← Chapters

အစစ်အမှန်ပိုင်ရှင်

Vol. 37 Ch. 529

အစစ်အမှန်ပိုင်ရှင်

Vol. 37 Ch. 529

…

ဝိညာဥ်လမ်းလျှောက်သူသည် သူမနောက်မှ လိုက်ပါ၍ အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ သန့်စင်ဘုရားကျောင်း၏ လျှို့ဝှက်ခန်းအား မြင်တွေ့လိုက်ရ၏။ အာရန်နောက်ပိုင်းတွင် ဤအခန်းအတွင်းသို့ အသက်ရှင်လျက်ဝင်ရောက်နိုင်ခဲ့သူမှာ သူတို့နှစ်ဦးရှိသေးသည်။

“ဒါ ဘယ်နေရာလဲ” ဝိညာဥ်လမ်းလျှောက်သူသည် အခန်းပတ်လည်ကို လျှောက်ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။

“ဒီနေရာမှာ ဟင်းလင်းပြင်ဥပဒေသတွေတောင် ဖောက်ပြန်ထားတဲ့ အမှတ်အသားအချို့ ရှိနေတယ်။ အခုထိတောင် အပြည့်အဝ ပြန်မကောင်းလာသေးဘူး”

ဝိညာဥ်လမ်းလျှောက်သူ၏ သွေးမျိုးဆက်သည် ဟင်းလင်းပြင်ခြယ်လှယ်မှုနှင့် သက်ဆိုင်သောကြောင့် ဤနေရာရှိ ဟင်းလင်းပြင်ဥပဒေသများ ပုံစံပျက်ယွင်းနေမှုအား တစ်ချက်ကြည့်ရုံဖြင့် ခံစားသိနိုင်ခဲ့သည်။

သူ မြင်တွေ့ခဲ့ဖူးသော ဟင်းလင်းပြင်ဥပဒေသများကို စိုးမှိုးချယ်လှယ်နိုင်သည့် အခြားတစ်ဦးမှာ အာရန်ပင်ဖြစ်လေ၏။

၎င်းက သူတို့၏ ပထမဆုံးတိုက်ပွဲအတွင်း အာရန်၏ ရူးသွပ်ဖွယ် အသွင်ပြောင်းသွားခဲ့စဥ်ကဖြစ်သည်။

သူကိုယ်တိုင် သေဆုံးသွားခဲ့ရသည့် တိုက်ပွဲလည်းဖြစ်လေသည်။

အစပိုင်းတွင် ဤအရာကိုလုပ်ဆောင်ခဲ့သူမှာ အာရန်ပင်ဖြစ်နေမလားဟု တွေးတောမိခဲ့သည်။

သို့သော်လည်း မကြာမီမှာပင် ဤအတွေးကို သူကိုယ်တိုင်ပင် ပြန်လည် ပယ်ချလိုက်ရသည်။

အာရန်သည် အင်အားကြီးမားသည်မှာ မှန်သော်လည်း ဤကိစ္စသည် အရှင်သခင်တစ်ဦးနှင့် တိုက်ရိုက်ပတ်သတ်နေခြင်း ဖြစ်လေ၏။

အာရန်သည် မည်မျှအင်အားကြီးမားသည်ဆိုစေကာမူ အရှင်သခင်တစ်ဦးနှင့် တိုက်ခိုက်နိုင်သည့်အဆင့်ထိ မရောက်နိုင်သေးပေ။

“ပုံစံပျက်ယွင်းသွားတာက ဟင်းလင်းပြင်ဥပဒေသတစ်ခုတည်း မဟုတ်ဘူး...” မိန်းကလေးသည် ကျိုးကြေပျက်စီးသွားသော နတ်ဘုရားမ၏ ရုပ်တုဆီသို့ ပိုမိုနီးကပ်စွာ လျှောက်သွားခဲ့ပြီး ထူးခြားသော အစိတ်အပိုင်းတစ်ခုဆီသို့ သူမအကြည့်ကိုပို့လွှတ်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

