သိုလှောင်အိတ်နှင့် ကြက်သွေးရောင်ကျောက်ခေါင်းတလား(၂)
Vol. 22 Ch. 317
စာပို့ငှက်များအနေနှင့် မည်သည်ကို စားသုံးရန် လိုအပ်မည်မှာတော့ အစားအသောက်နေရာတွင် ဆေးလုံးများကို တစ်ခါတည်း အစားထိုးလိုက်မည် ဖြစ်သည်။
စုလင်းရှုံသည် စာပို့ငှက်များ စားသုံးရန်အတွက် ဒန်ဆေးလုံးများကို အထူး သုတေသနပြုလုပ်ပြီး ဖြစ်၏။
ထုတ်လုပ်မှုက ရိုးရှင်းကာ ကုန်ကျစရိတ်မှာတွက်ခြေကိုက်သည်။
ထို့အပြင် ငှက်များကို ကျွေးသောအခါ ၎င်းတို့သည် ပိုမိုနာခံလာပြီး စူးစမ်းမှု စွမ်းရည်ကိုလည်း အားဖြည့်ပေး၏။ ဤနည်းအားဖြင့် စာပို့ငှက်ဖြင့် သတင်းအချက်အလက် စနစ်သည် စတင် ပုံပေါ်လာခဲ့၏။
သို့ရာတွင် အခြား ထိပ်တန်းအင်အားစုများကဲ့သို့ ပြည့်မှီအောင် ဖွံ့ဖြိုးအသုံးချနိုင်ရန်နှင့် အတွင်းဘက်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်ရန်မှာ သက်ဆိုင်ရာ အချိန်တစ်ခု လိုအပ်ဆဲ ဖြစ်သည်။
သို့ပေမယ့် သဟွနယ်မြေအတွင်း၌သာ စာပို့ရန်ဆိုရင်တော့ အများကြီး ကြာမည်မဟုတ်ပါ။ ပထမဆုံး စာပို့ငှက်များ၏ လမ်းကြောင်းမှာ သဟွမြို့နှင့် ချန်းလန်ကျွန်းတို့အကြား ဆက်သွယ်မှုဖြစ်၏။
မုန့်ချုံမှာ နောက်ဆုံးတွင် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်သွားသည်။
"သင်၏တပည့် မုန့်ချုံသည် သွေးကြောမှတ်၁၈ခုတို့ကို ဖွင့်လှစ်ခဲ့ပြီး ကြီးမြတ်သောနေရွှေခန္ဓာ မူလအဆင့်၏ အထွတ်အထိပ်သို့ ချိုးဖျက်သွားခဲ့သည်။ သင်၏ ကြီးမြတ်သောနေ ရွှေခန္ဓာသည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သွားသည်.."
ရွှေရောင်အလင်းက ပေါ်လာခဲ့သည်။ လီရွှမ်က ဝမ်းသာသွား၏။ သူ၏ နေရွှေခန္ဓာမှာ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သွားပြီး ခွန်အားက ထပ်မံမြင့်တက်လာခဲ့ ပြန်လေသည်။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုတည်း၏ စွမ်းအားဖြင့်ပင်လျှင် ကောင်းကင်လူသားအဆင့်သို့ တစ်ဝက်တစ်ပြက် ရောက်ရှိပြီး ဖြစ်သူများကို အလွယ်တကူ အနိုင်ယူနိုင်၏။
မုန့်ချုံ အဆင့်ချိုးဖျက်ပြီးနောက် သူ၏ နေရွှေခန္ဓာ သွေးကြောမှတ်များက အသေးစား ပတ်လမ်းတစ်ခု ဖြစ်တည်လာခဲ့၏။ ထို့နောက် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန်အတွက် ကိုယ့်ကိုယ်ကို စတင်တည်ဆောက်သည်။
