← Chapters

မူလကြယ်

Vol. 37 Ch. 537

မူလကြယ်

Vol. 37 Ch. 537

…

“အရေးကြီးကိစ္စ ရှိလို့ပါ။ သခင်မလေးကို သခင်ကြီးက ခေါ်ခိုင်းလိုက်လို့ပါ” ထပ်မံရောက်ရှိလာသူ အမျိုးသမီးက အလွန်အမင်း ရိုကျိုးသော ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

ရေကန်ထဲမှ ဧရာမအမျိုးသမီးသည် ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်မိ၏။

“အရေးကြီးကိစ္စတစ်ခုခု မဖြစ်ပါစေနဲ့လို့တော့ မျှော်လင့်မိတယ်” ဟု သူမက တီတိုးရေရွတ်ရင်း ရေထဲမှ ထွက်လာခဲ့လေသည်။

အာရန်သည် ရေတံခွန်ငယ်လေးတစ်ခုပမာ ရေကန်ထဲရှိအမျိုးသမီး၏ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်အား ဖြတ်သန်း၍ စီးကျလာနေသော ရေစီးကြောင်းလေးများကို အတိုင်းသားမြင်တွေ့နေရလေ၏။

ထိုအရာများဆီမှ အာရုံကိုလွှဲဖယ်ဖို့ရန်မှာ အာရန်အတွက်ပင် အတော်လေးခက်ခဲနေပုံရသည်။

ထို့နောက်အာရန်သည် သူ၏ စိတ်အာရုံကို အတင်းအကျပ်ပြန်လည်စုစည်းလိုက်ရကာ အနီးရှိ တစ်နေရာတွင် ပုန်းကွယ်လိုက်ရင်း ထိုဧရာမအမျိုးသမီးနှစ်ဦး စကားပြောနေသည်ကို အာရုံပြန်စိုက်ထားလိုက်သည်။

ထိုစဥ် အဝတ်အစားများသည် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ ရေကန်ထဲရှိ ဧရာမ အမျိုးသမီး၏ ကိုယ်ပေါ်တွင် ပေါ်ပေါက်လာခဲ့ကာ အလိုလိုဝတ်ဆင်ပြီးဖြစ်သွားခဲ့သည်။

အာရန်သည် ထိုအဝတ်အစားများထံမှ သွေးရနံ့ခပ်ပြင်းပြင်းတစ်ခုကို အာရုံ ခံစားမိလိုက်သည်။

“ဘာကိစ္စလဲ” ဟု သူမက ထပ်မံ၍ မေးလိုက်၏။

“ကြယ်တွေ ရောက်လာပါပြီ” ဟု အစေခံဟုထင်ရသူအမျိုးသမီးက ပြန်ဖြေသည်။ သူမသည် ထိုနေရာတွင် ရှိမနေသောလူများကို ပြောနေခြင်းဖြစ်သော်လည်း သူမ၏လေသံသည် ယခင်ကထက်ပင် ပိုမို၍ ရိုသေလေးစားဟန် ရှိနေခဲ့သည်။

သို့သော် ၎င်းသည် လေးစား၍ဟုတော့ အတိအကျပြော၍ မရပေ။

ထိုအစား သူမသည် သူမ ပြောနေသည့်လူများအပေါ် အလွန်အမင်း ကြောက်ရွံ့နေသကဲ့သို့ ဖြစ်နေခြင်းဖြစ်၏။

“ကြယ်တွေက မြို့တော်နဲ့ ဒီလောက်ဝေးတဲ့နေရာကို ဘာလာလုပ်ကြတာလဲ” ငွေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးက သူမ၏ ဆံပင်များကို ခြောက်သွေ့စေရင်း လက်ချောင်းများဖြင့် ဆံနွယ်ရှည်များကို သပ်ချရင်း မေးလိုက်သည်။

“နယ်စပ်နားမှာ ထူးခြားတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်” ဖြူဖျော့သောအသားအရည်ရှိသည့် အမျိုးသမီးက ဆက်ပြောသည်။