၎င်းက အခြားအချိန်တစ်ခုမှရောက်ရှိလာခဲ့သော အာရန်၏ လက်ဖြင့်ထိတွေ့ကာ ဖျက်ဆီးပစ်ခဲ့သော နေရာအတိအကျပင် ဖြစ်လေသည်။

“ဒီနေရာမှာ အချိန်စီးဆင်းမှုတွေကတောင် ပုံမှန်ဟုတ်မနေဘူး” ဟု သူမက ထပ်မံဖြည့်စွက်ပြောဆိုလိုက်ရင်း သူမ၏ အတွေးများသည် ရှုပ်ထွေးနေခဲ့သည်။

“ဒါက...”

သူမသည် သူမ၏ ဝါကျကို အဆုံးမသတ်နိုက်ဘဲ ဆက်လက် တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူမသည် ထရပ်ကာ ဝိညာဥ်လမ်းလျှောက်သူကိုပင် အံ့အားသင့်စေသော စကားလုံးတစ်လုံးကို ပြောလိုက်သည်။

“သန့်စင်ပရောဟိတ်မ သူမ...သူမ တကယ် သေသွားပြီ” ဟု ပြောလိုက်ခြင်းဖြစ်သည်။

“ပြီးတော့ သူမကို သတ်ခဲ့တဲ့သူက သူမထက်တောင် ပိုပြီးဆိုးရွားနိုင်တယ်”

သန့်စင်ပရောဟိတ်မ သေဆုံးသွားခဲ့သည်တဲ့လား။

သူမသည် သန့်စင်ဧကရာဇ်အား သူမ၏နေရာတွင်ဆက်ခံမည့် အရှင်သခင်အဖြစ် ကြေညာပြီးသည့်အချိန်မှာပင်လား။

မိန်းကလေးသည် မည်သို့ ယုံကြည်ရမည်ကိုပင် မတွေးတတ်တော့ပေ။

မည်သို့ဆိုစေကာမူ သူမသည် ထိုသို့မကြေညာခင် အချိန်တစ်ခုကတည်းကပင် သတ်ဖြတ်ခံခဲ့ရဟန်တူ၏။

၎င်းက ပရောဟိတ်မ၏ရာထူးကို ရယူခဲ့သူသည် ဤစစ်ပွဲကြေညာလိုက်ခြင်း၏ နောက်ကွယ်မှ ကြိုးကိုင်နေသူသာ ဖြစ်ရမည်ဟု ဆိုလိုရာရောက်လေသည်။

အစစ်အမှန်ပရောဟိတ်မသည် သန့်စင်ပရောဟိတ်မ၏ သေဆုံးသွားခြင်းနှင့်အတူ သူမ တည်ရှိနေရခြင်း၏ ရည်ရွယ်ချက်သည်ပင် ပျောက်ဆုံးသွားခဲ့ဟန်ရလေ၏။

သို့သော်လည်း စိတ်ပျက်သွားရမည့်အစား သူမသည် ထိုနေရာမှာပင် ဟက်ဟက်ပက်ပက်ပင် အော်ဟစ် ရယ်မောမိလိုက်သည်။

သူမသည် ရုပ်တု၏ အကြွင်းအကျန်များရှေ့ ရပ်တန့်ကာ သူမ၏အကြည့်သည် ပိုမို၍ပင် အေးစက်လာခဲ့သည်။

နောက်ဆုံးတွင် မည်သူမျှ သူမအား တားဆီးနိုင်တော့မည် မဟုတ်ချေ။

သူမသည် အစကတည်းက သူမနှင့်သာ သက်ဆိုင်သော အရာအားလုံးကို ပြန်လည် ရယူတော့မည်ဖြစ်‌လေသည်။

သန့်စင်ပရောဟိတ်မ သို့မဟုတ် နတ်ဘုရားမကိုယ်တိုင်သည်ပင် သူမအား တားဆီးရန် ဤနေရာတွင် ရှိမနေနိုင်တော့ပေ။

