← Chapters

သိုလှောင်အိတ်နှင့် ကြက်သွေးရောင်ကျောက်ခေါင်းတလား

Vol. 22 Ch. 316

သိုလှောင်အိတ်နှင့် ကြက်သွေးရောင်ကျောက်ခေါင်းတလား

Vol. 22 Ch. 316

ရှီအာလည်းပဲ ဤသည်ကို နားလည်လိုက်သည့်ပုံ ပေါ်၏။ မျှော်လင့်ချက်မဲ့စွာ ခံစားလိုက်ရသည်။

"ကြောင်နီ.. မင်းကတကယ့်ကို နှလုံးသားမရှိတဲ့ သတ္တဝါပဲ။ ငါတော့မင်းကို စိတ်ရင်းနဲ့ မေတ္တာတရားထားပြီး ဆက်ဆံခဲ့တယ်။ ဒါက မင်းငါ့ကို ပြန်ပြီးတော့ ပေးဆပ်ပုံလား။ မင်းလည်ပင်းမှာရှိတဲ့ ရွှေသံကြိုးကိုရော ငါပဲဝယ်ပေးထားတာ မဟုတ်ဘူးလား.."

ဒဏ်ရာကုသမှုအပြီးတွင် ရှီအာက ကြောင်နီ၏ရှေ့တွင် ရပ်ပြီး သူ၏ မကျေနပ်မှုတို့ကို ဖော်ပြ၏။

ကြောင်နီ၏ အသွင်က အပြစ်ရှိစွာ ခံစားနေရသည့်နှယ် ရှိ၏။ လက်သည်းကို မြှောက်ပြကာ နောက်တစ်ကြိမ်တွင် ပိုမိုညင်သာမည်ဟု ပြောပြနေဟန်ရှိသည်။

ထင်ထားသည့်အတိုင်းပင် နောက်ဆက်တွဲ လေ့ကျင့်မှုများတွင် ကြောင်နီသည် ပိုမိုညင်သာလာခဲ့၏။ ရှီအာ၏ နံရိုးများကို ချိုးခြင်း မပြုတော့ပေ။ သို့ပေမယ့် အဲ့ဒီ့အစား ဘောလုံးတစ်ခုကဲ့သို့ ရှေ့နောက်ကန်၏။ ရှီအာက ရပ်တန့်ရန် ပြောသည့်တိုင်အောင် ရပ်ပေးခြင်းမရှိပေ။ ခံနိုင်ရည်မရှိတော့မှသာလျှင် ရပ်သွား၏။

"ထို့အပြင် သူ၏မျက်လုံးများက... ဒါက မင်းကောင်းဖို့အတွက်ပဲ.."

ဟု ပြောနေသယောင် ရှိသည်။

"ဆရာ... ကြောင်နီ ဘယ်တော့ မဟာနတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာမှာလဲ.."

စုလင်းရှုံက မျှော်လင့်စွာဖြင့် မေး၏။

"အချိန်ကျလာပြီး.. အခွင့်အလမ်း ပေါ်လာတဲ့အခါကျရင် ဖြစ်လာမှာပေါ့.."

လီရွှမ်အနေနှင့် ကြောင်နီ ဘယ်အချိန်၌ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာမည်ဟူသည်အား သိရှိခြင်း မရှိပါ။

ထို့ကြောင့် ဆန်းကြယ်သည့် အသွင်ဖြင့်သာ လျှောက်ပြောနိုင်၏။

ကြောင်နီ၏ ပြောင်းလဲမှုတို့ကို ကြည့်ရသည်မှာ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာရန်မှာ အချိန်တစ်ခုသာ လိုသည့်ပုံ ပေါ်သည်။

ရွှီယန်က ပြန်လာခဲ့၏။

"ဆရာ... ကျွန်တော် ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးပြီ.."

"အင်း.."

လီရွှမ်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်၏။

"ဆရာ... ကျွန်တော် ခုနှစ်စင်ကြယ်အကယ်ဒမီက သိုင်းပညာ ပညာရှင်တွေကို အများအပြား ဖိတ်ခေါ်ခဲ့တယ်။ သူတို့တွေ ချန်းလန်ကျွန်းပေါ်မှာ ရောက်နေပြီ။ ကျွန်တော့အထင်တော့ အဲ့ဒီ့လူတွေက သိုင်းပညာနဲ့ ရူးသွပ်နေတာပဲ။ ကျွန်တော် ချီနဲ့သွေးအဆင့်နဲ့ မူလအဆင့်က ကျင့်စဉ်တွေကို သူတို့နဲ့အတူ မျှဝေပြီး ပိုပြီးတော့ လေ့လာချင်တယ်.."

