← Chapters

ငါ ကိုယ်တိုင်ပဲ လုပ်ရတာပေ့ါ

Vol. 37 Ch. 530

ငါ ကိုယ်တိုင်ပဲ လုပ်ရတာပေ့ါ

Vol. 37 Ch. 530

…

အာရန်သည် ဖီးနစ်ငှက်ပေါ်မှ ခုန်ချလိုက်ပြီးနောက် သူ၏အရိပ်ဓားကို ဆင့်ခေါ်လိုက်သည်။

ထိုဓားကို အသုံးပြု၍ အာရန်သည် သူ၏ဖီးနစ်ငှက်ဆီသို့ ချိန်ရွယ်လာသော တိုက်ခိုက်မှုများကို ကြားဖြတ် ဖြတ်တောက်လိုက်ရင်း တိုက်ခိုက်မှုမှ သူမအား ကာကွယ်ပေးလိုက်လေ၏။

အာရန်၏ အရိပ်ဓားသည် အစောပိုင်းပစ်လွှတ်လိုက်သောဓားကို နှစ်ပိုင်းဖြတ်တောက်လိုက်နိုင်သော်လည်း သူသည် ထိုမျှဖြင့် မရပ်တန့်ခဲ့ပေ။

အဆိပ်စွမ်းအင် အဆီအနှစ်များအား အရိပ်ဓား၏ ပတ်လည်တွင် စုဝေးစေလိုက်သည်။

၎င်းသည် သူ၏အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသော ဖျက်ဆီးအားပြင်းထန်သည့် ဓားစွမ်းအင်များနှင့်မူ မနှိုင်းယှဉ်နိုင်သေးသော်လည်း သူယခင်က အသုံးပြုခဲ့ဖူးသော အဆိပ်လည်ဆွဲ၏ စွမ်းအားထက်မူ များစွာ သာလွန်လေ၏။

အာရန်သည် သူ၏ ဓားကို လျှပ်တစ်ပြတ်ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ ပတ်လည်ရှိ ဟင်းလင်းပြင်ဥပဒေသများကိုပင် အနည်းငယ်တုန်ယင်သွားစေခဲ့သည်။

ထိုဓားစွမ်းအင်များအား ထရိုင်ယဒ်မိသားစု အိမ်တော်ခေါင်မိုးရှိ အနက်ရောင်ပုံရိပ်တစ်ခုဆီသို့ ပြန်လည်ပစ်လွှတ်လိုက်သည်။

အဆိပ်စွမ်းအင် အဆီအနှစ်များသည် လေထဲတွင် ပျံ့နှံ့သွားခဲ့ပြီး ထိုဓားချက်၏ ဦးတည်ရာလမ်းကြောင်းတစ်လျှောက်တွင် အစိမ်းရောင်အခိုးအငွေ့ လမ်းကြောင်းတစ်ခုကိုပင် ချန်ရစ်ခဲ့စေ၏။

သန်းခေါင်ယံကဲ့သို့ နက်မှောင်သော ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသော ထိုပုဂ္ဂိုလ်၏ မျက်နှာတွင် စိတ်ဝင်စားမှု အရိပ်အယောင် ပေါ်လာခဲ့၏။

အစပိုင်းတွင် ဤမြောက်ပိုင်းတိုက်ကြီးတွင် ဖီးနစ်ငှက်ကဲ့သို့ သားရဲမျိုး ပေါ်လာခြင်းအား အံ့အားသင့်စရာဟုသာ သူ ထင်မိခဲ့သည်။

သို့သော် ယခုကဲ့သို့ ပို၍ အံ့အားသင့်စရာကောင်းသောအရာများ ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူသည် ထိုတိုက်ခိုက်မှုကို တန်ပြန်ရန် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