“နယ်စပ်အစောင့်တပ်တွေက အဲ့ဒီအရာကို ခံစားမိပြီး မြို့တော်ဆီကို တိုက်ရိုက်တင်ပြခဲ့ပါတယ်”

“ဒါဆို ကြယ်တွေက ဒီနေရာကို စုံစမ်းဖို့ ရောက်လာကြတာလား”

“အဲဒါက သူတို့ရဲ့ တရားဝင်အကြောင်းပြချက်ပါ။ ဒါပေမဲ့ သူတို့မှာ နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလကြယ်တစ်ပါးပါ သူတို့နဲ့အတူ ပါလာလို့ပါ” ဟု အစေခံက ထပ်မံ၍ ရှင်းပြလိုက်သည်။

“အဲ့ဒီ မူလကြယ်က ဘယ်သူလဲ” ဟု ငွေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးက စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။

ငရဲပြည်တွင် မူလကြယ် ခုနစ်ပါး ရှိလေသည်။

၎င်းတို့သည် မူလအပြစ်တော် ခုနစ်ပါးကို ကိုယ်စားပြုသည့် ကြယ်များဖြစ်သည်ဟုလည်း ခေါ်တွင်ကြလေသည်။

ထိုမျှသော အကြောင်းပြချက်တစ်ခုဖြင့် သူတို့ထဲမှ တစ်ပါးကို ဤနေရာသို့ စေလွှတ်ခြင်းသည် အဓိပ္ပာယ်မရှိပေ။

သို့မဟုတ် ထိုကျူးကျော်သူများဟု ခေါ်ဆိုခံရသူများတွင် တစ်စုံတစ်ရာ ထူးခြားချက် များရှိနေ၍ ဖြစ်ရပေမည်။

“သခင်မလေး ယဲ့ဗ်နီရှင် ခုရောက်လာသူက သတ္တမမြောက် မူလကြယ်ဖြစ်တဲ့ ရီဇီခီယဲလ်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သခင်မလေးအနေနဲ့ သတိထားသင့်ပါတယ်” ဟု သူမက ပတ်ဝန်းကျင်ကို အနည်းငယ်အကဲခပ်ကာ သူမတို့နှစ်ဦးတည်းသာ ရှိနေကြောင်း သေချာစစ်ဆေးပြီးမှ ထပ်လောင်းသတိပေးလိုက်ခြင်းဖြစ်၏။

“သတ္တမကြယ်လား ဒါဆို အဲဒီတနှာရူးကောင်ပေ့ါ” ယဲ့ဗ်နီဆိုသူ ဧရာမအမျိုးသမီးသည် စိတ်ပျက်စွာဖြင့် သူမ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်ရင်း ထိုသတင်းကြောင့် အတော်လေး စိတ်မသက်မသာ ဖြစ်သွားဟန်ရလေသည်။

သူမသည် သတ္တမမြောက် မူလကြယ်အား ကောင်းစွာသိထားလေသည်။

ထိုကြယ်၏ ဂုဏ်သတင်းသည် လူကိုယ်တိုင်မရောက်ခင်မှာပင် နေရာတိုင်း၌ ပျံ့နှံနေပြီးသားဖြစ်လေသည်။

နေရာတိုင်းတွင် ထိုကြယ်သည် ကြယ်များအားလုံးထဲတွင် ကာမဆန္ဒအပြင်းပြဆုံး ဖြစ်သည်ဟု နာမည်ကြီးခြင်းဖြစ်၏။

သူသည် မူလကြယ်ခုနစ်ပါးထဲတွင် အန္တရာယ်အရှိဆုံး မဟုတ်သော်လည်း သူမအနေဖြင့် ရင်မဆိုင်ချင်ဆုံး ကြယ်လည်း ဖြစ်လေသည်။

သူမ၏ ဖခင်သည် သူမအား ထိုသူ၏ အာရုံကို ဖမ်းစားမိမည် စိုး၍ မြို့တော်သို့ ဘယ်တုံးကမှ မသွားရောက်စေခဲ့ပေ။

