လုံးဝပျောက်ကွယ်သွားခြင်း
Vol. 37 Ch. 528
...
အာရန်သည် ဤရှုပ်ထွေးမှုများတွင် ဖန်းယုကို ပါဝင်စေ၍ မဖြစ်ကြောင်း သိထားခဲ့သည်။
ထို့ကြောင့် သန့်စင်မြို့တော်ပေါ်ရှိ နတ်ဘုရားမ၏ အကာအကွယ်လွှာ ပျောက်ကွယ်သွားချိန်မှစ၍ အာရန်သည် ဤနေရာသို့လာရောက်ရန် အလျင်စလိုပင် ပြုမူလိုနေခဲ့ခြင်း ဖြစ်လေသည်။
အခြားအရှင်သခင်များ ပါဝင်ပတ်သက်လာရန်မှာလည်း အချိန်သိပ်မလိုတော့ကြောင်း သူသဘောပေါက်ထားသည်။
ထို့ကြောင့် ထိုသို့မဖြစ်လာမီ ဤကိစ္စအား သူ့အနေနှင့် အလျှင်အမြန် ဖြေရှင်းလိုနေခဲ့ခြင်း ဖြစ်၏။
အစစ်အမှန် သန့်စင်ပရောဟိတ်မသည် သေဆုံးသွားခဲ့ပြီးဖြစ်သောကြောင့် သူ၏ ကိုယ်ပွားသည် တစ်စုံတစ်ရာ တိုက်ခိုက်မိ၍မရပေ။
ယခုအချိန်တွင် အနောက်ပိုင်းတိုက်ကြီး၏ အင်အားစုများသည် ယခင်ကနှင့်ယှဥ်ပါက အားအနည်းဆုံး အခြေအနေတွင် ရှိနေခဲ့ပြီဖြစ်သောကြောင့် စစ်ပွဲကြီးတစ်ခု ဆင်နွှဲနိုင်သည့် အခြေအနေတွင် ရှိမနေချေ။
အထူးသဖြင့် သူ့အနေနှင့် ၎င်းဆီမှ အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိနိုင်သောကြောင့် လည်း ဖြစ်လေ၏။
သို့တိုင် အာရန်သည် အကြောင်းပြချက်တစ်ခုကြောင့် စစ်ပွဲကို စတင်ကြေညာခဲ့ရလေသည်။
အမှန်တကယ်မှာမူ ဤစစ်ပွဲတစ်ခုလုံးသည် အခြားလူများ၏ အာရုံထွေပြားသွားစေရန် လှည့်ကွက်တစ်ခု သက်သက်သာ ဖြစ်လေ၏။
၎င်းက အနောက်ပိုင်းတိုက်ကြီးအား စောင့်ကြည့်နေကြသော အခြားတိုက်ကြီးများအတွက် ယုန်ထင်ကြောင်ထင်ဖြစ်သွားစေရန် လှည့်ဖြားမှုတစ်ခု ပင်ဖြစ်သည်။
သူ့အား ထပ်မံ၍ စိုးရိမ်မိစေသူမှာ နိုးထလာခြင်းမရှိသေးသည့် နဂါးဘုရင်မပင် ဖြစ်လေ၏။
သူသည် သူမအတွက် စာတစ်စောင် ချန်ထားရစ်ခဲ့ပြီး ထိုနေရာမှ ထွက်ခွာခြင်းမပြုမီ သူမ၏အခန်းအား စောင့်ကြပ်နေစေရန်နှင့်သူမ၏ အခြေအနေများကို အချိန်နှင့်တပြေးညီအကြောင်းကြားနိုင်ရန် ဝိညာဉ်အချို့ကိုလည်း အစောင့်အဖြစ် ချန်ထားရစ်ခဲ့သေးသည်။
အာရန်သည် အခြေအနေအရပ်ရပ်ရှိ ဖြစ်နိုင်ခြေများအားလုံးကို ထည့်သွင်းစဉ်းစားပြီးပြီဟု ထင်မှတ်ထားခဲ့သည်။
သို့သော် အာရန်သည် သူ့အား တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ကြသော အခြားလူနှစ်ယောက်ကိုမူ လုံးဝနီးပါး မေ့လျော့နေခဲ့မိကြောင်း သတိမပြုမိခဲ့ပေ။