ရွှီယန်က ခုနှစ်စင်ကြယ် အကယ်ဒမီမှ သိုင်းပညာပညာရှင်များ ကိစ္စကို ပြောသည်။

ချန်ချင်းစံအိမ်သည် မကြာခင်တွင် ချန်းလန်ကျွန်းဆီသို့ ရွှေ့ပြောင်းမည်ဖြစ်၏။ သဟွမှာ သဟွအဖြစ် ရှိနေမည်ဖြစ်ပေမယ့် ချန်ချင်းစံအိမ်မှာ သဟွ၏ မြင့်မြတ်နယ်မြေ ဖြစ်သည်။ သဟွကိုယ်တိုင် မဟုတ်ပေ။

သူသည် ချန်းလန်ကျွန်းအား ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ရန် လိုအပ်၏။ တစ်ချိန်တည်းတွင် ချီနှင့်သွေးအဆင့်နှင့် မူလအဆင့်၏ သိုင်းကျင့်စဉ်အား သိုင်းပညာပညာရှင်များကို သင်ကြားပေးကာ သူတို့အနေနှင့် တစ်ခုခု နားလည်နိုင်မည်လားဟု ကြည့်လိုလေသည်။

ဤသည်မှာ သဟွသိုင်းပညာ ဖြန့်ဖြူးရေးအတွက် လုပ်ဆောင်ချက်လည်း ဖြစ်၏။ ခုနှစ်စင်ကြယ်အကယ်ဒမီမှ စတင်ကာ အတွင်းဘက်နယ်မြေ တစ်လျှောက်လုံးသို့ စစ်မှန်စွာ ပျံ့နှံ့နိုင်မည် ဖြစ်သည်။

ထိုစကားကို ကြားရပြီးနောက် လီရွှမ်က စိတ်ဝင်စားသွား၏။ သူလည်းပဲ အတွင်းဘက်နယ်မြေမှ သိုင်းသမားများ၏ ကျင့်ကြံခြင်းစနစ်အား ပြောင်းလဲနိုင်ရန်အတွက် သူတို့ကိုယ်တိုင် ကြိုးစားကြည့်စေချင်လေသည်။

ပြောင်းလဲရန် နည်းလမ်းကိုသာ ရှာတွေ့ပြီး အတွင်းဘက်နယ်မြေ၏ များပြားလှသည့် သိုင်းသမားများနှင့် တတိယအဆင့်၏ အထက်ရှိ သိုင်းသမားတစ်စိတ်တစ်ပိုင်းတို့သာ အောင်မြင်စွာ ပြောင်းလဲနိုင်ပါက သူ့အတွက် ကြီးမားသည့် တန်ပြန်အကျိုးပြုမှုတို့ကို ယူဆောင်လာမှာ ဖြစ်သည်။

သိုင်းအရိပ်၁၀၀ကို မကြာခင်တွင် အမြင့်ဆုံးသို့ ရောက်ရှိစေပြီး အရိပ်၉၀၀အား ပိုင်ဆိုင်လာမှာ ဖြစ်၏။

ပြီးလျှင် နောက်ထပ် ၁၀၀၀၊ ၁၀၀၀၀အစရှိသဖြင့် အချိန်တိုအတွင်းတွင် တန်ပြန် အကျိုးပြုမှုများကို ရရှိနိုင်မှာ ဖြစ်သည်။

ခုနှစ်စင်ကြယ် အကယ်ဒမီမှ သိုင်းပညာပညာရှင်များသည် အမြဲတမ်း သိုင်းပညာကို လေ့လာခြင်း၌ ကိုယ့်ကိုယ်ကို နှစ်မြှုပ်ထားကြ၏။ အတွင်းဘက်နယ်မြေ၏ သိုင်းပညာအပေါ် နားလည်မှုမှာလည်း သူတို့ထက် ပိုမိုသိရှိသူ အများကြီး မရှိလောက်ပေ။

ထို့အပြင် ထိုလူများတွင် သိုင်းပညာအပေါ် လေ့လာရာ၌ ထူးကဲသည့် ပါရမီတို့ ပိုင်ဆိုင်ထား၏။ ဖြစ်နိုင်သည်မှာ သဟွသိုင်းပညာကို အောင်မြင်စွာ ပြောင်းလဲနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်လောက်ပါသည်။

"ငါခွင့်ပြုတယ်.."

