အခြားတစ်ဖက်မှ စောင့်ကြိုနေမည့်အရာ
Vol. 37 Ch. 534
…
အကယ်၍ အကြီးအကဲတစ်ဦးက ရေခဲကို နှစ်သက်ပါက နှင်းခဲတောင်တစ်လုံး ပိုင်ဆိုင်နိုင်လေသည်။
အခြားတစ်ဦးက ဆေးပင်များနှင့် အဂ္ဂိရတ်ပညာကို နှစ်သက်ပါက ဆေးပင်များ စိုက်ပျိုးရန် အသင့်တော်ဆုံးတောင်တစ်လုံးကို ပိုင်ဆိုင်နိုင်သည်။
မိစ္ဆာဂိုဏ်းသည် တောက်ပသောကောင်းကင်ကြီးအောက်ရှိ သီးသန့် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုလိုပင်။
သို့သော် နစ်ခရိုမန်ဆာမျှော်စင်မှာမူ ၎င်းနှင့်ဆန့်ကျင်ဘက်ပင် ပိတ်လှောင်ထားသော နေရာတစ်ခုဖြစ်ပြီး ဤကဲ့သို့နေရာမျိုးတွင်ရှင်သန် နေထိုင်ရခြင်းအား မိစ္ဆာဂိုဏ်းမှ လူများအတွက် ဘယ်သောအခါမျှပင် စိတ်ကူးမယင်ဘူးလောက်အောင် အသက်ရှူမွမ်းကျပ်စေသည်ဟု ခံစားရမည်သာဖြစ်၏။
နစ်ခရိုမန်ဆာမျှော်စင်သည် အတွင်း၌ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော်လည်း ထောင်ခန်းတစ်ခုအတွင်း၌ နေထိုင်ရသကဲ့သို့ပင် အလားသဏ္ဍာန်တူညီလေသည်။
ထို့ပြင် ၎င်းနေရာသည် သေခြင်း၏ အငွေ့အသက်များဖြင့်လည်း ပြည့်နှက်လက်ရှိနေခဲ့၏။
သူရဲကောင်းအကယ်ဒမီသည်လည်း သာမန်ကြည့်လျှင် ဤနေရာနှင့် ဆင်တူဟန်ရသော်လည်း ၎င်းက သေခြာနှိုင်းယှဥ်လျှင်မူ သူရဲကောင်းအကယ်ဒမီက အဆပေါင်းများစွာ ပိုမို၍ ကောင်းမွန်နေဆဲပင်။
ဇီယာသည် အာရန်၏ အဆိုအား သဘောတူလိုက်သည်။
သူမသည် စကားအချို့ပြန်ပြောရန်ပြင်လိုက်စဉ်မှာပင် ခြေသံအချို့ကို ကြားလိုက်ရသည်။
“မင်းတို့က ဘယ်သူတွေလဲ။ ဒီထဲကို ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ” အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
သို့သော် တစ်စက္ကန့်ပိုင်းအတွင်းမှာပင် ဓားမြှောင်တစ်ချောင်းသည် ထိုနစ်ခရိုမန်ဆာ၏ ရင်ဘတ်ကို ဖြတ်ဖောက်သွားခဲ့လေသည်။
သွယ်လျသော ခန္ဓာကိုယ်ရှိသည့် အမျိုးသမီးတစ်ဦးကလည်း ထိုသူ၏ ဦးခေါင်းကို ဆွဲဖြဲလိုက်ကာ ဘေးသို့ ပစ်ချလိုက်၏။
နစ်ခရိုမန်ဆာမျှော်စင်၏ အစွမ်းထက်အင်အားစုများသည် ငရဲဘုံအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သောကြောင့် ဤနေရာတွင် အားနည်းသော အဖွဲ့ဝင်အနည်းငယ်သာ ကျန်ရစ်ခဲ့တော့သည်။
အကယ်၍ ၎င်းတို့အနေနှင့် ကိုယ်ပိုင် အစွမ်းအစများရှိမည်ဆိုဦးတော့ မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများနှင့်မူ ယှဉ်ပြိုင်နိုင်ဦးမည်မဟုတ်ပေ။
ထိုရုတ်တရက်ရောက်လာသော နစ်ခရိုမန်ဆာအား သတ်ဖြတ်ပြီးနောက် ဇီယာသည် အာရန်အား အဓိပ္ပါယ်ပါပါ အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
သူမ၏ မျက်နှာတွင် သွေးအနည်းငယ် စွန်းထင်းနေဆဲပင်။