အနောက်ပိုင်းတိုက်ကြီး၏ ယခင်အဓိကဇာတ်လိုက်ဖြစ်သူ ပရောဟိတ်မသည် ဝိညာဥ်လမ်းလျှောက်သူနှင့်အတူ သဲကန္တာရတစ်နေရာတွင် ယခုအချိန်ထိ စောင့်ဆိုင်းနေခဲ့ကြဆဲဖြစ်လေ၏။
အာရန်မှ သူတို့အား မကြာမီ လာရောက်တွေ့ဆုံမည်ဟူသော သတင်းစကားကို ဝိညာဥ်လမ်းလျှောက်သူအနေနှင့် လက်ခံရရှိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
သို့သော်လည်း ထိုအချိန်မှစ၍ ရက်သတ္တပတ်များစွာ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ အာရန်နှင့်ပတ်သတ်သူ မည်သူမျှ သူတို့နှင့် လာတွေ့ဆုံခြင်းမရှိခဲ့ပေ။
ပထမဆုံးအကြိမ်အဖြစ် အာရန် သေဆုံးသွားပြီလားဟုပင် သူသည် တွေးတောမိလာလေသည်။
အာရန်အား စောင့်ဆိုင်းရင်းဖြင့် သဲကန္တာရအလယ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသောကြောင့် အနောက်ပိုင်းတိုက်တစ်ခွင်တွင် ဖြစ်ပျက်သွားခဲ့သော ကြီးမားသည့် ပြောင်းလဲမှုများအကြောင်းကိုလည်း သူ မသိရှိထားခဲ့ပေ။
“ဒီမှာ စောင့်နေရင်း ကျွန်မတို့ နှစ်ယောက် အိုမင်းသွားရတော့မှာလား” မိန်းကလေးသည် ထပ်မံ၍ မစောင့်နိုင်တော့ဘဲ သည်းမခံနိုင်ဖြစ်လာခဲ့လေသည်။
သူမသည် ရုတ်တရက် ပြောပြောဆိုဆို ထရပ်လိုက်ပြီး သန့်စင်မြို့တော်ရှိရာဆီသို့ ဦးတည်၍ လျှောက်သွားလိုက်၏။
ဤလူများက သူမကို ကယ်တင်ခဲ့ခြင်းဖြစ်သော်လည်း သူမ၏ အချိန်များစွာကို အလဟဿ မဖြုန်းတီးနိုင်တော့ပေ။
သူမ၏ ရက်သတ္တပတ်များစွာ စောင့်ဆိုင်းပေးခဲ့ခြင်းကပင် အလွန်တရာ စဉ်းစားပေးရာ ရောက်နေခဲ့ပြီ မဟုတ်ပါလော...။
ဤနေရာတွင် အချိန်ဖြုန်းလေလေ ထိုအတုအယောင် သန့်စင်ပရောဟိတ်မသည် အင်အားပိုမို၍ ကြီးမားလာလေလေ ဖြစ်ကြောင်း သူမ နားလည်ထားလေသည်။
ထိုသို့မဖြစ်မီ သူမ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်အောင် ကျိုးစားရဦးမည်ဖြစ်၏။
သူမထံမှ အရာအားလုံးကို ယူဆောင်သွားခဲ့သော ထိုအမျိုးသမီးအား သူမကိုယ်တိုင် ချေမှုန်းပစ်ရပေမည်။
ဝိညာဥ်လမ်းလျှောက်သူသည် သူမအား တားဆီးရန်ပြင်လိုက်သော်လည်း ထိုသို့ တားဆီးရန် ကောင်းမွန်သော အကြောင်းပြချက်တစ်စုံတစ်ရာကိုပင် သူ့အနေနှင့် ဖန်တီးနိုင်ခြင်းမရှိတော့ပေ။
