← Chapters

ဘေးကျပ်နံကျပ် ဖြစ်နေသောမျှော်စင်သခင်

Vol. 37 Ch. 540

ဘေးကျပ်နံကျပ် ဖြစ်နေသောမျှော်စင်သခင်

Vol. 37 Ch. 540

…

နစ်ခရိုမန်ဆာမျှော်စင်သခင်သည် မတ်တပ်ရပ်၍ ဟိုမှသည်မှ လှည့်လည်ကြည့်ရှုနေမိသည်။

သူနှင့်မလှမ်းမကမ်းတွင်မူ ခန်းမမှူးများသည် မြေပြင်တွင်ထိုင်ကာ ရရှိထားသော ဒဏ်ရာများကို ကုသနေကြ၏။

“သူတို့ အဆင်ပြေသွားပါလိမ့်မယ်။ ဒဏ်ရာအနည်းငယ်ပဲ ရထားတာပါ” ဟု ညာလက်ရုံးအစောင့်အရှောက်က မျှော်စင်သခင်ထံ ချဉ်းကပ်လာကာ သတင်းပို့လေသည်။

“ငါ နားမလည်နိုင်ဘူး။ ဘယ်လိုလုပ်ပြီး ငရဲပြည်ရဲ့ အတွင်းပိုင်းကို ရောက်လာခဲ့ရတာလဲ။ အစီအစဉ်တစ်ခုလုံး ရေစုန်မျောသွားသလိုပဲ။ အစစအရာရာ အချိန်တွေအများကြီးပေးပြီး ပြင်ဆင်ခဲ့သမျှ အချည်းနှီး ဖြစ်သွားရတယ်” မျှော်စင်သခင်က အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ငြီးတွားလိုက်မိ၏။

ပြင်ပကမ္ဘာတွင်မူ သူသည် အမြဲတမ်းလိုလိုပင် အရာရာကို ထိန်းချုပ်ထားနိုင်သူ ဖြစ်လေသည်။

သူ့အား ယခုကဲ့သို့ ဟန်ချက်ပျက်စေနိုင်သည့် မည်သည့်အရာမျိုးမျှ မရှိပေ။

သို့သော်ယခု ငရဲပြည်သည်ကား မတူချေ။

၎င်းက သူ့အနေနှင့်ပင် နားမလည်နိုင်သည့် ဖြစ်တည်မှုများ နေထိုင်ရာ ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုနှင့် တူလေသည်။

ထို့ကြောင့်ပင် သူသည် အစီအစဉ်တစ်ခုကို အချိန်ယူပြီး ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။

သူ၏ ယခင်အစီအစဥ်မှာ ယခင်အခေါက်မှ အတွေ့အကြုံများဖြင့် ဖန်တီးယူထားသည့် မြေပုံ၏ အကူအညီဖြင့် လုံခြုံသော လမ်းကြောင်းမှတစ်ဆင့် ဗဟိုဧရိယာသို့ ရောက်ရှိရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်လေသည်။

သို့သော် ယခုကဲ့သို့ တစ်စုံတစ်ရာ မှားယွင်းသွားမည်ဟု သူ့အနေနှင့် မမျှော်လင့်ထားမိခဲ့ပေ။

ယခင် ငရဲတံခါးပွင့်စဥ်ကကဲ့သို့ပင် ငရဲ၏ အပေါ်ယံနယ်မြေများသို့ ရောက်ရှိရမည့်အစား နတ်ဆိုးများ နေထိုင်ရာ ငရဲပြည်၏ အတွင်းပိုင်းနယ်မြေတစ်ခုသို့ တန်းတန်းမက်မက်ပင် ရောက်ရှိသွားခဲ့ရလေသည်။

ထိုမျှအထိသာဆိုလျှင် သူတို့ အဆင်ပြေနေပေဦးမည်။

ကြီးမားသည့် အခြေအနေမျိုး မကြုံတွေ့သေးသရွေ့ အတွင်းပိုင်းဒေသရှိ ခြိမ်းခြောက်မှုများကို မျှော်စင်သခင်အနေနှင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိလေ၏။

