← Chapters

ကစားနေတာလား

Vol. 37 Ch. 531

ကစားနေတာလား

Vol. 37 Ch. 531

...

မြောက်ပိုင်းတိုက်ကြီးရှိ နစ်ခရိုမန်ဆာတိုင်းသည် ငရဲတံခါး ပွင့်လာသည်နှင့်အမျှ ပိုမို၍အားကောင်းလာခဲ့ကြသည်။

မြောက်ပိုင်းတိုက်ရှိ လူများအဓိက အသုံးပြုသည် မာနာ စွမ်းအင်သည်ပင် ထူထပ်သိပ်သည်းလာခဲ့ သီးခြားဒြပ်စင်စွမ်းအင်များကို အသုံးပြုသော မှော်ဆရာများသည်လည်း ပိုမိုအားကောင်းသည့် မှော်ပညာများကို သုံးစွဲနိုင်ရန် အကူအညီဖြစ်စေခဲ့လေသည်။

အကယ်၍ အခြားတိုက်ကြီးများမှ အရှင်သခင်များအနေဖြင့် မြောက်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်လာနိုင်ခဲ့လျှင်ပင် ဤကာလအတွင်း မြောက်ပိုင်းတိုက်ရှိ မျှော်စင်သခင် နှင့် ယှဉ်ပြိုင်နိုင်ရန်မှာ ယခင်ကထက်ပို၍ ခက်ခဲသွားလိမ့်မည်ဖြစ်၏။

ကံကောင်းစွာဖြင့် ယခုအချိန်တွင် မျှော်စင်သခင်သည် ဤနေရာတွင် ရှိမနေခဲ့ပေ။

အရိပ်ကောင်စီသည် ခွန်အားကြီးသည်မှာ မှန်သော်လည်း ယခုအချိန်တွင် ၎င်းတို့သည် အရှင်သခင်တစ်ဦးနှင့် တန်းတူအဆင့်ရောက်ရှိနေပြီဟု ယူဆ၍ ရသော အာရန်နှင့် ထိပ်တိုက်နေရခြင်းဖြစ်လေသည်။

ထို့ပြင် အာရန်သည် သွေးမျိုးဆက်များစွာကို အသုံးပြုနိုင်သောကြောင့် အခြားအရှင်သခင်များထက်ပင် အချို့နေရာများတွင် သာလွန်နေပြီဟု ယူဆ၍ ရလေ၏။

မူလနဂါး၏ သွေးမျိုးဆက်ကြောင့် သူ၏အသက်ဓာတ်စွမ်းအင်မှာ အဆုံးအစမဲ့လုနီးပါးပင်ရောက်ရှိနေပြီဖြစ်ကာ ဒဏ်ရာအနာတရဖြစ်မည်ဆိုလျှင်ပင် ယခင်ကထက် များစွာပိုမိုလျင်မြန်စွာ ပြန်လည်ကုသနိုင်နေပြီဖြစ်သည်။

ထို့ကြောင့် ထိုသံကြိုးများဖြင့် သူ၏အသက်ဓာတ်စွမ်းအင်ကို ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း သူ့အာ များစွာထိခိုက်နိုင်ခြင်းမရှိခဲ့ပေ။

အာရန်သည် သူ၏လည်ပင်းအား ချည်နှောင်ထားသော သံကြိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

သူ၏ လက်သည် သံကြိုးကို ထိမိလိုက်သည်နှင့် တပြိုင်နက် လျှပ်စစ်စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ဖြတ်စီးသွားခဲ့ပြီး သံကြိုးသည် သူ့အား တုံ့ပြန်ခုခံရန် ကြိုးစားလိုက်ဟန်ရ၏။

အာရန်သည် ၎င်းကြောင့် ခံစားရသော နာကျင်မှုဝေဒနာကို အနည်းငယ်မျှပင် ခုခံရန်မကျိုးစားခဲ့ပေ။

သူသည် နာကျင်မှု ခံစားချက်များကို လျှော့ချရန်အတွက် နဂါးလျှာအစွမ်း ကိုသာ အသုံးပြုလိုက်သည်။

