ဒီနေ့ အလုပ်နည်းနည်း ရှုပ်နေတယ် ၂ ~
Vol. 15 Ch. 220
' ကျန်းမိသားစု..'
လင်းမို့ မျက်မှောင်ကြုပ်ရင်း စဉ်းစားနေ၏ ။
သူ မနက်စာစားပြီးသည်နှင့် မြေဆွဲအားခန်းဆီသို့ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့သည်။
“ဒီနေ့ ၁၂ နာရီပဲလား..”
ယနေ့ အလှည့်ကြသော မြေဆွဲအားခန်း မန်နေဂျာမှာ လင်းမို့ ၁၂နာရီ နေတတ်သည်ကို သိထားပြီးဖြစ်သည် ။
“မဟုတ်ဘူး”
လင်းမို့ ခေါင်းခါလိုက်ပြီး ...
“ဒီနေ့တော့ ၈ နာရီပဲ”
ယနေ့နေ့လည်တွင် လင်းမို့ သည် သူ၏ အသက်ကယ် ပစ္စည်းဖြစ်သည့် နာနိုဝတ်စုံ ပါသည့် အထုပ်ကို လက်ခံရယူရမည် ။ ပြီးနောက် ဝတ်စုံကို သေချာလေ့လာပြီး ကျင့်သားရစေရန်လေ့ကျင့်ပေးရမည် ။
ထို့အပြင် ယနေ့ညနေခင်းတွင် သူသည် ကျန်းအိမ်တော်မှ လူများနှင့် တွေ့ဆုံရန် ရှိသည် ။
ထို့ကြောင့် မြေဆွဲအားခန်းတွင် အကြာကြီးအိပ်၍ မရ ။
'ဒီနေ့တော့ လေးနာရီစာ အိပ်ချိန်လျော့သွားတာပေါ့..'
လင်းမို့ စိတ်ပျက်စွာ တွေးမိလိုက်၏ ။
မြေဆွဲအားခန်းထဲတွင် အိပ်ရသည်က ပို၍ သက်သောင့်သက်သာရှိပေသည် ။
ဆွဲအားအဆ ၄၀ ရှိသော ပတ်ဝန်းကျင်တွင် အိပ်စက်ခြင်းကို အကျင့်ရသွားပြီးနောက် ကမ္ဘာဂြိုဟ်၏ ပုံမှန်ဆွဲအားတွင် သူ အိပ်မပျော်တော့ ။
' ခုမြေဆွဲအားခန်းထဲမှာ အိပ်တာကို အကျင့်ဖြစ်နေပြီ.. နောက်ဆို အချိန်ကတ်တွေ ကုန်သွားရင် ငါဘယ်လို အိပ်ရတော့မလဲ.. '
လင်းမို့ စိုးရိမ်မိလိုက်၏ ။ ထို့နောက် ခေါင်းခါလိုက်သည် ။
'အခု မစဉ်းစားသေးတာပဲ ကောင်းမယ်.. တစ်နေ့ကို မြေဆွဲအားခန်းထဲမှာ ၁၂ နာရီ အိပ်ရင်တောင် အချိန်ကတ်တွေ ကုန်ဖို့က တစ်နှစ်ခွဲကျော်လောက် လိုသေးတယ်.. အဲဒီအချိန်ကျရင် ငါက မဟာသခင်အဆင့် ဖြစ်နေပြီ.. မြေဆွဲအားခန်းကို ကိုယ်ပိုင်သုံးဖို့ တောင်းလို့ ရနေပြီ.. '
လင်းမို့ သည် မြေဆွဲအားခန်းတံခါးကို ပိတ်၍ ဆွဲအားပမာဏကို ချိန်ညှိပြီးနောက် အိပ်စက်ရန် လှဲလိုက်သည် ။ သူဘာမှထပ်မစဉ်းစားတော့ ။
သို့သော်လည်း လင်းမို့ က မြေဆွဲအားခန်းကို ယနေ့ ၈ နာရီသာ ဖွင့်ထားသည်ဟူသော သတင်းမှာ ကျန်းနန်တက္ကသိုလ်ရှိ ဆရာများကြားတွင် ပျံ့နှံ့သွားခဲ့သည်။
ကျောင်းအုပ်ထူ လည်း ထိုသတင်းကို ချက်ချင်းကြားလိုက်ရ၏ ။
“ဟမ်.. လင်းမို့က ဒီနေ့ ၁၂ နာရီ မဟုတ်ဘဲ ၈ နာရီပဲ လား”