ကံမကောင်းစွာဖြင့် သူတို့၏ ကံကြမ္မာသည် လွန်စွာ ဆိုးရွားလွန်းနေခဲ့သည်။

သူတို့ ဆင်းသက်လိုက်သည်နှင့် ထိုနတ်ဆိုးများနှင့် တည့်တည့်ပင် ဝင်တိုးခဲ့တော့သည်။

သူတို့သည် ထိုသူများထဲမှအချို့ကို သတ်နိုင်ခဲ့သော်လည်း အပြင်ကမ္ဘာမှ ကျူးကျော်သူများအကြောင်း သတင်းများကမူ ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။

ထိုအချိန်မှစ၍ သူတို့သည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အများ၏ အမဲလိုက်ခြင်းကို ခံရတော့မည်ဖြစ်သည်။

သူတို့အနေနှင့် ထိုနေရာရှိ လူမည်မျှကို သတ်ဖြတ်ခဲ့စေကာမူ လိုက်လံဖမ်းဆီးမှုများကား မရပ်တန့်ခဲ့ပေ။

မျှော်စင်သခင်သည် ခွန်အားကြီးမားသူ အရှင်သခင်တစ်ဦးဖြစ်လေသည်။

ဤနယ်မြေရှိ ဒေသခံတိုင်းကို အပြီးအပိုင် သတ်ဖြတ်ကာ လိုက်လံမှုများကို အဆုံးသတ်နိုင်စွမ်းရှိနေခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ကြယ်များသည် မူလကြယ်တစ်ပါးနှင့်အတူ ဤနေရာသို့ ရောက်ရှိလာတော့မည်ဟူသော သတင်းကို သူရရှိခဲ့ခြင်းပင်ဖြစ်၏။

သူသည် ယခင်က ငရဲပြည်သို့ တစ်ခေါက် ရောက်ခဲ့ဖူးပြီးဖြစ်သည်။

ထို့ကြောင့် မူလကြယ်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို ကောင်းစွာနားလည်ထားလေသည်။

အကယ်၍ ၎င်းသည် မူလကြယ်တစ်ဦးသာအမှန်အကန်ဆိုပါလျှင် သူတို့နှင့် လုံးဝ ထိပ်တိုက် ရင်ဆိုင်၍ မဖြစ်ပေ။

၎င်းသည် သူ့အတွက်ပင် အလွန်အမင်း အန္တရာယ်များလွန်းလှပေသည်။

သူ၌ တိကျပြတ်သားသော ရည်မှန်းချက်တစ်ခု ရှိနေခဲ့သည်။

ထို့ကြောင့် အမှားအယွင်းများ မလုပ်မိစေရန် မူလကြယ်များကို မည်သည့်နည်းနှင့်မဆို ရှောင်ရှားရမည်သာ ဖြစ်လေသည်။

ထို့ကြောင့် သူသည် တိတ်ဆိပ်စွာဖြင့် ရှေ့ဆက်သွားရုံသာ တတ်နိုင်ခဲ့တော့သည်။

“ဒီနယ်မြေကနေ ငါတို့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ဖို့လိုနေတယ်။ တစ်မိနစ်အတွင်း အသင့်ပြင်ထားဖို့ သူတို့ကို ပြောလိုက်ပါ” ဟု မျှော်စင်သခင်သည် ညာလက်ရုံးအစောင့်အရှောက်အား အမိန့်ပေးလိုက်သည်။

ညာလက်ရုံးအစောင့်အရှောက် ထွက်သွားပြီးနောက် မျှော်စင်သခင်သည် မှုန်သုန်း၍ မှောင်မှိုက်လျက်ရှိနေသော ငရဲပြည်၏ မိုးကောင်းကင်ကြီးကို ငေးကြည့်လိုက်၏။

