အချိန်ကောင်းလေးတစ်ခု
Vol. 37 Ch. 539
…
နစ်ခရိုမန်ဆာမျှော်စင်၏ ခန်းမမှူးနှစ်ဦးကို နောက်ပြန်တရွတ်တိုက် ဆွဲခေါ်လာခဲ့ကြသည်။
သူတို့သည် ကြည့်ရသည်မှာ အသက်မဲ့နေဟန်ရကာ မည်သည့်ခုခံမှုမျှ မပြုလုပ်ခဲ့ကြပေ။
အကယ်၍ သူတို့၏ အသက်ရှူသံမျှင်မျှင်လေးကိုသာ သတိမထားမိလျှင် အာရန်သည် သူတို့အား သေဆုံးသွားပြီဟုပင် ထင်မိပေလိမ့်မည်။
သူတို့၏ ခန္ဓာကိုယ်များတွင် မည်သည့်ဒဏ်ရာဒဏ်ချက်မျှ ရှိမနေကြခြင်းကြောင့် သူတို့ မည်သို့ ရှုံးနိမ့်ခဲ့ရသည်ကို သူ စဥ်းစားနေမိသည်။
မျှော်စင်သခင်သည် သူတို့အား အဘယ်ကြောင့် မကယ်တင်ခဲ့ပါသနည်း။
သူပင် မကယ်တင်နိုင်၍လော...။
သို့မဟုတ် သူတို့အဖွဲ့သည်လည်း ငရဲတံခါးမှ ထွက်ထွက်ခြင်းအဖွဲ့ ကွဲသွားကြကာ မျှော်စင်သခင်ပင် သူတို့ကို ကူညီရန် ထိုနေရာတွင် ရှိမနေခဲ့ခြင်းကြောင့်များလား။
အာရန်သည် အဖြေတစ်ခုကို တိတိကျကျ စဥ်းစား၍ မရခဲ့ပေ။
သို့သော် ထိုသူနှစ်ဦးမှာ ပုံမှန်အရွယ်အစားအတိုင်း ဖြစ်နေကြခြင်းအတွက်မူ အနည်းငယ် မနာလိုစိတ်အချို့ ဝင်မိခဲ့၏။
၎င်းသည် ဤကမ္ဘာသို့ ရောက်လာပြီးနောက် သူတစ်ဦးတည်းသာ အရွယ်အစား သေးငယ်သွားသည်ဟု အဓိပ္ပာယ်ရလေသည်။
ထိုဖြစ်ရပ်ကို သူ လုံးဝ မနှစ်သက်ပေ။
‘ငရဲလက်မှတ်ကို မသုံးဘဲ တံခါးဝကနေ တိုက်ရိုက်လာခဲ့သင့်တာ။ စနစ်ကို ယုံကြည်မှု လွန်ကဲပြီး စနစ်ကနေရတဲ့ ဆုလာဘ်ကို နည်းနည်းလောက် လွန်လွန်ကျူးကျူး ယုံကြည်ခဲ့မိတာ ဒီတစ်ခါတော့ မှားပြီပဲ။’
အာရန်သည် ခုနောက်ပိုင်း၌ သူ၏ စနစ်နှင့် ပတ်သက်သော ကံကြမ္မာသည် အနည်းငယ် ကောင်းလွန်းနေခဲ့လေသည်။
သူ့ကို ပေးထားသည့် ငရဲလက်မှတ်အတွက် ကောင်းမွန်သော အကြောင်းပြချက်တစ်ခု ရှိနိုင်သည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ထိုလက်မှတ်သည် သူ့အား အကူအညီဖြစ်စေရမည့်အစား နောက်ထပ် ခေါင်းကိုက်စရာတစ်ခု ထပ်တိုးပေးခဲ့၏။
သူ၏သေးငယ်သော အရွယ်အစားသည် ပုန်းအောင်းရာတွင် အကျိုးရှိသော်လည်း အလုံးစုံအားဖြင့် ၎င်းသည် ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်ခဲ့ရာ အရာများစွာကို ယခုပုံစံဖြင့် လုပ်ဆောင်၍ ရနိုင်တော့မည်မဟုတ်ပေ။
သူသည် ခြင်တစ်ကောင်နှင့်ပင် အလားသဏ္ဍာန် တူနေပြီဖြစ်သည်။
သူသည် မည်မျှသန်မာသည် ဖြစ်စေကာမူ ခြင်တစ်ကောင် အရွယ်အစားမျှသာ ဖြစ်လေသည်။
သူ၏သေးငယ်သော ခန္ဓာကိုယ် အရွယ်အစားကြောင့် သူ၏အမြန်နှုန်းသည်လည်း သိသိသာသာကိုပင် ပို၍ နှေးကွေးသွားခဲ့သည်။
သူ၏ အာရုံခံစားမှုများသည်လည်း ပို၍ သေးငယ်သော အတိုင်းအတာကိုသာ ခံစားသိရှိနိုင်တော့သည်။