“ရှင်ပြောတာ မှန်တယ်။ ဒီကနေ တစ်မိုင်ပတ်လည်အတွင်းမှာ ဘယ်စွမ်းအားကြီးသူ တစ်ဦးတစ်ယောက်ကိုမှ ကျွန်မအနေနဲ့ အာရုံမခံမိဘူး။ ဒီအတိုင်းဆို ကျွန်မတို့တွေ ဒီမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီ”
အာရန်သည် ဇီယာအား ခေါင်းငြိမ့်သဘောတူလိုက်သည်။
နစ်ခရိုမန်ဆာမျှော်စင်သည် ငရဲတံခါး ပွင့်သွားခဲ့သော်လည်း ယခုအချိန်တွင် အားအနည်းဆုံး အခြေအနေတွင် ရှိနေလေသည်။
၎င်းသည် အာရန်အတွက်လည်း အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်သည်။
အာရန်သည် ရှုယင်အား သူ၏ တပည့်ကို ဂရုစိုက်ရန် ပြောလိုက်သည်။
၎င်းတို့သည် နစ်ခရိုမန်ဆာမျှော်စင်အတွင်း သိမ်းဆည်းထားသော ရတနာများကို ရှာဖွေရန် တာဝန်ကိုယူလိုက်ကြသည်။
၎င်းသည် အန္တရာယ်အကင်းဆုံး တာဝန်လည်း ဖြစ်လေသည်။
ဇီယာအတွက်မူ သူမသည် အသက်ရှင်ကျန်နေသေးသော နစ်ခရိုမန်ဆာများနှင့် ခန်းမမှူးများကို ရှာဖွေရှင်းလင်းရန် တာဝန်ကိုယူလိုက်သည်။
၎င်းတို့အားလုံးကိုယ်စီတာဝန်များ ပြီးဆုံးသွားသောအခါ ဂိတ်တံခါးပေါက်အနီးရှိ နေရာတစ်ခုတွင် ပြန်လည် စုဝေးကြရမည်ဖြစ်သည်။
အာရန်သည် သူ၏ သွေးကိုပွား တစ်ကောင်ကိုလည်း ဇီယာနှင့်အတူ စေလွှတ်ပေးလိုက်ပြီး လိုအပ်ပါက သူမအား အကူအညီဖြစ်စေရန် မာနာစွမ်းအင် အသုံးပြုသော သေနတ်အားလည်း ပေးထားလိုက်သည်။
ငရဲဘုံအတွင်းသို့ ဝင်ရောက်ပြီးနောက် သွေးကိုယ်ပွားများကိုသူ့အနေနှင့် ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်သော်လည်း သူ ဤနေရာတွင် ရှိနေစဉ်တွင်မူ ၎င်းသည် အသုံးဝင်နေဆဲပင်။
ထို့ပြင် အာရန်သည် ၎င်းတို့တစ်ဦးစီအား နောက်သို့ လိုက်ပါစောင့်လျှောက်ပေးရန် ဝိညာဥ်တစ်ဦးစီကိုလည်း ညွှန်ကြားခဲ့သေးသည်။ သို့သော် ထိုအရာကိုမူ ၎င်းတို့အား မပြောပြခဲ့ပေ။
ဝိညာဥ်များသည် သူ့အား ဤကမ္ဘာသို့ ပြန်ရောက်လာနိုင်ရန်ကူညီပေးမည့် ချည်မျှင်တန်းများနှင့်ပင် ဆင်တူလေသည်။
ဤနေရာရှိ ဝိညာဥ်များ အဖျက်ဆီးခံရမချင်း ယီလန်သည် သူ့အား ဤနေရာသို့ ပြန်ရောက်ရန် အမြဲတစေ လမ်းညွှန်မှုများ ပေးနိုင်ပေလိမ့်မည်။
၎င်းတို့တစ်ဦးစီအတွက် တာဝန်များ ပေးအပ်ပြီးနောက် အာရန်သည် သူ့အတွက် သီးသန့်လမ်းကြောင်းတစ်ခုသို့ သက်ဆင်းသွားလိုက်သည်။
၎င်းသည် ငရဲတံခါးတည်ရှိရာသို့ ဦးတည်နေသော လမ်းကြောင်းပင်ဖြစ်သည်။
သူသည် ဘယ်လက်ရုံးအစောင့်အရှောက်၏ မှတ်ဉာဏ်များမှတစ်ဆင့် ငရဲတံခါးကို မြင်တွေ့ခဲ့ဖူးပြီဖြစ်၏။
ဤအချိန်တွင် အာရန်သည် ဤနေရာ၏ မြေပုံတစ်ခုပင် မလိုအပ်တော့ပေ။
အာရန်သည် မှတ်ဉာဏ်များအတွင်း မြင်တွေ့ခဲ့ရသော လမ်းကြောင်းများအတိုင်း လျှောက်သွားပြီးနောက် နစ်ခရိုမန်ဆာမျှော်စင်၏ အတွင်းဘက် နက်ရှိုင်းသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
