ဆုတ်ခွာခြင်း
Vol. 155 Ch. 2199
ထိုပြင်းထန်သော တိုက်ခိုက်မှုသည် ကောင်းကင်ထက်ရှိ ထိပ်သီးပုဂ္ဂိုလ်များအားလုံး၏ နှလုံးသားကိုပင် တုန်ခါစေခဲ့သည်။ သူ၏ လက်သီးက လေဟာနယ်မုန်တိုင်းကို ဖြတ်သန်းကာ ထိုနေရာတစ်ခွင်လုံးကို စုတ်ဖြဲ၍ တူညီသော ကျင့်ကြံဆင့်မှ ထိုလူကို ရိုက်ခတ်လာသည်။ သူ့ခန္ဓာကိုယ်က ချိုးဖဲ့ခံလိုက်ရပြီး သူ့အတွင်းကလီစာများက ဒဏ်ရာအပြင်းအထန်ရသွားကာ တောက်ပကာ နီရဲသော သွေးတို့က သူ့အဝတ်များတွင် စွန်းထင်းလာခဲ့သည်။
သူတို့သည် လေထဲမှ ပုံရိပ်ကို ကြည့်လိုက်ကြပြီး မဟာလမ်းစဥ်နတ်ခန္ဓာကဲ့သို့ ရီဖူရှင်းအပေါ်၌ စီးဆင်းနေသော နတ်အလင်းများကို မြင်တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က လမ်းစဥ်ဖြစ်သည်။
အစွမ်းထက် ရန်ဟောင်များစွာက ရှေ့သို့ ခြေလှမ်းလာပေသည်။ သူတို့က ထိပ်သီးအဆင့် ကျင့်ကြံသူများ မဟုတ်သော်လည်း သူတို့တွင် ကြောက်မက်ဖွယ် အရှိန်အဝါအပြည့်ပင် ဖြစ်သည်။ သူတို့ကြားတွင် ထိုက်ချူတော်ဝင်မြေမှ စီနီယာတစ်ယောက်လည်း ပါဝင်သည်။ သူ၏ ဆံပင်က တစ်ဝက်ဖြူကာ သူ့အရှိန်အဝါက ဤလောကမှ ကွဲထွက်နေသည်။ သူသည် နောက်ကျော၌ ဓားတစ်လက်ကို လွယ်ထားခဲ့သည်။ သိသာစွာပင် သူက ဓားသမားတစ်ယောက် ဖြစ်သည်။
ထိုလူသည် အဆင့်ရှစ်ရန်ဟောင်တစ်ပါးဖြစ်ပြီး ခြိမ်းခြောက်နိုင်သော အားကောင်းသည့် ခံစားချက်ကို ပေးစွမ်းပေသည်။ သူသည် အောက်ဘက်ရှိ ထိုနေရာကို ငုံ့ကြည့်လိုက်သည့်အခါ ဓားပေါင်းထောင်သောင်းချီက တစ်ချိန်တည်း ကျဆင်းလာသည်။ အဝေးမှ လူအုပ်ကြီးသည်ပင် ဓားသမား၏ အားကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသည်။
“အဆင့်ရှစ်ရန်ဟောင်ဆိုပေမယ့် သာမနိ အဆင့်ရှစ်ရန်ဟောင်မဟုတ်ဘူးပဲ။” ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူအားလုံးက သူတို့၏ အာရုံကို ထိုလူ့ထံ ပို့ထားခဲ့သည်။ ထိုအဆင့်ရှစ်ရန်ဟောင်၏ အရှိန်အဝါက သာမန်ထက် အစွမ်းထက်လှသည်။ ၎င်းသည် သာမန် အဆင့်ကိုးရန်ဟောင်၏ တည်ရှိမှုထက် သာလွန်ပေသည်။
ဤတန်ခိုးရှင်သည်လည်း တစ်ချိန်တစ်ခါက ကျော်ကြားသော သူတစ်ယောက်ဖြစ်ပေသည်။ သူ အလယ်အလတ်အဆင့်ရန်ဟောင်တစ်ပါး ဖြစ်စဥ်အခါက သူ၏ မဟာလမ်းစဥ်သည် ချို့ယွင်းချက်ကင်းခဲ့သည်။ သူ အဆင့်မြင့်ရန်ဟောင်အဖြစ်သို့ ချိုးဖျက်ဝင်ရောက်သွားသောအခါ မတော်တဆအချို့ ဖြစ်ပွားခဲ့ပြီး သူ၏ မဟာလမ်းစဥ်က ချို့ယွင်းချက်များ ဖြစ်ပေါ်လာခဲ့ပေသည်။ သို့သော် သူသည် ကျင့်ကြံခြင်းတွင် အပြင်းအထန် ကြိုးစားခဲ့ပြီး အလွန် အစွမ်းထက်သော ဓားနည်းစနစ်ကို ကျင့်ကြံရန် အချိန်ဆယ်နှစ် သုံးစွဲခဲ့ပေသည်။ သူသည် ထိုက်ချူတော်ဝင်မြေမှ သန့်စင်မြင့်မြတ်နယ်မြေတွင် ထိုက်ချူဓားသထင်ဟု ကျော်ကြားပေသည်။ နှမြောစရာကောင်းသည်မှာ သူက ၎င်းကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိခဲ့ကြောင့် ဖြစ်သည်။
မဟာလမ်းစဥ်ချို့ယွင်းသွားခြင်းက အကြီးမားဆုံး ကံဆိုးခြင်း ဖြစ်ခဲ့၏။
သို့သော် သူ၏ တိုက်ပွဲစွမ်းရည်သည် ထိုက်ချူတော်ဝင်မြေ၌ အစွမ်းထက်ဆုံးများထဲမှ တစ်ယောက်ဟု ဆိုနိုင်သည်။ ထို့ပြင် သူ၏ ဓားစွမ်းရည်က အဆင့်ကိုးမှ သာမန်ရန်ဟောင်များ ခံနိုင်ရည်စွမ်း မရှိနိုင်ပေ။
သူ ကောင်းကင်ထက်၌ ရပ်နေသောအခါ ရီဖူရှင်းက ဖိအားကို ခံစားမိလိုက်သည်။ မဟာလမ်းစဥ်အလင်းက သူ့ခန္ဓာကိုယ်ပေါ် စီးဆင်းနေခဲ့၏။ သူ့ခန္ဓာကိုယ်က မဟာလမ်းစဥ် အရင်းအမြစ် ဖြစ်နေသလိုပင်။
ဘုန်း...
သူတို့နှစ်ယောက်က လေထဲ၌ အချင်းချင်း ကြည့်နေခဲ့ကြသည်။ ရီဖူရှင်းသည် သူ့ထံသို့ စူးစိုက်နေသော တစ်ဖက်လူ၏ အကြည့်များက ရုတ်တရက် ကောင်းကင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ သူ၏ စိတ်ဝိညာဥ်နယ်မြေအတွင်း ထိုးဖောက်လာကာ ဝိညာဥ်ကို ဖျက်ဆီးပစ်တော့မလိုပင်။
ရီဖူရှင်း၏ မျက်လုံးများကလည်း တူညီစွာပင် ကြောက်မက်ဖွယ် ကောင်းလာပေသည်။ အဆုံးမဲ့လေဟာနယ်တစ်ခုကဲ့သို့ အကြည့်တစ်ချက်သည် ဓားကို မည်မျှ ထိုးစိုက်နေပါစေ အဆုံးကို မရောက်နိုင်သကဲ့သို့ လေဟာနယ်တံခါးထဲ ပိတ်မိနေသလို ထင်မှတ်ရပေသည်။
“ဘုန်း”
လွှမ်းမိုးနိုင်သော ဓားဆန္ဒက အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံသွားသည်။ ရီဖူရှင်း ရှိနေသည့်နေရာက ဓားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပေသည်။ ထိုစီနီယာ၏ ဓားက ဓားအိမ်မှ ပျံသန်းထွက်လာကာ ရုတ်တရက် ကောင်းကင်အတွင်း ဓားစွမ်းအားများက ကြောက်မက်ဖွယ်ဖြစ်လာသည် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။
“ပိုင်းဖြတ်စမ်း။”
ထိုလူက စကားတစ်ခွန်း ထုတ်ပြောလာပြီး ရီဖူရှင်းကို ကာကွယ်ထားသည့် ဓားနယ်မြေအတွင်း ဓားအလင်းက ရုတ်တရက် ပေါ်ပေါက်လာကာ လေဟာနယ်ကို သာမန်မျက်စိဖြင့် မြင်ရန် ခက်ခဲလှသည့် မမှန်းဆနိုင်သော အရှိန်နှင့် ဖြတ်သန်းသွားသည်။ ၎င်းသည် အတွေးတစ်ချက်နှင့် လေဟာနယ်အား ပိုင်းဖြတ်ခြင်းပင် ဖြစ်လေသည်။
ဘုန်း...
မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် စွမ်းအားက ရီဖူရှင်းအထက်မှ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ဓားများက အောက်သို့ ကျဆင်းလာသော်လည်း ထင်ထားသလို သူ့ခန္ဓာကိုယ်အား ပိုင်းဖြတ်မသွားခဲ့ပေ။ ထူးဆန်းအံ့ဖွယ် နတ်အလင်းက ရီဖူရှင်းထံမှ ပေါက်ကွဲထွက်လာပြီး မပျက်စီးနိုင်သော နတ်ခန္ဓာကဲ့သို့ ဓားများက မသက်ရောက်နိုင်ပေ။
“သူ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာက ဒီလောက် အားကောင်းသန်မာတာလား။” ထိုအဓိကပုဂ္ဂိုလ်ကြီးများသည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် အသက်ရှုရန်ပင် မေ့သွားခဲ့ကြသည်။ သူတို့အားလုံးက နေရာအနှံ့မှ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး သူတို့၏ ခေတ်အခါတွင် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။ အထူးသဖြင့် အထက်ဘုံမှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်၏။ သူတို့ မြင်တွေ့ခဲ့ဖူးသော ပါရမီရှင်များမှာ ထောင်သောင်းချီ ရှိနေခဲ့ပြီး ထိုလူများက ထိတ်လန့်တုန်လှုပ်ဖွယ် အစွမ်းထက်လှသည်။
သို့သော် မည်သူကမှ ယခုလောက်ထိ ကြောက်မက်ဖွယ် အစွမ်းထက်သည်ထိ ကျင့်ကြံနိုင်ခဲ့သော ရုပ်ခန္ဓာအား မမြင်တွေ့ခဲ့ဖူးကြပေ။
အခြားစကားနှင့်ဆိုရလျှင် ထိုသည်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ ခွန်အားနှင့် မသက်ဆိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်က လမ်းစဥ်နှင့်တသားတည်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ထိုခန္ဓာကိုယ်က မဟာလမ်းစဥ်၏ သန့်စင်သော ခန္ဓာကိုယ်ပင် ဖြစ်၏။ ၎င်းက လမ်းစဥ်နှင့် တသားတည်းဖြစ်လာရုံမျှမက ခံနိုင်ရည်အား မြင့်မားလှသည့် အမျိုးမျိုးသော လမ်းစဥ်များစွာကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ဘုန်း......