ကျောင်းအုပ်ထူ သည် မြေဆွဲအားခန်း တာဝန်ခံကို လင်းမို့၏ အခြေအနေကို အမြဲတမ်းဂရုစိုက်ရန် မှာထားခဲ့၏ ။
“ကြည့်ရတာ လင်းမို့ရဲ့ လက်သီးပြင်းအားတိုးတက်မှုက တစ်ဆို့ နေပြီထင်တယ် .. နောက်ဆိုရင် သူ ကြိုက်ကြိုက် မကြိုက်ကြိုက် တိုက်ခိုက်ရေးစွမ်းရည်ကို လေ့ကျင့်ဖို့ အာရုံစိုက်ရတော့မယ်”
ကျောင်းအုပ်ထူ သည် သူ၏ရုံးခန်းတွင် ရေရွတ်နေရင်း လျှောက်သွားနေ၏ ။
“လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်ကို သိချင်လိုက်တာ.. သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည် အဆင့်ကန့်သတ်ချက်ကြောင့် သူ့ရဲ့လက်သီးပြင်းအားတိုးတက်မှု အကြာကြီး ရပ်တန့်သွားမှာလား”
အကြာကြီး စဉ်းစားပြီးနောက် ကျောင်းအုပ်ထူက ခေါင်းခါပြီး သက်ပြင်းချလိုက်၏ ။
“ မစဉ်းစားတော့ပါဘူး.. သိုင်းလမ်းစဥ်ဆိုတာကိုယ်တိုင်ပဲလျှောက်လှမ်းရမှာ.. ငါလုပ်ပေးနိုင်တာက လင်းမို့ကို လေ့ကျင့်ရေးအရင်းအမြစ်တွေ အကောင်းဆုံးပေးဖို့ပဲ.. ဘယ်လောက်အထိရောက်မယ်ဆိုတာကတော့ သူ့ပေါ်မူတည်ပါတယ်..”
ဆရာ ဝေ့သည်လည်း လင်းမို့ မြေဆွဲအားခန်းကို ယနေ့ ၈ နာရီသာ ဖွင့်ထားသည်ဟူသော သတင်းကို ချက်ချင်းကြားသိခဲ့ရသည်။
သို့သော် ဆရာ ဝေ့မှာမူ ထိုသတင်းကို ကြားသောအခါ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။
' ဒါမျိုးဖြစ်လာမယ်ဆိုတာ ငါသိသားပဲ..'
ဆရာဝေ့ တွေးသည်။
' အော် ..လင်းမို့… လင်းမို့… လူကြီးစကား နားမထောင်ရင် ဒုက္ခရောက်တတ်တယ်.. အရင်တုန်းက ငါပြောတာကို နားမထောင်ဘူး..အခု မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က တစ်ဆို့နေပြီမဟုတ်လား..”
ဆရာ ဝေ့သည် ဤအချိန်ကို အကြာကြီးစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
သူက မနာလို၍မဟုတ်ဘဲ လင်းမို့အတွက် ကောင်းစေချင်၍ပင် ။ လင်းမို့အား လမ်းမှားပြီးမလျှောက်စေချင် ။
'လင်းမို့က အခု နည်းနည်းလမ်းလွဲနေတယ်ဆိုပေမဲ့ ကံကောင်းတာကတော့ အချိန်သိပ်မဖြုန်းရသေးဘူး..'
ဆရာဝေ့ တွေးသည်။
' ပြီးတော့ ဒီသင်ခန်းစာက လင်းမို့ကို သိုင်းလမ်းစဥ်ဆိုတာ ပါရမီတစ်ခုတည်းပေါ်မှာ မူတည်တာမဟုတ်ဘူးဆိုတာကို နားလည်လိမ့်မယ်လို့ မျှော်လင့်တယ်..'