သူမသည် သိုလှောင်လက်စွပ်အတွင်းမှ ရောင်စုံသလင်းကျောက် ခုနစ်ခုကို ထုတ်ယူလိုက်ပြီး နတ်ဘုရားမ၏ ကျိုးပဲ့သွားသော ရုပ်တုအစအနများပတ်လည်တွင် နေရာချထားလိုက်သည်။

ဝိညာဥ်လမ်းလျှောက်သူသည် သူမ မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသည်အား မသိနိုင်ခဲ့ပေ။

ထိုသလင်းကျောက်များအတွင်းတွင် ပြင်းထန်သော ဟင်းလင်းပြင်စွမ်းအားများ ပါရှိနေသည်ကို သူ ခံစားမိလိုက်သည်။

၎င်းက သူ့အဆင့်နှင့်ပင် နားမလည်နိုင်သော အခြား မသိသေးသည့် စွမ်းအားတစ်မျိုးနှင့် ရောနှောနေဟန်ရလေ၏။

“မင်း ဘာလုပ်မလို့လဲ” ဟု ဝိညာဥ်လမ်းလျှောက်သူသည် မိန်းကလေးအား မေးရင်း သူမဆီသို့ ချဉ်းကပ်သွားရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူမနှင့် ငါးမီတာခန့်အကွာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မမြင်ရသော နံရံတစ်ခုက သူ့အားတားထားသည်ဟု ခံစားမိလိုက်သည်။

“ကျွန်မကို မနှောင့်ယှက်ပါနဲ့” ဟု မိန်းကလေးက ဝိညာဥ်လမ်းလျှောက်သူအား ပြန်လည်ပြောရင်း ခုနစ်ခုမြောက်နှင့် နောက်ဆုံးသလင်းကျောက်တစ်ခုကို သတ်မှတ် နေရာတွင် ချထားလိုက်သည်။

မိန်းကလေးသည် သူမ၏ အစီအရင်ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် သူမ၏ လက်ကိုပြန်ကိုက်ကာ သွေးအနည်းငယ် ဖောက်ထုတ်၍ သလင်းကျောက်တစ်ခုစီပေါ်တွင် အမှတ်အသားတစ်ခုစီ ပြုလုပ်လိုက်၏။

ဝိညာဥ်လမ်းလျှောက်သူသည် မိန်းကလေး မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသည်အား မသိနိုင်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်မသက်မသာဖြစ်မှုတစ်ခုကိုမူ ခံစားမိလိုက်သည်။

၎င်းသည် ကောင်းမွန်သောအရာတစ်ခု ဖြစ်မည်ဆိုလျှင်ပင် သူပင်သိရှိနိုင်ခြင်း မရှိသောကြောင့် ထိုအရာကို ဖြစ်ပျက်သွားစေလိုခြင်း ရှိမနေခဲ့ပေ။

ထို့နောက် ဝိညာဥ်လမ်းလျှောက်သူသည် မိန်းကလေး၏ အကာအကွယ်လွှာကို ဖြတ်ကျော်ရန် သူ၏ဟင်းလင်းပြင်စွမ်းရည်အချို့ကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း တစ်ဖန် မအောင်မြင်ခဲ့ပေ။

မိန်းကလေး၏ အကာအကွယ်လွှာသည် နတ်ဘုရားမ၏ ကောင်းချီးနယ်မြေ နှင့် ဆင်တူဟန်ရလေသည်။

“အတုအယောင်နတ်ဘုရားမ ထွက်ခွာသွားခြင်းနှင့်အတူ ထိုကျိန်စာသင့်သူမှ နှင်ထုတ်ခဲ့သော... ဤကမ္ဘာ၏ တရားဝင်ပိုင်ရှင်ဖြစ်သူ စစ်မှန်သောနတ်ဘုရားမသည် ဤကမ္ဘာသို့ တစ်ဖန် ပြန်လည် ဆင်းသက်လာ လတ္တံ့..”