အာရန်က သူ့အား လုံးဝမေ့လျော့သွားခဲ့ပြီဟုပင် သူ့အနေနှင့် စတင်၍ တွေးမိလာခဲ့သည်။
အာရန်တစ်ယောက် တစ်စုံတစ်ရာများ ဖြစ်သွားခဲ့၍လော။
သူသည် သန့်စင်ပရောဟိတ်မ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသလော...။
ထိုသို့ဆိုပါက သူ့အနေနှင့် အာရန်အား ကယ်တင်ရန်လိုအပ်လေသည်။
ထိုသို့စဥ့်စားမိလိုက်သဖြင့် ဝိညာဥ်လမ်းလျှောက်သူသည် သန့်စင်မြို့တော်သို့ အစစ်အမှန် ပရောဟိတ်မနှင့်အတူ လိုက်ပါသွားရန်စဥ့်စားမိလိုက်သည်။
သူသည် အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံး၌ သူမနောက်သို့ လိုက်ပါသွားရန်သာ ဆုံးဖြတ်ခဲ့လေသည်။
ဤသို့ဖြင့် သူတို့နှစ်ဦးစလုံး သန့်စင်မြို့တော်သို့ ဦးတည်ကာ အတူတကွ ချီတက်သွားခဲ့ကြတော့၏။
“သန့်စင်မြို့တော်ထဲကို ဝင်ဖို့ နည်းလမ်းရှိလား။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ ဟင်းလင်းပြင်ခုန်ကူးနိုင်တဲ့အစွမ်းနဲ့တောင် ဒီအကာအကွယ်လွှာက ဖြတ်သန်းဖို့ မဖြစ်နိုင်လို့ပဲ” ဟု ဝိညာဥ်လမ်းလျှောက်သူက မိန်းကလေးအား ပြောပြလိုက်သည်။
အစစ်အမှန်ပရောဟိတ်မဖြစ်သူ မိန်းကလေးသည် ဝိညာဥ်လမ်းလျှောက်သူအား ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါအတွက် ရှင့်ရဲ့အကူအညီတော့ လိုလိမ့်မယ်”
“သူသာ တကယ်ပဲ အဖမ်းခံလိုက်ရတာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမဆို ကျုပ်အနေနဲ့ သူ့ကို ကယ်တင်ရလိမ့်မယ်။ မင်းသာ ငါ့ကို သန့်စင်မြို့တော်ထဲ ဝင်ရောက်ဖို့ ကူညီပေးနိုင်ရင် ငါ့အနေနဲ့လည်း မင်းကို ပြန်ကူညီပေးမယ်” ဟု ဝိညာဥ်လမ်းလျှောက်သူက ပြန်ပြောလိုက်၏။
သူ၏အသက်သည် အာရန်ပေါ်တွင် လုံးဝ မူတည်နေလေသည်။
ထိုပုဂ္ဂိုလ် တစ်စုံတစ်ရာ ဖြစ်ပျက်ခြင်းကို သူ ခွင့်မပြုနိုင်ပေ မဟုတ်ပါက သူ၏ အသက်သည်ပင် ဆုံးရှုံးသွားနိုင်လေသည်။
ထိုလူနှစ်ဦးသည် သန့်စင်မြို့တော်သို့ ဦးတည်သွားကြပြီး နာရီဝက်နီးပါးခန့် လမ်းလျှောက်လာပြီးနောက် နောက်ဆုံးတွင် အဝေးမှ သန့်စင်မြို့တော်၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရလေတော့၏။
...
