်ကမှ ကျွန်တော့်ရဲ့ ကားမောင်းစွမ်းရည်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့တာ။ ကျွန်တော် အတော်လေး တိုးတက်နေပြီလို့ ခံစားရတယ်။ အဲ့တာကြောင့် အကြံဉာဏ်လေး တောင်းချင်လို့ပါ "
ယဲ့ဖန် ခေါင်းကို မော့ပြီး သူ့ကို မော့ကြည့်လိုက်သည်။
" မင်းရဲ့ ခွန်အားကို ပြဖို့ စီစဉ်နေတာလား "
ဖန်းရှောင်ကွန်းသည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ ဒါက ရိုးရိုးရှင်းရှင်း ပညာဖလှယ်ရုံပါ "
သူသည် ထိုသို့ပြောလိုက်သော်လည်း သူ့မျက်လုံးမှာ နှိုးဆော်ခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။
သူတို့နှစ်ဦးသည် ယခုအခါ ဆရာနှင့် တပည့် ဖြစ်နေကြသော်လည်း ယှဉ်ပြိုင်လိုစိတ်မှာ လျော့နည်းမသွားပေ။
ဆရာနှင့် တပည့် ပြိုင်ကြမည်ဖြစ်ကြောင်း အနီးနားရှိလူများက ကြားသောအခါ အားလုံးသည် အလွန်စိတ်လှုပ်ရှားလာကြသည်။
" ကောင်းပြီ၊ မြန်မြန် PKကြ။ ဘာဖြစ်မလဲ ကြည့်ကြရအောင် "
" ဟုတ်တယ်၊ ရှောင်ကွန်းရဲ့ ကားမောင်းစွမ်းရည်က အမြဲတမ်း အံ့သြစရာကောင်းလွန်းတယ်။ ငါ အဲ့တာကို ထပ်တွေ့ချင်တယ် "
" ဖန်းရှောင်ကွန်းက အရင်က သူ့ဆရာအကြောင်း အများကြီး ကြွားဖူးတယ်။ အဲ့တာ ဟုတ်လား၊ မဟုတ်လားဆိုတာ ငါ တကယ်ကြည့်ချင်တယ် "
" အဲ့တာက အမှန်ဆိုရင် ငါလည်း သူ့တပည့်ဖြစ်ချင်တယ် "
" လုပ်စမ်းပါ၊ မင်းက သူ့ကို မင်းရဲ့ဆရာတင်ချင်ရင်တောင် သူက မင်းကို တပည့်အဖြစ် လက်ခံချင်ပါ့မလား "
အားလုံးမှ အားပေးနေကြသည်ကို ယဲ့ဖန် မြင်ပြီး သူက ပေါ့ပါးစွာသာ ပြုံးလိုက်သည်။
" မင်းက အနှိပ်စက်ခံချင်မှတော့ ငါ မင်းကို ဖြည့်ဆည်းပေးမယ် "
" ဝူး ဟူး ...... "
အားလုံးသည် ဖန်းရှောင်ကွန်း မည်ကဲ့သို့ တုံ့ပြန်မည်ကို မြင်လို၍ အော်ဟစ်နေကြသည်။
သို့သော် ဖန်းရှောင်ကွန်းသည် ငြင်းခုံရန် မကြိုးစားခဲ့ပေ။
သူသည် ယဲ့ဖန် ကို ပြုံးပြသည်။
" ဒါဆို ဆရာကြီး ကားရွေးခိုင်းလိုက်ပါ။ ဒီမှာ ပြုပြင်ထားတဲ့ ကားတွေ အများကြီးရှိတယ်။ ဆရာနဲ့ လိုက်ဖက်တဲ့ ကားတစ်စင်း ရှိမှာ သေချာတယ် "
ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" မင်းကို ပြိုင်ဖို့ ငါ ကားကောင်းကောင်း မလိုဘူး။ ငါ ဒီ Hummerကိုပဲ မောင်းလိုက်မယ် "
ယဲ့ဖန်သည် စကားပြောနေစဉ် ဖုမာကျန်းဝူ မောင်းလာခဲ့သည့် Hummerကို ညွှန်ပြလိုက်သည်။
အားလုံး လှည့်ပြီး ကားကို ကြည့်လိုက်ကြသည်။
ယဲ့ဖန်သည် မာနကြီးလွန်းသည်ဟု သူတို့ ခံစားမိသည်။
ဤ Hummer၏ စွမ်းဆောင်ရည်သည် မဆိုးသော်လည်း ကားပြိုင်မောင်းရန်အတွက် အထူးတလည်မွမ်းမံထားသည့် ကားများထက် အများကြီး ပိုဆိုးလေသည်
သို့သော် ဖန်းရှောင်ကွန်းသည် စကားအများကြီး မပြောခဲ့ချေ။
ထိုအစား သူသည် ကားဂိုဒေါင်သို့ သွားပြီး ပြုပြင်ထားသည့် ဂေါက်သီးကားတစ်စီးကို မောင်းထွက်လာသည်။
ဘရွန်း ဘရွန်း