‘သူနဲ့ ပြန်တွေ့ပြီးကတည်းက အရာရာ မှားယွင်းစပြုလာခဲ့တာပဲ။ ဒီတစ်ခါ ဖြစ်တဲ့ မတော်တဆမှုက … ငါ အလွန်အကျွံ တွေးနေမိတာပဲဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ’

ဒဏ်ရာများ ရရှိထားသော်လည်း မျှော်စင်သခင်၏ ညွှန်ကြားချက်အတိုင်း မတ်တပ်ထရပ်ရန် ကျိုးစားလိုက်ကြသော ခန်းမမှူးများကို ပြန်ကြည့်လိုက်သည်။

ထိုသူတို့၏ ဒဏ်ရာများကို သူ့အနေနှင့် ဂရုမစိုက်နိုင်တော့ပေ။

သူ ရှာဖွေနေသောသူကို မတွေ့မချင်း မူလကြယ်များအား မည်သည့်နည်းနှင့်မဆို ရှောင်ရှားရန်လိုအပ်နေလေသည်။

ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ဤနေရာရှိ ခန်းမမှူးအားလုံးကို စတေးပစ်ရမည်ဆိုလျှင်ပင် သူထိုသို့ပြုလုပ်ရန် ဆန္ဒရှိနေခဲ့၏။

သူ့အတွက်မူ ရည်မှန်းချက်အောင်မြင်မည်ဆိုပါက မည်သည့်ပေးဆပ်မှုမဆို ထိုက်တန်ပေသည်။

ထိုသူကို တွေ့ရှိပြီးသည်နှင့် အရာရာသည် ပြောင်းလဲသွားလိမ့်မည်ဖြစ်၏။

ထိုသူနှင့်တွေ့ရှိပြီးပါက ဤကမ္ဘာရှိ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ရှိ အရာရာသည် ထာဝရ ပြောင်းလဲသွားတော့မည်ဖြစ်လေသည်။

ထို့အခါတွင် မူလကြယ်များပင် သူ့အား တားဆီးနိုင်ကြတော့မည် မဟုတ်ပေ။

ထို့နောက် မျှော်စင်သခင်သည် လက်ထဲတွင် ရည်ရွယ်ချက်တစ်ခုအတွက် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့သော သလင်းကျောက်များကို ထုတ်ကြည့်လိုက်မိသည်။

သူသည် ငရဲပြည်တွင် စွန့်ပစ်ခံထားရသော နစ်ခရိုမန်ဆာတစ်ဦးကို မကြာမှီ နိုးထစေတော့မည်ဖြစ်၏။

“ပြီးခဲ့တဲ့တစ်ခေါက် မင်းကို ငါရှာတွေ့တုန်းက အရာရာအသင့် မပြင်ဆင်ထားမိခဲ့တဲ့ အတွက် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ အများကြီးပြင်ဆင်ပြီးမှ ရောက်လာခဲ့တာဖြစ်တယ်။ ဒီတစ်ခါတော့ မင်းမပါဘဲ ငါ ပြန်မသွားဘူး…” ဟု ပြောလိုက်ပြီးနောက် ထို သလင်းကျောက်လေးများကို သူ၏သိုလှောင်လက်စွပ်ထဲသို့ လုံခြုံစွာ ပြန်သိမ်းထားလိုက်သည်။

“ဟင်”

ထိုစဥ်မှာပင် ဝေးကွာသောနေရာတစ်ခုမှ ခြေသံများကို ကြားလိုက်ရသဖြင့် သူသည် ရုတ်တရက် မျက်မှောင်ကြုတ်မိလိုက်သည်။

“သူတို့ ငါ့ကို ခဏတောင် အလွတ်မပေးဘူးဘဲ”

ထို့နောက်မျှော်စင်သခင်သည် မြူခိုးငွေ့များအဖြစ် ပြောင်းလဲ၍ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူသည် ထိုနေရာတွင်ပင် ပြန်ပေါ်လာခဲ့သည်။