သန့်စင်မြို့တော်၏ မြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၎င်းတို့နှစ်ဦးစလုံး မှင်သက်မိသွားကြသည်။
နှစ်ပေါင်းများစွာတစ်လျှောက် သန့်စင်မြို့တော်အား ကျူးကျော်မှူအသွယ်သွယ်မှ ကာကွယ်ပေးထားခဲ့သော နတ်ဘုရားမ၏ ကောင်းချီးနယ်မြေ အကာအကွယ်လွှာ တစ်ခုလုံးအား မည်သည့်နေရာတွင်မျှ မမြင်တွေ့ရတော့ပေ။
အစစ်အမှန်ပရောဟိတ်မသည် ထိုမြင်ကွင်းကြောင့် ရှုပ်ထွေးသွားခဲ့ရသည်။
ကောင်းချီးနယ်မြေသည် အဘယ်ကြောင့် ပျောက်ကွယ်သွားခဲ့ရသနည်း။ ဘုရားကျောင်းရှိ သန့်စင်ပရောဟိတ်မသည် ယခုတစ်ဖန် မည်သည့်အရာများကို လုပ်ဆောင်ရန် ကြိုးပမ်းနေပြန်သနည်း။
အရာရာသည် ပုံမှန်ဟုတ်မနေကြောင်း ခံစားမိလိုက်သည်။
ထို့နောက် သူမသည် သန့်စင်မြို့တော်အတွင်းသို့ အပြေးအလွှားဝင်ရောက်သွားခဲ့၏။
“ပြေးသွားစရာမလိုပါဘူး။ အကာအကွယ်လွှာ မရှိတော့ရင် ငါ မင်းကို မြို့လယ်ခေါင်ကို အလွယ်တကူ ခေါ်သွားပေးနိုင်တယ်” ဟုပြောပြီးနောက် ဝိညာဥ်လမ်းလျှောက်သူက မိန်းကလေးရှေ့တွင် ဂိတ်တံခါးပေါက်တစ်ခု ဖန်တီးပေးလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမ၏ မျက်လုံးများရှေ့တွင်ပင် ဝိညာဥ်လမ်းလျှောက်သူသည် ဂိတ်ပေါက်ထဲသို့ အရင်ဦးစွာဝင်ရောက်သွားခဲ့သည်။
မျက်မှောင်ကြုတ်လျက် မိန်းကလေးသည်လည်း သူ၏နောက်မှ လိုက်ပါဝင်ရောက်သွားတော့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် မြို့ထဲရှိ အခြားဂိတ်တံခါးပေါက်နေရာတစ်ခုတွင် ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့ကြသည်။
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့နှစ်ဦးသည် နတ်ဘုရားမ၏ အကာအကွယ်လွှာ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းကို စတင်စုံစမ်းတော့သည်။
သန့်စင်မြို့တော်သည် လုံခြုံရေး အလွန်တင်းကျပ်သည်ဟု နာမည်ကြီးသောကြောင့် ၎င်းတို့အနေနှင့် တိတ်တဆိတ်သာ သွားလာရမည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော်ယခုမူ သူတို့ထင်မှတ်ထားခဲ့သည်နှင့်ဆန့်ကျင်စွာပင် ထိုသို့မဟုတ်သည်အား တွေ့လိုက်ရလေသည်။
သူတို့နှစ်ဦးသည် သန့်စင်မြို့တော်အတွင်း၌ အစောင့်များ သို့မဟုတ် ဘုန်းကြီးများကိုပင် ခပ်ပါးပါးမျှသာ တွေ့မြင်ရလေ၏။
သန့်စင်ဘုရားကျောင်းသည်ပင် စွန့်ပစ်ခံထားရသကဲ့သို့ပင် ခြောက်ကပ်ကပ် တည်ရှိနေခဲ့သည်။
