Chapters

စိတ်ဝိညာဥ် စမ်းသပ်မှု ၂ ~

Vol. 15 Ch. 212

စိတ်ဝိညာဥ် စမ်းသပ်မှု ၂ ~

Vol. 15 Ch. 212

' စိတ်ဝင်စားစရာပဲ.. '

ပြိုက်ဘက်နှစ်ယောက် ဆုံတွေ့တော့မည်ဖြစ်၍ ရီ ရယ်လိုက်မိ၏ ။

' ချုံးချွမ် မင်ကျင့် က လင်းမို့နဲ့ ကျိုးချန်လောက် ပါရမီမကောင်းပင်မဲ့ ဂြိုလ်ပြာအဆင့်နဲ့ဆို ရှားရှားပါးပါး ပါရမီရှင်ပဲ.. '

ရီသည် နဂါးငွေ့တန်းတစ်ခုလုံး၏ အမြင်နှင့်မဟုတ်ဘဲ ဂြိုလ်ပြာ၏ အမြင်နှင့် ကြည့်တက်လာခဲ့သည် ။ နဂါးငွေ့တန်းတွင်ဆိုလျှင် ချုံးချွမ်မင်ကျင့် ဆိုသည့်ကလေးက အမှိုက်တစ်စသာပင် ။

' တစ်ခါတည်း သုံးယောက်ဆုံပေးလိုက်ရင် ပိုကောင်းမယ်.. '

ရီက အဝေးရှိ ကျိုးချန်ကို ကုတ်မှ ကြက်ကလေးတစ်ကောင်ဖမ်းသလို လှမ်းဆွဲလိုက်၏ ။

ပြင်းပြင်းထန်ထန် လေ့ကျင့်နေသော ကျိုးချန်သည် သူ့အပေါ်တွင် လက်တစ်ဖက် ပေါ်လာ၍ ထိတ်လန့်သွား၏ ။ သူ့ဆရာက သူလေ့ကျင့်နေသည်ကို စိတ်တိုင်းမကျ၍ ရိုက်နှက်တော့မည်လော ။

ရီသည် ကျိုးချန်အား တည်နေရာကို စုတ်ဖြဲ၍ နေရာလွတ်တစ်ခုထဲ ပစ်ထည့်လိုက်ပြီး သူ့ပတ်ဝန်းကျင်တွင် ရှုပ်ထွေးသော အစီအရင်များ ပေါ်လာ၏ ။ သူ ရှေးဦးစကြာဝဠာ ထဲဝင်ရန် ပုံရိပ်ယောင်ခေါင်းဆောင်းမလိုအပ် ။ အစီအရင်သုံး၍ စိတ်တိုင်းကျ ဝင်နိုင်ထွက်နိုင်သည် ။

" နဂါးငွေ့တန်း ပုံရိပ်ယောင်ထဲ သွား.. "

" ဟုတ်ကဲ့ပါဆရာ.. "

ကျိုးချန်က နဂါးငွေ့တန်းပုံရိပ်ယောင်ထဲ ဝင်လိုက်သည် ။ အုပ်ထိန်းသူ၏ တပည့်ဖြစ်သဖြင့် အမှတ်မပေးရပေ ။

ရီသည် ကျိုးချန် နဂါးငွေ့တန်းပုံရိပ်ယောင်ထဲ ဝင်သွားလျှင် ပြုံးလိုက်မိသည် ။

' အင်း ခုတော့ ဂြိုလ်ပြာရဲ့ သမိုင်းတစ်လျောက်ပါရမီအကောင်းဆုံး သုံးယောက်တော့ ဆုံကြပြီ.. '

နဂါးငွေ့တန်း ၏ အကဲဖြတ်ချက်နှင့် ကြည့်လျှင် တာအိုခန္ဓာပိုင်ရှင် ကျိုးချန်အား လက်ရွေးစင်အဖြစ် သတ်မှတ်နိုင်ပြီး လင်းမို့သည်တော့ သေချာပြော၍မရ ။ မင်ကျင့်အား အမှိုက်တစ်စအဖြစ်သာ သတ်မှတ်နိုင်ပေမည် ။

သို့သော်လည်း ဂြိုလ်ပြာအဆင့်တွင်မူ မင်ကျင့်သည် အထူးပါရမီရှင်ဖြစ်သည် ။ ​စစ်နတ်ဘုရားအဆင့်ကို ကျော်လွန်၍ အဆင့်မြင့်သက်ရှိဖြစ်လာနိုင်သည့် လူတစ်ယောက်ပင် ။ ဂြိုလ်ပြာတွင် စစ်နတ်ဘုရား သုံးယောက်သာရှိပြီး အဆင့်မြင့်သက်ရှိ မရှိ ။