ဓားသမားက ထိုနေရာတွင် ရပ်နေခဲ့သော်လည်း ဖွဲ့စည်းလာနေသော ဓားဆန္ဒက ပို၍ အားကောင်းသန်မာလာနေသည်။ သူ့နောက်ကျောတွင် သယ်ဆောင်ထားသည့် နောက်ထပ် ဓားတစ်လက်က ထွက်ပေါ်လာပြန်သည်။ ရုတ်တရက် ထိုဓားက သတ်ဖြတ်ရန် ထွက်ပေါ်လာသည်နှင့် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းများ ပေါ်ပေါက်လာတော့သည်။
ရီဖူရှင်းက ရှေ့သို့ ဆက်လှမ်းလိုက်သည်နှင့် မဟာလမ်းစဥ်က လေဟာနယ်ထဲတွင် အရူးအမူး အော်မြည်လာပေသည်။ ဓားက သတ်ဖြတ်ရန် ထွက်ပေါ်လာသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာခုခံကာကွယ်မှုကို ထိုးမဖောက်နိုင်ပေ။ သူ၏ ခန္ဓာကိုယ်က အမှန်တကယ် ဖျက်ဆီး၍ မရနိုင်သလိုပင် ထင်မှတ်ရ၏။
ထိုက်ချူတော်ဝင်မြေမှ ဓားသမားသည် သူ၏ မျက်လုံးများကို မှိတ်ကာ လက်နှစ်ဖက်အား ချိပ်စည်းသဏ္ဌာန် ပုံဖော်လိုက်သည်။ ချက်ချင်းပင် သူ့နောက်မှ ဓားများက တစ်လက်ပြီးတစ်လက် ပေါ်ပေါက်လာကာ တစ်လက်ချင်းစီက သတ်ဖြတ်ရန် ရည်ရွယ်ချက်များနှင့် ထွက်ပေါ်လာပေသည်။
မျက်စိတစ်မှိတ်အတွင်း ဓားကိုးလက်က ရီဖူရှင်း၏ ခန္ဓာကိုယ်အနီး မတူညီသော နေရာများတွင် ပေါ်ပေါက်လာကာ စူးရှကျယ်လောင်သော အော်မြည်သံများ ထုတ်လွှတ်လာပြီး သူ့ကို တစ်ချိန်တည်း ထိုးဖောက်သွားရန် ကြိုးစားနေသည်။ ကြောက်မက်ဖွယ် ဓားမုန်တိုင်းက လေဟာနယ်ကို ဖြတ်သန်းလာသော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်အား ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။
“ဘယ်လောက်သန်မာလိုက်သလဲ။” လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့၏ နှလုံးသားထဲ၌ အကြီးအကျယ် လှိုင်းထန်နေခဲ့သည်။ ရီဖူရှင်း၏ ရုပ်ပိုင်းဆိုင်ရာက မျှော်မှန်းထားသည်ထက် ပို၍ အားကောင်းသန်မာပေသည်။ ထိုသည်မှာ လူသားကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်နိုင်ပါသလား။
ဤသည်မှာ စစ်မှန်သော လမ်းစဥ်ခန္ဓာကိုယ် ဖြစ်ပေသည်။
ထိုဓားဆန္ဒက အလွန် အားကောင်းလှသည်။ သို့ဆိုလျှင်ပင် ၎င်းက ရီဖူရှင်းအား ပိုင်းဖြတ်ရန် မဖြစ်နိုင်သည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။ ထိုလူ၏ နောက်ကျောမှ နောက်ဆုံးကျန်သော ဓားသည် နောက်ဆုံးတွင် ဓားအိမ်မှ ထွက်လာခဲ့ပြီ ဖြစ်သည်။ ဓားက ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးအကြား၌ ဆူညံအော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။ ထိုကျင့်ကြံသူသည် သူ့ဓားနှင့်အတူ ခန္ဓာကိုယ်ကပါ ရွေ့လျားသွားပြီး ရီဖူရှင်း၏ အရှေ့၌ ဆင်းသက်လာသည်။ ပုံရိပ်ယောင်က အလွန် ကြီးမားလှပြီး သတ်ဖြတ်ရန်အတွက် ထက်ရှသည့် ဓားကို ကိုင်ဆောင်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ ရုတ်တရက် ဓားကိုးလက်သည် ရီဖူရှင်းအနီး၌ ကြောက်မက်ဖွယ် ဓားဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားကာ သတ်ဖြတ်ရန် ကျဆင်းလာသည့် ဓားနှင့် ပေါင်းစည်းသွားသည်။