ကားမရောက်ခင်မှာပင် အင်ဂျင်ဟောက်သံကို ဆူညံစွာ ကြားလိုက်ရသည်။
အသံကို ကြားလိုက်ရုံဖြင့် ဖန်းရှောင်ကွန်းသည် စိတ်အားထက်သန်မှု အပြည့်ရှိနေကြောင်း သူတို့ သိလိုက်ကြသည်။
ယဲ့ဖန်သည် အချိန်မဖြုန်းခဲ့ပေ။
ဖုမာကျန်းဝူသည် Hummerကား၏ အရှေ့ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်ခဲ့သည်။
" ဆရာ၊ ကျွန်တော်က ဒီကားကို အကြီးအကျယ် မွမ်းမံထားတာ။ ကားပြိုင်ဖို့ ဒီကားကို သုံးချင်တာ သေချာလား။ ရှုံးရင် ဆရာကြီး မျက်နှာဘယ်သွားထားမှာလဲ "
ဖန်းရှောင်ကွန်းသည် ကားပြတင်းပေါက်မှ ခေါင်းထွက်လာပြီး ပြုံးကာ မေးလိုက်သည်။
ယဲ့ဖန် ပြုံးလိုက်သည်။
" စိတ်မပူပါနဲ့၊ ကား ဘယ်လောက်ကောင်းနေပါစေ ဘယ်သူက မောင်းနေလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ် "
ဖန်းရှောင်ကွန်းလည်း ပြုံးပြီး ခေါင်းညိတ်သည်။
" ဆရာ လမ်းနဲ့ အရင်ရင်းနှီးအောင် လုပ်ချင်သေးလား။ ကျွန်တော်တို့မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ် "
ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" မင်းနဲ့ ပြိုင်ဖို့ ဒီလောက်ဖိ အရမ်းကြီး ဒုက္ခရှာစရာ မလိုပါဘူး "
ဖန်းရှောင်ကွန်းသည် တခြားဘာမှ မပြောပေ။
သူသည် ယဲ့ဖန်နှင့်အတူ ကားကို အစမျဉ်းသို့ ချက်ချင်း မောင်းသွားလိုက်သည်။
နေရာရှိ လူများမှာလည်း ရင်ခုန်နေကြသည်။
" ဘယ်သူအနိုင်ရမယ်ထင်လဲ "
" ငါကတော့ ရှောင်ကွန်းလို့ ထင်တယ်။ သူ့ကားက စွမ်းဆောင်ရည် အများကြီး ပိုကောင်းပြီး သူက ဒီဧရိယာက လမ်းတွေနဲ့ ပိုရင်းနှီးတယ်။ သူ့မှာ အားသာချက်ရှိတယ်လေ "
" ငါလည်း အဲ့လိုထင်တယ်။ နောက်ပြီး ယဲ့ဖန်က ဒီလမ်းတွေနဲ့ သိပ်မကျွမ်းဘူး။ ဒီလိုကားမျိုးနဲ့ဆို သူ့ရဲ့ ခွန်အားကို သေချာပေါက် ကန့်သတ်ထားလိမ့်မယ် "
" ငါတော့ မထင်ဘူး။ ယဲ့လူကြီးမင်းက အရင်က ရှောင်ကွန်း ပြောတဲ့အတိုင်း တကယ်သာ အစွမ်းထက်တယ်ဆိုရင် ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်မှာကို စိုးရိမ်ရတယ် "
" ဒီအကြောင်းပြောဖို့ စောလွန်းနေပါသေးတယ်။ ရလဒ်တွေကို စောင့်ကြည့်ရအောင် "
ထိုအချိန် တစ်ဖက်၌ ပြင်ဆင်မှုများ ပြီးသွားပြီ ဖြစ်သည်။
" သုံး၊ နှစ်၊ တစ်၊ စတော့ "
ထိုလူ၏ အော်သံအပြီး ကားနှစ်စီးသည် တစ်ချိန်တည်းနီးပါး ထွက်သွားသည်။
" ....... "
ဖန်းရှောင်ကွန်း၏ မွမ်းမံထားသော ကားသည် အလွန်လျင်မြန်စွာ စတင်ခဲ့သည်။
ကားနှစ်စီးသည် တစ်ချိန်တည်းမှာပင် စတင်ခဲ့သော်လည်း သုံးစက္ကန့်အကြာတွင် ဖန်းရှောင်ကွန်း၏ ကားသည် အရှေ့မှ ကားပါကင်နေရာနှစ်ခုစာဖြင့် ဦးဆောင်နေပြီ ဖြစ်သည်။
ထို့အပြင် ကွာဟချက်မှာ ကျယ်ပြန့်နေဆဲဖြစ်သည်။
ဤသည်မှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် မဟုတ်ဘဲ ကားနှစ်စီးကြားမှ စွမ်းဆောင်ရည် ကွာခြားချက်မှာ အလွန်ကြီးလွန်းသောကြောင့် ဖြစ်သည်။