ကျန်းနန်တက္ကသိုလ်မှ အခြားသော ဆရာများနှင့် ပါမောက္ခများလည်း လင်းမို့အကြောင်း ဆွေးနွေးပြောဆိုနေကြ၏ ။
လင်းမို့သာ ထိုစကားများကို ကြားရပါက ဆွံ့အသွားပေမည် ။
' ငါဒီနေ့ နည်းနည်းအလုပ်ရှုပ်နေလို့ မြေဆွဲအားခန်းထဲမှာ အကြာကြီးမနေနိုင်တာကို..မင်းတို့တွေ ဘာလို့ဒီလောက်အထိ စဉ်းစားနေကြတာလဲ..'
လင်းမို့ ဒြပ်ဆွဲအားအခန်းထဲမှ ထွက်လာချိန်တွင် နေ့လယ်စောင်းနေပြီဖြစ်သည် ။
သူသည် ကျန်းနန်တက္ကသိုလ်၏ ကျောင်းဂိတ်သို့ ရောက်ရှိလာပြီး ဒလီသမား ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေ၏ ။
သူ မိနစ်အနည်းကြာအောင် စောင့်ဆိုင်းနေပြီးနောက် နောက်နေ့တွင် အဆောင်လုပွဲ၌ စိန်ခေါ်ရမည့် ပြိုင်ဘက်ဖြစ်သူ ဖုန်ကျစ်ဝေ နှင့် ဆုံခဲ့သည်။
“ လင်းမို့ ..”
ဖုန်းကျိဝေက လင်းမို့အား စတင်နှုတ်ဆက်လိုက်သည်။ သူ နှင့် လင်းမို့ မှာ ဆက်ဆံရေး အမှန်တကယ် ဆိုးရွားသည်ဟု ပြော၍မရပေ ။
လင်းမို့တွင် ကျန်းနန်တက္ကသိုလ်၌ အပေါင်းအသင်းသိပ်မရှိ ။ သူ၏အတန်းဖော်များမှအပ ဖုန်ကျစ်ဝေနှင့် အခြားသူအနည်းငယ်သာ ရှိသည်။
“ ကျောင်းဂိတ်မှာ ဘာလုပ်နေတာလဲ..”
ဖုန်းကျိဝေက မေးသည်။
“ ဒလီသမားကို စောင့်နေတာ..”
လင်းမို့ ရိုးသားစွာ ဖြေလိုက်သည်။
နာနိုတိုက်ပွဲဝတ်စုံကဲ့သို့ အရေးကြီးသော ပစ္စည်းကို သူကိုယ်တိုင် လက်မှတ်ထိုးပြီး လက်ခံရယူရပေမည်။
' ဒလီသမားစောင့်နေတယ်လား..'
ဖုန်ကျစ်ဝေသည် တစ်စုံတစ်ရာကို ခန့်မှန်းမိပုံရပြီး အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။
“ ဘာအရေးကြီးတဲ့ ပစ္စည်းမို့လို့ အဆောင်က မစောင့်ဘဲ ကျောင်းဂိတ်မှာ ကိုယ်တိုင်စောင့်နေရတာလဲ..မင်း အင်အားတိုးစေမယ့် ယာယီဆေးတစ်ခုခုများလား ..”