ထုံးရွှမ်အဆင့်၏ နေရွှေခန္ဓာသည် သွေးကြောမှတ်၃၆ခုတို့ကို ပတ်လမ်းကြောင်းအဖြစ် လှည့်လည်ပြီး ခန္ဓာကိုယ်၌ ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။
စုလင်းရှုံက မုန့်ချုံ၏ ခန္ဓာကိုယ်ကို အားဖြည့်ရန် အတွက် ဒန်ဆေးလုံး တစ်သုတ်ကို သန့်စင်ပေး၏။ ဤသည်က အခြေခံမွမ်းမံမှုကို မြန်ဆန်စေကာ စွမ်းရည်များကို အထွတ်အထိပ်သို့ ရောက်ရှိစေနိုင်သည်။
မကြာခင်တွင် စုလင်းရှုံလည်း မူလအဆင့်သို့ ချိုးဖျက်သွား၏။ လီရွှမ်သည် ဒန်ဆေးသိုင်းပညာ လမ်းစဉ်မှ တန်ပြန်အကျိုးပြုမှုကို ထပ်မံရရှိခဲ့ပြီး ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သွား၏။
သိုင်းပညာစနစ်သုံးခုလုံး ထုံးရွှမ်အဆင့်သို့ ရောက်ရှိပြီးနောက် ၎င်းတို့၏ စွမ်းရည်အသီးသီးက ထပ်မံမြင့်တက်သွားခဲ့သည်။
ချန်ချင်းစံအိမ်သည် ဆက်လက် ဖွံ့ဖြိုးနေပြီး သဟွ၏ နယ်မြေမှာလည်း တည်ငြိမ်လာခဲ့၏။ ခုံရော့ကျစ်၊ ဧကရာဇ်ချီနှင့် ဧကရာဇ်ဝူတို့က ယွဲ့နိုင်ငံအတွင်းသို့ ဆက်လက်စိမ့်ဝင်ကာ လူများ၏ နှလုံးသားကို စုစည်းသည်။
သူတို့သည် ယွဲ့ဧကရာဇ်လက်အောက်မှ အရေးကြီး အမှုထမ်းများနှင့် ဆက်သွယ်နေပြီး ဖြစ်၏။ သဟွကောင်စီတွင် ရာထူးတစ်ခု ရရှိမည်ဟု ကတိပေးလေသည်။
သဟွအစောင့်များလည်း အစစ်အမှန်ချီအား ပြောင်းလဲမှုကျင့်စဉ်ကို အပြင်းအထန် ကျင့်ကြံနေပြီး သိုင်းသခင်များ၏ စွမ်းအားက ၃၀%ကျော် မြင့်တက်လာခဲ့သည်။
ဤနည်းအားဖြင့် အခြား သိုင်းသမားများစွာတို့ကို စိတ်အားထက်သန်လာစေပြီး အစောင့်တပ်ဖွဲ့သို့ ဝင်ရောက်ကာ အစစ်အမှန်ချီ ပြောင်းလဲခြင်းအတတ်အား လိုချင်လာစေ၏။
ယခုအချိန်၌ သဟွသိုင်းပညာ၏ ဂုဏ်သတင်းကောင်းက အတွင်းဘက်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့နေပြီး ဖြစ်သည်။ များပြားလှသည့် လူငယ်များနှင့် မိန်းကလေးငယ်များသည် သိုင်းပညာကို စတင်ကျင့်ကြံမည် ဆိုပါက သဟွသိုင်းပညာကို ကျင့်ကြံရန် ရည်ရွယ်ကြ၏။
အချို့မိသားစုကြီးများရှိ ပါရမီရှင်များပင်လျှင် သူတို့၏ အမွေအနှစ်သိုင်းပညာကို စွန့်လွှတ်ကာ သဟွသိုင်းပညာကို သင်ကြားရန် သဟွဆီသို့ ရောက်ရှိလာခဲ့သည်။
အရေအတွက် များပြားလာနေသည့် သိုင်းနတ်ဘုရားပုံရိပ်များကို ကြည့်ကာ လီရွှမ်တစ်ယောက် ပိုမိုကာ များပြားသည့်လူများ စတင်ခြင်းအဆင့်သို့ ရရှိလာခဲ့ကြောင်းကို သိလာခဲ့သည်။
အားလုံးတို့အတွင်းတွင် သိသာစွာပင် ယွဲ့နိုင်ငံမှာ သဟွ၏ မြင့်တက်မှုအတွက် မသက်မသာ ခံစားရဆုံးဖြစ်သည်။ အထူးသဖြင့် သဟွသည် ယွဲ့နိုင်ငံ၏ ပိုင်နက်အတွင်းတွင် ရှိနေပြီး နှစ်ဖက်အကြားတွင် ရန်ငြိုးတစ်ခုလည်း ရှိနေ၏။