သူ၏ အဝတ်အစားများတွင် လောလောလတ်လတ်သွေးများ စွန်းထင်းနေခဲ့ပြီး အစောပိုင်း ခြေသံများမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူသည် မည်သည့် ရှင်းပြချက်မှ မပေးဘဲ ကျန်လူများအား သူ့နှင့်အတူ ဆက်လက်ထွက်ခွာရန်သာ ပြောလိုက်သည်။

လမ်းတစ်လျှောက်တွင် သူ၏ မာနာစွမ်းအားအချို့ကို အသုံးပြု၍ အဝတ်အစားများရှိ သွေးရနံ့များကို ဆေးကြောဖယ်ရှားပစ်လိုက်သည်။

....

ယဲ့ဗ်နီသည် အနီရောင်တံခါးတစ်ချပ်ရှေ့တွင် ရပ်တန့်လိုက်ပြီးနောက် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

အာရန်သည် သူမ၏ဝတ်ရုံအတွင်း၌ ဆက်လက်ပုန်းအောင်းနေခဲ့ပြီး သူမသည် သူမ၏ သီးသန့် အခန်းထဲသို့ ပြန်၍ အနားယူတော့မည်ဟု မျှော်လင့်ထားခဲ့သည်။

ထိုအခါ သူသည် တိတ်တဆိတ် ထွက်ပြေးရန် အခွင့်အရေး ရရှိနိုင်တော့မည် ဖြစ်၏။ သို့သော် သူသည် မှားယွင်းစွာတွက်ချက်မိခဲ့ကြောင်း မကြာမီမှာပင် သိရှိလိုက်ရသည်။

“ဖေဖေ…”

ယဲ့ဗ်နီသည် အခန်းထဲသို့ ခြေချလိုက်သည်နှင့် ဖေဖေဟု လှမ်း၍ခေါ်လိုက်သည်။

အာရန်သည် ရင်ထဲတွင် ရုတ်တရက် ထိတ်ကနည်းဖြစ်သွားခဲ့ပြီး ထိုအခါမှသာ ၎င်းသည် ယဲ့ဗ်နီ၏အခန်း မဟုတ်ဘဲ သူမ၏ ဖခင် ပိုင်ဆိုင်သောနေရာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

အာရန်သည် ငရဲပြည်၌ နိုးထလာခဲ့သည်မှစ၍ နေရာတိုင်းတွင် သိပ်သည်းသော သေခြင်းတရား၏ အော်ရာအငွေ့အသက်ကို ခံစားခဲ့ရသည်။

တစ်ခုတည်းသော ခြွင်းချက်မှာ ဤအခန်းဖြစ်ပြီး ဤနေရာတွင် သေခြင်းတရား၏ မည်သည့်အော်ရာကိုမျှ သူ့အနေနှင့် မခံစားမိခဲ့ပေ။

ယင်းအစား ၎င်းသည် အသက်ဓာတ်အချို့ကို ခံစားရသည့် တစ်ခုတည်းသော နေရာလည်းဖြစ်လေသည်။

“သမီး ယဲ့ဗ်နီ”

ပလ္လင်ပေါ်တွင် ထိုင်နေသော အမျိုးသားကြီးတစ်ဦးသည် မတ်တပ်ထရပ်လိုက်ကာ သူ့မျက်လုံးများတွင် သူ၏ သမီးကို မြင်လိုက်ရသဖြင့် လွန်စွာစိတ်သက်သာရာ ရသွားသည့်ဟန်ကို ဖော်ပြလျက်ရှိနေသည်။

သမီးဖြစ်သူ ဘေးကင်းစွာ ပြန်ရောက်လာသည့်အတွက် သူ့အနေနှင့် အတော်လေး စိတ်သက်သာရာ ရသွားခြင်း ဖြစ်လေသည်။

