အဲ့ကောင် စိတ္တဇကောင် ~
Vol. 15 Ch. 217
" ဆရာ.. "
ကျိုးချန်သည် ဝမ်းနည်းနေသော အမူအရာဖြင့် ရီ၏ အနားတွင် ရပ်နေ၏ ။ သူ၏ အဆင့်သည် နောက်ဆုံး ဖြစ်နေမည်ဟု မထင်ထားမိခဲ့ ။
" မင်းရဲ့ အားနည်းချက်ကို မင်းသိပြီလား.."
ရီက တည်ငြိမ်စွာဖြင့်...
" မင်းအဆင့် ၃၀ ထိမရောက်နိုင်တာ ငါသိပြီးသား.. ခုစမ်းသပ်ခိုင်းတာက ဂြိုလ်ပြာရဲ့ ပါရမီရှင်တွေက မင်းထက် ဘယ်လောက်သာလဲ မင်းသိနိုင်အောင်လို့.. "
ရီသည် ကျိုးချန်အား အလေးထား၏ ။ သူ့ဘဝ၏ နေဝင်ချိန်တွင် ကျိုးချန်ကဲ့သို့ ပါရမီရှင်တစ်ယောက် ရှာတွေ့ချင်းက ကောင်းကင်မှပေးအပ်သော ကောင်းချီးတစ်ခုပင် ။ တာအိုခန္ဓာပိုင်ရှင်အား ရှာတွေ့ရန် ဆိုသည်က နဂါးငွေ့တန်းတစ်ခုလုံးတွင်ပင် လွယ်မည်မဟုတ်ချေ ။ သို့သော်လည်း သူ၏ အတွေ့အကြုံအရ ကျိုးချန်၏ တာအိုနှလုံးသားသည် သိပ်မခိုင်မာသေးမှန်း သိထား၏ ။
" ကျိုးချန်.. "
ရီက လေးနက်ဟန်ဖြင့်...
" မင်းမှာ တာအိုခန္ဓာပိုင်ဆိုင်ထားပင်မဲ့ နဂါးငွေ့တန်းထဲမှာ မင်းနဲ့ အဆင့်တူတဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်ဆိုတာ မင်းသိထားရမယ်.. "
" ဟုတ်ကဲ့ပါဆရာ.. "
ကျိုးချန်က နာခံစွာ ခေါင်းညိတ်လိုက်သည် ။ ရီပြောပြထားသဖြင့် နဂါးငွေ့တန်းကြီး၏ အကြောင်းကို သူကောင်းကောင်းသိပေသည် ။
" တာအိုခန္ဓာပိုင်ရှင် အများကြီးထဲကမှ အချို့က အဆင့် ၇ သက်ရှိ အထက်ရောက်နိုင်တယ်.. အချို့က အဆင့် ၅ သက်ရှိအထိပဲ ရောက်နိုင်တယ်.. အချို့က အဆင့်၃ သက်ရှိ အဆင့်လောက်ပဲ ရောက်နိုင်တယ်.. ဘာလို့လဲဆိုတာ မင်းသိလား.. အဲ့တာရဲ့ အဓိက အကြောင်းအရင်းက တာအိုနှလုံးသား ကြောင့်ပဲ.. "
ရီက သူ့ဘာသာမေး၍ သူ့ဘာသာပြန်ဖြေလိုက်ပြီး ဆက်ပြော၏ ။
" မင်းတို့ ရှားနိုင်ငံမှာ ဆိုရိုးစကားတစ်ခွန်းရှိတယ်.. ဘယ်လောက်အဖိုးတန်တဲ့ ရတနာဓား ဖြစ်ပါစေ အမြဲ သွေးပေးနေမှ ထက်နိုင်မည်တဲ့.. အဲ့လိုပဲ မင်းပါရမီဘယ်လောက်ပဲ ရှိရှိ တာအိုနှလုံးသား ခိုင်မာအောင် သွေးပေးနိုင်မှ အဆင့်မြင့် သက်ရှိ အဆင့်ကို ရောက်နိုင်လိမ့်မယ်.. "
" ဒီနေ့တော့ ကောင်းကောင်းနားလိုက်.. မနက်ဖြန်ကစပြီး မင်းလေ့ကျင့်နေကြ သင်ခန်းစာတွေအပြင် တာအိုနှလုံးသားနဲ့ ပက်သက်တဲ့ လေကျင့်ခန်းတွေကို ငါသင်ပေးမယ်.. "
ရီက လက်ဝှေ့ယမ်းပြီး ပြောလိုက်၏ ။
" ဆရာ.."