ရီဇီခီယဲလ်သည် သူ၏ အာရုံကို ဖမ်းစားနိုင်သော အမျိုးသမီးများကို အတင်းအကြပ် ပြန်ပေးဆွဲလေ့ရှိ၍ စိတ်ကြိုက်အနိုင်ကျင့်ပြီးနောက်တွင် ရိုးအီသွားသောအခါ ဟင်းရွက်၊ကန်စွန်းရွက်များကဲ့သို့ စွန့်ပစ်လေ့ရှိခြင်းတို့တွင် နာမည်ဆိုးများ ရှိနှင့်ပြီးသား ဖြစ်လေသည်။

သူ၏ ပြစ်မှုများကို ကောင်းစွာ သိရှိပြီးနောက်တွင်ပင် သူသည် မည်သည့် ပြစ်ဒဏ်မျှ မခံခဲ့ရပေ။

ထိုသို့ဖြစ်ရသည်မှာ ထိုကြယ်သည် သူကိုယ်တိုင် ထိုသို့ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များတွင် သူနှင့် တိကျစွာ ချိတ်ဆက်နိုင်မည့် မည်သည့်သက်သေကိုမျှ ချန်လှပ်မထားခဲ့ တတ်သောကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်လေသည်။

အခြားတစ်စိတ်တစ်ပိုင်းမှာ သက်သေအချို့ ရှိခဲ့လျှင်ပင် သူ၏ အမသည် ပထမမူလကြယ်၏ ချစ်သူတစ်ဦး ဖြစ်နေသောကြောင့် မည်သူမျှသူ့အား မထိဝံ့ခြင်းကြောင့်လည်း ဖြစ်လေ၏။

ရီဇီခီယဲလ်အားအပြစ်ပြုမိခြင်းဖြင့် ပထမကြယ်၏ အငြိုငြင်ခံရမည်ကို မည်သူမျှ အလိုမရှိခဲ့ကြပေ။

ထို့ကြောင့် ရီဇီခီယဲလ်၏ စိတ်ဝင်စားမှုကို ခံရခြင်းထက် သေဆုံးခြင်းကသာ ပိုကောင်းသည်ဟုပင် အမျိုးသမီးများကြားတွင်ပြောစမှတ် တွင်လာခဲ့ခြင်းဖြစ်လေသည်။

ယခု ထိုရီဇီခီယဲလ်သည် မူလကြယ်တစ်ပါးအနေဖြင့် ကိုယ်တိုင်ပါဝင်စရာမလိုသည့် သာမန်ကိစ္စလေး တစ်ခုအတွက်နှင့် သူမ၏နယ်မြေသို့ ရောက်လာခဲ့ပြီဖြစ်၏။

ရီဇီခီယဲလ် မည်သည့်အရာများ စီစဉ်နေသည်ကို သူမအနေနှင့် အတိအကျ မသိနိုင်ပေ။

ထိုသူသည် သူမအတွက် ရောက်လာခြင်းများလား။

သူသည် သူမကို နောက်ထပ် ပစ်မှတ်ထားနေခြင်းများလား။

“သူ တစ်ခုခု လုပ်ဖို့ ကြိုးစားလာရင် သူ့ကို ငါကိုယ်တိုင် သတ်ပစ်မယ်” ဟု ယဲ့ဗ်နီက ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ပြောလိုက်သည်။

မူလကြယ်တစ်ပါးကို သတ်မိခြင်းအတွက် သူမအား သေဒဏ်သင့်စေရမည်ဆိုလျှင်ပင် ထိုသို့လုပ်ဆောင်ရန် သူမအနေနှင့် ဆန္ဒရှိနေဆဲပင် ဖြစ်သည်။

အစေခံမိန်းကလေးသည် ထိုစကားကို ကြားလိုက်သောအခါ ကျောရိုးတစ်လျှောက်ပင် စိမ့်တက်သွားသည်ဟု ခံစားလိုက်ရသည်။

သူမ၏သခင်မလေးသည် ဖြစ်လာမည့် အကျိုးဆက်များကို သိထားလျက်နှင့် မူလကြယ်တစ်ပါးကို သတ်မည့်အကြောင်းများကို ယခုကဲ့သို့ ပြောဆိုဝံ့သော တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။

