← Chapters

ထိုက်တန်သောပေးဆပ်မှု

Vol. 37 Ch. 527

ထိုက်တန်သောပေးဆပ်မှု

Vol. 37 Ch. 527

…

ရုတ်တရက်ဆိုသလို အခန်းတံခါးသည် အရှိန်ပြင်းစွာ ပွင့်သွားပြီး ထိတ်လန့်တကြားဖြစ်နေသော အစေခံတစ်ဦး အလောတကြီး ပြေးဝင်လာခဲ့သည်။

“သခင်ကြီးခင်ဗျာ နစ်ခရိုမန်ဆာမျှော်စင်ကနေ ဂိတ်တံခါးပေါက်ဆက်သွယ်မှုတစ်ခု ပြုလုပ်လိုက်ပါပြီ။ အဲ့ကနေတစ်စုံတစ်ဦး ရောက်ရှိလာတော့မယ်နဲ့တူတယ်” ဟု ထိုသူက မိသားစုအကြီးအကဲအား အသိပေးလိုက်ရာ မိသားစုအကြီးအကဲ၏ မျက်လုံးများသည် မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြန်လည်ပြည့်နှက်လာခဲ့၏။

“နောက်ဆုံးတော့ ကျုပ်တို့ စွန့်ပစ်မခံရတော့ဘူးပေါ့” ဟု မိသားစုအကြီးအကဲက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

သူသည် အခန်းထဲမှ အလျင်အမြန်ထွက်ခွာကာ မျှော်စင်မှ ရောက်ရှိလာမည့် ဧည့်သည်တော်များကို ကြိုဆိုရန် ဂိတ်တံခါးပေါက်ပုံစံကွက်ရှိရာဆီသို့ အပြေးအလွှားဦးတည်သွားခဲ့သည်။

နစ်ခရိုမန်ဆာမျှော်စင် ပါဝင်လာပြီဖြစ်သဖြင့် သူတို့၏ အသက်ရှင်သန်နိုင်ခြေသည် ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။

နစ်ခရိုမန်ဆာမျှော်စင်သာ ရန်သူ့တပ်များအား ဖျက်ဆီးပေးနိုင်မည်ဆိုပါက သူတို့မိသားစုသည် ဤစစ်ပွဲတွင် ပါဝင်ရန်ပင် လိုအပ်တော့မည်မဟုတ်ပေ။

မိသားစုအကြီးအကဲသည် ဂိတ်တံခါးပေါက်တည်ရှိရာ ခန်းမ၏ ဝင်ပေါက်တံခါးကို ဆွဲဖွင့်လိုက်၏။

နစ်ခရိုမန်ဆာမျှော်စင်မှ ဧည့်သည်တော်များသည် ယခုမှ ရောက်ရှိလာခြင်းဖြစ်၍ ဂိတ်တံခါးပေါက်မှ အလင်းရောင်သည် မှိန်ဖျော့မသွားသေးဘဲ တောက်ပနေဆဲပင်။

သို့သော်လည်း မိသားစုအကြီးအကဲ၏ မျက်နှာသည် အခန်းတွင်းမှ မြင်ကွင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လုံးဝဖြူဖျော့ကာ သွေးဆုတ်သွားခဲ့သည်။

အနက်ရောင်ဝတ်ရုံစွပ်ထားသော ပုဂ္ဂိုလ်များစွာသည် အခန်းထဲတွင် ရပ်နေကြပြီး ၎င်းတို့ထဲမှ အချို့မှာ သူတို့အား ကြိုဆိုရန် ရောက်ရှိနေသောလူများ၏ လည်ပင်းများအတွင်းသို့ ၎င်းတို့၏ အစွယ်များ စိုက်သွင်းထားသည်ကိုပင် တွေ့မြင်လိုက်ရ၏။

“အ..အရိပ်ကောင်စီ....”