မိန်းကလေးမှ ထိုသို့ရည်ရွတ်လိုက်သည်နှင့် နတ်ဘုရားမ၏ ရုပ်တုအပိုင်းအစများသည် လေထဲသို့ မြောက်တက်သွားခဲ့ကြကာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့ကြသည်။

သို့သော်လည်း ရုပ်တုအသစ်တစ်ခု တစ်ဖန်ပေါ်ပေါက်လာရမည့်အစား ထိုနေရာတွင် ထူးဆန်းသည့် တံခါးတစ်ချပ် ပေါ်လာခဲ့လေသည်...။

....

“ကျိန်စာသင့်တာ... ဒီတိုက်ကြီးက တကယ်ကို ကျိန်စာသင့်နေတာပဲ” ဟု အာရန်သည် ရေရွတ်ညီးတွားလိုက်သည်။

နေရာတိုင်းတွင် သေခြင်း၏ ပြင်းထန်သောအငွေ့အသက်များ ပြန့်နှံ့လျက်ရှိသဖြင့် ဤကဲ့သို့ မြောက်ပိုင်းတိုက်ကြီးတွင် လူများ မည်ကဲ့သို့နေထိုင်နိုင်ကြသည်ကို သူ တွေးတောနေမိ၏။

နစ်ခရိုမန်ဆာများ၏ ပညာရပ်များအတွက် သင့်လျော်သော မျိုးဆက်သစ်များ ဤနေရာတွင် ရှိနေကြမည်မှာ မှန်သော်လည်း သူ၏ ပတ်ပတ်လည်ရှိ လေးလံသော သေခြင်း စွမ်းအင်များကြောင့် သူသည် အတော်လေး စိတ်မသက်မသာ ဖြစ်နေခဲ့ရလေသည်။

အထူးသဖြင့် ထိုသေခြင်းစွမ်းအင်များသည် ငရဲ၏ အငွေ့အသက်များဖြင့် ရောနှောနေသောကြောင့် သူ့အား ပို၍ပင် စိတ်မသက်မသာဖြစ်စေခဲ့၏။

“ကျေးဇူးပြုပြီး ကျွန်မ ကလေးကို ကယ်တင်ပေးပါ”

“မဟုတ်ဘူး ငါ့မိဘတွေကို မစားပါနဲ့။ တောင်းပန်ပါတယ်”

“ငါ့မှာရှိတာ အကုန်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့”

ဖီးနစ်ငှက်သည် ထရိုင်ယဒ်မိသားစုနယ်မြေရှိ ကောင်းကင်ယံကို ဖြတ်ကျော်၍ ပျံသန်းလာနေခဲ့သည်။

အာရန်သည် သူ၏ထက်မြက်သောအာရုံခံမှုများမှတစ်ဆင့် အကူအညီတောင်းခံသံများစွာကို စိတ်မသက်မသာဖြစ်ဖွယ် ကြားလိုက်ရလေသည်။

၎င်းအသံများသည် နေရာအနှံ့မှ လာနေခြင်းဖြစ်ကာ အထူးသဖြင့် သူဖြတ်သန်းသွားခဲ့သော မြို့များစွာမှ ဖြစ်လေသည်။

၎င်းသည် မြောက်ဘက်တိုက်ကြီးတွင်မူ ထူးခြားသော မြင်ကွင်းတစ်ခုတော့ မဟုတ်ပေ။

ဤတိုက်ကြီးတွင် ဤကဲ့သို့ မြင်ကွင်းများသည် ပုံမှန်ပင် ဖြစ်လေသည်။

တိုက်နှစ်တိုက်အကြား စစ်ပွဲသည် မကြာမှီစတင်တော့မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ၎င်းကို အနည်းငယ်မျှပင် ဂရုမစိုက်သော လူများစွာလည်း ဤနေရာတွင် ရှိနေကြဆဲပင်။

သူတို့သည် သူတို့၏ ဆိုးရွားသော သွေးဆာလောင်မှုများကို ဖြည့်ဆည်းရန်သာ ဆက်လက်၍ အာရုံစိုက်နေကြဟန်ရ၏။