လီရွှမ်က ခေါင်းငြိမ့်သည်။ ပြီးနောက် ထပ်ပေါင်းပြော၏။

"ရှဲ့လင်ဖုန်းက အစစ်အမှန်ချီကို စုစည်းပြီးပြီ။ ဒါပေမယ့် စစ်မှန်တဲ့ မူလအဆင့် သိုင်းသမားတစ်ယောက် မဟုတ်သေးဘူး။ အောင်အောင်မြင်မြင် ပြောင်းလဲခဲ့တယ်လို့ မဆိုနိုင်သေးဘူး။ သူ့ကိုလည်း လေ့လာခိုင်းကြည့်လို့ ရတယ်.."

"အတွင်းဘက်နယ်မြေက သိုင်းသမားတွေကိုယ်တိုင် နားလည်လာတဲ့ အခါမှပဲ သူတို့ကိုယ်ပိုင် အကျိုးကျေးဇူးတွေ များလိမ့်မယ်။ အဲ့ဒါကြောင့် သူတို့ဘာသာ လေ့လာခိုင်းလိုက်.."

ရွှီယန်က မှင်သက်သွားပြီးနောက် ခေါင်းကိုငြိမ့်သည်။ ဤသည်မှာ ဆရာဖြစ်သူ၏ သင်ကြားပို့ချခြင်း နည်းလမ်းဖြစ်၏။ သဟွသိုင်းပညာသို့ ပြောင်းလဲချင်သူများသည် ကိုယ်တိုင် နားလည်အောင် ပြုလုပ်ရပေမည်။

"ကျွန်တော် နားလည်ပါပြီ... အစ်ကိုရှဲ့ကိုလည်း ချန်းလန်ကျွန်းကို လာခိုင်းလိုက်ပါမယ်.."

လီရွှမ်က ထပ်ပေါင်းပြောသည်။

"မင်းဆန္ဒရှိရင် အသိအမြင်အချို့လည်း ထောက်ပံ့ပေးလို့ ရတယ်။ မင်းလည်း သိုင်းပညာနှစ်ခုအကြား ပြောင်းလဲမှုကနေ နားလည်သဘောပေါက်မှုတွေ ရလာနိုင်တယ်.."

သိုင်းပညာ ပညာရှင်များနှင့် ရှဲ့လင်ဖုန်းတို့အတွက် စစ်မှန်သည့် သိုင်းပညာသို့ ပြောင်းလဲမှု နည်းလမ်းအား နားလည်သဘောပေါက်လာရန် အချိန်မည်မျှ ယူမည်လဲမသိပေ။

ရွှီယန်မှာ ပါရမီထူးကဲလှပြီး ထုံးရွှမ်အဆင့်သို့ ရောက်ရှိပြီး ဖြစ်၏။ သူ၏ မူလအဆင့်နှင့်အောက်ရှိ ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှုမှာ ပြိုင်ဘက်မရှိပေ။

ပြောင်းလဲရန် နည်းလမ်းကို ရှာဖွေနိုင်မည်ဆိုပါက ရွှီယန်အပေါ်တွင် သူ၏ယုံကြည်ချက် ပိုရှိ၏။

ထို့အပြင် ရွှီယန်အနေနှင့် အမှန်တကယ် ပြောင်းလဲခြင်း နည်းလမ်းကို ရှာတွေ့နိုင်ပါက ဖြစ်နိုင်သည်မှာ သိုင်းပညာအပေါ် အတွေးအမြင် အသစ်များလည်း ရရှိလာနိုင်သည်။

သို့ပေမယ့် အချိန်အများကြီး အကုန်ခံကာ ထိုကိစ္စထဲတွင် နစ်မွန်းနေမည်ကို ကာကွယ်ရန်အတွက် ထပ်ပေါင်းပြော၏။

"ဒါပေမယ့် အရေးကြီးဆုံးကတော့ မင်းရဲ့ကိုယ်ပိုင် သိုင်းပညာအတွက် လေ့လာကျင့်ကြံဖို့ပဲ.."

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်က လေးစားစွာ ခေါင်းငြိမ့်သည်။ ချန်းလန်ကျွန်းသို့ မသွားခင်တွင် သူသည် မိဘများနှင့် မိသားစုတို့နှင့် ရက်အနည်းငယ် သွားရောက်နေထိုင်၏။ သူတို့၏ ကျင့်ကြံမှုတွင် ညွှန်ကြားမှုပြုသည်။

ရွှီကျွင်းဟယ်မှာ မူလအဆင့်သို့ ချိုးဖျက်တော့မည်ဖြစ်သည်။ မူလအဆင့်သို့ ချိုးဖျက်ပြီးပါက အတွင်းဘက်နယ်မြေတွင် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ခွန်အားအချို့ ရလာမှာ ဖြစ်၏။

