နားလည်မှု လွဲခြင်း ~
Vol. 15 Ch. 221
ဖုန်ကျစ်ဝေသည် မောက်မာဟန်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင် အလွန်သတိထားနေ၏ ။
သူ အထုတ်လက်ခံပြီးနောက် အိပ်ဆောင်သို့ ပြန်ပြေးကာ တံခါးအားလုံးကို သေချာပိတ်ထားလိုက်သည် ။ ပြီးမှ အထုတ်ကို ဖွင့်လိုက်၏ ။ အထုတ်ထဲတွင် ထီးသေးသေးလေး(အဖော်😂 ) ရှိမနေဘဲ ဆေးညွှန်းစာရွက်နှင့်အတူ ခွန်အားတိုးဆေး ပုလင်း ပါဝင်သည် ။ ဆေးပုလင်းကို ကြည့်ရင်း သူ၏ ယုံကြည်မှုက ပိုမို ခိုင်မာလာ၏ ။
' လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၃အထွတ်အထိပ်မှာဆိုရင် သူက ကြယ်ငါးပွင့် သိုင်းပညာရှင်ပဲဖြစ်မယ်..'
ဖုန်ကျစ်ဝေ တွေးသည် ။
' ဒါပင်မယ့် သူရဲ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၄ အစောပိုင်းမှာဆိုရင် ကြယ်ခြောက်ပွင့် ရောက်နေလောက်တယ်.. ကြယ်ခြောက်ပွင့်ဆို လက်သီးပြင်းအားက တန် ၂၀ ကနေ ၃၀ ဆိုတော့.. လင်းမို့ရဲ့ လက်သီးပြင်းအားက တန် ၃၀ ထိပဲ အများဆုံး ရှိနိုင်မယ်.. သူ ခွန်အားတိုးဆေးသောက်ပြီးရင် ၂၀ % လောက် တိုးလာမယ်ဆိုတော့ လက်သီးပြင်းအားက ၃၆ တန်လောက်အထိတော့ ရောက်သွားမှာပဲ.. '
ဖုန်ကျစ်ဝေ သေချာခွဲခြမ်း စိတ်ဖြာကြည့်နေ၏ ။ သူ၏ လက်သီးပြင်းအားမှာ တန် ၄၀ ကျော်ပြီး ကြယ်ခုနှစ်ပွင့် အဆင့်ဖြစ်သည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း အဆင့် ၄ အထွတ်အထိပ်တွင် ဖြစ်သောကြောင့် ရှုံးနိမ့်မည်ကို မစိုးရိမ်ပေ ။
ဖုန်ကျစ်ဝေသည် လင်းမို့ အား ဘက်ပေါင်းစုံမှ ဖိနှိပ်၍ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ရန် ပြင်ဆင်နေခြင်းပင် ။ ထိုမှသာ သူ၏ ခွန်အားကို ထုတ်ဖော်ပြရာ ရောက်ပေမည် ။ ပထမနှစ်ဖြင့် တိုက်ခိုက်ရာတွင် အနည်းငယ် ရုံးကန်နေရပါက အရှက်ကွဲမည် မဟုတ်လော ။
' ခြသေ့်တောင် ယုန်ကို အမဲလိုက်ရင် ခွန်အားအကုန် သုံးသေးတာပဲ.. '
ဖုန်ကျစ်ဝေသည် ဆေးအသုံးပြုခြင်းကို မရှက် ။
' အော် လင်းမို့လင်းမို့.. ငါလည်း ဆေးဝယ်ထားတယ်လို့ မင်းထင်မိမှာ မဟုတ်ဘူး.. '
ဖုန်ကျစ်ဝေသည် မနက်ဖြန်တိုက်ပွဲကို တွေးရင် စိတ်ကူးယာဥ်နေ၏ ။
' မနက်ဖြန်တိုက်ပွဲနဲ့ လင်းမို့ကို နှိုးပေးပြီး ဒီဂြိုလ်ပြာမှာ ပါရမီရှင်က သူတစ်ယောက်ထဲရှိတာမဟုတ်ဘူးဆိုတာ ပြောပေးရမယ်.. '
**
လင်းမို့လည်း အိပ်ဆောင်ကို ပြန်ပြေး၍ ဖုန်ကျစ်ဝေကဲ့သို့ပင် တံခါးများ ပိတ်လိုက်သည် ။
ပြီးမှ အထုတ်ကို ဖောက်လိုက်၏ ။ သူ နာနိုဝတ်စုံအား မြင်ချင်လှလေပြီ ။ ဤဝတ်စုံရရန် သူမနေ့ညက တစ်ညလုံး အားထုတ်ခဲ့ရသည် ။
' ငါ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ နဲ့ ဒီဝတ်စုံပေါင်းရင် နေအလင်းအဆင့်တွေတောင် ငါ့ကိုသတ်ဖို့ လွယ်တော့မှာ မဟုတ်ဘူး.. မဟာသခင်အဆင့်နဲ့ တွေ့ရင် တစ်ချက်ထဲ မသေဖို့ ရာခိုင်နှုန်းများတယ်.. '
လင်းမို့သည် ဝတ်စုံကို ကိုင်ကြည့်ရင်း လုံခြုံမှုကို ခံစားမိလိုက်၏ ။ သူ ရှားနိုင်ငံအတွင်း အသတ်ခံရမည်ကို ကြောက်စရာမလိုတော့ ။