ထို့အပြင် ပို၍ အရေးကြီးသည်မှာ သူ၏တိုက်ခိုက်မှုများသည်လည်း သူ၏ အရွယ်အစားနှင့် ဆက်စပ်နေခြင်းပင်။
တစ်စုံတစ်ဦးအား သူ၏ဓားဖြင့် တိုက်ခိုက်ခဲ့လျှင်ပင် လူတစ်ဦးအား အပ်ဖြင့် တိုက်ခိုက်ခြင်းနှင့် မည်သို့ ကွာခြားဦးမည်နည်း။
“လူတွေဘယ်လိုပဲပြောကြပါစေ အရွယ်အစားက တကယ့်ကို အရေးကြီးတယ်” ဟု အာရန်သည် ဝတ်ရုံအတွင်း၌ ပြန်လည် ပုန်းအောင်းရင်း စဥ်းစားမိလိုက်သည်။
ခန်းမမှူးများကို ကူညီရန် သူ့၌ အကြောင်းပြချက် မရှိပေ။
သူတို့ကြားတွင် မည်သည့် ခင်မင်ရင်းနှီးမှုမျှ မရှိသကဲ့သို့ သူတို့ထံမှ ရရှိနိုင်သော မည်သည့်အချက်အလက်မျှလည်း ရှိမနေပေ။
သူတို့သည် မျှော်စင်သခင်မှ စွန့်ပစ်သွားခြင်း သို့မဟုတ် မတော်တဆ ကွဲကွာသွားခြင်း မျိုးဖြစ်ရပေမည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မျှော်စင်သခင်၏ လက်ရှိတည်နေရာကိုလည်း သိနိုင်မည့်ပုံ မရသောကြောင့် သူ့အတွက် အသုံးမဝင်ပေ။
မျှော်စင်သခင်သည် သူ၏စစ်မှန်သော အစီအစဉ် သို့မဟုတ် ရည်ရွယ်ချက်များအကြောင်း ထိုကဲ့သို့ ငယ်သားများကို ပေးသိစေမည့်သူမျိုး မဟုတ်သောကြောင့် စစ်ဆေးမေးမြန်းခြင်းသည်လည်း အချည်းနှီးပင်ဖြစ်ပေလိမ့်မည်။
ထိုကလန်သည် ဤသူများပေါ်တွင် အချိန်များ အမှန်တကယ် ဖြုန်းတီးမိကြခြင်းသာ ဖြစ်လေသည်။
ထိုသူနှစ်ဦးသည် သတိပြန်လည်လာသည်နှင့် သူတို့ကိုယ်သူတို့ ပြန်လည် သတ်သေကြပေလိမ့်မည်။
“ကြယ်တွေတော့ ငါတို့ကို သေချာပေါက် ဆုချလိမ့်မယ်”
ကျူးကျော်သူနှစ်ဦးကို ဖမ်းဆီးထားသော အစောင့်များသည် သူတို့၏ ပျော်ရွှင်မှုများကို လုံးဝ ဖုံးကွယ်မထားနိုင်ခဲ့ကြပေ။
သူတို့သည် ထိုအမျိုးသမီး၏ကလန်အတွက် အလုပ်လုပ်ပေးနေကြသော်လည်း ကြယ်များကို ပို၍ပင် လေးစားနေကြဟန်တူ၏။
ထိုမူလကြယ်နှာဗူးကောင်၏ နောက်လိုက်ခွေးဖြစ်ခွင့်ရမည်ဆိုပါက သူတို့၏ ကလန်ကို စွန့်ခွာရမည်ဆိုလျှင်ပင် ထိုသို့လုပ်ဆောင်ရခြင်းက အဆပေါင်းများစွာ ပိုကောင်းသည်ဟု ထင်ကြမည့််သူများဖြစ်လေသည်။
ပုံမှန်အားဖြင့်ဆိုပါလျှင် သူတို့၏ အဆင့်အတန်းနှင့် မူလကြယ်အား နီးစပ်ရန် အခွင့်အရေးအနည်းငယ်ပင် ရှိနိုင်မည်မဟုတ်သော်လည်း ယနေ့တွင်မူ သူတို့၏ ကံကြမ္မာသည် ပို၍ ကောင်းမွန်လာပြီဟု ခံစားနေကြရသည်။
သတ္တမမူလကြယ်သည် သူတို့၏ကလန်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခြင်းဖြစ်ရာ သူတို့တွင် အခွင့်အရေးများ ရှိလာခဲ့ပြီဖြစ်လေ၏။
ယဲ့ဗ်နီသည် အစောင့်များကို ရွံရှာစွာ တစ်ချက် ကြည့်လိုက်သည်။
သူမသည် သူတို့၏အတွေးများကို ဖတ်နိုင်သည်နှယ်ပင်။