သဟွကို နယ်မြေများအား လျော်ကြေးပေးဆောင်ရခြင်းမှာ အလွန် ဂုဏ်သိက္ခာကျဆင်းသည့် ကိစ္စတစ်ခု ဖြစ်နေပြီး ဖြစ်သည်။
သို့ပေမယ့် ချန်ချင်းစံအိမ်ရှိ တိုက်ပွဲက အလွန် ကြောက်ဖို့ကောင်းလှ၏။ ယွဲ့နိုင်ငံကို မည်သည့်လှုပ်ရှားမှုမှ မလုပ်ဆောင်ရဲအောင် ဖြစ်နေစေသည်။
လီရွှမ်မှာ ချန်ချင်းစံအိမ်၏ ခြံဝန်းအတွင်း၌သာ ရှိနေသေးပြီး ဘယ်တုန်းကမှ ထွက်ခွာခြင်း မပြုပေမယ့် သဟွမြို့အနှံ့တွင် သိုင်းနတ်ဘုရားပုံရိပ်များ ဖြန့်ကျက်ထားပါသည်။
ထိုအရိပ်များသည် သဲလွန်စမရှိဘဲ သွားသွားလာလာ လုပ်နေကြ၏။ ဤသည်က သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ကိုပင်လျှင် သတိထားမိရန် အလွန်ခက်ခဲစေသည်။
သူတို့ကိုယ်တိုင် ထုတ်ဖော်ပြသရန် ရွေးချယ်ခြင်း မရှိပါက သိုင်းသခင်များပင်လျှင် သတိထားမိရန် ခက်ခဲလှ၏။
သတိထားမိလျှင်တောင် အစစ်အမှန် မဟုတ်ပုံပေါ်သည့် ပုံရိပ်တစ်ခုကိုသာ မြင်တွေ့ရမည် ဖြစ်သည်။
သဟွမြို့အတွင်းတွင် ရံဖန်ရံခါ ရန်လိုသည့် စိတ်ဆန္ဒတို့ကို ကြုံတွေ့ရတတ်၏။ အချို့မှာ အခြား အင်အားစုများမှ သူလျှိုများ ဖြစ်ကြသည်။ သို့ရာတွင် ထိုလူများသည် သဲလွန်စရှာမရအောင် မကြာခဏ ပျောက်ကွယ်သွားလေ့ရှိ၏။
အမည်မသိ အရိပ်တစ်ခု၏ လျှပ်တပြက် သတ်ဖြတ်ခြင်းကို ခံရကာ အလောင်းပင် မကျန်အောင် ဖြစ်သွားစေခဲ့သည်။
လီရွှမ်၏ သိုင်းနတ်ဘုရားပုံရိပ် တစ်ခုချင်းစီတိုင်းတွင် ချီနှင့်သွေးအဆင့်၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားပေမယ့် သူ၏ ချီနှင့်သွေးအဆင့်သည် သိုင်းသခင်များကို အားထုတ်မှုကင်းမဲ့စွာ သတ်ဖြတ်ရန် လုံလောက်သည်။
လီရွှမ်မှာ သက်တောင့်သက်သာဖြင့် ဘဝကို စံစားနေပုံပေါ်ပေမယ့် သဟွမြို့အတွင်းရှိ အရာအားလုံးတို့သည် သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေ၏။ တံခါးဝမှ ခြေတစ်လှမ်း ထွက်ခွာခြင်းမရှိဘဲ အရာအားလုံးကို ဆုပ်ကိုင်ထားသည်။ စိတ်ပျော်နေသည့်အခါ ကျင့်ကြံနေသည့် ကလေးငယ်များကို ညွှန်ကြားချက်အချို့ ပေးလေ့ရှိ၏။
"သင်၏တပည့် ရွှီယန်သည် တစ်ဝက်တစ်ပြက်ကောင်းကင်လူသား တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ သုတ်သင်ခြင်းဓားဆန္ဒသည် မြင့်တက်လာခဲ့ပြီး တိုက်ခိုက်မှုအတွေ့အကြုံလည်း တိုးပွားလာခဲ့သည်.."