ဖုန်ကျစ်ဝေ ထိုသို့ယူဆမိသည်မှာ အံ့ဩစရာမဟုတ် ။
နောက်နေ့သည် သူ့နှင့် လင်းမို့၏ စိန်ခေါ်ပွဲ ပြုလုပ်မည့်နေ့ပင်ဖြစ်သည်။
ဖုန်ကျစ်ဝေ၏ ထင်မြင်ချက်တွင် လင်းမို့သည် သူနှင့် ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိရန်အတွက် မည်သည့်နည်းလမ်းကိုမဆို သုံးလိမ့်မည် ။ ဥပမာ- သူ့အင်အားကို ယာယီတိုးမြင့်ပေးမည့် အထူးနည်းပညာသုံးဆေးများ သုံးခြင်းမျိုး ။
“ မဟုတ်ပါဘူး.. ”
လင်းမို့ ခေါင်းခါလိုက်ပြီး အသေးစိတ်ထပ်မပြောတော့ပေ။
သူသည် နာနိုတိုက်ပွဲဝတ်စုံကို ရရှိထားကြောင်း ထုတ်ပြော၍ မဖြစ် ။
နာနိုတိုက်ပွဲဝတ်စုံပိုင်ဆိုင်သူမှာ ဂြိုလ်ပြာတစ်ခုလုံးတွင် လူဒါဇင်အနည်းငယ်သာ ရှိသည် ။ သူသာ တစ်စုံတစ်ယောက်ကို ပြောပြလိုက်ပါက မနာလိုမှုများစွာကို ဆွဲဆောင်မိမည်မှာ သေချာသည် ။
ထို့အပြင် နာနိုတိုက်ပွဲဝတ်စုံမှာ လင်းမို့၏ အဖိုးတန်ဆုံးလက်နက်ဖြစ်သည်။ ထို့ကြောင့် လူသိနည်းလေလေ ဘေးကင်းလေလေပင်။
လင်းမို့၏ စိတ်ကူးမှာ သူ နာနိုတိုက်ပွဲဝတ်စုံ ပိုင်ဆိုင်ကြောင်း မည်သူမှမသိလျှင် အကောင်းဆုံးဖြစ်သည်။ ထိုအခါမှ သူအကျပ်အတည်းကြုံသောအခါ ထိုဝတ်စုံ၏ စွမ်းရည်အပြည့်အဝကို အသုံးချနိုင်ပေမည်။
“ ဟားဟားဟား..”
သို့သော် ဖုန်ကျစ်ဝေ၏ အမြင်တွင် လင်းမို့၏ ငြင်းဆိုမှုမှာ ဖုံးကွယ်ခြင်းတစ်ခုလိုဖြစ်နေသည် ။ ဖုန်းကျိဝေသည် ခနဲ့တဲ့တဲ့ ရယ်မောရင်း...
“ ဘာပဲဖြစ်ဖြစ်.. မင်းက ပထမနှစ်ကျောင်းသားဖြစ်ပြီးတော့ ကျန်းနန်တက္ကသိုလ်ကို ရောက်တာမကြာသေးဘူး.. ငါ့ကိုစိန်ခေါ်ဖို့အတွက် အထူးနည်းလမ်းတချို့ကို ခိုးသုံးတာက သဘာဝကျပါတယ်.. ဖုံးကွယ်ဖို့မလိုပါဘူး.. ”
လင်းမို့ ထိုစကားကို ကြားသောအခါ မျက်လုံးများကို လှန်မိသည်။
' ငါ့မှာ လက်သီးပြင်းအား ၁၀၀,၀၀၀ ကီလိုကျော်ရှိပြီးသား.. တစ်ချက်တည်းနဲ့ မင်းကို ကျန်းနန်တက္ကသိုလ်အပြင်ဘက်ထိ လွင့်သွားအောင် လုပ်နိုင်တယ်.. ငါ့မှာ ဘာအထူးနည်းလမ်းတွေ လိုအပ်မှာလဲ..'
“ ဒါပေမဲ့ အထူးဆေးဆိုရင်တောင် အင်အားတိုးတာက အကန့်အသတ်ရှိတယ်.. မင်းအင်အား မလုံလောက်ရင် ဘယ်ဆေးမှ အကူအညီမဖြစ်နိုင်ဘူး..”
ဖုန်းကျိဝေ ဆက်ပြောသည် ။
“မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က အပြင်က သတင်းတွေထက်ပိုမြင့်တယ်လို့ ကြားတယ်.. အဆင့် ၃ အထွတ်အထိပ် ရောက်နေပြီလား..အဆင့် ၃ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းရည်က လက်သီးပြင်းအား၂၀,၀၀၀ ကီလိုပဲ ထိန်းချုပ်နိုင်တယ်.. ဒီလောက် လက်သီးပြင်းအားနဲ့ မင်း ဘယ်လောက်ပဲ တိုးအောင်လုပ်လုပ် ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး..”