သူတို့သည် မေးခွန်းများကို လိုက်လံမေးမြန်းရန်ပင်မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် မြို့တော်တစ်ခွင်ရှိ လူအများသည် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအကြောင်းကို အသီးသီး ပြန်လည် ပြောဆိုနေခဲ့ကြသောကြောင့်ပင်။
“ခုကြားရတာတွေကို မင်း ယုံသလား” ဟု ဝိညာဥ်လမ်းလျှောက်သူက မိန်းကလေးအား မေးလိုက်သည်။
သန့်စင်ပရောဟိတ်မသည် အနောက်ပိုင်းတိုက်၏ အရှင်သခင် ရာထူးကို စွန့်လွှတ်ခဲ့သည်ဟူသောအချက်သည် ယုံကြည်ရန် အတော်လေး ခက်ခဲလေ၏။
ထို့နောက် ဝိညာဥ်လမ်းလျှောက်သူသည် အာရန်တစ်ယောက် ဖမ်းဆီးခံရခြင်းမရှိကြောင်းကိုလည်း သိရှိခဲ့ရသည်။
ထို့အစား သူသည် သန့်စင်နန်းတော်အတွင်း၌ ဧည့်သည်တော်အဖြစ်ပင် ရောက်ရှိနေခဲ့သည်တဲ့လား...။
အာရန်၏ နန်းတော်တွင် နေထိုင်ခြင်းနှင့် သန့်စင်ဧကရာဇ်၏ အနောက်တိုက် အရှင်သခင်အဖြစ် တက်လှမ်းခြင်းတို့တွင် နောက်ကွယ်၌ တစ်စုံတစ်ရာ ဆက်စပ်မှုရှိနိုင်သည်ဟု ဝိညာဥ်လမ်းလျှောက်သူတစ်ယောက် ခံစားမိလိုက်သည်။
အဘယ်ကြောင့်မှန်း မသိသော်လည်း အနောက်ပိုင်းတိုက်ကြီးရှိ ယခုဖြစ်ရပ်များ အရာအားလုံးအား နောက်ကွယ်မှ ထိန်းချုပ်ခြယ်လှယ်နေသော လက်တစ်စုံရှိနေခဲ့ပြီး ၎င်းလက်တစ်စုံပိုင်ရှင်မှာ အာရန်ပင် ဖြစ်ရမည်ဟုလည်း သူ ပြင်းပြင်းထန်ထန် ခံစားမိနေ၏။
မိန်းကလေးသည် ဝိညာဥ်လမ်းလျှောက်သူ၏ အမေးအား ပြန်မဖြေခဲ့ပေ။
သူမသည် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး ခေတ္တခန့် လုံးဝတိတ်ဆိတ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူမသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ သူမ၏ မျက်လုံးများသည် ဖြူဖျော့သော ငွေရောင်အဆင်းသို့ ပြောင်းလဲသွားခဲ့လေသည်။
“သူမ မရှိတော့ဘူး... သူမ တကယ်ကို ပျောက်ကွယ်သွားခဲ့ပြီ...” ဟု မိန်းကလေးက မယုံနိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
ထို့နောက် သူမသည် သန့်စင်ဘုရားကျောင်းရှိရာဆီသို့ ပြေးထွက်သွားခဲ့သည်။
မြို့ထဲတွင် အစောင့်အချို့ ရှိနေသေးသော်လည်း ၎င်းတို့သည် သန့်စင်ဘုရားကျောင်းနှင့် ပတ်သတ်ဟန်မရပေ။
ဤသို့ဖြင့် သန့်စင်ဘုရားကျောင်း၏ ဝင်ပေါက် တံခါးများကို ဆွဲဖွင့်လိုက်သည့် မိန်းကလေးအား တားဆီးမည့်သူ တစ်ဦးတစ်ယောက်မျှပင် ဤနေရာတွင် ရှိမနေခဲ့ချေ။
မိန်းကလေးသည် ဘုရားကျောင်း အတွင်းသို့ ပြေးဝင်သွားခဲ့ပြီး ယခင်က သူမ ဤနေရာသို့ ရောက်ခဲ့ဖူးသည့်အလား သန့်စင်ပရောဟိတ်မ၏ ဗဟိုခန်းမရှိရာသို့ တည့်တည့်မတ်မတ်ပင် လျှောက်သွားလိုက်သည်။
#Catfoot