ထရိုင်ယဒ်မိသားစုအကြီးအကဲသည် မယုံနိုင်စွာဖြင့်ပင် ဒူးထောက်ကျသွားခဲ့လေသည်။

သူသည် အရိပ်ကောင်စီအကြောင်းကို များစွာကြားဖူးထားလေသည်။ နစ်ခရိုမန်ဆာမျှော်စင်မှပင် ကန့်သတ်တားမြစ်ထားရသည့် အဖွဲ့အစည်းတစ်ခုဖြစ်၏။

ထိုအရိပ်ကောင်စီကို မျှော်စင်သခင်ကိုယ်တိုင်ကသာလျှင် ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု အဆိုရှိထားခဲ့သည်။

ထို့ပြင် ၎င်းတို့သည် အင်အားကြီးမားလာမည်ဆိုသရွေ့ မည်သူ့ကိုမဆို သတ်ဖြတ်ရန် လွတ်လပ်ခွင့် အပြည့်အဝရရှိထားလေသည်။

၎င်းတို့အနေဖြင့် နစ်ခရိုမန်ဆာမျှော်စင်၏ ခန်းမမှူးများကို သတ်ဖြတ်မိခဲ့လျှင်ပင် မျှော်စင်သခင်သည် မည်သို့မျှ တုံ့ပြန်မည်မဟုတ်ပေ။

ဤလူများသည် စင်စစ်အားဖြင့် သူတို့လိုချင်ရာကို လုပ်ဆောင်တတ်သော ရူးသွပ်နေကြသူများဟုပင် ခေါ်ဆို၍ရလေသည်။

အရိပ်ကောင်စီသည် ဘယ်လက်ရုံးအစောင့်အရှောက်နှင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးသည့်နောက်မှသာ သူမ၏ ဒေါသအမျက်ကြောင့် ချိပ်ပိတ်ခံလိုက်ရခြင်းဖြစ်‌လေ၏။

မိသားစုခေါင်းဆောင်သည် ငယ်စဉ်ကတည်းကပင် အိပ်ယာဝင်ပုံပြင် တစ်ပုဒ်သဖွယ်သာ ကြားခဲ့ဖူးသည့် သူများနှင့် ယခုကဲ့သို့ မျက်ဝါးထင်ထင် မြင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ပေ။

အရိပ်ကောင်စီ လွတ်မြောက်လာပြီဟူသည့်အချက်ကိုပင် သူ မယုံနိုင်အောင် ဖြစ်နေရဆဲပင်။

အရိပ်ကောင်စီသည် ပြန်လည်လွတ်မြောက်လာရုံသာမက ငရဲတံခါး၏ အကျိုးသက်ရောက်မှုကြောင့် ပို၍ပင် အင်အားကြီးမားလာခဲ့လေသည်။

....

“သူတို့ ဒီကနေထွက်မသွားခင်မှာ ခန်းမမှူးသုံးဦးပဲ သေဆုံးခဲ့တယ်။ ဒါကို ငါတို့ ကံကောင်းတယ်လို့ သတ်မှတ်သင့်သလား”

နစ်ခရိုမန်ဆာမျှော်စင်ရှိ ခန်းမမှူးများသည် သေဆုံးသွားသော ခန်းမမှူးများ၏ ရုပ်အလောင်းများကို စိုက်ကြည့်ရင်း တွေးမိလိုက်ကြသည်။

အရိပ်ကောင်စီ၏ အာရုံစိုက်ခြင်းကို မခံရသောကြောင့် သူတို့ကိုယ်သူတို့ အလွန်ပင် ကံကောင်းသည်ဟု မှတ်ယူလိုက်ကြလေ၏။

အရိပ်ကောင်စီသည် အနောက်တိုက်နှင့် ဖြစ်ပွားတော့မည့် စစ်ပွဲအကြောင်းကို ကြားသိပြီးနောက် ခန်းမမှူးသုံးဦးကိုသာ သတ်ဖြတ်ကာ သူတို့၏ သွေးဆာမှုကို ရပ်တန့်ခဲ့ကြသည်။

သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်လျက်ရှိနေခဲ့ကြပြီး ခန်းမမှူးများ၏ ရုပ်အလောင်းများကို လွှင့်ပစ်ကာ စစ်မြေပြင်ရှိရာဆီသို့ အပြေးအလွှား ထွက်ခွာသွားကြသည်။

“သူတို့သာ အနောက်ဘက်က အင်အားစုတွေကို တားဆီးနိုင်ရင် ဒါဟာ ထိုက်တန်တဲ့ ပေးဆပ်မှုတစ်ခုပါပဲ” ဟု ခန်းမမှူးတစ်ဦးက ပြောကြားရင်း သေဆုံးသွားသော ခန်းမမှူးများ၏ ရုပ်အလောင်းများကို သယ်ဆောင်သွားရန် သူ၏ အစေခံ ဖုတ်ကောင်အချို့ကို ဆင့်ခေါ်လိုက်၏။

ခန်းမမှူးများသည် သေဆုံးသွားပြီဖြစ်သော်လည်း သူတို့၏ ခန္ဓာကိုယ်များသည် မျှော်စင်သခင်အတွက် အသုံးဝင်နေဆဲပင်ဖြစ်လေသည်။

သူတို့သည် အဖိုးတန်အရင်းအမြစ်များဟုပင် ယူဆ၍ရသည်။

“တခြား နောက်ထပ် အမှားအယွင်းတွေ ထပ်မလာခင် မျှော်စင်သခင် မြန်မြန်ပြန်ရောက်လာဖို့ပဲ မျှော်လင့်ရတယ်”

....

ထရိုင်ယဒ်မိသားစုအကြီးအကဲသည် အရိပ်ကောင်စီဝင်များ၏ ရှေ့မှောက်တွင် ခွေးတစ်ကောင်ကဲ့သို့ မြေကြီးနှင့် သူ၏ နဖူးထိတွေ့သည်အထိ ဦးညွှတ်ကာ အသက်အတွက် တဖွဖွ တောင်းဆိုနေမိ၏။

“သူရဲဘောကြောင်လိုက်တာ ထွီး... ငါ မကြိုက်ဘူး...”

အနက်ရောင်ဝတ်ရုံတစ်ခု ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦးသည် တုန်ယင်နေသော ထရိုင်ယဒ်မိသားစုအကြီးအကဲအား အထင်သေးစွာဖြင့် ပြောလိုက်သည်။

သူ၏နှုတ်ခမ်းထက်တွင် အစောပိုင်း အစောင့်များ၏ သွေးများ စီးကျနေဆဲဖြစ်ပြီး သူသည် မိသားစုအကြီးအကဲဆီသို့ ဆက်လက်၍ လက်လှမ်းလိုက်၏။

သူသည် ထရိုင်ယဒ်မိသားစုအကြီးအကဲ၏ ခေါင်းကို ဆုပ်ကိုင်တော့မည့်ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူ၏မျက်လုံးများတွင် စိတ်ဝင်စားမှုအရိပ်အယောင် ပေါ်လာပြီး ခေါင်းကိုတစ်နေရာသို့ စောင်းကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏အာရုံကို ဖမ်းစားနိုင်လောက်အောင် အင်အားကြီးမားသော တစုံတခုသည် ဤနေရာသို့ ရောက်ရှိလာသည်ဟု အာရုံခံမိလိုက်သောကြောင့်ပင် ဖြစ်၏။

အထူးသဖြင့် ၎င်းသည် မြောက်ပိုင်းတိုက်ကြီးတွင် နေထိုင်သူတစ်ဦး ရောက်ရှိလာခြင်းမျိုးမဟုတ်ဘဲ အသက်ဓာတ်စွမ်းအင်များ ပြည့်နှက်နေသော ဒဏ္ဍာရီလာသားရဲတစ်ကောင် ရောက်ရှိလာခြင်း ဖြစ်သောကြောင့်ပင်တည်း။