ဖန်းရှောင်ကွန်း၏ ဂေါက်ကားသည် ပြိုင်ကားများအတွက် အထူးမွမ်းမံထားသည်။
ထို့အပြင် သူ၏ ကျွမ်းကျင်မှုမှာ အလွန်အားကောင်းသောကြောင့် သူသည် ရှေ့မှ ဦးဆောင်နေသည်မှာ သင့်လျော်လေသည်။
သူ၏ ကလပ်ကို ဆင်ခြေဖုံးရပ်ကွက်များတွင် တမင်တည်ဆောက်ထားသောကြောင့် ဤနေရာတွင် ကားအနည်းငယ်သာရှိသည်။
ထို့ကြောင့် လမ်းမကြီးပေါ်တွင် ကားများ ရံဖန်ရံခါ ရှိသော်လည်း ပြိုင်ကားကို မထိခိုက်စေပေ။
ယဲ့ဖန်၏ Hummerသည် အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီ ၁၈၀ကီလိုမီတာ ဖြစ်ပြီး ဖန်းရှောင်ကွန်း၏ မွမ်းမံထားသော ဂေါက်သီးကားသည် အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီ အနည်းဆုံး ကီလိုမီတာ ၃၀၀ ရှိသည်။
သို့သော် ဖန်းရှောင်ကွန်းသည် ဤလမ်းပေါ်၌ ထိုအမြန်နှုန်းဖြင့် မမောင်းရဲပေ။
မည်သို့ပင်ဖြစ်စေ သူသည် ယဲ့ဖန်၏ Hummerကားထက် များစွာ မြန်နေသေးသည်။
ကားနှစ်စီးကြားမှ အကွာအဝေးမှာ ပို၍ တိုးလာသည်။
" သခင်ကြီး၊ ကျန်းဝူတို့ ဘာလုပ်ကြမလဲ "
ရှေ့ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော ဖုမာကျန်းဝူသည် ရုတ်တရက် စိတ်ပူလာသည်။
ဤအရာသည် ဆရာနှင့် တပည့်ကြားမှ ပညာဖလှယ်ပွဲသာ ဖြစ်သော်လည်း သူသည် ယဲ့ဖန်ကို မရှုံးစေချင်ပေ။
ဆရာမှ သူ့တပည့်ကို ရှုံးပါက ရှက်စရာဖြစ်သည်။
" စိတ်မပူပါနဲ့၊ အခွင့်အရေးရှိပါသေးတယ် "
ယဲ့ဖန်သည် သူမအား စိတ်ချစေသည့် အကြည့်ကို ပေးပြီး သာမန်အရှိန်ဖြင့် အနောက်မှ ဆက်၍ လိုက်သွားခဲ့သည်။
ဖန်းရှောင်ကွန်း၏ ကားသည် သူတို့ကို အဝေး၌ ထားခဲ့ပြီး အနက်ရောင်အစက်အဖြစ် ပျောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကလပ်မှ လူများသည် ဒရုန်းများမှတစ်ဆင့် သူတို့နှစ်ဦးကြားရှိ ပွဲစဉ်ကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနေကြသည်။
" ဘုရားရေ၊ ရှောင်ကွန်းက သူ့ဆရာကို မျက်နှာသာ မပေးဘူးလား။ သူက အရမ်းအဝေးကြီးကို ရောက်နေပြီ "
" ဆရာနဲ့ တပည့် မပြောနဲ့၊ စစ်မြေပြင်မှာ သားအဖတောင် မရှိဘူး။ ဒါက ပိုစိတ်ဝင်စားဖို့ကောင်းတယ် "
" ဟူး၊ အဓိကက Hummerရဲ့ အမြန်နှုန်းက အရမ်းနှေးတယ်။ သူက သတိလွတ်သွားတာ "
" ဟုတ်တယ်။ ရှောင်ကွန်းက သူ့ကို ပြိုင်ကားတစ်စီး ရွေးခိုင်းပေမယ့် ဒီ Hummerကို ရွေးသွားတာလေ။ ဘယ်သူကို အပြစ်သွားတင်နိုင်မှာလဲ "
" ဘာမှ ရင်ဖိုစရာ မရှိဘူးထင်တယ်။ ပြိုင်ပွဲက ပြီးသွားပြီ "
ဤအချိန်တွင် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အား အနည်းဆုံး မီတာ၅၀မှ ၆၀ကျော် အနောက်၌ ထားခဲ့ပြီး ဖြစ်ရာ ထိုအကွာအဝေးကို အမီလိုက်ရန်မှာ မဖြစ်နိုင်ပေ။
ဖန်းရှောင်ကွန်းသည် ပြန်ရောက်သည့်အခါ မည်သို့အမူအရာ ဖြစ်နေမည်ကို မြင်ချင်နေကြသည်။
အားလုံးဆွေးနွေးနေကြချိန် ဖန်းရှောင်ကွန်းသည် အကွေ့သို့ ရောက်နေပြီ ဖြစ်သည်။