သူသည် ငရဲတံခါးသို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ အမည်မသိသေးသော သတ္တဝါများ၏ အလောင်းများကို တဖြည်းဖြည်း ပိုမို၍ မြင်တွေ့လာရလေသည်။
၎င်းတို့သည် ငရဲဘုံမှ ထွက်ပြေးလာခဲ့ပြီး နစ်ခရိုမန်ဆာများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါများ ဖြစ်ပုံရလေသည်။
အာရန်သည် ငရဲတံခါးဝသို့ ပိုမိုနီးကပ်လာလေလေ ဤအလောင်းများ၏ အရေအတွက် သည် ပိုမို၍ များပြားလာလေလေပင်။
သူသည် ယခင်က ဤနေရာကို ကာကွယ်ပေးထားသော ညာလက်ရုံးအစောင့်အရှောက်၏ လက်ချက်မိသွားခဲ့သော အလောင်းကောင် ရာပေါင်းများစွာကို မြင်ခဲ့ရပြီးဖြစ်၏။
သို့သော် လောလောလတ်လတ် အလောင်းများတော့ ရှိမနေပေ။
ငရဲတံခါးသည် လုံးဝပွင့်ဟသွားပြီးနောက်တွင်မူ ပြန်လည် တည်ငြိမ်သွားခဲ့ဟန်ရပြီ; ထိုအချိန်မှစ၍ မည်သည့် သတ္တဝါမျှ ထိုနေရာမှ ထပ်မံ၍ ရောက်မလာခဲ့တော့ဟုပင် ယူဆရလေသည်။
၎င်းတို့အားလုံး သေဆုံးသွားပြီဖြစ်သောကြောင့်များလားဟု တွေးမိလိုက်သော်လည်း အဖြေသည် ရှင်းလင်းမနေခဲ့ပေ။
အာရန်သည် မကြာမီပင် ငရဲဘုံ၏ ဝင်ပေါက်တံခါးဝသို့ ရောက်ရှိသွားခဲ့သည်။
၎င်းသည် အခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားသော ဧရာမတံခါးကြီးတစ်ခုကဲ့သို့ပင်။
ငရဲတံခါးအနီးတွင် ရပ်နေမိစဉ် အာရန်သည် ငရဲဘုံအတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် သေခြင်းအော်ရာ၏ သက်ရောက်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။
အာရန်သည် သူ၏ အင်အားများ ယခင်ထက်များစွာ တိုးတက်လာခဲ့သော်လည်း ထိုအရာအားခံစားမိလိုက်သောအခါ သူ၏ နှလုံးသားတွင် မအေးမငြိမ် ခံစားမိလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာသော ငရဲဘုံ၏ ဖိနှိပ်မှုကို ဖယ်ရှားရန်အတွက် ဓားဧကရာဇ်၏ အော်ရာကိုပင် ထပ်မံ၍ ထုတ်လွှတ်လိုက်ရသည်။
၎င်းအော်ရာသည်ပင် ဖိနှိပ်မှုအား တွန်းလှန်နိုင်လောက်ရုံမျှသာ ရှိခဲ့လေသည်။
ထိုငရဲတံခါးဘေးတွင် ရပ်နေမိသည်နှင့်အမျှ အာရန်၏ လည်ပင်းပတ်လည်ရှိ ကြိုးမျှင်ကလေးမှာလည်း ပိုမို၍ မြင်သာစွာ ပေါ်ထွက်လာခဲ့၏။
ထိုကြိုးမျှင်တန်း၏ တစ်ဖက်စွန်းမှာ ငရဲဘုံအတွင်းသို့ ဤတံခါးကို ဖြတ်၍ ဝင်ရောက်သွားလေသည်။
အကယ်၍ သူသည်သာ ငရဲဘုံအတွင်းသို့ လိုက်ပါဝင်ရောက်သွားပါက ဤကြိုးမျှင်တန်းက သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို အာရန် တစ်ယောက် အမှန်တကယ်ပင် စူးစမ်းလိုနေခဲ့သည်။
သို့သော် ငရဲဘုံအတွင်း၌ သူရှိရာ ဤကမ္ဘာအထိပင် ရှာဖွေနိုင်သော သက်ရောက်မှုတစ်ခု ရှိနေပါက ၎င်းသည် အားနည်းသော ဖြစ်တည်မှုတစ်ခုတော့ မဟုတ်နိုင်ပေ။
အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းမှ ငရဲလက်မှတ်ကို ထုတ်ယူလိုက်သည်။