ထိုအမျိုးသားသည် မိသားစုခေါင်းဆောင်ပင်ဖြစ်ပြီး သူမတ်တပ်ထရပ်လိုက်သည်နှင့် သူ၏ ပေါင်ပေါ်တွင် ထိုင်လျက်ရှိနေခဲ့သော အမျိုးသမီးငယ်တစ်ဦးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ယဲ့ဗ်နီသည် မြေပြင်ပေါ်ပြုတ်ကျသွားသော အမျိုးသမီးငယ်ကို ကြည့်လိုက်ရာ ထိုအမျိုးသမီးငယ်သည် သူမ၏ လည်ပင်းမှ သွေးများ စီးကျနေသည်ကိုပင် ပြန်မသုတ်ဘဲ အလျင်အမြန်ပင် ပြန်လည် မတ်တပ်ရပ်လိုက်၏။

ထိုလည်ပင်းတွင် မကြာသေးမီကမှ ချွန်ထက်သော အစွယ်နှစ်ချောင်းဖြင့် ထိုးစိုက်ခံထားရသည့် ဒဏ်ရာတစ်ခု ရှိနေခဲ့သည်။

သူမသည် သူမ၏ အာရုံကို ဖခင်ဆီသို့ အလျင်အမြန် ပြန်လည်ပြောင်းလဲလိုက်သည်။

“ဖေဖေကတော့ အရင်အတိုင်းပါပဲ။ စိတ်လှုပ်ရှားမှု တစ်ခုခုကြုံရတိုင်း ကိုယ့်ရဲ့ ဆာ‌လောင်စိတ်ကို ပြန်မထိန်းချုပ်နိုင်တော့ဘူး”

ယဲ့ဗ်နီ၏ ဖခင်သည် သူ့သမီး၏ စကားကို ပြန်မဖြေတော့ပဲ အစောပိုင်း အမျိုးသမီးလေးကို အခန်းပြင်သို့ ထွက်သွားစေလိုက်သည်။

ထို့နောက် တံခါးများသည် သူ့အလိုလို ပြန်ပိတ်သွားခဲ့သည်။

ထို့ပြင် အပြင်ဘက်မှနေ၍ မည်သူမျှ အတွင်းရှိစကားများကိုး ခိုးမနားထောင်နိုင်ရန် မိသားစုခေါင်းဆောင်သည် သူ၏အခန်းပတ်လည်တွင် အတားအဆီးလွှာတစ်ခုကို ဖန်တီးလိုက်သည်။

“မူလကြယ်တစ်ပါး ရောက်နေတာကိုတောင် သမီးအတွက် ဖေဖေ ဘယ်လိုလုပ် မပူပန်ဘဲ နေနိုင်မှာလဲ” ဟု မိသားစုခေါင်းဆောင်သည် သူ၏နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကို သုတ်ရင်း ပြန်ပြောလိုက်၏။

သူ၏လေသံသည် ငယ်ရွယ်သူတစ်ဦး၏ လေသံပေါက်နေရုံသာမက အလွန်အမင်း ငယ်ရွယ်နုပျိုနေသူတစ်ဦး၏ လေသံမျိုးပင် ဖြစ်နေလေသည်။

သူသည် ယဲ့ဗ်နီ၏ ဖခင်ဟု မထင်ရဘဲ သူမ၏ အစ်ကိုတစ်ဦးနှင့် ပို၍ပင် တူနေခဲ့၏။

သူ၏ မျက်နှာသည် လွန်စွာ ဖြူဖျော့လျက်ရှိနေခဲ့ပြီး ခန္ဓာကိုယ်တွင် သွေးတစ်စက်မျှ မရှိသည့်နှယ်ပင်။

သို့သော် ၎င်းက သူ၏ နှုတ်ခမ်းထောင့်မှ သွေးစအနည်းငယ်နှင့် ဆက်စပ်ကြည့်လိုက်လျှင်မူ သိသိသာသာပင် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

#Catfoot

All Chapters