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှုကို ပေးလာခဲ့၏။
လီရွှမ်က မှင်သက်သွားသည်။ ရွှီယန် ထွက်ခွာသွားခဲ့တာ ရက်အနည်းငယ်သာ ရှိပါသေးသည်။ ဘယ်လိုလုပ်ပြီး တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်ကို သတ်ဖြတ်ရသနည်း။ ထိုကောင်းကင်လူသားသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။
လီရွှမ်၏ မျက်ခုံးများက ကျုံ့သွားသည်။ ရွှီယန်ကို သတ်ဖြတ်လိုသည့် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက် ရှိနေသည်လား။ ထန်းပေါင်စံအိမ်ကလား။
ထို့နောက် သူတွေးမိလိုက်သည်။ ရွှီယန်သည် ချန်းလန်ကျွန်းသို့ သွားရောက်ခြင်းဖြစ်ပြီး ပထမဆုံး လုပ်ဆောင်မည်မှာ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ ရတနာများ သိမ်းဆည်းရာနေရာအား ရှာဖွေမည် ဖြစ်သည်။
ထို့ကြောင့် တစ်ဖက်လူသည် နတ်ဆိုးဂိုဏ်းမှ စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်သည်လား။
'ရွှီယန်က ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးနေပြီ။ ဒါက သူ့အတွက် အတွေ့အကြုံတစ်ခုပဲ ဖြစ်မှာပေါ့..'
လီရွှမ်က ပြုံး၏။
လက်ရှိ ရွှီယန်၏ ခွန်အားနှင့် တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်ကို မဆိုထားနှင့် စစ်မှန်သည့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေလျှင်တောင် တိုက်ခိုက်နိုင်ဆဲရှိသည်။
ယင်လုံ့စံအိမ်သခင်၊ သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင်တို့နှင့် တိုက်ခိုက်မှုပြုပြီးတွင် လီရွှမ်သည် ကောင်းကင်လူသားများနှင့် ပတ်သက်သည့် နားလည်မှုအချို့ ရလာခဲ့သည်။
သူတို့၏ စွမ်းအားသည် ကျင့်ကြံထားသည့် နတ်ဘုရားကဲ့သို့ ဒီဗိုင်းစိတ်စွမ်းအားအပေါ်တွင် အခြေတည်နေ၏။
၎င်း၏ ဖိနှိပ့်မှုအောက်တွင် စစ်ဘုရင်အဆင့် သိုင်းသမားများအားလုံး ခုခံရန် ကျရှုံးကြ၏။ ကြီးမားသည့် တောင်ကြီးတစ်လုံး အသိစိတ်အတွင်းသို့ ပြိုကျလာသည့်နှယ် ခံစားရစေသည်။
ထို့ကြောင့် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်ရပါက သူတို့တွင် ခုခံရန်စွမ်းအား မရှိလုနီးပါး ဖြစ်နေပါသည်။
သို့ရာတွင် ကောင်းကင်လူသားများ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားကို ဓားဆန္ဒ၊ ဆေဘာဆန္ဒတို့ဖြင့် ခုခံနိုင်၏။ ဤနည်းအားဖြင့် အသိစိတ်အား ဖိနှိပ့်ခြင်းခံရမည် မဟုတ်တော့ပေ။
ထိုအခါ ကောင်းကင်လူသားများ၏ စွမ်းအားအကြီးဆုံး အားသာချက်မှာ ရွှီယန်အပေါ်တွင် အသုံးဝင်တော့မည် မဟုတ်ပါ။