သို့ရာတွင် ရွှီကျွင်းဟယ်မှာ ချန်ချင်းစံအိမ်နှင့် အဝေးကြီးသို့ သွားရောက်မည် မဟုတ်ပါ။ စွန့်စားရမည့် ကိစ္စများဆိုပါက အခြားသူများကိုသာ ကိုင်တွယ်ခိုင်းပြီး သူ့ကိုကိုယ်တိုင် သွားရောက်စေခြင်း မရှိပေ။

ချန်းလန်ကျွန်း၏ ပြန်လည်တည်ဆောက်မှုသာ ပြီးဆုံးပါက ချန်ချင်းစံအိမ်သည် ချန်းလန်ကျွန်းဆီသို့ ရွှေ့ပြောင်းမှာဖြစ်သည်။ သူလည်းပဲ ချန်းလန်ကျွန်းဆီသို့ သွားရောက်ရမည် ဖြစ်၏။

သို့ရာတွင် သဟွကောင်စီ၏ မဟာအကြီးအကဲဖြစ်သည့် ကောရုန်ရှန်မှာတော့ သဟွတွင် နေခဲ့မည်ဖြစ်သည်။

သို့ပေမယ့် သူ၏လုံခြုံရေးက ပြဿနာကြီး မရှိပါ။ လက်ရှိအချိန်၌ သဟွကို ဆန့်ကျင်ကာ လှုပ်ရှားမှုပြုရဲသည့် စွမ်းအားကြီးမားသည့် သိုင်းသမား ပေါ်လာရန် ခက်ခဲလှပါသည်။

ထို့အပြင် ကောရုန်ရှန်နှင့် ရွှီယန်တို့၏ ဆက်ဆံရေးကို လျှို့ဝှက်ချက်အဖြစ် ထားရှိထားရာ ထိုအကြောင်းကြောင့် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ခံရခြင်း မရှိပေ။

ထိုအပြင် သဟွ၏ လျှင်မြန်သည့် ဖွံ့ဖြိုးမှုနှင့် အားကိုးရသည့် စွမ်းအားကြီး သိုင်းသမားများကို ခေါ်ယူမှုကြောင့် အန္တရာယ်အချို့ကို ကိုယ့်ဘာသာ ရင်ဆိုင်နိုင်နေပြီးဖြစ်၏။

နေ့ရက်များက လျှင်မြန်စွာ ကုန်လွန်သွားသည်။ ရွှီယန်သည် ချန်းလန်ကျွန်းဆီသို့ ထွက်ခွာရန် ပြင်ဆင်နေ၏။

မသွားခင်တွင် မုန့်ချုံနှင့် စုလင်းရှုံတို့၏ ကျင့်ကြံမှုတွင် ညွှန်ကြားမှု ပြုပေးသည်။

ချန်းလန်ကျွန်းသို့ လမ်းတွင် သူသည် နတ်ဆိုးအရှင်သခင်ဟော်ထူ၏ ရတနာများကိုလည်း သွားရောက်ရှာဖွေ၏။

အတွင်းဘက်နယ်မြေရှိ အဖွဲ့အစည်းကြီးများအားလုံးတွင် ဆက်သွယ်ရေးနည်းလမ်းများ ရှိပါသည်။ ချန်ချင်းစံအိမ်အတွက်မူ လက်ရှိအချိန်၌ ထန်းပေါင်စံအိမ်ကို မှီခိုနေရ၏။ ဤသည်က အရမ်းကြီး မကောင်းလှပေ။

ကိုယ်ပိုင် ဆက်သွယ်ရေးစနစ်တစ်ခုကို တည်ထောင်ရန်အတွက် သူတို့သည် စာပို့ငှက်များကို ပျိုးထောင်သည့် သိုင်းသမားများအား လိုအပ်၏။

စိတ်ဝိဉာဉ်ဆေးပင်များနှင့် စိတ်ဝိဉာဉ်ဆန် များကိုလည်း ငှက်များအား ပျိုးထောင်ရာတွင် ထောက်ပံ့ပေးရန် ပြင်ဆင်သည်။ ထိုကိစ္စအတွက် အထူးအာရုံစိုက်ဖို့ လိုအပ်သည်။

နောက်ဆုံးတွင် သူတို့သည် ငွေကြေးအမြောက်အများကို အသုံးပြုပြီး စာပို့ငှက်များကို ပျိုးထောင်ရန် နားလည်သည့် သိုင်းသမားများကို ခေါ်ယူခဲ့၏။

တစ်ချိန်တည်းတွင် သဟွကောင်စီမှ သစ္စာရှိအဖွဲ့ဝင်များကို ရွေးချယ်ကာ စာပို့ငှက် ပျိုးထောင်ခြင်း အတတ်အား သင်ကြားစေ၏။

All Chapters