အသက်အန္တရာယ်မရှိသမျှ ကာလပတ်လုံး ထိုနာကျင်မှုကြောင့် သူ၏ လုပ်ငန်းစဥ်ကို အထိခိုက်မခံလိုသောကြောင့်ပင်။

ဤသို့ဖြင် အာရန်သည် ထိုသံကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီးနောက် သူသည် ရုတ်တရက် ရှေ့သို့ဆောင့်ဆွဲချလိုက်သည်။

အရိပ်ကောင်စီမှ နစ်ခရိုမန်ဆာသည် ၎င်းသံကြိုးကို ဆုပ်ကိုင်ထားဆဲဖြစ်၏။

ထို့ကြောင့် အာရန်မှ ထိုသံကြိုးကို ဆွဲချလိုက်သည်နှင့် သူသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

သူသည် သံကြိုးနှင့်အတူ လိုက်ပါသွားခဲ့ပြီး အာရန်ရှိရာဘက်သို့ သူ၏ ခန္ဓာကိုယ်သည် လည်း ဝဲပျံလိုက်ပါသွားတော့၏။

အာရန်သည် လက်သီးတစ်ချက်ကို ခပ်တင်းတင်း ဆုပ်လိုက်ကာ ထိုရောက်ရှိလာသော နစ်ခရိုမန်ဆာ၏ ဦးခေါင်းခွံကို ထိုးနှက်လိုက်လေသည်။

အရိပ်ကောင်စီမှ နစ်ခရိုမန်ဆာသည် ရုတ်တရက် ထိုဖြစ်ရပ်ကြောင့် အတော်လေးထိတ်လန့်သွားခဲ့သည်။

အာရန်၏ လက်သီးသည် သူ့ထံသို့ု ရောက်မလာသေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုကို သယ်ဆောင်လာနေကြောင်း သူ ခံစားမိလိုက်သည်။

ယခင်က သူသည် ပြင်ပခွန်အားကိုသာ အဓိကထားသည့် ဒဏ္ဍာရီလာသားရဲအချို့နှင့် တိုက်ခိုက်ခဲ့ဖူးလေသည်။

သို့သော် ဤရိုးရှင်းသော လက်သီးချက်တစ်ချက်၏ နောက်ကွယ်ရှိ အင်အားမှာ ယင်းတို့ထက် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိပေ။

ထိုလက်သီးချက်သာ သူ့အားထိမှန်ခဲ့ပါက သူသည် မုချသေဆုံးနိုင်ချေရှိသည်ဟု တွေးမိလိုက်၏။

စက္ကန့်ပိုင်းအတွင်း ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကာ သူသည် သံကြိုးကို လွှတ်ပေးလိုက်ပြီး အာရန်၏လက်သီး ရောက်မလာခင် နေရာရွေ့ပြောင်းခြင်း အစွမ်းကို အသုံးပြုလိုက်သည်။

ထိုနစ်ခရိုမန်ဆာသည် သံကြိုးအား လွှတ်လိုက်သည်နှင့် သူ၏ သံကြိုးအပေါ်ထိန်းချုပ်မှုမှာလည်း ပျောက်ကွယ်သွားခဲ့ရသည်။

အာရန်၏ လည်ပင်းပတ်လည်ရှိ သံကြိုးမှာလည်း အလိုလိုဖြေလျော့သွားခဲ့ပြီး ပြန်လည်လွတ်မြောက်စေခဲ့သည်။

“ဒီလက်ဆောင်အတွက် ကျုပ်က ခင်ဗျားကို ကျေးဇူးတင်သင့်သလား”

အာရန်သည် ထိုသံကြိုးကို ကိုင်ကြည့်လိုက်ပြီး ၎င်းအား ထိန်းချုပ်ရန်ကျိုးစားကြည့်လိုက်၏။

အရိပ်ကောင်စီဝင်ဖြစ်သည့် ထိုနစ်ခရိုမန်ဆာသည် အာရန်၏ အပြုအမူကြောင့် အတော်လေး အံကြိတ်မိလိုက်သည်။

ပထမ အဆိပ်စွမ်းအားများပါသည့် အရိပ်ဓား။

ယခု ဤထူးဆန်းသည့် ခွန်အား။

အာရန်သည် သူ၏ မျက်လုံးထဲတွင် တဖြည်းဖြည်းပို၍ စိတ်ရှုပ်စရာလူတစ်ယောင်အဖြစ် ရှုမြင်လာမိသည်။