“စီရင်ခြင်းဓားသွား။” ဓားသမားက အော်လိုက်ပြီး သူသည် စီရင်ခြင်းဓားသွားအား ထုတ်ဖော်လိုက်သည်။ အတိတ်တွင် လူအနည်းငယ်မျှသည်သာ သူ၏ ဤဓားသွားကို ရပ်တန့်နိုင်စွမ်းရှိခဲ့ပြီး သူသည် ယခု ရီဖူရှင်းကလည်း ခြွင်းချက်မဟုတ်ဟု ယုံကြည်ခဲ့ပေသည်။
ဤဓားသည် အသွေးအသားတို့အပြင် စိတ်ဝိညာဥ်ကိုလည်း ဖျက်ဆီးပစ်နိုင်ပေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ မျက်လုံးများက ပွင့်ဟလာပြီး ဒေါသထွက်နေသော ဗုဒ္ဓတစ်ပါးကဲ့သို့ စူးစိုက်ကြည့်နေခဲ့သည်။ ကျယ်လောင်သော အော်မြည်သံက ကောင်းကင်နှင့်မြေကြီး ပဲ့တင်ထပ်လာကာ တောင်တန်းနှင့် မြစ်များက ပျက်စီးသွားပြီး ဗုဒ္ဓထံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပုံရလေသည်။ မိစ္ဆာနှိမ်နင်ဗုဒ္ဓတစ်ပါးအနေနှင့် ၎င်း၏ စွမ်းအားက ဓားသမားကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ရီဖူရှင်းက လက်ကို မြှောက်ကာ ရှေ့သ်ို့ ဆန့်ထုတ်လိုက်သည်။ ဓားမြစ်က သူ၏ ခန္ဓာကိုယ်ရှိရာသို့ စီးဆင်းသွားခဲ့သည်။ သူ၏ ရုပ်ခန္ဓာနှင့် ဓားစွမ်းအားတို့က တသားတည်း ဖြစ်လာသည်။
ဓားနယ်မြေမှ ဆူညံသော အသံတို့ ထွက်ပေါ်လာပြီး ၎င်းစွမ်းအားများက ရီဖူရှင်း၏ လက်ချောင်းများနှင့် ပေါင်းစပ်သွားခဲ့သည်။ အဆုံးမဲ့ ဓားဆန္ဒများလည်း သူ၏ မဟာလမ်းစဥ်ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ တသားတည်း ဖြစ်လာနေသည်။ အခြားလူများထံမှ အစွမ်းထက် ဓားစွမ်းအားများသည်လည်း သူ၏ အသုံးချခြင်းကို ခံနေရသလိုပင် ဖြစ်သည်။
“မဟာလမ်းစဥ်ဖိနှိပ်ခြင်း။” ထိုပုဂ္ဂိုလ်ကြီးများ၏ စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။ ရီဖူရှင်းသည် အဆင့်ရှစ်ရန်ဟောင်အား ဆန့်ကျင်ကာ မဟာလမ်းစဥ်ဖိနှိပ်ခြင်းကို အသုံးပြုနိုင်စွမ်းရှိကာ သူသည်သာ ဤလေဟာနယ်ဓားစွမ်းအားများ၏ သခင်အဖြစ် ကြွေးကြော်နိုင်စွမ်းရှိပုံရသည်။
ရီဖူရှင်း၏ လက်များက မြောက်တက်လာကာ ရှေ့သို့ ညွှန်ပြလာသည်ကို လူအုပ်ကြီးက မြင်လိုက်ရသည်။ ရုတ်တရက် ဓားတစ်လက်ဖြစ်တည်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။
ရီဖူရှင်း၏ လက်ချောင်းက ကြီးမားသော နတ်ဓားပေါ်သို့ သက်ဆင်းလာသည်နှင့် ဓားကိုးလက်က ဖျက်ဆီးခံလိုက်ရသည်။
ဘန်း...