ထိုအကြောင်းကြောင့် ရွှီယန်သည် စစ်မှန်သည့် ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်ရလျှင်တောင် တိုက်ခိုက်နိုင်ဆဲ ရှိ၏။
ချန်းလန်ကျွန်းသို့ လမ်းပေါ်တွင် ရွှီယန်က နတ်ဆိုးအရှင်သခင်ဟော်ထူ၏ မြေပုံကိုထုတ်သည်။ နတ်ဆိုးအရှင်သခင် ၉ယောက်ထဲမှ တစ်ယောက်၏ ပိုင်ဆိုင်မှု ရတနာများဖြစ်ရာ သံသယဝင်စရာ မကောင်းလောက်အောင် အလွန် များပြားလှမှာပါ။
နတ်ဆိုးရှင်သခင်ဟော်ထူအား သတ်ဖြတ်ပြီးနောက် တစ်ဖက်လူတွင် သိုလှောင်အိတ် သယ်ဆောင်ထားခြင်း မရှိသည်ကို ရွှီယန်တွေ့လိုက်ရသည်။ သိုလှောင်အိတ်အား ပိုင်ဆိုင်ထားလျှင်တောင် ဒီရတနာများ၏ နေရာတွင် ထားရှိထားမှာ ဖြစ်လောက်၏။
အဘယ်ကြောင့် ခန္ဓာကိုယ်ပေါ်တွင် ဆောင်ထားခြင်းမရှိလဲ ဟူသည်မှာတော့ ဖြစ်နိုင်သည်မှာ လုယက်သူများ၏ အာရုံကို ဆွဲဆောင်မိမည်အား စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် မြေပုံပေါ်တွင် မှတ်သားထားသည့် ရတနာများ၏ နေရာမှာ မှန်ကန်လား ဟူသည်မှာတော့ မသိနိုင်သေးပေ။
၎င်းကို ရှာဖွေရန်မှာ အချိန်အများကြီး ကုန်မည် မဟုတ်ပါ။ ဖြစ်နိုင်သည်မှာ နတ်ဆိုးအရှင်သခင် ဟော်ထူသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက် အလွန်ရှိပြီး မြေပုံပေါ်တွင် ရတနာများ၏ တည်နေရာကို အမှန်တကယ် မှတ်သားထားမှာလည်း ဖြစ်နိုင်၏။
ရွှီယန်က စဉ်းစားချင့်ချိန်ရင်းက မြေပုံကိုဖြန့်ကာ တည်နေရာကို ရှာဖွေသည်။ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ ရတနာများ သိမ်းဆည်းရာနေရာမှာ ခြောက်သွေ့သည့် တောင်ကုန်းများစွာနှင့် တိတ်ဆိတ်သည့် မြေတစ်ခု ဖြစ်သည်။
မည်သည့် သစ်ပင်မှမရှိဘဲ တောင်ကြားနေရာများတွင် အဆိပ်ငွေ့ကဲ့သို့ အနံ့ဆိုးများကို ရနိုင်၏။ ထိုကဲ့သို့ နေရာမျိုးသို့ ပုံမှန်သိုင်းသမားများ ချဥ်းကပ်လာခြင်းပင် မရှိပါ။
အဆိပ်ငွေ့များသည် ရှူလိုက်ပြီးနောက် သေဆုံးနိုင်ခြင်း မရှိလျှင်တောင် ပြင်းထန်သည့် ဝေဒနာကို ခံစားရမှာဖြစ်သည်။ စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ပင်လျှင် ဒီနေရာသို့ လှည့်လည်သွားလာမည် မဟုတ်ပါ။
တောင်ကုန်းများက တိတ်ဆိတ်ကာ ပိုးမွှားအသံများကိုပင်လျှင် ကြားနိုင်ခြင်းမရှိပေ။ သေဆုံးခြင်း မြေနေရာတစ်ခုသဖွယ် ခံစားရ၏။
'ဒီကောင် နတ်ဆိုးအရှင်သခင် ဟော်ထူက မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံတာပဲ။ သူ့အတွက် ဒီနေရာက ဘာခြိမ်းခြောက်မှုမှ မရှိဘူး။ ကျင့်ကြံရာမှာ အကျိုးကျေးဇူးတွေတောင် ရလာနိုင်မှာ..'