စိတ်ပျက်စွာဖြင့် သူမ၏ မျက်လုံးများဦးတည်ရာကို နေရာပြောင်းလိုက်ပြီး ကလန်ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။
ယခု သူမသည် ယခင်နှင့်ယှဥ်လျှင် အဆပေါင်းများစွာ ပို၍ ရုပ်ဆိုးသွားပြီဖြစ်ရာ ရမ္မက်ကြီးသော မူလကြယ်၏ အာရုံစိုက်မှုကို ခံရမည်ကိုမူ စိုးရိမ်စရာ မလိုတော့ပေ။
အနည်းဆုံးတော့ သူမ ထိုသို့ ထင်ထားခဲ့လေသည်။
အစောင့်များသည် အကျဥ်းသားများကို မိသားစုခေါင်းဆောင်ထံ ခေါ်ဆောင်သွားခြင်း မပြုဘဲ မူလကြယ်တည်ရှိရာ ဧည့်ခန်းဆောင်သို့သာ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့ကြ၏။
ဧည့်ခန်းဆောင်သည် ကလန်အတွင်း၌ သီးခြားနယ်မြေတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ကာ ကလန်မှ မိသားစုဝင်များပင် ကြယ်များ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်ခွင့်မရတော့ပေ။
တစ်ခုတည်းသော ခြွင်းချက်မှာ ကလန်မှ လှပသော အမျိုးသမီးများဖြစ်ပြီး ၎င်းတို့ကိုမူ ကြယ်များက စီစစ်ရွေးချယ်ကာ မူလကြယ်အား လက်ဆောင်အဖြစ် ဆက်သထားကြလေသည်။
“အိုး မင်းတို့တွေ ကျူးကျော်သူအချို့ကို ဖမ်းမိထားတယ်ပေ့ါဟုတ်လား။ သခင်လေး ရီဇီခီယဲလ်တော့ တကယ်ကျေနပ်သွားမှာပဲ”
ကြယ်တပ်ဖွဲ့ဝင်များသည် ကလန်အစောင့်များအား ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားလိုက်ကြသည်။
သူတို့သည် အစောင့်များကို ချီးကျူးစကားဆိုပြီးနောက် အကျဥ်းသားနှစ်ဦးကို ခေါ်ဆောင်သွားလိုက်ကြသည်။
“ငါတို့ သူတို့ကို ဒီနေရာကနေပဲ လက်လွှဲယူသွားလိုက်ပါမယ်။ မင်းတို့ရဲ့ တာဝန်ကျေမှုကို ငါတို့ မမေ့ပါဘူး”
“ကျေး...ကျေးဇူးပါ”
အစောင့်များသည် မူလကြယ်နှင့် ကိုယ်တိုင်တွေ့ဆုံပြီး ချီးကျူးစကားများအပြင် သူတို့အတွက် အခွင့်အရေးအချို့ကိုပါ ရယူနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် သူတို့သည် ဤတံခါးဝကိုပင် ဖြတ်ကျော်နိုင်ခွင့် မရခဲ့ကြပေ။
“ငါတို့ ကျူးကျော်သူတွေကို ထပ်ဖမ်းဖို့ ကြိုးစားပါ့မယ်။ သေချာပေါက် ထပ်ရလာပါလိမ့်မယ်”
အစောင့်များသည် နောက်ထပ် ကျူးကျော်သူများကို ရှာဖွေရန် ကြယ်များအား သူတို့၏ နာမည်များကို ပြောပြပြီး လှည့်ပြန်ခဲ့ကြသည်။
ထိုနာမည်များကို မူလကြယ်က မေးမြန်းသည့်အခါ ကြယ်များက ပြောပြပေးနိုင်ရန်ဖြစ်လေသည်။
“ဟား မင်းတို့နာမည်တွေကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူတို့က တစ်လှမ်းတည်းနဲ့ ကောင်းကင်ကို ရောက်နိုင်တယ်လို့ တကယ်ပဲ ထင်နေကြတာလား”