သို့သော် သူမအတွက်မူ ထိုအတွေးသည်ပင် အဓိပ္ပာယ်မရှိပေ။

ရီဇီခီယဲလ်သည် သာမန်ကြယ်တစ်ပါး မဟုတ်ပေ။

သူသည် မူလကြယ်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး ငရဲပြည်၏ သက်တမ်းရှည် နတ်ဆိုးများထဲမှ တစ်ပါးပင် ဖြစ်လေ၏။

မူလကြယ်ခုနစ်ပါးသည် ငရဲပြည်၏ စစ်မှန်သော အုပ်ချုပ်သူများဖြစ်ကြပြီး ပထမမူလကြယ်သည် သူတို့ထဲတွင် ခွန်အားအကြီးဆုံးတစ်ဦးလည်း ဖြစ်လေသည်။

မူလကြယ်များထက်ပင် ပိုမို၏ ခွန်အားကြီးမားသူတစ်ဦး ရှိနေခဲ့သည်ဟူသော ကောလဟာလများ ရှိနေခဲ့သော်လည်း ထိုကောလဟာလများသည် အစစ်အမှန် ဟုတ်မဟုတ်ကိုမူ မည်သူမျှ မသိနိုင်ခဲ့ကြပေ။

“ဖေဖေက နင့်ကို ဒီကိစ္စ အကြောင်းကြားဖို့ သက်သက်နဲ့ လွှတ်လိုက်တာလား” ယဲ့ဗ်နီသည် သူမ၏တွေဝေမှုဆီမှ ရုန်းထွက်လိုက်ပြီး အစေခံမလေးအား မေးလိုက်သည်။

“ဟုတ်ပါတယ်ရှင် နောက်ပြီး တစ်စုံတစ်ခုကိုလည်း ပေးပို့လိုက်ပါသေးတယ်”

“ဘာလဲအဲ့ဒါက” ဟု ယဲ့ဗ်နီက မေးလိုက်ရာ အစေခံမလေးသည် လှပစွာတန်ဆာဆင်ထားသော ဓားမြှောင်တစ်လက်ကို ပြသလိုက်သည်။

“အဖေရဲ့ ဓားမြှောင်လား”

ယဲ့ဗ်နီသည် မျက်မှောင်ကြုတ်ကာ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။

၎င်းသည် သူမ၏ ဖခင် အသုံးပြုသော သီးသန့် ဓားမြှောင်တစ်လက်ဖြစ်ပြီး သူ၏ ပိုင်ဆိုင်မှုများထဲမှ အဖိုးတန်တစ်ခုလည်း ဖြစ်လေသည်။

၎င်းတွင် သူမဖခင်၏ အမှတ်အသားပင် ပါရှိနေသည်။

သူမ၏ လက်ထဲရှိ ဓားမြှောင်သည် ပုံမှန်ဓားမြှောင်ဟုပင် ထင်ရလေသည်။

သို့သော် အာရန်၏ အမြင်မှကြည့်လျှင်မူ သူ အသုံးပြုဖူးသည့် ဓားမြှောင်များထက် အဆပေါင်း ရာနှင့်ချီ၍ ကြီးမားသော ဧရာမဓားမြှောင်ကြီးတစ်လက်ပင် ဖြစ်နေလေသည်။

“သူက သခင်မလေးအနေနဲ့ ဘာလုပ်ရမလဲဆိုတာ သိပြီးဖြစ်လိမ့်မယ်လို့လဲ မှာလိုက်ပါတယ်” ဟု အစေခံမလေးက ဓားမြှောင်ကို ယဲ့ဗ်နီအား ပေးအပ်ရင်း ပြောလိုက်သည်။

သူမပင်လျှင် ယဲ့ဗ်နီ၏ ဖခင်မှ ထိုဓားမြှောင်အား မည်သည့်အဓိပ္ပါယ်ဖြင့် ပေးလိုက်သည်ဆိုခြင်းကို နားမလည်နိုင်ခဲ့ပေ။