ထိုအခါ သူ၏ရှေ့တွင် အကာအကွယ်လွှာတစ်ခု ပေါ်လာခဲ့သော်လည်း အရိပ်ဓားချက်ရှိ အဆိပ်စွမ်းအားများသည် ထိုအကာအကွယ်အလွှာအား မရပ်မနားပင် ထိုးဖောက်တိုက်ခိုက်လာခဲ့၏။

၎င်းသည် အကာအကွယ်နှင့် ထိတိုက်မိရာမှ ပြင်းထန်သော စွမ်းအင်ပေါက်ကွဲမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့ကာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား လင်းထိန်သွားစေခဲ့လေသည်။

အစပိုင်းတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုလူသည် အာရန်အား သိပ်ဂရုမစိုက်ခဲ့ပေ။

တိုက်ခိုက်မှုသည် ပြင်းထန်သည်ဟုထင်ရသော်လည်း သူ့အနေနှင့် အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

မည်သို့ဆိုစေကာမူ ထိုလူငယ်သည် မျှော်စင်သခင်ကဲ့သို့ အင်အားကြီးမား နိုင်မည်မဟုတ်ပေ။

ထို့အပြင် သူသည်လည်း ငရဲတံခါးပွင့်လာခြင်းနှင့်အတူ ပိုမို၍ ခွန်အားကြီးမားလာခဲ့ပြီ မဟုတ်ပါလား..။

မြောက်ပိုင်းတိုက်ကြီးတွင် သူ့အား တန်ပြန်တိုက်ခိုက်နိုင်မည့်သူမှာ အနည်းငယ်မျှသာ ရှိလေသည်။

ထို့ကြောင့် ဤလူငယ်သည် မည်သည့်နေရာမှ ရောက်လာခြင်းဖြစ်မည်နည်း။

သူ၏အကာအကွယ်လွှာသည် အာရန်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ကာ သူ၏ခန္ဓာကိုယ်သည်ပင် အဆိပ်စွမ်းအင်များ အနည်းငယ်သက်ရောက်မှုခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

စက္ကန့်ပိုင်းအတွင်း သူ၏အကာအကွယ်ကို ဖျက်ဆီး၍ သူ့ထံသို့ တည့်မက်စွာ ရောက်ရှိလာသော တိုက်ခိုက်မှုအား လျှင်မြန်စွာဖြင့် တုံ့ပြန်လိုက်ရကာ သူ၏ ခန္ဓာကိုယ်အား အဝေးသို့ချက်ခြင်း နေရာရွှေ့ပြောင်းလိုက်ရသည်။

ထိုထိခိုက်မှု၏ စွမ်းအားသက်ရောက်မှုကြောင့် လေထဲတွင် တုန်ခါမှုများ ရိုက်ခတ်သွားခဲ့ကာ အိမ်တော်တစ်ခုလုံးလည်း ပြိုကျပျက်စီးသွားခဲ့၏။

ထရိုင်ယဒ်မိသားစုဝင်များသည် ပြိုကျနေသော အိမ်တော်အောက်တွင် ထွက်ပြေးရန်ပင် အချိန်မရလိုက်ပဲ အတော်များများ ပိတ်မိကာ သေဆုံးသွားခဲ့ကြသည်။

ထရိုင်ယဒ်မိသားစုဝင်များထဲရှိ ထိုအဆောက်အဦးပြိုကျမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်လောက်အောင် အင်အားကြီးသူများပင် အပျက်အစီးများအတွင်းရှိ ပြန့်နှံ့သွားသော အဆိပ်စွမ်းအင်များကိုမူ မခုခံနိုင်ခဲ့ကြပေ။

ထရိုင်ယဒ်မိသားစုခေါင်းဆောင်သည် သူ၏ မိသားစုအိမ်တော်ဖျက်ဆီးခံနေရစဉ် မြေအောက်ခံတပ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