အရိပ်ကောင်စီဝင်များသည် ထရိုင်ယဒ်မိသားစုအကြီးအကဲဆီမှ သူတို့၏ စိတ်ဝင်စားမှုကုန်ဆုံးသွား၍ ၎င်းကို ချန်ထားခဲ့ကာ တစ်နေရာသို့ ဦးတည်လိုက်ကြသည်။

မိသားစုအကြီးအကဲသည် ယခုမှသာ စိတ်သက်သာရာရသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးစေးများ ရွှဲနစ်နေခဲ့၏။

သူ အသက်ရှင်လွတ်မြောက်ခဲ့သည်ကို ယခုအချိန်ထိ သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေဆဲပင်။

သူသည် ယခင်ဘဝက ကောင်းမှုကုသိုလ်များ ပြုခဲ့ဖူး၍ ယခုကဲ့သို့ ကံကောင်းသွားခဲ့ခြင်းလောဟုပင် တွေးမိလိုက်သည်။

ထို့နောက် အရိပ်ကောင်စီသည် မည်သည့်အချိန်မဆို ဤနေရာသို့ ပြန်ရောက်လာပြီး သူ့အား သတ်ဖြတ်နိုင်သည်ဟူသောအချက်ကို သူပြန် သတိရသွားသည်။

သူသည် လျင်မြန်စွာ ထရပ်လိုက်ပြီး ထရိုင်ယဒ်မိသားစု၏ လျှို့ဝှက် မြေအောက်ခံတပ်တည်ရှိရာ တစ်နေရာရာတွင် ပုန်းအောင်းနေရန် ပြေးထွက်သွားတော့သည်။

အရိပ်ကောင်စီသည် အနောက်ပိုင်းမှ တပ်များကို အရေးယူပြီးနောက် ပြန်လည် ထွက်ခွာသွားမည့်အချိန်ကိုသာ ထိုနေရာမှ စောင့်ဆိုင်းနေရန်ဆုံးဖြတ်လိုက်သည်။

သူ၏မျိုးနွယ်တစ်ခုလုံး သုတ်သင်ခံရလျှင်ပင် သူ အသက်ရှင်သရွေ့ ထိုအရာသည် အရေးမကြီးပေ။

ပုန်းအောင်းနေစဉ်အတွင်း သူသည် ဆက်သွယ်ရေးပစ္စည်းတစ်ခုကို အသုံးပြု၍ သတင်းအချက်အလက်များပေးပို့ကာ မျိုးနွယ်စုဝင်များအား ညွှန်ကြားချက်ပေးပို့ခဲ့သည်။

....

“ဒါက ထရိုင်ယဒ်မိသားစုရဲ့ နယ်မြေပဲဖြစ်ရမယ်။ သူတို့မှာ ငါတို့ကို မျှော်စင်ဆီ ပိုမြန်မြန်ပို့ပေးနိုင်တဲ့ ဂိတ်တံခါးပေါက်တစ်ခု ရှိနေသင့်တယ်”

အာရန်သည် သူ၏ ဖီးနစ်ငှက်နှင့်အတူ ကီးလ်မိသားစုနယ်မြေမှ ထွက်ခွာကာ ထရိုင်ယဒ်မိသားစု နယ်မြေထဲသို့ ဝင်ရောက်နေစဥ် အခြားသူများအား ပြောပြလိုက်ခြင်းဖြစ်သည်။

“ကျွန်မတို့ တကယ်ပဲ နစ်ခရိုမန်ဆာမျှော်စင်ကို တိုက်ခိုက်ရတော့မှာလား။ ကျွန်မတို့ အနေနဲ့ ဂိုဏ်းချုပ်ကို အရင်ဆုံး ဆက်သွယ်ကြည့်သင့်တယ် မဟုတ်လား” ဟု မဟာအကြီးအကဲ ဇီယာက အာရန်အား မေးခွန်းထုတ်လိုက်၏။