' ဒါပင်မဲ့ န​ဂါးငွေ့တန်းပုံရိပ်ယောင်က ပါရမီကို စမ်းသပ်တာမှ မဟုတ်ဘဲ.. '

နဂါးငွေ့တန်းပုံရိပ်ယောင်သည် လူတစ်ဦး၏ တာအိုနှလုံးသားကို စမ်းသပ်ခြင်းဖြစ်သည် ။ လူတစ်ဦး၏ ပါရမီနှင့် မသက်ဆိုင်ချေ ။ သိုင်းပညာမလေ့ကျင့်ဘူးသည့် သာမန်လူအချို့ပင် မြင့်မားသည့် စိတ်ဓာတ်ကြံ့ခိုင်မှု ပိုင်ဆိုင်ထားကြ၏ ။

တာအိုနှလုံးသား တည်ငြိမ်သည့် သူများမှာ အဆင့်တက်ရာတွင် ပို၍ချောမွေ့ပေသည် ။ အန္တရာယ်ကို ရင်ဆိုင်ရာ၌လည်း ပို၍သတ္တိရှိသည် ။

သို့သော်လည်း ပါရမီ ဆိုသည်က ကောင်းကင်မှ ချီးမြှင့်သော ဆုလဒ်တစ်ခုပင် ။ ပါရမီရှင်တစ်ယောက်အား စိတ်ဓာတ်ကြံ့ခိုင်စေရန် သင်ကြား၍ ရသော်လည်း စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်အား ပါရမီ ရှိလာအောင် လုပ်၍မရ ။

ထို့ကြောင့် တပည့်လက်ခံရာတွင် ပါရမီကိုသာ အဓိက ထားကြပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကို သိပ်အလေးမပေးချေ ။

' သူတို့သုံးယောက် ဘယ်သူ သာမလဲ မသိဘူး.. '

ရီ က စိတ်ဝင်တစား စောင့်ကြည့်နေ၏ ။ မည်သည့် အဖြေထွက်လာပါစေ ကျိုးချန်တစ်ယောက်သာ သူ၏ ဆက်ခံသူ ဖြစ်လာနိုင်မည်ဖြစ်သည် ။

**

လင်းမို့သည် နဂါးငွေ့တန်းပုံရိပ်ယောင်ထဲ ဝင်ရောက်ပြီးနောက် နှလုံးနာကျင်မှုကို ခံစားလိုက်ရသည် ။ သန်းတစ်ရာကား စွန့်လွှတ်လိုက်ရချေပြီ ။ မည်သူ မနာကျင်ဘဲ နေနိုင်မည်နည်း ။

' ဒါဘယ်နေရာလဲ.. '

လင်းမို့သည် အချင်း မီတာအနည်းငယ်သာ ကျယ်ဝန်းသည့် ​ဥက္ကာခဲ တစ်ခုပေါ်တွင် ရပ်ရင်း အာကာသထဲတွင် ပျံသန်းနေသည်ကို သိလိုက်ရသည် ။

" နဂါးငွေ့တန်းပုံရိပ်ယောင်မှ ကြိုဆိုပါတယ်.. "

အဆင့်မြင့် Ai အသံ ထွက်ပေါ်လာပြီး လင်းမို့အား မိတ်ဆက်ပေးလိုက်သည် ။

" သင်ယခု ဂြိုလ်သိမ်တစ်ခုတွင် ထိုင်၍ အလင်းအလျင်ထက် အဆ၁၀၀၀၀၀ အမြန်နှုန်းဖြင့် နဂါးငွေ့တန်း စကြဝဠာ အား လှည့်ပတ်နေပါတယ်.. "

အလင်း၏ အလျင်ထက် အဆ၁၀၀၀၀၀ မြန်ရန်မှာ အပြင်လောကတွင် မဖြစ်နိုင်သော်လည်း ရှေးဦးစကြာဝဠာ အတွင်း အုပ်ထိန်းသူ စိတ်ကြိုက် ဖန်တီး၍ ရသဖြင့် အဆ ၁၀၀၀၀၀၀ ဘီလီယံမြန်၍ပင် ရသည် ။

' ဒီအရှိန်နဲ့ဆို နဂါးငွေ့တန်းထဲ ကြိုက်တဲ့နေရာ သွားလည်လို့ရပြီ.. '

လင်းမို့ လျှာကိုက်လိုက်မိ၏ ။

Chapter 213

~