သူသည် ထိုတိုက်ခိုက်မှုမှ လွတ်မြောက်သွားခဲ့ပြီဟု ထင်မှတ်ခဲ့သော်လည်း သက်ပြင်းမချနိုင်မီမှာပင် အဆိပ်စွမ်းအင်သက်ရောက်မှုကြောင့် သူသည် အသက်ရှူကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဤတိုက်ခိုက်မှု၏ စွမ်းအားသက်ရောက်မှုများအားမြင်တွေ့လိုက်ရသောအခါ အာရန်ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

သူသည် ယခင်က ထိုသို့တိုက်ခိုက်ရန် ကြိုးစားခဲ့ဖူးသော်လည်း တိုက်ခိုက်မှုသည် ဤမျှအထိ ဖျက်ဆီးနိုင်စွမ်းအား မကြီးမားသေးပေ။

သူ၏ ဓားသည် ပိုမိုထက်မြက်လာသောကြောင့်လား။

သို့မဟုတ် ထာဝရပဲ့တင်သံအစွမ်း၏ သက်ရောက်မှုကြောင့်လား.... သူကိုယ်တိုင်ပင် မသေချာပေ။

အာရန်သည် ဆက်လက်လှုပ်ရှားနေမှုအား ရပ်တန့်လိုက်ပြီး အောက်ဘက်ရှိ အဆိပ်စွမ်းအင်များဖြင့်ဖြစ်တည်လာသော မီးခိုးငွေ့တန်းကြီးကို ငုံ့ကြည့်နေမိ၏။

သူ၏ဖီးနစ်ငှက်သည် ကောင်းကင်ယံတွင် ပျံဝဲလျက်ရှိနေပြီး ထိုအဆိပ်စွမ်းအင်အား သူမကိုယ်တိုင်ပင် ကြောက်ရွံ့သကဲ့သို့ ပို၍ပင် မြင့်မြင့်တွင် ပျံသန်းနေခဲ့သည်။

ဖီးနစ်ငှက်သည် ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို မီးရှို့ဖျက်ဆီးနိုင်သော မီးစွမ်းအင် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ဒဏ္ဍာရီလာသားရဲတစ်မျိုး ဖြစ်လေသည်။

ထိုသို့ဖြစ်သော်လည်း ဖီးနစ်ငှက်သည် ထိုအာရန်၏ ဓားဧကရာဇ်ဓားမှ ထွက်လာသော အဆိပ်စွမ်းအင်ကိုမူ မွေးရာပါရန်သူကဲ့သို့ ကြောက်ရွံ့နေသည်ဟု အာရန်တစ်ယောက် ခံစားမိလိုက်၏။

“ငါ... ဂိတ်တံခါးပေါက်ပုံစံကွက်တွေကို ဖျက်ဆီးမိလိုက်ပြီလား”

နေရာတိုင်းတွင် အစိမ်းရောင်အခိုးအငွေ့များပျံ့နှံ့လျက်ရှိသည်ကို ကြည့်ရင်း အာရန်တစ်ယောက် ဘာဆက်လုပ်ရမှန်းကိုပင် မသိဖြစ်သွားခဲ့ရသည်။

အာရန်တစ်‌ယောက် အစောပိုင်း တိုက်ခိုက်လိုက်စဉ်က အနည်းငယ် လက်လွန်သွားခဲ့ဟန်ရကာ သူသည် ထိုတိုက်ခိုက်မှုအား ထိုမျှအထိ ဖျက်ဆီးနိုင်စွမ်း ကြီးမားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားမိခဲ့ပေ။

“မဖျက်ဆီးမိဖို့ မျှော်လင့်ပါတယ်”

အာရန်သည် အပျက်အစီးပုံများပေါ်သို့ ဆင်းသက်လိုက်သည်။

သူ၏ နဂါးလျှာအစွမ်းကို အသုံးပြု၍ ဂိတ်တံခါးပေါက်ပုံစံကွက်တည်ရှိရာ နေရာအား ရှာဖွေရန် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းလိုက်၏။