အရိပ်ကောင်စီဝင် နစ်ခရိုမန်ဆာသည် အာရန်အား အကြောက်တရားဖြင့် ဖိနှိပ်ရန် ကနဦး စီစဥ်ထားခဲ့ခြင်းဖြစ်လေသည်။

သို့သော် ၎င်းသည် ထိုလူငယ်အး အနည်းငယ်မျှပင် သက်ရောက်မှုရှိပုံမရပေ။

“မင်းက ခွန်အားကြီးသူတစ်ယောက်ပဲ ငါဝန်ခံတယ်။ အနည်းဆုံးတော့ ငါ့လောက်နီးနီး သန်မာတယ်။ ဒါပေမယ့် မင်းသူငယ်ချင်းတွေကိုရော ဒီလိုသတ်မှတ်လို့ရနိုင်မလား။ င့ါအဖော်တွေက မင်းသူငယ်ချင်းတွေကို ကိုင်တွယ်ပြီးတဲ့အချိန် ငါ့ဆီကို ပြန်လာပူးပေါင်းကြရင် မင်းရဲ့ မျက်လုံးထဲက ဒီယုံကြည်မှုတွေကို ဆက်ပြီးထိန်းထားနိုင်ပါ့ဦးမလားလို့ ငါသိချင်သေးတယ်။”

“မင်းအဖော်တွေဆိုတာ ဒီလူတွေကို ပြောတာလား”

အာရန်သည် အပြစ်ကင်းဟန်ဖြင့် မေးလိုက်ပြီး အဝေးတစ်နေရာအား လက်ညှိုးထိုး၍ ညွှန်ပြလိုက်၏။

နစ်ခရိုမန်ဆာသည်လည်း အာရန် ညွှန်ပြရာဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့မျက်နှာအမူအရာများ ချက်ချင်းမဲမှောင်သွားခဲ့တော့သည်။

အဝေးတစ်နေရာတွင် အရိပ်ကောင်စီအဖွဲ့ဝင်တစ်ဦးသည် ကောင်းကင်ယံမှ သူအား အော်ခေါ်နေသည်ကို မြင်လိုက်ရသည်။

ထိုသူ၏ ရင်ဘတ်တွင် သေးငယ်သော ဒဏ်ရာတစ်ခုရှိနေခဲ့ပြီး သူ၏ နှလုံးသားအား တစ်စုံတစ်ခုက ဖျက်ဆီးထားသကဲ့သို့ ဖြစ်နေလေသည်။

ထို့ပြင် ထိုသို့ဖြစ်နေသည်မှာ ထိုအရိပ်ကောင်စီအဖွဲ့ဝင်တစ်ဦးတည်းမဟုတ်ပေ။

ကောင်းကင်မှ အခြားအရိပ်ကောင်စီဝင်များသည်လည်း အလားတူ ဒဏ်ရာကိုယ်စီဖြင့် အောက်သို့ စတင်၍ ပြုတ်ကျလာခဲ့ကြသည်။

“ဘာ...ဘယ်လိုဖြစ်သွားကြတာလဲ”

ထိုနစ်ခရိုမန်ဆာမှာ သူမြင်လိုက်ရသည့်အရာကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။

ညာလက်ရုံးအစောင့်အရှောက်ကိုယ်တိုင် ဤနေရာတွင် ရှိနေလျှင်ပင် အရိပ်ကောင်စီတစ်ခုလုံးကို ဤမျှလျင်မြန်စွာ ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။

၎င်းတို့သည် ခုခံရန် အခွင့်အရေးတစ်ခုတစ်လေပင် မရလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။

ဖီးနစ်ငှက်ပေါ်တွင် ထိုင်နေသူသည် မည်သူဖြစ်နေမည်နည်း။ အခြားအရှင်သခင်တစ်ဦးလား။

သို့သော် ထိုသို့ မဖြစ်နိုင်ပေ။

အကယ်၍ အခြားအရှင်သခင်တစ်ဦးသာဆိုလျှင် သူသည် အင်အားကွာခြားမှု၏ ပြင်းထန်သော အော်ရာအငွေ့အသက်အချို့ကို ခံစားမိနိုင်လိမ့်မည်ဖြစ်၏။