ကျိုးချန်က မအောင့်နိုင်ဘဲ ထုတ်မေးလိုက်မိသည် ။
" ကျွန်တော်နဲ့ လင်းမို့နဲ့ မင်ကျင့်တို့ကြား တာအိုနှလုံးသားက ဘယ်လောက်ကွာခြားလဲ.. "
ရီ၏ တပည့်ဖြစ်သဖြင့် လင်းမို့နှင့် မင်ကျင့်အကြောင်း သူကောင်းကောင်းသိပေသည် ။
" မင်းနဲ့ မင်ကျင့် ကြားက တော်တော် ကွာတယ်.. "
ရီက ခဏစဥ်းစားလိုက်ပြီး...
" မင်ကျင့်ရဲ့ တာအိုနှလုံးသားက တော်တော် ချီးကျူးဖို့ကောင်းတယ်.. ဂြိုလ်ပြာရဲ့ သမိုင်းတစ်လျောက် အကောင်းဆုံးကိုကျော်ပြီး အဆင့် ၄၀ ထိ တောင် ရောက်နိုင်တယ်.. သူဘယ်လောက်ထိ ရောက်မလဲတော့ ငါလဲ မပြောတက်ဘူး.. သူ့တာအိုနှလုံးသားက ဘယ်လောက်ခိုင်မာလဲ စောင့်ကြည့်ရမှာပဲ.. ဒါပင်မယ့်.. ငါစီစဥ်ပေးတဲ့အတိုင်းလေ့ကျင့်ရင် မင်း မင်ကျင့်ကို ကျော်နိုင်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုလိမ့်မယ်.. "
ကျိုးချန်၏ မျက်လုံးများက တောက်ပလာ၏ ။ မင်ကျင့်ကို ကျော်လွန်နိုင်လျှင် ဂြိုလ်ပြာ၏ အဆင့် ၁ ဖြစ်လာပေတော့မည် ။ သူ၏ ယုံကြည်မှုများ မြင့်တက်လာသည် ။ လင်းမို့ကိုတော့ ထည့်မစဥ်းစား ။ တာအိုနှလုံးသား မခိုင်မာသူတစ်ယောက်ကို ထည့်တွေးနေစရာ အကြောင်းမရှိ ။
" ဒါပင်မဲ့.. "
ရီ၏ မျက်နှာက လေးနက်သွားပြီး...
" မင်း လင်းမို့ကိုတော့ ဘယ်တော့မှ ကျော်နိုင်မှာ မဟုတ်ဘူး.. "
" အမ်..ဘာလို့လဲ.. "
ကျိုးချန် နားမလည် ။
" လင်းမို့ရဲ့ တာအိုနှလုံးသားက မင်ကျင့်ထက် သန်မာလို့လား.. "
" မဟုတ်ဘူး.. သူတို့နှစ်ယောက်က တူညီတဲ့ အဆင့်သက်မှတ်ချက်နဲ့ ပြောလို့မရဘူး.. "
ရီက ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်၏ ။
ကျိုးချန်သည် ရီ၏ မျက်နှာထက်တွင် ရှုပ်ထွေးနေသည်ကို ယခုမှ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည် ။
" လင်းမို့က စိတ်ပုံမှန်မဟုတ်ဘူး.. "
ရီက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည် ။
" မင်ကျင့်က နာကျင်မှုကို တောင့်ခံနေပင်မယ့် လင်းမို့က နာကျင်မှုမှာ ပျော်ရွှင်နေတဲ့ အဆင့်ကိုရောက်နေတာပဲ .."
" နာကျင်မှုမှာ ပျော်ရွှင်နိုင်တာလား.."