“အင်း ဟိုပုဂ္ဂိုလ်တွေရဲ့ အလောင်းတွေက အဆိပ်မိပြီး အရည်ပျော်သွားတာများလား။ အဲဒီလိုတော့ ဖြစ်မယ်မထင်ပါဘူး”

အဆိပ်ငွေ့များကို ဖယ်ရှားနေစဉ်အတွင်း မတော်တဆမှုကြောင့် သေဆုံးသွားခဲ့သော ထရိုင်ယဒ်မိသားစုဝင်များ၏ အလောင်းများကို မြင်တွေ့နိုင်သော်လည်း သူ့အား ဦးစွာတိုက်ခိုက်ရန်ကျိုးစားခဲ့သော အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုဂ္ဂိုလ်များ၏ အလောင်းများကိုမူ အာရန်တစ်ယောက် မမြင်တွေ့ခဲ့ရပေ။

“သူတို့ ထွက်ပြေးသွားတာများလား”

နစ်ခရိုမန်ဆာမျှော်စင်ထဲသို့ ဝင်ရောက်ရန်မှာ သူ၏ ဦးစားပေးကိစ္စဖြစ်သော်လည်း ထိုလူများကို အသက်ရှင်လျက်လွှတ်ပေးလိုက်၍ အရပေ။

ထိုသူတို့သည် နစ်ခရိုမန်ဆာမျှော်စင်မှ လူများဖြစ်မည်ဟု သူ သေချာသိနေခဲ့၏။ သူတို့သည် မျှော်စင်သခင်ကဲ့သို့ အင်အားမကြီးသော်လည်း ငရဲတံခါးပွင့်လာခြင်း၏ အကျိုးသက်ရောက်မှုအောက်တွင် အနည်းဆုံး အစောင့်အရှောက်တစ်ဦးကဲ့သို့ အင်အားကြီးမားနိုင်သည်ဟု ယူဆနိုင်လေသည်။

ထို့နောက် အာရန်သည် တစ်စုံတစ်ခုကို တွေးမိလိုက်သဖြင့် ရုတ်တရက် ကောင်းကင်ယံရှိ ဖီးနစ်ငှက်ရှိရာဆီသို့ ပြေးထွက်သွားလိုက်သည်။

“ဒါဟာ အတော်လေးအဖျက်စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုပဲ။ မင်းက ငါ့ကို စိတ်ဝင်စားလာအောင် တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့တာပဲ”

အာရန်သည် ထရိုင်ယဒ်မိသားစုနယ်မြေအား ပိုမိုကောင်းမွန်စွာ မြင်တွေ့နိုင်ရန် ကောင်းကင်ယံတွင် ပိုမိုမြင့်မားစွာ ပျံသန်းနေစဉ် အေးစက်စက် ရယ်မောသံတစ်ခုနှင့်အတူ အသံတစ်သံအား သူ၏နားထဲတွင် ကြားလိုက်ရသည်။

ထို့နောက် သံကြိုးတစ်ချောင်းသည် ရုတ်တရက် အာရန်၏ လည်ပင်းကို ရစ်ပတ်လာခဲ့ကာ သူ့အား နောက်ပြန် ဆွဲချလိုက်၏။

သံကြိုး၏ အခြားတစ်ဖက်တွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသူတစ်ဦး ပေါ်လာခဲ့ပြီး ထိုသံကြိုးမှတစ်ဆင့် အာရန်၏ အသက်ဓာတ်စွမ်းအင်များအား စုပ်ယူနေခဲ့သည်။

“မင်း အဲဒီငှက်လေးပေါ်က မင်းသူငယ်ချင်းအတွက် စိုးရိမ်နေတာမလား။ ကံမကောင်းစွာပဲ တခြားသူတွေက သူတို့ကို ဂရုစိုက်ဖို့ ထွက်ခွာသွားနှင့်ပြီ”