အရိပ်ကောင်စီအဖွဲ့ဝင်များမှာလည်း အသိဉာဏ်မဲ့သည့် မိုက်မဲသူများမဟုတ်ကြပေ။

အကယ်၍ အခြားအရှင်သခင်တစ်ဦးသာထိုနေရာတွင် ရှိနေခဲ့လျှင် ၎င်းတို့သည် ချက်ချင်း သိရှိနိုင်ကြပေလိမ့်မည်။

ထိုသို့ဆိုပါက ၎င်းတို့သည် ပိုမိုသတိထား၍ ကိုင်တွယ်ခဲ့ကြပေလိမ့်မည်။

ဖီးနစ်ငှက်ပေါ်ရှိလူများသည် ယခုသူရင်ဆိုင်နေသည့် လူငယ်ထက် များစွာ အားနည်းမည်ဖြစ်ကြောင်း သူ သေချာသိထားခဲ့သည်။

ထို့ကြောင့် အာရန်ကိုယ်တိုင်ပင် သူ့အား မသတ်နိုင်သေးရာ ၎င်းတို့က အဘယ်ကြောင့် သူ၏အဖော်များအား ထိုမျှလျင်မြန်စွာ သတ်ပစ်နိုင်ခဲ့ရသနည်း။

အာရန်မှ သူ့အား ကစားနေခြင်းမဟုတ်ခဲ့လျှင်ပေါ့။

ရုတ်တရက် သူသည် အတွေးလွန်နေရာမှ နိုးထမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ လည်ပင်းတစ်ဝိုက်တွင် တစ်စုံတစ်ခုက လာရောက် ပတ်ရစ်နေသည်ကို ခံစားမိလိုက်သောကြောင့်ပင်။

၎င်းမှာ အခြားမဟုတ်။ အစောပိုင်း သူပိုင်ဆိုင်ခဲ့သော သံကြိုးပင်ဖြစ်လေ၏။

သူသည် အာရန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ထပ်မံ၍ သူသည် နေရာရွေ့ပြောင်းရန် ကြိုးစားလိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ မအောင်မြင်ခဲ့ပေ။

အာရန်မှ ဘိုးဘေးနဂါးလျှာအစွမ်းဖြင့် တစ်စုံတစ်ရာကို တိုးတိုးလေး ရေရွတ်လိုက်သောကြောင့်ပင် ဖြစ်၏။

ထိုနစ်ခရိုမန်ဆာ၏ မျက်လုံးများသည် စတင်၍ တုန်ယင်လာခဲ့သည်။

သူ့ပတ်လည်ရှိ နေရာလွတ်တစ်ခုလုံးမှာ ချိတ်ပိတ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။

သူသည် နေရာရွေ့ပြောင်းခြင်းအစွမ်းကိုပင် အသုံးပြု၍ မရနိုင်တော့ပေ။

ထို့ကြောင့် သံကြိုးဖြင့် ဆောင့်ဆွဲခြင်းကို ခံလိုက်ရကာ သူသည် အာရန်ထံ သို့ တည့်တည့်မက်မက်ပင် ရောက်ရှိသွားတော့၏။

လက်သီးတစ်ချက်သည် သူ၏ မျက်ခွက်အား ထိမှန်သွားခဲ့ပြီး သူ၏ မြင်ကွင်းအားလုံး ရုတ်တရက် မှောင်ကျသွားခဲ့သည်။

....

ထရိုင်ယဒ်မိသားစု အိမ်တော်၏ ပတ်ပတ်လည်ရှိ အဆိပ်ငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ဖီးနစ်ငှက်သည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။

ဖီးနစ်ငှက်ပေါ်မှ မိန်းကလေးသုံးဦး ခုန်ဆင်းလာခဲ့သည်။

သို့သော် ဖီးနစ်ကျောပေါ်တွင်ရှိနေခဲ့ခြင်းသည် ၎င်းတို့ချည်းသာ မဟုတ်ပေ။

လူနှင့်သဏ္ဍာတူသော ပုံရိပ်ယောင်ကိုယ်ပွားတစ်ခုလည်း အတူတကွ ခုန်ဆင်းလိုက်သည်။

၎င်းသည် သွေးသက်သက်ဖြင့် ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းတွင် မျက်နှာ သို့မဟုတ် လူသားတစ်ဦးနှင့်ဆင်တူသည့် အခြား လက္ခဏာရပ်များ ရှိမနေပေ။