ငရဲတံခါးပွင့်လာခြင်းနှင့်အတူ ဤလူများ၏ ဆာလောင်မှုများသည် လည်း ပိုမို၍ အားကောင်းလာပြီး သူတို့၏ အတွေးများနှင့် စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ပင် ပိုမို၍ ခက်ခဲလာကြဟန်တူသည်။

အာရန်သည် အကူအညီတောင်းခံသံများစွာကို ကြားခဲ့ရသော်လည်း သူတို့အားလုံးကို လျစ်လျူရှုရန်သာတတ်နိုင်ခဲ့သည်။

သူသည် ဤကမ္ဘာ၏ မှားယွင်းမှုများကို လျစ်လျူမရှုနိုင်သည့် ဤကမ္ဘာ၏ ကြီးမြတ်သော ကယ်တင်ရှင်တစ်ဦး မဟုတ်ပေ။

၎င်းသည် သူ့နေရာတွင် အခြားအဓိကဇာတ်လိုက်တစ်ယောက်သာဖြစ်ပါက လူစိမ်းများကို ကူညီရန် စိတ်ပြောင်းသွားကောင်းသွားနိုင်သော်လည်း သူ့အတွက်မူ အလွန်တိကျသော ရည်ရွယ်ချက်တစ်ခုအတွက် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။

အကယ်၍ သူသာ အခြားသူများကို ကူညီရမည်ဆိုပါက တစ်ညလုံး ဤနေရာတွင် ပင်သောင်တင်သွားနိုင်သည်။

ရှုယင်နှင့် ဇီယာတို့သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ အရှေ့ပိုင်းတိုက်ကြီးသည်လည်း ကောင်းကင်ဘုံကဲ့သို့သော နေရာတစ်ခုတော့ မဟုတ်ပေ။

သူတို့အားလုံးသည် သွေးထွက်သံယိုမြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် အခြားသူများ၏ အသက်သည် အချိန်အတော်ကြာကတည်းက သူတို့၏မျက်လုံးထဲတွင် သိသိသာသာ ကျဆင်းသွားခဲ့ပြီးဖြစ်သည်။

ဤသို့ဖြင့် ဖီးနစ်ငှက်သည် မကြာမီ ထရိုင်ယဒ်မိသားစု စံအိမ်အနီးသို့ ရောက်ရှိသွားခဲ့လေသည်။

ဖီးနစ်ငှက်သည် စံအိမ်အနီးသို့ ဆင်းသက်လိုက်ပြီး အာရန်သည် သူမ၏ကျောပေါ်မှ ခုန်ဆင်းရန် ပြင်ဆင်လိုက်သည်။

အခြားသူများကိုလည်း အသင့်ပြင်ဆင်ထားရန် သတိပေးလိုက်သည်။

သို့သော်လည်း သူ ခုန်ဆင်းတော့မည့်ဆဲဆဲတွင် ပြင်းထန်သော အနက်ရောင်စွမ်းအင်တစ်ခု သူတို့ရှိရာဆီသို့ ချဉ်းကပ်လာသည်ကို ခံစားမိလိုက်၏။

ထရိုင်ယဒ်စံအိမ်၏ ခေါင်မိုးပေါ်တွင် အနက်ရောင်ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်အချို့ ရပ်လျက်ရှိနေသောနေရာမှ ဖီးနစ်ငှက်ဘက်သို့ ဓားတစ်စင်း ပျံသန်းရောက်ရှိလာခဲ့သည်။

“ငါတို့ကို ကြိုဆိုဖို့ ဒီကိုတောင် လူတွေ စေလွှတ်ထားလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ သူတို့ ဒီမှာရောက်လာပြီဆိုမှတော့လည်း သူတို့ရဲ့ ဧည့်ဝတ်ပြုမှုတွေကို ငါတို့ ကောင်းကောင်းကြီး တုံ့ပြန်ရသေးတာပေ့ါ....”

အာရန်သည် သူ၏ဓားကို ဆင့်ခေါ်လိုက်ပြီး ဖီးနစ်ငှက်၏ ကိုယ်ပေါ်မှ ခုန်ဆင်းလိုက်သည်။

#Catfoot

All Chapters