သူသည် ယဲ့ဗ်နီအား ကိုယ့်ကိုယ်ကိုယ် သတ်သေစေလိုခြင်းများလား။

သို့သော် ၎င်းသည် မဖြစ်နိုင်ပေ။

ဤဓားမြှောင်ဖြင့် မည်သူ့ကိုမျှ မသတ်နိုင်ပေ။

၎င်းက ဤဓားမြှောင်၏ ထူးခြားချက်တစ်ခုလည်းဖြစ်လေသည်။

မည်သူတစ်ဦးတစ်ယောက်မျှပင် ထိုဓားမြှောင်ကြောင့် မည်မျှ ထိခိုက်ဒဏ်ရာရခဲ့သည်ဖြစ်ပါစေ သေဆုံးနိုင်မည်မဟုတ်ပေ။

ထိုဓားမြှောင်ကြောင့် ရရှိခဲ့သော ဒဏ်ရာအားလုံးသည် ချက်ချင်းပင် အလိုလို ပြန်လည်သက်သာသွားနိုင်စွမ်းရှိ၏။

သို့သော် ဒဏ်ရာများတွင် အမှတ်အသားများ ကျန်ရစ်နေခဲ့မည်ဖြစ်ကာ ထိုသူအား သေရာပါ တက်တူးသဖွယ် တံဆိပ်ရိုက်နှိပ်ပြီး ဖြစ်သွားစေမည်ဖြစ်သည်။

ဤဓားမြှောင်နှင့်အတူ နောက်ထပ် ဓားမြှောင်တစ်လက်သည်လည်း အစုံလိုက်အဖြစ် ယဲ့ဗ်နီ၏ ဖခင်ထံတွင် ရှိနေဆဲဖြစ်၏။

ပထမဓားမြှောင်မှ ချန်ထားရစ်ခဲ့သော အမှတ်အသားများ သို့မဟုတ် ဒဏ်ရာဒဏ်ချက်များကို ဒုတိယဓားမြှောင်ဖြင့် ပြန်လည် ခြစ်ထုတ်လိုက်မှသာ ပြန်လည် ပျောက်ကင်းနိုင်ပေလိမ့်မည်။

ဒုတိယဓားမြှောင်သာမရှိတော့လျှင် ကမ္ဘာပေါ်ရှိ မည်သည့် မှော်ပညာ သို့မဟုတ် ဆေးဖက်ဝင်အပင်နှင့်မျှ ထိုအမှတ်အသားများကို ကုသပေးနိုင်မည်မဟုတ်ပေ။

ယဲ့ဗ်နီသည် ဓားမြှောင်ကို ဓားအိမ်ထဲမှ ချက်ချင်းဆွဲထုတ်လိုက်သည်။

“ဖေဖေ ဘာလုပ်စေချင်တယ်ဆိုတာ ငါ နားလည်ပြီ”

သူမသည် ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူမ၏မျက်နှာကို စတင်လှီးဖြတ်လိုက်ရာ သူမ၏အရေပြားပေါ်တွင် နက်ရှိုင်းသော အမှတ်အသားများ ဖြစ်ပေါ်လာတော့၏။

သူမ၏ ဖခင် လုပ်စေလိုသောအရာကို သိရှိပြီးနောက် သူမ၏မျက်နှာနှင့် ခန္ဓာကိုယ်ကို သူမ၏ဆန္ဒအလျောက် ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ပြုလုပ်နေခြင်းပင် ဖြစ်လေသည်။

[ဘာသာပြန်သူမှတ်ချက်။ ။ ခု Arc မှာပါတဲ့ မူလကြယ် (၇) ပါးဆိုတာ သမ္မာကျမ်းစာလာ လူသားတွေ ကျူးလွန်လေ့ရှိတဲ့ အဓိက အပြစ်တော်ခုနစ်ပါး (Seven Deadly Sin) ကို အခြေခံ ဖန်တီးထားတာလို့ယူဆရပါတယ်။]

#Catfoot

All Chapters