ချက်ချင်းပင် ထိုဖျက်ဆီးခြင်း ဓားစွမ်းအားများက ပြိုကျပျက်စီးကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။ ထိုက်ချူတော်ဝင်မြေမှ ဓားသမားသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဥ်က သိမ့်သိမ့်တုန်သွားသည်ကို ခံစားမိလိုက်ပေသည်။ သူ၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေခဲ့သည်။ သူ့ ပါးစပ်မှ သွေးတို့ အန်ထွက်လာ၏။ သူသည် မဟာလမ်းစဥ်ကြောင့် ထိခိုက်သွားသကဲ့သို့ သူ့အသက်ရှုနှုန်းက အားနည်းလာပေသည်။
လူအုပ်ကြီးက သူ့ထံ ပြေးလာပြီး ကြည့်လိုက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်မှ အက်ကြောင်းများကို မြင်လိုက်ရသည်။ ထိုအက်ကြောင်းများကို သာမန်မျက်လုံးဖြင့် မြင်ရန်ခက်ခဲသော်လည်း ကျင့်ကြံသူများသည် ထိုအက်ကြောင်းများအတွင်းမှ ဓားစွမ်းရည်ကို ခံစားမိကြပေသည်။
ဆန့်ကျင်ဘက်အနေနှင့် ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေခဲ့သည်။ ဓားအရှိန်အဝါတို့က သူ့ကို ဝန်းရံထားပြီး မဆုတ်မနစ်နှင့် မတုန်မလှုပ်ရှိနေခဲ့၏။
အဆင့်ခြောက်မှ တစ်စုံတစ်ယောက်က ထိုမျှထိ ခွန်အား ရှိနိုင်သည်လား။
သူတို့အားလုံးသည် ရီဖူရှင်း တစ်ယောက်တည်းကသာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်သဘောပေါက်နိုင်ခဲ့သူ ဖြစ်ကြောင်း ကြားမိပေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ပြောင်းလဲခြင်းက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ နားလည်သဘောပေါက်ခြင်းမှ ရရှိခဲ့သော ဆုလာဘ် ဖြစ်နိုင်သလား။
သူက အလွန် အားကောင်းလွန်းလှသည်။ ထိုဓားသမားသည် အထက်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေမှ အစွမ်းထက်သော အဆင့်ရှစ်ရန်ဟောင်တစ်ပါးဖြစ်သော်လည်း ထိပ်သီးပုဂ္ဂိုလ်ကြီးများမှလွဲ၍ သူ့ကို ရှုံးနိမ့်စေနိုင်သူပင် မရှိဟု ထင်မှတ်ရပေသည်။ ပြင်ပဘုံမှ ထိပ်သီးပါရမီရှင်များသည်ပင် ရီဖူရှင်းကို အနိုင်ယူနိုင်စွမ်းရှိနိုင်ပါမည်လား။
အထက်ဘုံရှိ မည်သူမှ ရီဖူရှင်းကို အနိုင်မယူနိုင်ပါလျှင် သူသည် မူလနယ်မြေအတွင်း အင်အားစုအားလုံးကြား၌ အဓိကပုဂ္ဂိုလ်များ၏ အောက်တွင် ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်ပေလိမ့်မည်။
သူ ပြန်ရောက်လာပြီးနောက် သူသည် အဓိကထိပ်သီးပုဂ္ဂိုလ်ကြီးများအောက် ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း သူ မည်သည့်နေရာ၌ နေခဲ့သနည်း။
ရီဖူရှင်းပြန်လာပြီဟု သတင်းကြားပြီးနောက် ဤနေရာသို့ စုဝေးလာသည်မှာ အံ့သြစရာမရှိတော့ပေ။