'သူ့ကို သတ်ချင်တဲ့ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မှ သဲလွန်စရှာမရနိုင်တာ အံ့သြစရာမရှိဘူး..'
'ချန်းလန်ကျွန်းမှာ သူပေါ်လာတုန်းက အထွတ်အထိပ်စစ်ဘုရင်တစ်ယောက် သတ်ဖို့ လာသေးတယ်လို့ သတင်းကြားတယ်။ ဒါပေမယ့် ယင်လုံ့စံအိမ်က ပုဂ္ဂိုလ်တစ်ယောက်က တားဆီးတာကို ခံလိုက်ရတယ်ထင်တယ်..'
'မဟုတ်လည်း နတ်ဆိုးဂိုဏ်းက အခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်..'
ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်က မြေပုံကိုကြည့်ရင်းနှင့် တိတ်ဆိတ်ခြောက်ကပ်သည့် တောင်ကုန်းများဆီသို့ ဦးတည်ခဲ့သည်။
ဒီနေရာရှိ အဆိပ်ငွေ့များက သူ့အပေါ်ခြိမ်းခြောက်နိုင်စွမ်း မရှိပါ။ ထို့ကြောင့် စိုးရိမ်ခြင်း ကင်းမဲ့စွာဖြင့် ရှာဖွေ၏။
ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးနောက် သူ၏ခွန်အားက ကြီးစွာ တိုးမြင့်လာခဲ့သည်။ စိတ်ဝိဉာဉ်ခန္ဓာက တောင်နှင့်မြစ်သဖွယ် အသွင်ဆောင်၏။ ထို့ကြောင့် အဆိပ်ငွေ့များကို ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။
ထို့အပြင် ယင်လုံ့စံအိမ်သခင်ကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်ကို ရင်ဆိုင်ရလျှင်တောင် တစ်ဖက်လူကို သတ်ဖြတ်နိုင်ရန် ယုံကြည်ချက် အပြည့်ရှိ၏။
ဤသည်မှာ သူ၏ သေခြင်းရှင်ခြင်း ဓားစက်ဝန်းကို ကျင့်ကြံရန် ကောင်းမွန်သည့် အခွင့်အရေးလည်းဖြစ်သည်။
သူ၏ ထိုဓားလမ်းစဉ်သည် အစောပိုင်း၌သာ ရှိသေးပြီး ပြည့်စုံစွာ နားလည်မှု မရသေးပေ။ စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်ကို ရှာဖွေကာ ကျင့်ကြံမှုပြုပါက တိုးတက်မှုတို့ ရလာနိုင်၏။
'ဒီနေရာပဲ..'
ရွှီယန်က တောင်တက်လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ ထိုနေရာတွင် ငေါ်ထွက်နေသည့် ကျောက်ဆောင်တစ်ခုရှိ၏။ မြေပုံမှ ဖော်ပြချက်အရ ရတနာများမှာ ထိုကျောက်ဆောင်၏ အနောက်ဘက်တွင် ရှိပါသည်။
သူက လက်ကိုဆန့်ကာ ကျောက်ဆောင်ကို လက်ဝါးချက်ဖြင့် ဖျက်စီးလိုက်သည်။
"ဘုန်း.."