အစောင့်များ ထွက်ခွာသွားပြီးနောက် ကြယ်များအနက် တစ်ဦးက မနေနိုင်တော့ပဲ လှောင်ရယ်သံပြုရင်း ပြောလိုက်သည်။
“သူတို့ကို အိပ်မက်ဆက်မက်ခွင့်ပေးထားတာ ဘာမှ အရှုံးမရှိပါဘူး။ သူတို့ ပိုပြီးအိမ်မက်မက်ရင် ပိုပြီးကြိုးစားလုပ်ကိုင်ကြလိမ့်မယ်။ အဲ့ဒါဆို ငါတို့ကိုယ်တိုင် ကျူးကျော်သူတွေကို ရှာစရာတောင် လိုတော့မှာ မဟုတ်ဘူး”
ထို့နောက် ကြယ် နှစ်ဦးသည် သတိလစ်နေသော အကျဥ်းသားများကို မူလကြယ် တည်ရှိရာ အိပ်ခန်းဆောင်ဝသို့ ဆွဲခေါ်သွားခဲ့ကြသည်။
သူတို့ တံခါးဝအနီးသို့ ရောက်ခါနီးတွင် အိမ်ခန်းအတွင်းမှ ထူးဆန်းသည့်အသံများက ဆီး၍ ကြိုဆိုနေလေ၏။
အသံများမှာ ကျယ်လောင်လွန်းနေပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေဟန်ရသည်။ “သခင်လေး ရီဇီခီယဲလ်ကတော့ တကယ်ကို အလုပ်ကြိုးစားနေပုံရတယ်။ ငါတို့ အနေနဲ့ နောက်မှ ပြန်လာသင့်လား”
ကြယ်များအနက် တစ်ဦးက စောင့်ရမလားဟု စဥ်းစားရင်း သူ၏အဖော်များအား ထုတ်ပြောလိုက်သည်။
သူသည် ရီဇီခီယဲလ်၏ ကိုယ်ပိုင် အချိန်လေးအား နှောင့်ယှက်လိုခြင်း မရှိပေ။
“မင်းတို့ ကျူးကျော်သူတွေကို ဖမ်းမိလာပြီလား”
ကြယ်များသည် နောက်သို့ ပြန်လှည့်ရန် ပြင်ဆင်နေကြစဥ် အတွင်းဘက်ဆီမှ အသံတစ်ခုကို ကြားလိုက်ကြရသည်။
တံခါးများ ပွင့်လာပြီးနောက် အမျိုးသားတစ်ဦးသည် ခါးတွင် မျက်နှာသုတ်ပဝါတစ်ထည်ကို ပတ်၍ သူတို့ထံ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသားဆီမှ ချွေးစက်များသည် သူ၏ အချိုးအစားပြေပြစ်သော ခန္ဓာကိုယ်မှ စီးကျနေခဲ့ပြီး သူသည် အမြဲတမ်း ထိုသို့ပင် ပေါ့ပေါ့ပါးပါးနေတတ်ဟန်ရလေသည်။
သူ့နောက်တွင် အမျိုးသမီး ဆယ်ဦးထက်မနည်း ကုတင်ပေါ်တွင် လဲလျောင်းလျက် ရှိနေကြပြီး အသက်ပြင်းပြင်း ရှူကာ အမောဖြေနေကြလေသည်။ သူတို့၏မျက်နှာများမှာလည်း ခရမ်းချဥ်သီးများပမာ နီရဲနေကြ၏။
ထိုအမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် အဝတ်အစားဟူ၍ စိုးစဥ့်မျှပင် ရှိမနေကြပေ။ ကြယ်များသည်ပင် ထိုအလှပဂေး အမျိုးသမီးလေးများ၏ အခြေအနေကို မြင်တွေ့လိုက်ရသောအခါ လွန်စွာအံ့အားသင့် မှင်သက် မိသွားခဲ့ကြသည်။
“သူတို့တွေ အတော်လေး ပျော်ရွှင် နေကြပုံပဲ”
ကြယ်တစ်ဦးက မှတ်ချက်ပေးလိုက်ရာ ရီဇီခီယဲလ်သည် ကျေနပ်စွာ တစ်ချက်ပြုံး၍ တုံ့ပြန်လိုက်သည်။
“ဒီကမ္ဘာမှာ ဘယ်မိန်းမကများ ငါနဲ့အတူ ရှိနေချိန်မှာ မပျော်ရွှင်ဘဲ နေမှာမို့လဲ” ရီဇီခီယဲလ်သည် ထိုစကားအား မိမိကိုယ်ကိုယ် ချီးကျူးခြင်းအဖြစ် ခံယူထားပုံရကာ လွန်စွာ ဂုဏ်ယူဟန်လည်း ရှိနေလေသည်။
#Catfoot