ဖုန်ကျစ်ဝေ ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
ထိုအချိန်တွင် လင်းမို့၏ ပစ္စည်းရောက်ရှိလာသည်။
ဖုန်ကျစ်ဝေ၏ ပစ္စည်းလည်း ချက်ချင်းရောက်ရှိလာသည်။
“ ဒီည ကောင်မလေးနဲ့ ချိန်းထားလို့ လိုအပ်တဲ့ ထီးသေးသေးလေးတွေ ဝယ်ထားတာ..”
ဖုန်ကျစ်ဝေသည် အထုပ်ကို ယူလိုက်ပြီး ရှင်းပြသည်။ ထို့နောက်...
“ လင်းမို့... မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၄ ရောက်နေပြီလား.. အဲဒီလိုဆိုရင်တောင် မင်းထိန်းချုပ်နိုင်တဲ့ လက်သီးပြင်းအားက ဘာမှ ရှိမှာမဟုတ်ဘူး.. အင်အားတိုးဆေးသုံးရင်တောင် ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး..”
“ မဟုတ်ပါဘူးဆို .. ”
လင်းမို့သည် အထုပ်ကိုယူရင်း ရှင်းပြခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ပစ္စည်းပို့ဆောင်ပေးသော ငွေလအဆင့် သည် လင်းမို့၏ အထုပ်ထဲတွင် ဘာပါသည်ကို သိနေ၏ ။ လျှို့ဝှက်ချက်ဥပဒေကြောင့် သူထုတ်ပြော၍မရ ။
ယခင် နေအလင်းအဆင့်မှာ လျှို့ဝှက်ချက်ကို ထုတ်ဖော်မိသောကြောင့် သေဆုံးသွားသည်ကို သူကြားထားသည်။
ပစ္စည်းပို့ဆောင်ပေးသော ငွေလအဆင့် သည် ဖုန်ကျစ်ဝေကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။
' လင်းမို့က နာနိုတိုက်ပွဲဝတ်စုံကို ရထားပြီးပြီ..မင်းထက် အများကြီးပိုပြီး အင်အားကြီးနေပြီ..မင်းက လင်းမို့ရှေ့မှာ အခုထိ ကြွားနေတုန်းပဲလား..'
ပစ္စည်းပို့ဆောင်ပေးသော ငွေလအဆင့် သည် ဖုန်ကျစ်ဝေကို မထီမဲ့မြင်ကြည့်ပြီး ထွက်ခွာသွားသည်။
ဖုန်ကျစ်ဝေသည် ဘာမှမမှားဘူးဟု သဘာဝကျကျ ယူဆလိုက်သည် ။ သူ ဆက်လက်ပြောဆိုသည် ။
“ လင်းမို့... ဘာပဲဖြစ်ဖြစ် နောက်နေ့ မင်းနဲ့ ပြိုင်ပွဲကွင်းမှာတွေ့ဖို့ မျှော်လင့်ပါတယ်.. အဲဒီအချိန်မှာ မင်းနဲ့ငါ့ကြားက ကွာခြားချက်ကို သိလိမ့်မယ်.. ဒါနဲ့ ငါက တိုက်ပွဲကြည့်ဖို့ ကျောင်းသားအနည်းငယ်ကို ဖိတ်ထားတယ်..မင်း စိတ်မဆိုးပါဘူးနော်.. ”
ဖုန်ကျစ်ဝေက ဤသည်မှာ သူကြွားဝါရန်အတွက် ရှားပါးအခွင့်အရေးဖြစ်ကြောင်း သိသည်။ ထို့ကြောင့် ကြွားဝါရန်အတွက် တိုက်ပွဲကြည့်ရှုမည့် ကျောင်းသားများစွာကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည် ။
“ ရပါတယ်.. ”
လင်းမို့ သည် ဖုန်းကျိဝေကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သည်။ ရှုံးတာကိုပြဖို့အတွက် ကျောင်းသားတွေကို ဖိတ်ထားသည်လော ။ ဖုန်ကျစ်ဝေ မည်သို့ စဥ်းစားနေပါသနည်း ။ ရှုံးနိမ့်ပြီးနောက် ဖြစ်ပေါ်လာမည့် ဖုန်ကျစ်ဝေ၏ မျက်နှာကို သူသိချင်ပေသည် ။
Chapter 221
~