“မင်း သူတို့ဆီ ရောက်သွားနိုင်ရင်တောင် မင်း တွေ့ရမှာက သူတို့ရဲ့ အလောင်းတွေပဲ။ ဒါကြောင့် ငါ့ဆီပဲ အာရုံစိုက်စမ်းပါ။ ဒီလို အရသာရှိတဲ့ အသက်ဓာတ်စွမ်းအင် ပေါပေါများများနဲ့ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ကစားစရာမျိုးကို ငါမတွေ့ရတာ အတော်ကြာပြီ”

အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ထိုလူသည် ရုတ်တရက် သူ၏မျက်နှာကို ဖော်ထုတ်ပြသလိုက်ရာ ၎င်းက ခြောက်သွေ့နေသော အရိုးစုတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

“ကျုပ်မှာတော့ ခင်ဗျားနဲ့ ကစားဖို့ အချိန်မရှိဘူး”

အာရန်သည် သူ၏ဓားကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ကာ သူ၏လည်ပင်းအား ရစ်ပတ်ထားသော သံကြိုးများကို ခုတ်ချရန်ကျိုးစားလိုက်၏။

“ဟမ်...”

သူ၏ အရိပ်ဓားသည် ထိုသံကြိုးအား ထိမှန်သွားခဲ့သော်လည်း မယုံကြည်နိုင်စွာပင် ထိုသံကြိုအား ဖြတ်တောက်၍ မရနိုင်ခဲ့ပေ။

“ဒီသံကြိုးက ငရဲတံခါး နောက်ဆုံးပွင့်ခါနီးတုန်းက အဲ့ကနေ ယူဆောင်လာတဲ့ ထူးခြားပစ္စည်းတစ်မျိုးပဲ။ သာမန်ပုံရိပ်ယောင်ဓားတစ်ချောင်းနဲ့ ဒီသံကြိုးတွေကို ချိုးဖျက်နိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”

ထိုအနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောလူက ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

အာရန်၏ အရိပ်ဓားပတ်လည်ရှိ အဆိပ်စွမ်းအင်သည် မည်သည့်အရာဖြစ်သည်ကို သူ သေခြာ မသိသော်လည်း အဆင့်မြင့်ရှေးဟောင်းပစ္စည်းများနှင့် ယှဥ်ပါက ၎င်းသည် မည်သည့် သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဤသံကြိုးတွင် ဤကမ္ဘာရှိ အသက်ဓာတ်စွမ်းအင်များ တည်ရှိမနေသောကြောင့် မည်သည့်အဆိပ်စွမ်းအင်မျှ သက်ရောက်နိုင်မည်မဟုတ်ချေ။

အာရန်ပင် ထိုအရာကြောင့် အတော်လေး စိတ်ပျက်သွားခဲ့ရသည်။

လက်စားချေခြင်းဓားသည် ကောင်းကင်ဘုံကိုပင် ဖြတ်တောက်နိုင်သော ဓားတစ်ချောင်း ဖြစ်လေသည်။

သို့သော် သူသည် ယခုအချိန်တွင် ထိုဓား၏ ပုံရိပ်ယောင်အရိပ်တစ်ခုကိုသာ ဆင့်ခေါ်နိုင်ခဲ့သောကြောင့် ထိုမျှသာ သက်ရောက်နိုင်ခဲ့ဟန်တူ၏။

သို့တိုင် သူ့အနေနှင့် ထိုဓားတစ်ခုတည်းကိုသာ အားကိုးရန် လိုအပ်နေသည်တော့ မဟုတ်ပေ။

မည်သို့ဆိုစေကာမူ ယခုအာရန်သည် ယခင်က အာရန်မဟုတ်တော့ပေ။

အရှင်သခင်တစ်ဦးသည် တိုက်ခိုက်ရန်အတွက် လက်နက်တစ်ခုအား မည်သည့်အချိန်ကများ လိုအပ်ခဲ့ဘူးသနည်း။

“ကောင်းပြီလေ။ ငါ ကိုယ်တိုင်ပဲ လုပ်ရတာပေ့ါ”

#Catfoot

All Chapters