ကျောက်သားက ချက်ချင်းပင် မိုးပွားအဖြစ် ပြောင်းလဲသွားပြီး ဝင်ပေါက်တစ်ခု ပေါ်လာခဲ့၏။
ရွှီယန်၏ မျက်ခုံးများက အနည်းငယ် ကျုံ့သွားသည်။ အတွင်းထဲတွင် တစ်ခုခု မူမှန်ခြင်းမရှိဟု ရေးတေးတေး ခံစားနေရ၏။ သို့ပေမယ့် အောင်မြင်သည့် လူတို့သည် သတ္တိဖြင့် ပြည့်စုံသည်ဟူသည့် စကားရှိ၏။ ရွှီယန်သည် အကြောက်တရား ကင်းမဲ့စွာဖြင့် အတွင်းသို့ ဝင်ရောက်သွားပြီး ခြေတစ်လှမ်းချင်းဆီ ရှေ့ဆက်ခဲ့သည်။
ရုတ်တရက် ရှေ့တွင် မည်သည့်လမ်းကြောင်းမှ မရှိတော့ပေ။ သူ၏ လက်ကိုမြှောက်ကာ ကျောက်နံရံကို ဖုန်မှုန့်များအဖြစ် ရိုက်ချလိုက်ပြီးနောက် အတင်း ဖွင့်လိုက်၏။
ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။
ထောင့်တစ်ခုကို ချိုးပြီးနောက် ရုတ်တရက် ရပ်တန့်သွား၏။ သူသည် တောင်ကုန်းအတွင်းရှိ ခန်းမတစ်ခု အတွင်းသို့ ရောက်သွားသည်။
နံရံများတွင် ညပုလဲများဖြင့် မြုပ်ထားပြီး ကြယ်များကဲ့သို့ လင်းလက်နေပါသည်။ မှိန်ဖျဖျအလင်းက ခန်းမတစ်ခုလုံးကို အလင်းရောင် ပေးစွမ်းနေပြီး အရမ်းကြီး မှောင်မဲနေစေခြင်း မရှိပေ။ သို့ပေမယ့် ညို့မှိုင်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေဆဲရှိ၏။
သူ၏ မျက်လုံးများကို ပထမဆုံး ဖမ်းစားသွားသည်မှာ သွေးနီရောင် ခေါင်းတလားတစ်ခု ဖြစ်သည်။ သွေးထဲတွင် စိမ်ထားသည့်ပုံပေါ်ပြီး မှိန်ဖျသည့် အလင်းအောက်တွင် ကြောက်စရာကောင်းသည့် စိုးထိတ်မှုတစ်ခုအား ပေါက်ဖွားလာစေသည်။
သွေးနီရောင် ခေါင်းတလား၏ ရှေ့တွင် ကျောက်စားပွဲတစ်ခု ရှိနေ၏။ ၎င်းအပေါ်တွင် သေးငယ်သည့် အိတ်တစ်ခုကို တင်ထားသည်။ အိတ်၏ အသွင်သဏ္ဌာန်မှာ ဖားတစ်ကောင် စားပွဲပေါ်၌ ထိုင်နေသကဲ့သို့ ရှိ၏။
ရွှီယန်၏ မျက်လုံးများက လင်းလက်သွားသည်။ သူမျှော်လင့်နေခဲ့သည့် သိုလှောင်အိတ်သည် နောက်ဆုံးတွင် မျက်စိရှေ့သို့ ရောက်လာခဲ့ပါပြီ။
ရှေ့သို့တက်ကာ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်၏။ထို့နောက် ကျောက်ခေါင်းတလားဆီသို့ အကြည့်ရောက်သွားပြီးနောက် သိုလှောင်အိတ်အား အာရုံ ပြန်စိုက်သွား၏။
ဤသည်မှာ အတွင်းဘက်နယ်မြေ၌ပင် ရှားပါးသည့် ရတနာတစ်ခု ဖြစ်ပါသည်။ အိတ်အတွင်းရှိ ပစ္စည်းများကို မဆိုထားနှင့် အိတ်ကိုယ်တိုင်ကပင် အဖိုးတန်လှ၏။