သူတို့သည် ရီဖူရှင်းက မည်မျှတိုးတက်လာကြောင်း ကိုယ်တိုင် မြင်တွေ့လို၍ ရောက်လာကြခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌ ရှိနေသည့် အားလုံးသော အဓိကပုဂ္ဂိုလ်ကြီးများက ရီဖူရှင်းကို ချက်ချင်းပင် သတ်ဖြတ်ချင်လာသော်လည်း စိုးရိမ်ပူပန်စရာအချို့ ရှိနေသေးသည်။ ရီဖူရှင်းကို သတ်လိုက်ခြင်းက ကောင်းကင်အာဏာစက်ကျောင်းတော်၏ မဟာမိတ် ပုဂ္ဂိုလ်ကြီးများကို ရန်စမိသလို ဖြစ်မည့်အပြင် အထက်ဘုံရှိလေးမျက်နှာကျေးရွာ၌ လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးရှင်တစ်ယောက်လည်း ရှိသေးပေသည်။
“ဆက်တိုက်ချင်သေးလား။” ရီဖူရှင်းက မေးလိုက်သည်။
ထိုထိပ်သီးပုဂ္ဂိုလ်များက သူ ပြောသည်ကို ကြားသည့်အခါ သူတို့က တိတ်ဆိတ်သွားခဲ့ပေသည်။ သူတို့သည် ယခု ဝေခွဲမရသော အခြေအနေ၌ ရှိနေခဲ့ပြီး သူတို့က သူ့ကို ချက်ချင်း မသတ်ဖြတ်ရဲသော်လည်း သူ့ကို အသက်ရှင်လျက် ထားရန်မှာ အန္တရာယ်ကြီးလွန်းလှသည်။
သိုင်းနတ်ဘုရားကလန်နှင့် ကောင်းကင်မျှော်စင်ကလန်ကဲ့သို့ အင်အားစုများက သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တရလာကြပေသည်။ သူတို့က ယာယီစစ်ပြေငြိမ်းရန် တောင်းဆိုဖို့ရာ ဖြစ်နိုင်ချေမှာ မရှိတော့ချေ။ လွန်ခဲ့သော နှစ်နှစ်ဆယ်အကြာက ပဋိပက္ခများသည် ယနေ့ သူတို့၏ အနေအထားကို ထိခိုက်စေခဲ့သည်။ သူတို့က ပြေလည်ရာပြေလည်ကြောင်း လုပ်လိုလျှင်ပင် သူတို့၏ မဟာမိတ်များက မည်သည့်အခါမှ သဘောတူလိမ့်မည်မဟုတ်ဘဲ သူတို့ကိုပင် တန်ပြန်တိုက်ခိုက်ကြပေလိမ့်မည်။
ဤပြဿနာကို နှစ်ဖက်ထဲမှ တစ်ဖက်က ချေမှုန်းဖျက်ဆီးခံရခြင်း မဟုတ်ပါက အပြီးသတ်ရန် မဖြစ်နိုင်ပေ။
“ကောင်းကင်ဒေသမှာ နှစ်နှစ်ဆယ်အတွင်း ကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့ရပုံပဲ။” ရှန်ကောင်းက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က မင်းကို အမြဲ မြင့်မြင့်တွေးထားခဲ့တာ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းက ခေါင်းမာပြီး လက်မခံခဲ့ဘူးလေ။ အခုတော့ ကျုပ်တို့ရဲ့ မူလဘုံက အပြောင်းအလဲကြီးတွေနဲ့ ရင်ဆိုင်နေရပြီး အကြီးအကျယ် ပျက်စီးသွားဖို့ မျက်စိတစ်မှိတ်အတွင်း ဖြစိလာနိုင်တယ်။ တကယ်လို့ မင်းသာ ရန်ငြိုးဟောင်းတွေကို လက်လွှတ်ဖို့ ဆန္ဒရှိခဲ့ရင် ကျုပ်တို့ ထိုင်ပြီး စကားပြောလို့ရတာပဲ။”