ယခုအချိန်တွင် အာရန်သည် အတော်လေး အင်အားကြီးမားလာကြောင်း သူမ သိထားသော်လည်း သူတို့သည် အခြားအရှင်သခင်တစ်ဦး၏ နယ်မြေထဲသို့ ဝင်ရောက်မိနေပြီ ဖြစ်သည်။

ထို့ကြောင့် အန္တရာယ်မှာ ထင်ထားသည်ထက် ပို၍ကြီးမားနိုင်လေသည်။

သို့စေကာမူ သူမသည် အာရန်၏နောက်သို့ စိတ်ပါလက်ပါဖြင့် ဆက်လက် လိုက်ပါလာဆဲပင်။

သို့သော် သူမ နားမလည်သည့်တစ်ချက်မှာ အာရန်အနေဖြင့် သူ၏ တပည့်မကို ဤအန္တရာယ်ရှိသော ခရီးစဥ်တွင် အဘယ်ကြောင့် ခေါ်ဆောင်လာခဲ့ရသနည်း။

ထို့နောက် ဤကိစ္စတစ်ခုလုံးကို ဖန်းယုအား အဘယ်ကြောင့် အသိမပေးခဲ့ရသနည်း။

“စိတ်မပူပါနဲ့။ မြောက်ပိုင်းတိုက်ရဲ့ အရှင်သခင်က ခုချိန်မှာမြောက်ပိုင်းတိုက်ကြီးမှာ ရှိမနေဘူးလို့ ကိုယ်သတင်းအတိအကျရထားတယ်” ဟု အာရန်က ဇီယာအား ပြောပြလိုက်သည်။

ဖန်းယုကို အသိမပေးခဲ့ရခြင်းအတွက်မူကား သူ့တွင် ရွေးချယ်စရာ မရှိသောကြောင့်ပင်။

မျှော်စင်သခင်သည် သူ၏ ရန်နစ်ခရိုလိုင်းအဖြစ် တည်ရှိမှုအား သိရှိထားပြီး ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ မြောက်ပိုင်းတိုက်ကြီးတွင် ရှိနေမှသာ ပေါ်လာနိုင်သော လည်ပင်းရှိ ထူးဆန်းသော ပုံရိပ်ယောင်ကြိုးမျှင်တစ်ခုကြောင့်ပင် ဖြစ်၏။

ထိုပုံရိပ်ယောင်ကြိုးမျှင်ကြောင့် အာရန်အနေဖြင့် မည်သူ့ပုံစံသို့ အသွင်ယူ ဟန်ဆောင်ထားသည်ဖြစ်စေ မျှော်စင်သခင်အတွက် အတူတူပင် ဖြစ်ပေလိမ့်မည်။

မိစ္ဆာဂိုဏ်းချုပ် ဖန်းယုဆိုလျှင်ကော .....

သူမသာ ဤနေရာတွင် ရှိနေခဲ့ပါက ထိုကြိုးမျှင်ကို မြင်နိုင်မည်လား....

ဟူသည့်အချက်ကို အာရန်တစ်ယောက် မသေချာနေခဲ့ပေ။

ထို့ကြောင့်သူ့အနေနှင့် နောက်ထပ် အန္တရာယ်တစ်စုံတစ်ရာကို ထပ်မံ၍ မယူလိုခဲ့ပေ။

သူမသည်သာ သူ့အား ရန်နစ်ခရိုလိုင်းဖြစ်ကြောင်း တွေ့ရှိသွားခဲ့လျှင် သူ့အား ကူညီရမည့်အစား သူ့အား သတ်ရန်ပင် ကြိုးစားလာပေလိမ့်မည်။

#Catfoot

All Chapters