သူသည် ပွင့်ပြီးသားဖြစ်သော အဓိကတံခါးမှ အလွယ်တကူ ဝင်ရောက်သွားနိုင်သော်လည်း ဆုလာဘ်ကို အလဟဿ မဖြစ်စေလိုခဲ့ပေ။
သူ၏ စနစ်မှ ဤဆုလာဘ်အား ပေးအပ်ခဲ့ခြင်းဖြစ်သဖြင့် ၎င်းက တစ်စုံတစ်ရာ အကြောင်းပြချက်ကြောင့် ဖြစ်သည်မှာ ရှင်းလင်းနေလေသည်။
အဓိကတံခါးမှ ဝင်ရောက်ခြင်း၏ တစ်ခုတည်းသော အကျိုးဆက်မှာ နစ်ခရိုမန်ဆာမျှော်စင်သခင်၏ လမ်းကြောင်းအတိုင်း သွားရမည်ဖြစ်လေသည်။
ဤတံခါး၏ တစ်ဖက်ခြမ်းတွင် မည်သည့်ကမ္ဘာမျိုး ရှိနေသည်ကို သူပင် မသိနိုင်ပေ။ သူသည် တူညီသောလမ်းကြောင်းမှ ဝင်ရောက်ခဲ့လျှင်ပင် မျှော်စင်သခင် မသိရှိနိုင်သော လမ်းကြောင်း ထောင်ပေါင်းများစွာ ရှိနေဦးမည်သာဖြစ်သည်။
ဤဝင်ပေါက်မှတစ်ဆင့်ဝင်ရောက်ရုံဖြင့် သူ၏ညီဖြစ်သူ ထိုဇာတ်လိုက်အား ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
တစ်ခုတည်းသော သေခြာသည့်အချက်မှာ သူသည် ဤငရဲဘုံ၏ ဗဟိုဧရိယာသို့ သွားရမည်ဟူသည့် အချက်ပင်ဖြစ်၏။
အကယ်၍ ငရဲလက်မှတ်အသုံးပြုခြင်းက သူ့အား ဗဟိုဧရိယာနှင့် အနည်းငယ်မျှ ပိုမို၍ နီးကပ်သွားစေနိုင်မည်ဆိုပါက ၎င်းသည် များစွာ အကျိုးရှိပေလိမ့်မည်။
ထို့နောက် အာရန်သည် ရှုယင်နှင့် အခြားသူများအား ဂိတ်တံခါးပေါက်အနီးတွင် ၎င်းတို့နှင့် ပြန်လည်တွေ့ဆုံရန်မှာ အချိန်အနည်းငယ် ကြာမြင့်နိုင်လိမ့်မည်ဖြစ်ကြောင်း ကြိုတင်၍ သတင်းစကားအချို့ပေးပို့လိုက်လေသည်။
သူ့အနေနှင့် ငရဲဘုံအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ၎င်းတို့အား အသိမပေးခဲ့ပေ။
သို့မဟုတ်ပါက ၎င်းတို့သည်လည်း သူ့နောက်သို့ လိုက်ပါမည်ဟု တောင်းဆိုကြပေလိမ့်မည် ဖြစ်၏။
“ရှင် တကယ်ပဲ အထဲကို ဝင်တော့မှာလား။ ဒီတံခါးရဲ့ တစ်ဖက်ခြမ်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်စုံတစ်ရာ ရှိနေတယ်လို့ ကျွန်မအနေနဲ့ အာရုံရနေရတယ်” ဟု အာရန်တစ်ယောက် ငရဲလက်မှတ်ကို အသက်သွင်းရန် ပြင်ဆင်နေစဉ် ယီလန်၏ အသိပေးသံတစ်ခုကို ကြားလိုက်ရလေသည်။
“ကိုယ့်ကိုယုံပါ တကယ်လို့ ကိုယ့်မှာသာ တခြားရွေးချယ်စရာတစ်ခုခု ရှိခဲ့ရင် ကိုယ် ဒီအထဲကို ဝင်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ် ဒီအထဲကို ဝင်မှပဲဖြစ်လိမ့််မယ်။ အဲဒီကြောက်မက်ဖွယ်ကောင်းတဲ့ အရာက ကိုယ်ကို လာမရှာခင် ကိုယ့်အနေနဲ့သူ့ကို အရင်ရှာတွေ့မှဖြစ်လိမ့်မယ်။ မဟုတ်ရင် အရာရာ နောက်ကျသွားလိမ့်မယ်...”
အာရန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
သူ့အနေနှင့် ဆက်လက်၍ အများကြီး စဉ်းစားနေပါက သူ့စိတ်ပြောင်းသွားမည်ကိုပင် သူ ပြန်စိုးရိမ်လာမိသည်။
ထို့ကြောင့် အာရန်သည် ထပ်မံ၍ စဉ်းစားမနေတော့ဘဲ ငရဲလက်မှတ်ကို အသက်သွင်းလိုက်တော့သည်။
#Catfoot