“ဒါပေါ့။ အခု မူလဘုံက အရှုပ်အထွေးတွေအောက်မှာ ရောက်နေတာဆိုတော့ ကျုပ်ကလည်း ရန်ငြိုးဟောင်းတွေကို လက်လွှတ်ပြီး ကောင်းကင်ဒေသက အင်အားစုတွေ အားလုံးနဲ့ လက်တွဲအလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါက တော်ဝင်နန်းတော်ရဲ့ ဆန္ဒလည်းပဲ ဟုတ်တယ်လေ။” ရီဖူရှင်းက သဘောတူညီစွာ ပြန်ဖြေလိုက်သည်။ သို့သော် ရှန်ကောင်းနှင့် အခြားလူများက သတိအနေအထား ဖြစ်သွားကြသည်။
ရီဖူရှင်းက ဆန္ဒရှိစွာ သဘောတူခဲ့သော်လည်း ထိုသည်မှာ မဖြစ်နိုင်ကြောင်း သူတို့က သိရှိကြပေသည်။ ရီဖူရှင်းက သူတို့နှင့် ကစားနေခြင်း ဖြစ်သည်။
ရီဖူရှင်းက သဘောတူလျှင်ပင် သူ့ကို အမှန်တကယ် ယုံကြည်ရနိုင်ပါမည်လား။ သူတို့သည် ရီဖူရှင်းကို အလွတ်ပေးထားကာ အထွတ်အထိပ်ရန်ဟောင် ဖြစ်လာသည်အထိ ကျင့်ကြံခွင့်ပြုထားရမည်လား။
သူတို့အားလုံးသည် ရီဖူရှင်း အသက်ရှင်နေသရွေ့ သူတို့မည်သည့်အခါမှ စိတ်အေးချမ်းသာနေနိုင်မည်မဟုတ်သည်ကို သိကြပေသည်။
သို့သော် သူတို့က ၎င်းကို ထုတ်ပြောရန်မလိုဘဲ လူတိုင်းက အလိုလို နားလည်သဘောပေါက်ကြပေသည်။
“မူလဘုံရဲ့ အပြောင်းအလဲတွေက အရမ်း လျင်မြန်ပြီး ကောင်းကင်ဒေသကလာတဲ့ တော်ဝင်နန်းတော်ရဲ့ ကျင့်ကြံသူတွေကလည်း အောက်ဘုံကို ရောက်လာကြတယ်။ အတွင်းရေးပဋိပက္ခတွေက တကယ်ပဲ မဖြစ်သင့်ဘူး။ ဒီမှာပဲ ရပ်ထားကြတာပေါ့။” ရှန်ကောင်းက ပြောလိုက်သည်။
“သဘောတူတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း သူတို့ကဲ့သို့ပင် စစ်မဖြစ်နိုင်ပေ။
“ဒါဆို နှုတ်ဆက်ပါတယ်။” ရှန်ကောင်းက ပြောလိုက်သည်။ သူက သူ့လူများကို ခေါ်ဆောင်ကာ ပြန်သွားခဲ့သည်။ အခြား ကျန်သော အင်အားစုများကလည်း မြေပြင်ကို ကြည့်လိုက်ကြပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားကြပေသည်။ မကြာခင်၌ လေဟာနယ်ထဲ၌ ရှိနေသော အစွမ်းထက် တန်ခိုးရှင်များက ပျောက်ကွယ်သွားတော့သည်။ သူတို့ မည်သည့်အခါကမှ ထွက်ပေါ်မလာဖူးသလို ပျောက်ကွယ်သွားပေသည်။
မကြာသေးခင်က မူလဘုံမှ အစွမ်းထက်ဆုံး ကျင့်ကြံသူများ ဤနေရာ၌ စုဝေးခဲ့ကြောင်း မည်သူကမှ ထင်မိပါမည်နည်း။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အား သုတ်သင်ရန် လာခဲ့သော်လည်း ယခုလို ရယ်စရာ အဖြစ်မျိုးနှင့် အဆုံးသတ်သွားရပေသည်။
ရီဖူရှင်းက ထိုလူများပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသော်လည်း စိတ်ထဲ၌ အေးချမ်းမသွားခဲ့ပေ။ ဤတစ်ကြိမ်၌ တစ်ဖက်လူက သူတို့ကို ရန်မစနိုင်စေရန် သတိပေးသွားခြင်း ဖြစ်သည်။
သို့သော် သူတို့က အခွင့်အရေးရလာလျှင် သူ့ကို တွေဝေခြင်းမရှိ သတ်ပစ်လိမ့်မည်ဖြစ်ကြောင်း သိရှိထားပေသည်။
***