နောက်ထပ်ထူးခြားချက်တစ်ခုမှာ ၎င်းတွင် အာရန်နှင့်တူသော အော်ရာတစ်ခု ရှိနေခြင်းပင်။

၎င်းသည် အာရန်နှင့် ချိတ်ဆက်ထားပုံရပြီး အာရန်၏ကိုယ်ပိုင်သွေးဖြင့် ဖန်တီးယူထားသော သွေးကိုယ်ပွားတစ်ခုပင် ဖြစ်လေ၏။

၎င်းသွေးကိုယ်ပွား၏ လက်ထဲတွင် မာနာကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် သေနတ်တစ်လက်ရှိနေခဲ့သည်။

အာရန်၏ မာနာသည် သူ၏အဆင့်များ တိုးတက်လာသည်နှင့်အမျှ ပိုမိုအားကောင်းလာပြီး ဤတိုက်ကြီး၏ သဘာဝအတိုင်း ထူထပ်လာသော မာနာစွမ်းအင်များကြောင့်လည်း တိုက်ခိုက်မှုများမှာ ပိုမို၍ပင် အားကောင်းသွားခဲ့ခြင်းဖြစ်လေသည်။

ဇီယာနှင့် အခြားမိန်းကလေးများသည် သွေးကိုယ်ပွား၏ လက်ထဲရှိ ထူးဆန်းသော လက်နက်အား အကြိမ်ကြိမ် ငေးကြည့်နေမိခဲ့ကြသည်။

ဤကဲ့သို့သော ထူးဆန်းသောပစ္စည်းမျိုးကို ၎င်းတို့ ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

ဤလက်နက်၏ တိုက်ခိုက်မှုစွမ်းရည်သည် ၎င်းတို့ ယခင်က မြင်တွေ့ခဲ့ဖူးသမျှလက်နက်များထက် များစွာပိုမို၍ သက်ရောက်မှု အားကောင်းနေခဲ့လေသည်။

၎င်းတို့အနေဖြင့်ပင် ကြိုတင်ပြင်ဆင်ထားခြင်းမရှိလျှင် ဤတိုက်ခိုက်မှုများဆီမှ ကာကွယ်နိုင်ပါ့မလားဟု သံသယဝင်မိလိုက်ကြသည်။

အာရန်သည် ဤကဲ့သို့ အဖိုးတန်လက်နက်မျိုးကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။

အလားတူ ထပ်မံ၍ အံ့အားသင့်စရာကောင်းသည်မှာ သွေးကိုယ်ပွားကိုယ်တိုင်ပင် ဖြစ်လေသည်။

၎င်းတို့သည် ဤကဲ့သို့ သွေးနတ်ဆိုးများကို ယခင်က မြင်ဖူးခဲ့ပြီးဖြစ်သည်။

အာရန်သည် သန့်စင်ဧကရာဇ်၏ ညီတော် ယူရီယယ်အား အလုပ်ရှုပ်စေရန် ၎င်းတို့အား ယခင်က တစ်ကြိမ် ခေါ်ထုတ်ခဲ့ဖူးလေသည်။

သို့သော်လည်း အာရန်အနေဖြင့် ဤသွေးနတ်ဆိုးများကို မည်သို့ဖန်တီးနိုင်သည်ကိုမူ ၎င်းတို့ နားမလည်နိုင်ခဲ့ကြပေ။

သူမတို့အနေဖြင့် အာရန်အကြောင်း ပိုမိုသိရှိလာလေလေ သူ့အား ပိုမိုနားမလည်နိုင်လေလေဖြစ်လာကြောင်း သဘောပေါက်လာခဲ့ကြ၏။

“သူ သေပြီလား”

ဇီယာက အာရန်၏ လက်မောင်းတစ်ဖက်ပေါ်တွင် ထမ်းထားသည့် လူအား မြင်လိုက်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။

#Catfoot

All Chapters