' ရှားနိုင်ငံက လုပ်ကြံသူအများစုက ငွေလအဆင့်တွေပဲ..မဟာသခင်အဆင့်မပြောနဲ့ နေအလင်းအဆင့်တောင် ရှိချင်မှ ရှိမှာ.. '
လင်းမို့ တွေးသည် ။
' ခုငါ ဒီဝတ်စုံ ဝတ်ထားတာ ဘယ်သူမှ မသိဘူးဆိုတော့ ငါ့ကို လုပ်ကြံဖို့ အကောင်ကြီးကြီးတော့ လွှတ်လိမ့်မယ် မထင်ဘူး.. '
လင်းမို့ နာနိုဝတ်စုံကို ဝတ်ကြည့်လိုက်၏ ။ နာနိုအလွှာက တစ်ကိုယ်လုံးကို ဖုံးအုပ်သွားပြီး သာမန် မျက်စိဖြင့် မမြင်ရချေ ။ နာနိုအလွှာက တိုက်ခိုက်မှုများကို ခုခံပေးပြီး ဆဲလ်များ၏ အသက်စွမ်းအားကို တိုးမြှင့်ပေးနိုင်သည် ။ သူ၏ ဆဲလ်များ ပိုမို တက်ကြွလာသည်ကို လင်းမို့ ခံစားမိလိုက်သည် ။
' ဖုန်ကျစ်ဝေက ဆေးဝယ်နေတာထင်တယ်.. '
လင်းမို့တွေးသည် ။ ဖုန်ကျစ်ဝေက ထီး ဝယ်သည်ဟု ပြောသော်လည်း မယုံ ။
' သူ့ခွန်အားလေးနဲ့ ဆေးသောက်လည်း ဘာထူးမှာလည်း.. '
လင်းမို့ ရယ်လိုက်မိ၏ ။
' ဒီဝတ်စုံနဲ့ဆို ဖုန်ကျစ်ဝေ တိုက်ခိုက်တာကို ရပ်ခံနေရင်တောင် ဘာမှ ထိခိုက်မှာ မဟုတ်ဘူး.. ငါ့ခွန်အားကို သူနဲ့ အတူတူလောက်မှာ ထိန်းချုပ်ထားပြီး လက်ရည်တူ တိုက်ခိုက်ရမယ်.. ပြီးမှ ကပ်တိလေး အနိုင်ယူလိုက်ရင် ဘယ်သူမှ ငါ့ကို အများကြီး ထင်ကြတော့မှာ မဟုတ်ဘူး.. '
ရွှေလက်ချောင်း ပိုင်ရှင်ဖြစ်သောကြောင့် သိုသိုသိပ်သိပ်သာ နေထိုင်ရပေမည် ။ သူ့အား လုပ်ကြံရန် မဟာသခင်အဆင့် ရောက်လာပါက ငိုရန်ပင် အချိန်ရလိုက်မည်မဟုတ် ။
ဝတ်စုံ ဝတ်ပြီး အနည်းငယ် လေ့ကျင့် ကြည့်ပြီးနောက် ညနေစောင်းလာပြီဖြစ်၍ ကျောင်းမှ ထွက်လာခဲ့လိုက်၏ ။
လင်းမို့သည် သူ့အဖေပြောထားသော ကျန်းမိသားစုမှ လူများနှင့် သွားတွေ့ရမည်ဖြစ်သည် ။
**
ကျန်းနန် မြို့လယ်.. နှစ်တစ်ရာကျော် သက်တမ်းရှိ ဟိုတယ်တစ်ခု၏ တတိယထပ် တစ်ထပ်လုံးအား လူငယ်နှစ်ယောက်က ငှားရမ်းထား၏ ။
ကျန်းမိသားစုမှ တိုက်ရိုက်မျိုးဆက်များဖြစ်ကြသော အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ကျန်းယွင်ရှန် နှင့် ကျန်းယွင်ဟိုင်တို့ ညီအကို နှစ်ယောက်ပင် ။
ကျန်းယွင်ရှန်သည် ကျန်းမိသားစုခေါင်းဆောင်၏ သားအကြီးဆုံးမှ မွေးဖွားထားသော ပထမဆုံး သားဖြစ်ပြီး ကျန်းယွင်ဟိုင်၏ အကို အရင်းဖြစ်သည် ။
ကျန်းမိသားစုမှ အသက်ကြီးသူများက လင်းမို့နှင့် ဆက်သွယ်ရန် လူငယ်များကို တာဝန်ပေးလိုက်ခြင်းဖြစ်သည် ။ လူငယ်များကို လေ့ကျင့်ပေးရာ ရောက်သလို လူငယ်ချင်းဖြစ်၍ ပို၍ ရင်းနှီးလွယ်သည် ။
သို့သော်လည်း ကျန်းယွင်ရှန်နှင့် ကျန်ယွင်ဟိုင်တို့သည် လူကြီးများ၏ သဘောကို နားမလည်ခဲ့ ။ နားလည်မှု လွဲသွားကြ၏ ။
ဤတွေ့ဆုံပွဲကို လူကြီးများ မပါဘဲ သူတို့အား လွှတ်လိုက်သည်မှာ လင်းမို့အား နှိမ့်ချချင်ပြီး သူ့နေရာသူ သိစေရန်ဟု ထင်လိုက်ကြ၏ ။ ထိုမှသာ လင်းမို့နှင့် ဆက်ဆံရာတွင် အပေါ်စီးမှ အသာရပေမည် ။
ကျန်းယွင်ရှန် သည် လူကြီးများ၏ သဘောထားကို အရိပ်အမွက်ဖြင့်ပင် နားလည်နိုင်၍ သူ့ကိုယ်သူ ဂုဏ်ယူမိလိုက်သည် ။
Chapter 222
~