ကျိုးချန် ထိုသည်မျိုးက မကြားဘူး ။
" အော် စိတ်ဖောက်ပြန်နေတာလား.. "
" ဟုတ်တယ်.. ဒီလို တာအိုနှလုံးသားမျိုး ဂြိုလ်ပြာမှာ တွေ့ရမယ်လို့ ထင်မထားဘူး.. "
ရီက ပြောပြီးနောက် ရှေးဦးစကြာဝဠာ အတွင်းရှိ နဂါးငွေ့တန်းပုံရိပ်ယောင်အတွင်းသို့ ပြန်ကြည့်လိုက်သည် ။
ထိုအခိုက် လင်းမို့ရော မင်ကျင့်ပါ အဆင့် ၄၂ သို့ ရောက်နေကြလေပြီ ။
မင်ကျင့်၏ မျက်နှာက အကန့်အသတ်သို့ ရောက်နေ၍ ရှုံ့မဲ့နေသော်လည်း လင်းမို့၏ မျက်နှာက စိတ်ကျေနပ်နေဟန်ဖြင့် ပြုံးနေ၏ ။
' မင်ကျင့်က အကန့်အသတ်ကိုရောက်နေပြီ .. သူကျော်ဖြတ်နိုင်လောက်သေးတယ်.. ဒါပင်မဲ့ လင်းမို့က တကယ်စိတ်ဖောက်ပြန်နေတာလား.. '
ရီ တွေးသည် ။ အဆင့် ၄၂ ပုံရိပ်ယောင်လောကတွင် နာကျင်မှုကို ပျော်ရွှင်နေသူမျိုး အဆင့် ၉ သက်ရှိဖြစ်သည့် သူပင် မမြင်ဖူးချေ ။
' လင်းမို့က စိတ်ခံစားချက် မရှိတဲ့ သူမျိုးများ ဖြစ်မလား.. အဲ့လိုလဲ မဟုတ်သေးပါဘူး.. သူ့မှာ သူငယ်ချင်းတွေ ရှိတာပဲ.. '
ရီ စိတ်ရှုပ်ထွေးနေ၏ ။ အဆင့် ၉ သက်ရှိပင် နားမလည်နိုင်တော့ ။
ထိုအခိုက် မင်ကျင့်က အဆင့် ၄၉ ထိရောက်ပြီး မိနစ်ဝက်အကြာတွင် မခံနိုင်တော့၍ လဲကျသွားပြီး ပုံရိပ်ယောင်လောကအတွင်း ကျဆင်းသွားသည် ။ သူသည် ပုံရိပ်ယောင်လောကအတွင်း အဆင့် ၁၄ ထိသာ ကျော်ဖြတ်နိုင်ပြီး ရှုံးနိမ့်သွား၏ ။
မင်ကျင့်၏ အသိစိတ်က ခန္ဓာကိုယ်သို့ ပြန်ရောက်သောအခါ မျက်လုံးဖွင့်ကြည့်လိုက်၏ ။ စမ်းသပ်နေဆဲ Black Earth ကို မြင်လိုက်ရသည် ။ အထူးသဖြင့် Black Earth ၏ ပြုံးဖြီးဖြီး မျက်နှာကြီးကိုပင် ။
" သောက်ခွေး စိတ္တဇကောင်.. "
**
မင်ကျင့် ရှုံးနိမ့်ခဲ့ချိန်တွင် လင်းမို့က အဆင့် ၅၅ သို့ ရောက်နေပြီ ဖြစ်သည် ။
" မဖြစ်နိုင်ဘူး..."
ပျော်ရွှင်စွာ ကျော်ဖြတ်နေသော လင်းမို့ကို ကြည့်၍ ရီက ထိတ်လန့်လာ၏ ။
' နဂါးငွေ့တန်းရဲ့ ပုံရိပ်ယောင်လောက စံချိန်က အဆင့် ၅၉ ထဲ.. သူက ၅၅ ရောက်နေပြီဆိုတော့ စံချိန်သစ် တင်နိုင်တော့မှာလား.. '
Chapter 218
~